← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း (၁၄၇) - ဝိညာဉ်စွမ်းအင် စုပ်ယူခြင်း

လတ်ဆတ်သော အစားအစာနှင့် ရေကို မြင်လိုက်ရသောအခါ ခန့်ညားသော အမျိုးသားသည် ကျူးလင်ကို တစ်ချက်မျှ စိုက်ကြည့်လိုက်ပြီးနောက် သန်မာထွားကျိုင်းသော အမျိုးသားအား ထိုပစ္စည်းများကို စစ်သုံးကားပေါ်သို့ သယ်ဆောင်ရန် အချက်ပြလိုက်လေသည်။

သန်မာထွားကျိုင်းသော အမျိုးသားက အစားအစာနှင့် ရေများကို သယ်ယူပြီးစီးသွားချိန်တွင် ခန့်ညားသော အမျိုးသားသည် ရှို့ဝူကို ကြည့်ကာ ပြောလိုက်၏။

"ကျွန်တော် မနက်ဖြန် ပြန်လာခဲ့မယ်..."

ထိုသို့ပြောပြီးနောက် သူသည် စစ်သုံးကားပေါ်သို့ တက်ကာ ထွက်ခွာသွားချေသည်။ စစ်သုံးကား၏ နောက်မီးရောင် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း ရှို့ဝူသည် အတွေးနက်သွားလေသည်။ သူ၏ဘေးတွင် ရပ်နေသော ကျူးလင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ရှင် ဘာတွေတွေးနေတာလဲ..."

ရှို့ဝူက သူမကို ကြည့်ကာ ပြောလိုက်သည်။

"ကိုယ် အဲဒီလူကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ..."

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရှို့ဝူသည် စဉ်းစား၍မရသဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်၏။

"ထားလိုက်ပါတော့... ညဘက်ကျရင် စခန်းအပြင်ဘက်မှာက အရမ်းအန္တရာယ်များတယ်... ကိုယ်တို့ အခု ပြန်ကြရအောင်..."

ဤနယ်မြေတစ်ဝိုက်ရှိ စခန်းများသည် ဖုတ်ကောင်များနှင့် သန္ဓေပြောင်းသားရဲများကို ရှင်းလင်းရန် အဖွဲ့များကို မကြာခဏ စေလွှတ်လေ့ရှိသော်လည်း ညဘက်တွင် အပြင်၌ လမ်းလျှောက်ခြင်းမှာ အန္တရာယ်ရှိနေဆဲပင်။

ဖုတ်ကောင်များနှင့် သန္ဓေပြောင်းသားရဲများအပြင် ပိုမိုအန္တရာယ်များသော အရာများမှာ ဓားပြများနှင့် လူကုန်ကူးသူများပင် ဖြစ်ချေသည်။

ကျူးလင်သည် ဤကမ္ဘာအကြောင်းကို နားလည်မှု အားနည်းနေသေးသော်လည်း ရှို့ဝူကို ယုံကြည်ပေသည်။ ညဘက်တွင် အပြင်၌ အန္တရာယ်ရှိသည်ဟု သူက ပြောသောကြောင့် သူမသည် ခေါင်းညိတ်ကာ ပြောလိုက်၏။

"အင်း... ဒါဆိုလည်း မြန်မြန် ပြန်ကြရအောင်..."

သူတို့ ကျူးလင်၏ တိုက်ခန်းသို့ ပြန်ရောက်သောအခါ ညဉ့်နက်နေပြီ ဖြစ်သည်။ ထူထူသည် သူမနှင့် ရှို့ဝူတို့ တိုက်ခန်းထဲသို့ လှမ်းဝင်လာသည်ကို မြင်သည်နှင့် ကျူးလင်ထံသို့ ခုန်အုပ်လိုက်ပြီး ပြောလိုက်၏။

"သခင်မလေး... ကျွန်တော် သိုလှောင်အိတ်တစ်အိတ်ကို အပြည့် ဖြည့်ခဲ့ပြီးပြီ..."

ထူထူသည် သူမ၏ ပခုံးပေါ်တွင် ထိုင်ကာ ဝိညာဉ်နန်းတော်ထဲမှ သိုလှောင်အိတ်ကို ထုတ်ယူ၍ ကျူးလင်ထံသို့ ကမ်းပေးလိုက်လေသည်။ ကျူးလင်သည် အိတ်ကို လှမ်းယူကာ ထူထူ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်၏။

"တော်တယ်... ထူထူ..."

ပြောပြီးနောက် ကျူးလင်သည် မီးဖိုချောင်ဆီသို့ လျှောက်လှမ်းနေသော ရှို့ဝူကို ကြည့်ကာ ပြောလိုက်သည်။

"ရှို့ဝူ... ဒီသို‌လှောင်အိတ်ထဲက ပစ္စည်းတွေကို ရှင် စိတ်ကြိုက်သုံးလို့ရတယ်..."

