အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း (၁၄၈) - ဓားပြုပြင်ခြင်း
သူ့ဝိညာဉ်အတွင်းရှိ ပူလောင်လှသော နာကျင်မှုများ အနည်းငယ်လျော့ပါးသွားချိန်တွင် ပင်းကျန့်သည် သက်ပြင်းကို ဖြည်းညှင်းစွာချလိုက်ပြီး ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် သခင်မလေး...”
ပင်းကျန့်၏ စကားကို ကြားလိုက်ရသောအခါ ကျူးလင်၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် ကွေးညွတ်သွားလေသည်။
သူမ၏ဓားမှာ အမှန်စင်စစ်အားဖြင့် သူမခန္ဓာကိုယ်အစစ်အမှန်၏ အစိတ်အပိုင်းတစ်ခုဖြင့် သွန်းလုပ်ထားခြင်းဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးကြားရှိ ဆက်နွှယ်မှုမှာ သူမနှင့် ထူထူ သို့မဟုတ် သေဆုံးသွားခဲ့ပြီဖြစ်သော ချီလင်သားရဲနှစ်ကောင်ကြားရှိ ဆက်နွှယ်မှုထက်ပင် ပိုမိုခိုင်မြဲလှပေသည်။
တစ်နာရီခန့် ကြာလွန်ပြီးနောက် ရေခဲပြာရောင် သတ္တုရိုင်းများအတွင်း ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအင်များမှာ ကုန်ဆုံးသွားခဲ့ချေပြီ။
ကျူးလင်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး သိုလှောင်အိတ်ထဲမှ ရေခဲပြာရောင် သတ္တုရိုင်းများကို ထပ်မံထုတ်ယူကာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး နတ်ဘုရားစွမ်းအင်အဖြစ် ဆက်လက်သန့်စင်နေလိုက်၏။
သူမသည် ပင်းကျန့်၏ ဝိညာဉ်ကို ကုသပေးနေစဉ်အတွင်း အချိန်များမှာ မသိမသာ ကုန်ဆုံးသွားခဲ့လေသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ရှို့ဝူသည် ကျူးလင်အတွက် အထူးတလည် ပြင်ဆင်ထားသော မနက်စာကို သယ်ဆောင်ကာ သူ၏တိုက်ခန်းမှ ထွက်လာခဲ့၏။
သူသည် တံခါးကို ခေါက်ရန် ပြင်လိုက်စဉ်မှာပင် ပိတ်ထားသော တံခါးနောက်ကွယ်မှ အမျိုးသားတစ်ဦး၏ ညည်းတွားသံနှင့် ပြင်းထန်စွာ အသက်ရှူသံများကို ကြားလိုက်ရချေသည်။
"အင်း... သခင်... ဖြည်းဖြည်းလုပ်ပါ... ဟူး..."
ထိုအမျိုးသား၏ ဆွဲဆောင်မှုရှိသော အသက်ရှူသံကို ကြားလိုက်ရသဖြင့် ရှို့ဝူ၏ တံခါးခေါက်ရန် ပြင်နေသော လက်မှာ လေထဲတွင် တောင့်တင်းသွားရ၏။ သူကိုယ်တိုင်ပင် နားကြားလွဲခြင်းလောဟု သံသယဝင်နေစဉ်မှာပင် ကျူးလင်၏ အသံကို ကြားလိုက်ရပြန်သည်။
"သည်းခံထားလိုက်... ငါ ညင်ညင်သာသာ လုပ်ပေးမယ်... နင့်ကိုယ်နင်လည်း ကြည့်ဦး... ခန္ဓာကိုယ်ကိုတောင် သေသေချာချာ မသုတ်ထားဘူး...”
“ရော့... ဒီလိုမျိုး သုတ်ရတယ်..."
“တကယ်လို့ နင်က သန့်ရှင်းရေးလုပ်ဖို့ ပျင်းနေဦးမယ်ဆိုရင် ငါ နင့်ကို နောက်တစ်ခါ သုံးတော့မှာ မဟုတ်ဘူး...”
“နောင်ကျရင် နင် ငါ့ကို ဘယ်လောက်ပဲ လာတောင်းပန်တောင်းပန် ငါ နင့်ကို လုံးဝ ထိမှာမဟုတ်ဘူး..."
နောက်တစ်စက္ကန့်တွင် ထိုအမျိုးသား၏ ဆွဲဆောင်မှုရှိသော အသံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။ သူ၏ အသက်ရှူသံများမှာ ပိုမိုပြင်းထန်လာပြီး မောဟိုက်စွာဖြင့် ပြောလိုက်၏။
"သ... သခင်... အဲဒီနေရာကို... မပွတ်ပါနဲ့... အင်း..."
