အခန်း ၁၅၀
Vol. 15 Ch. 150
အခန်း (၁၅၀) - ထွက်ခွာခြင်း (၂)
အပန်းဖြေစခန်းသို့ ရောက်ရှိရန်အတွက် ကားဖြင့် အနည်းဆုံး နှစ်နာရီခန့် မောင်းနှင်ရမည် ဖြစ်၏။ သူတို့တွင် ကားမရှိသဖြင့် ခြေကျင်လျှောက်ရမည်ဖြစ်ရာ အပန်းဖြေစခန်းသို့ ရောက်ရှိရန် အနည်းဆုံး နှစ်ရက်ခန့် အချိန်ယူရပေလိမ့်မည်။
ဤအချက်ကို တွေးမိရင်း မုန့်ကျယ်လန်က ဝမ်နကို ဘေးသို့ ဆွဲခေါ်သွားကာ တိုးသာသော အသံဖြင့် မေးလိုက်၏။
"ငါတို့ သူတို့နောက်ကို အပန်းဖြေစခန်းအထိ လိုက်သွားသင့်လား..."
ဝမ်နက သူမ၏ သူငယ်ချင်းကောင်းကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။
"ငါတို့ သူတို့နဲ့ လိုက်သွားရင် နောက်ကျရင် ဘယ်လိုပြန်လာမလဲ... ထောက်ပံ့ရေးပစ္စည်း နည်းနည်းလေး ပိုရဖို့အတွက် စခန်းနှစ်ခုကြားမှာ လေးရက်လောက် အချိန်ကုန်ခံပြီး သွားလာနေရတာ တန်လို့လား..."
“အချိန်ကုန် လူပင်ပန်းသက်သာအောင် သတ္တုရိုင်းတွေကို စခန်းကိုပဲ တိုက်ရိုက်ရောင်းလိုက်လို့ ရတာပဲကို...”
သူမ၏ မေးခွန်းကို ကြားသောအခါ မုန့်ကျယ်လန်က တည်ကြည်စွာ ပြောလိုက်၏။
"ငါ ဒီကို ပြန်လာဖို့ မသေချာဘူး... သူတို့က ကိုယ်ပိုင်စခန်း တည်ဆောက်တော့မှာဆိုတော့ ငါတို့ သူတို့စခန်းကိုပဲ ပြောင်းရွှေ့သွားရင် ကောင်းမလားလို့... ပြီးတော့ ငါတို့ အိမ်ငှားသက်တမ်းကလည်း ရှစ်ရက်ပဲ ကျန်တော့တယ်..."
ဝမ်နက မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ကာ မေးလိုက်သည်။
"နင် တကယ်ပြောနေတာလား... ငါတို့ဆီမှာ ပုံဆောင်ခဲအမြုတေ အနည်းငယ်ပဲ ကျန်တော့တာလေ... သူတို့စခန်းကို ပြောင်းသွားရင် အိမ်ငှားဖို့ ပိုက်ဆံလောက်မှာ မဟုတ်ဘူး..."
မုန့်ကျယ်လန်က ခေါင်းခါယမ်းကာ ပြောလိုက်၏။
"ငါတော့ အဲဒီလိုမထင်ဘူး... သူတို့က စခန်းအသစ် တည်ဆောက်ချင်တယ်လို့ ပြောထားတာဆိုတော့ ငါတို့ သူတို့နဲ့အတူ လိုက်သွားပြီး အိမ်တစ်လုံးကို ငါတို့အပိုင်အဖြစ် သတ်မှတ်လိုက်ရင် အိမ်လခ ပေးစရာလိုတော့မှာ မဟုတ်ဘူး..."
“သူတို့ရဲ့သူတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ဆိုရင် မကြာခင်မှာ သူတို့စခန်းက ပိုပြီး အားကောင်းလာလိမ့်မယ်လို့ ငါယုံကြည်တယ်... ပြီးတော့ ဒီစစ်အခြေစိုက်စခန်းရဲ့ လက်ရှိအခြေအနေကိုလည်း နင်သိတာပဲ... ငါတို့ ဒီမှာ ဆက်နေလို့ မရတော့ဘူး...”