သူမ၏ စကားကို ကြားလိုက်ရသောအခါ သူသည် လှည့်ကြည့်လိုက်ပြီးနောက် သူမထံသို့ လျှောက်လာခဲ့၏။ သူမ၏ ရှေ့တွင် ရပ်ရင်း ရှို့ဝူသည် သိုလှောင်အိတ်ကို လှမ်းယူကာ မျက်မှောင်အနည်းငယ် ကြုတ်လျက် မေးလိုက်သည်။

"သေချာလို့လား... ဒါက ထူထူ မင်းကို ပေးထားတဲ့အရာလေ..."

သူမက သူ့ကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"အင်း... အဲဒီမှာ အချိန်ကြာရင် ပျက်စီးသွားမယ့် ထောက်ပံ့ရေးပစ္စည်းတွေ အများကြီး ရှိတယ်လို့ ထူထူ ပြောတာ ကြားခဲ့ရတယ်...”

“ဒီပစ္စည်းတွေ ပျက်စီးသွားရင် နှမြောစရာကောင်းလို့ ထူထူကို သိမ်းခိုင်းလိုက်တာ... ကျွန်မအတွက် မလိုဘူးဆိုတော့ မင်း သုံးချင်ရင် သုံးလို့ရတယ်..."

သူမ၏ အဖြေကို ကြားလိုက်ရသောအခါ ရှို့ဝူသည် လက်ကို ဆန့်ထုတ်ကာ ထူထူ၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်သည်။

"ကျေးဇူးပါပဲ ထူထူ... မင်း အရမ်းပင်ပန်းသွားပြီ..."

ယုန်လေးသည် သူ့ကို ကြောက်ရွံ့နေသော်လည်း ရှို့ဝူက ခေါင်းပွတ်ပေးသည်ကို ငြိမ်ခံနေပြီး ပြောလိုက်၏။

“ငါက သခင်မလေး ခိုင်းတာကို လုပ်ပေးရုံတင်ပါ..."

ချစ်စရာကောင်းသော ထူထူကို ကြည့်ကာ ရှို့ဝူသည် ခပ်ဖွဖွ ပြုံးလိုက်လေသည်။

သူသည် ပစ္စည်းများ ပြည့်နေသော သိုလှောင်အိတ်ကို ယနေ့မနက်က ကျူးလင် ပေးထားသည့် သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူသည် ကျူးလင်ကို ကြည့်ကာ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ရှောင်လင်..."

ကျူးလင်က ခပ်ဖွဖွ ပြုံးကာ ပြောလိုက်၏။

"ကျွန်မ အရင်ဆုံး ရေချိုးလိုက်ဦးမယ်..."

ထိုသို့ပြောပြီးနောက် သူမသည် အိပ်ခန်းဆီသို့ လျှောက်လှမ်းသွားလေသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် ကျူးလင်သည် တစ်ဝက်ခန့် စိုစွတ်နေသော ဆံပင်ရှည်များဖြင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။

ဧည့်ခန်းထဲသို့ လျှောက်လာသောအခါ စားပွဲပုလေးပေါ်တွင် ရှို့ဝူ ပြင်ဆင်ထားသော အစားအစာများကို သူမ မြင်လိုက်ရသည်။

ထူထူသည် သူမ ပတ်ပတ်လည်ကို လိုက်ကြည့်နေသည်ကို မြင်သောအခါ ပြောလိုက်၏။

"ရှို့ဝူက ဒီနေ့တော့ ပစ္စည်းတွေကို စီစဉ်ဖို့ သူ့တိုက်ခန်းမှာပဲ နေမယ်လို့ ပြောသွားတယ်..."

ကျူးလင်က တည်ငြိမ်စွာ မေးလိုက်သည်။

"အင်း... ဒါဆို မင်း ဒီညလည်း ကလေးတွေနဲ့ပဲ အတူတူ သွားအိပ်ဦးမှာလား..."

ထူထူက ခေါင်းညိတ်ကာ ပြောလိုက်၏။

"အင်း... အဲဒီကလေးတွေက တစ်ယောက်တည်း နေရမှာကို ကြောက်နေကြတုန်းပဲ... ဖုတ်ကောင်လေးက သူတို့နဲ့ အတူတူ မရှိပေးနိုင်တော့ဘူးဆိုတော့ ကျွန်တော် သူတို့နဲ့ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေပေးဦးမယ်..."

ထူထူ၏ အဖြေကို ကြားပြီးနောက် ကျူးလင်သည် ခေါင်းညိတ်ကာ ညစာကို စတင်စားသုံးလိုက်လေသည်။

ညစာ စားပြီးနောက် သူမသည် ပန်းကန်များကို မီးဖိုချောင်သို့ ပြန်သယ်သွားကာ ဆေးကြောလိုက်၏။

ဤကမ္ဘာတွင် တစ်လခန့် နေထိုင်ပြီးနောက် သူမသည် စားပြီးလျှင် ပန်းကန်ဆေးရမည်ဟူသော အခြေခံဗဟုသုတများကို ကျီယန်ထံမှ သင်ယူခဲ့ရပေသည်။