ဤစကားဝိုင်းကို ကြားလိုက်ရသောအခါ ရှို့ဝူ၏ ဦးနှောက်မှာ ဗလာကျင်းသွားရလေသည်။ သူ ဘာလုပ်နေသည်ကို ကိုယ်တိုင်ပင် သတိမထားမိခင်မှာပင် တံခါးကို ကန်ဖွင့်ကာ အတွင်းသို့ ပြေးဝင်သွားခဲ့ချေပြီ။
ဧည့်ခန်းထဲသို့ ခြေချလိုက်သည်နှင့် ရှို့ဝူမှာ ဆွံ့အသွားရ၏။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသော ချောမောလှပသည့် လူငယ်တစ်ဦးမှာ ဆိုဖာဟောင်းပေါ်တွင် လဲလျောင်းနေပြီး မျက်နှာတစ်ခုလုံး နီမြန်းလျက် ပြင်းထန်စွာ အသက်ရှူနေသည်။ ကျူးလင်ကမူ တည်ငြိမ်စွာဖြင့် သူမ၏ဓားကို သုတ်ပေးနေသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
သူသည် ထိုလူငယ်နှင့် ကျူးလင်တို့ကို ခေတ္တမျှ စိုက်ကြည့်နေမိပြီးနောက် ၎င်းတို့၏ ဝတ်စုံများမှာ စုံတွဲဝတ်စုံများနှင့် ဆင်တူနေသည်ကို သတိပြုမိသွား၏။
ရှို့ဝူက မျက်နှာပျက်ပျက်ဖြင့် တံခါးကို ရုတ်တရက် ကန်ဖွင့်ဝင်ရောက်လာသောကြောင့် ကျူးလင်သည် ဓားသုတ်နေခြင်းကို ရပ်တန့်လိုက်လေသည်။
သူမသည် မျက်လုံးများကို ပင့်တင်ကာ သူ့ကို ကြည့်လိုက်၏။ သူ၏ ရှုပ်ထွေးပြီး ဆွံ့အနေသော ပုံစံကို မြင်သောအခါ သူမက အံ့အားသင့်စွာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... အရေးကြီးတဲ့ကိစ္စ ရှိလို့လား..."
သူမ၏ တည်ငြိမ်နေသော ပုံစံကို မြင်သောအခါ ရှို့ဝူမှာ အနည်းငယ် ယောက်ယက်ခတ်သွားရ၏။
ပင်းကျန့်မှာမူ ကျူးလင်က သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ဆက်လက်၍ ပွတ်တိုက်ခြင်း မပြုတော့သောကြောင့် သက်ပြင်းချနိုင်သွားသည်။
သို့သော် သူသည် ရှို့ဝူ၏ မျက်နှာကို မြင်လိုက်ရသောအခါ ဆိုဖာဟောင်းပေါ်မှ ရုတ်တရက် ခုန်ထလိုက်ပြီး ကျူးလင်၏ ရှေ့တွင် ကာကွယ်သည့်အနေဖြင့် မတ်တတ်ရပ်လိုက်လေသည်။
ပင်းကျန့်၏ မျက်လုံးများထဲတွင် သိသာထင်ရှားသော ရန်လိုမှုများ ပြည့်နှက်နေပြီး ရှို့ဝူကို စိုက်ကြည့်ကာ မေးလိုက်၏။
"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ... ငါ့သခင်မကို ထပ်ပြီး လုယူဖို့ ရောက်လာတာလား..."
ရှို့ဝူ စကားမပြောနိုင်ခင်မှာပင် ပင်းကျန့်သည် ကျူးလင်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်ပြန်သည်။
"သခင်မလေး... ဘာလို့ သူ့ကို ဆက်ပြီး ပတ်သက်နေရတာလဲ..."
“အဲဒီတုန်းက သူ သခင်မလေးကို ပြန်ပေးဆွဲပြီး ငရဲချိုင့်ဝှမ်းကို ခေါ်သွားခဲ့တာကို မေ့သွားပြီလား...”
“သခင်မလေး ရုပ်အလောင်းပန်းအဆိပ်ကြောင့် သေလုနီးပါး ဖြစ်ခဲ့ရတယ်လေ...”
“တကယ်လို့ သခင်မလေးရဲ့ အစ်ကိုတော်က သူ့ရဲ့ ကျင့်ကြံမှု ထက်ဝက်ကို စတေးပြီး မကယ်တင်ခဲ့ရင် သခင်မလေး အခုအချိန်မှာ သေဆုံးနေလောက်ပြီ..."
ကျူးလင်သည် ဒေါသထွက်နေသော သူမ၏ ဓားဝိညာဉ်ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် အဖြူရောင်ပိတ်စဖြင့် ဓားကို တည်ငြိမ်စွာ ဆက်လက်သုတ်နေလိုက်၏။
ကျူးလင်က သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို သုတ်လိုက်သည်နှင့် ပင်းကျန့်သည် ညည်းတွားကာ ဒူးထောက်ကျသွားပြီး တစ်ကိုယ်လုံး တုန်ရီသွားရရှာသည်။
သူမသည် ဓားကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်၏။
"သူက အဲဒီလူ မဟုတ်ဘူး..."