ပန်းကန်များ ဆေးကြောပြီးသောအခါ ကျူးလင်သည် ဧည့်ခန်းသို့ ပြန်လာခဲ့၏။ ထူထူသည် ကလေးများကို အဖော်ပြုပေးရန် ဧည့်သည်ခန်းသို့ ပြန်သွားသည်ကို မြင်လိုက်ရသဖြင့် ကျူးလင်သည် ကော်ဇောခင်းထားသော ကြမ်းပြင်ပေါ်တွင် ပြန်လည် ထိုင်လိုက်လေသည်။

သူမသည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ပင်းကျန့်ဓားကို ထုတ်ယူကာ ပြောလိုက်၏။

"ပင်းကျန့်... ငါ ရေခဲပြာရောင် သတ္တုရိုင်းတွေထဲက ဝိညာဉ်စွမ်းအင်တွေကို စုစည်းပြီး နတ်ဘုရားစွမ်းအင်အဖြစ် သန့်စင်လိုက်မယ်...”

“ပြီးရင် အဲဒီနတ်ဘုရားစွမ်းအင်ကို သုံးပြီး မင်းရဲ့ ဒဏ်ရာရနေတဲ့ ဝိညာဉ်ကို ကုသပေးမယ်... မင်းလည်း အဲဒီနတ်ဘုရားစွမ်းအင်ကို သုံးပြီး မင်းရဲ့ ခန္ဓာကိုယ်ပေါ်က အက်ကွဲကြောင်းတွေကို ပြုပြင်လို့ရတယ်..."

သူမ ပြောပြီးနောက် ပင်းကျန့်၏ အသံသည် သူမ၏ စိတ်အာရုံထဲတွင် ထွက်ပေါ်လာ၏။

“ဟုတ်ကဲ့ပါ... သခင်မ...”

ကျူးလင်သည် ဓားကို သူမ၏ ရှေ့တွင် ချထားလိုက်ပြီး စက္ကန့်အနည်းငယ်အတွင်း ရိုးရှင်းသော လက်ဟန်မန္တန်တစ်ခုကို ဖော်ဆောင်လိုက်လေသည်။

လက်ဟန်မန္တန် ပြီးဆုံးသွားသောအခါ မြေပြင်ပေါ်တွင် ရေခဲပြာရောင် အစီအရင်တစ်ခု ပေါ်ပေါက်လာ၏။

ရေခဲဓာတ်ဝိညာဉ်စွမ်းအင် စုစည်းသည့် အစီအရင်ကို တည်ဆောက်ပြီးနောက် ကျူးလင်သည် သိုလှောင်အိတ်ထဲမှ ရေခဲပြာရောင် သတ္တုရိုင်းအချို့ကို ထုတ်ယူလိုက်သည်။

ရေခဲပြာရောင် သတ္တုရိုင်းများကို အစီအရင်၏ ထောင့်ရှစ်ထောင့်တွင် ထားရှိပြီးနောက် ကျူးလင်သည် မျက်လုံးများကို မှိတ်ကာ ဝိညာဉ်စွမ်းအင် စုစည်းသည့် အစီအရင်ကို အသက်သွင်းလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် အစီအရင်သည် လင်းထိန်သွားပြီး ဧည့်ခန်းအတွင်းရှိ လေထုသည် လှုပ်ခတ်သွားချေသည်။

မကြာမီပင် သတ္တုရိုင်းများထဲမှ ရေခဲပြာရောင် မြူခိုးများ ထွက်ပေါ်လာ၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုမြူခိုးများသည် ကျူးလင်၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားလေသည်။

ရေခဲဓာတ် ဝိညာဉ်စွမ်းအင်များသည် သူမ၏ စွမ်းအင်လမ်းကြောင်းများတစ်လျှောက် တစ်ပတ် လည်ပတ်ပြီးနောက် အောက်ဒန်တျန်အတွင်းသို့ ဝင်ရောက်သွားပေသည်။

သူမ၏ ဒန်တျန်အတွင်း၌ ဝိညာဉ်စွမ်းအင် အမျှင်တန်းပေါင်း တစ်ရာခန့် လွင့်မျောနေချိန်တွင် ကျူးလင်သည် ၎င်းတို့ကို နတ်ဘုရားစွမ်းအင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလိုက်၏။

ဝိညာဉ်စွမ်းအင်များကို ပါးလွှာသော နတ်ဘုရားစွမ်းအင် အမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲရန် သူမအတွက် မိနစ်အနည်းငယ်မျှ ကြာမြင့်သွားပေသည်။

ကျူးလင်သည် ထိုနတ်ဘုရားစွမ်းအင် အမျှင်တန်းကို သူမ၏ ဒန်တျန်ထဲမှ ဆွဲထုတ်ကာ ဂရုတစိုက် ထိန်းချုပ်ပြီး ပင်းကျန့်ဓားဆီသို့ ဦးတည်စေလိုက်၏။

ထိုနတ်ဘုရားစွမ်းအင် အမျှင်တန်းသည် ပင်းကျန့်ဓားအတွင်းသို့ စိမ့်ဝင်သွားသည့် တစ်ခဏ၌ ဓားသည် အနည်းငယ် တုန်ခါသွားလေသည်။

All Chapters