ထိုသို့ပြောပြီးနောက် ကျူးလင်သည် ပင်းကျန့်၏ ညှိုးငယ်နေသော မျက်နှာကို ခေတ္တမျှ ကြည့်လိုက်ပြီး ရေခဲပန်းပွင့်ဆွဲသီးထဲမှ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်၏။
သူမက အဖြူရောင်ဆေးမှုန့်များကို ဓားပေါ်သို့ ဖြူးရန် ပြင်လိုက်စဉ်မှာပင် ပင်းကျန့်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။
"သခင်မလေး... ကျွန်တော့်ကို ချမ်းသာပေးပါ... ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး..."
ပင်းကျန့်သည် ကျူးလင်ကို တောင်းပန်တိုးလျှိုးသော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ကျူးလင်က အနည်းငယ် ပြုံးလျက် ပြောလိုက်သော စကားကြောင့် သူ၏မျက်နှာမှာ ပျက်သွားရ၏။
"လိမ္မာစမ်းပါ... ဒါက နင့်အတွက် ကောင်းဖို့ပဲ..."
ပင်းကျန့် မတားဆီးနိုင်ခင်မှာပင် ကျူးလင်သည် ဓားပေါ်ရှိ အက်ကွဲကြောင်းများပေါ်သို့ ဓားပြုပြင်ရေးဆေးမှုန့်များကို ဖြူးလိုက်ချေပြီ။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ပင်းကျန့်သည် ဓားပြုပြင်ရေးဆေးမှုန့်ကြောင့် ဖြစ်ပေါ်လာသော သက်တောင့်သက်သာရှိလှသည့် ခံစားချက်ကို အံကြိတ်ကာ သည်းခံရင်း ပြောလိုက်၏။
"သခင်မလေး... အရမ်းလွန်တာပဲ... ကျွန်တော် သခင်မလေးကို စကားမပြောတော့ဘူး..."
ထိုစကားကို ချန်ထားခဲ့ပြီးနောက် ပင်းကျန့်သည် ပျောက်ကွယ်သွားပြီး ဓားအတွင်း၌ ပုန်းအောင်းသွားလေသည်။
ရံဖန်ရံခါတွင် ဓားမှာ တုန်ခါသွားပြီး တိုးညှင်းသော ဝူးဝူးမြည်သံများ ထွက်ပေါ်နေ၏။
ရှို့ဝူသည် ထိုနေရာတွင် မတ်တတ်ရပ်လျက် သူ၏ စိတ်ကျန်းမာရေးနှင့် မျက်လုံးများကိုပင် သံသယဝင်ရင်း ရှေ့တွင် ဖြစ်ပျက်နေသမျှကို ငေးကြည့်နေမိသည်။
သူသည် ထိုနေရာတွင် မတ်တတ်ရပ်ကာ သူမနှင့် သူမ၏လက်ထဲရှိ ပင်းကျန့်ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျူးလင်က မေးလိုက်၏။
"ရှို့ဝူ... အဆင်ပြေရဲ့လား... ဘာလို့ ကျွန်မကို လာရှာတာလဲ... တစ်ခုခု လိုအပ်လို့လား..."
သူမ၏ မေးခွန်းများကို ကြားလိုက်ရပြီးနောက် ရှို့ဝူသည် သတိပြန်ဝင်လာခဲ့၏။ သူသည် သူမအတွက် ပြင်ဆင်လာသော မနက်စာကို စားပွဲပုလေးပေါ်တွင် တင်လိုက်ပြီး တံခါးကို သွားပိတ်လိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် တံခါးတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ခြင်း မဟုတ်ဘဲ သော့ခလောက်ကိုသာ ပျက်စီးစေခဲ့ခြင်း ဖြစ်၏။ သို့မဟုတ်ပါက သူသည် ကုန်သွယ်ရေးခန်းမသို့ သွားရောက်ကာ ကျူးလင်အတွက် တံခါးပြင်ရန် တစ်စုံတစ်ဦးကို ငွေပေး၍ ငှားရမ်းရပေလိမ့်မည်။
သူ ဧည့်ခန်းထဲသို့ ပြန်လည်လျှောက်လှမ်းလာသောအခါ ကျူးလင်သည် သူမ၏ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ စားပွဲပုလေးပေါ်တွင် တင်ထားသည်ကို မြင်လိုက်ရ၏။
ရှို့ဝူသည် သူမ၏ဘေးတွင် ထိုင်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
"စောစောက အဲဒီလူက..."
"သူက ငါ့ရဲ့ ဓားဝိညာဉ်ပဲ... သူ့နာမည်က ပင်းကျန့်လို့ ခေါ်တယ်..."
ကျူးလင်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်၏။
သူမ၏ အဖြေကို ကြားလိုက်ရပြီးနောက် ရှို့ဝူသည် သူမ၏ဘေးတွင် ထိုင်ကာ ပလတ်စတစ်ဘူးများကို ဖွင့်လိုက်လေသည်။ အရာအားလုံးကို ကျူးလင်၏ ရှေ့တွင် တင်ပေးလိုက်ပြီးနောက် သူမအား တုတ်တစ်စုံကို ကမ်းပေးရင်း မေးလိုက်၏။
"စောစောက ဘာလုပ်နေတာလဲ..."
ကျူးလင်သည် အသားတစ်တုံးကို ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ပြောလိုက်၏။
"ငါ့ဓားကို ပြုပြင်နေတာ..."