မုန့်ကျယ်လန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝမ်နက ခေတ္တမျှ စဉ်းစားကာ ပြောလိုက်သည်။
"နင်ပြောတာ မှန်တယ်... ငါတို့ ဒီမှာ တကယ်ပဲ ဆက်နေလို့ မရတော့ဘူး..."
သူမ၏ သူငယ်ချင်းကောင်း သဘောတူသည်ကို မြင်သောအခါ မုန့်ကျယ်လန်က သူမကို အမြန်ဆွဲကာ ကျူးလင်တို့အဖွဲ့ရှိရာသို့ ပြန်လျှောက်လာခဲ့၏။ သူမက ၎င်းတို့ကို ကြည့်ကာ မေးလိုက်သည်။
"အစ်မကြီးကျူးလင်... ကျွန်မတို့ရော ရှင်တို့ရဲ့ စခန်းအသစ်ကို အတူတူ လိုက်ခဲ့လို့ ရမလား..."
ကျူးလင်သည် မုန့်ကျယ်လန်၏ တောင်းဆိုမှုကို ကြားသောအခါ အံ့အားသင့်ခြင်း မရှိပေ။
စောစောက ထောင့်စွန်းတစ်ခုတွင် ၎င်းတို့နှစ်ဦး တိုးတိုးတိုးတိုး ပြောဆိုနေကြသည်ကို မြင်ကတည်းကပင် ထိုအမျိုးသမီးငယ်နှစ်ဦးမှာ သူတို့နောက်သို့ လိုက်လာတော့မည်ကို သူမ သိရှိထားပြီး ဖြစ်လေသည်။
ရှို့ဝူနှင့် အခြားသူများ၏ စခန်းအစီအစဉ်ကို သူမ မသိရှိသဖြင့် ကျူးလင်က ပြုံးကာ ပြောလိုက်၏။
"ငါက စခန်းကိစ္စတွေမှာ ပါဝင်ပတ်သက်မှု မရှိဘူး... နင်တို့ ဒါကို ရှို့ဝူကိုပဲ မေးကြည့်သင့်တယ်..."
သူမ၏ စကားကို ကြားသောအခါ မုန့်ကျယ်လန်နှင့် ဝမ်နတို့က ရှို့ဝူကို ကြည့်လိုက်ကြ၏။
သူ၏ အေးစက်သော မျက်လုံးများနှင့် ဖော်ပြချက်ကင်းမဲ့နေသော မျက်နှာကို ကြည့်ရင်း ၎င်းတို့နှစ်ဦးစလုံး စကားပြောရန် သတ္တိများ ပျောက်ဆုံးသွားကြချေသည်။
ရှို့ဝူ၏ ဘေးတွင် ရပ်နေသော ကျီယန်က ခေတ္တမျှ စဉ်းစားပြီးနောက် ထိုအမျိုးသမီးငယ်နှစ်ဦးကို ပြုံးလျက် ကြည့်လိုက်သည်။
သူက ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်၏။
"မင်းတို့နှစ်ယောက် ငါတို့စခန်းကို အတူတူ လိုက်ခဲ့လို့ ရပါတယ်... ဒါပေမဲ့ အဲဒီမှာ နေချင်ရင်တော့ အလုပ်လုပ်ရလိမ့်မယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် မုန့်ကျယ်လန်နှင့် ဝမ်နတို့သည် အချင်းချင်း ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကြ၏။
သူတို့၏ အဖွဲ့ကို ဖျက်သိမ်းပြီးနောက်ပိုင်း တကယ်ပင် ဆင်းရဲမွဲတေသွားကြသဖြင့် အိမ်လခပေးရန်အတွက် အလုပ်လုပ်ရမည်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြပေသည်။
သူတို့ သဘောတူသည်ကို မြင်သောအခါ ကျီယန်က ပြောလိုက်၏။
"ငါတို့ စခန်းဆီကနေ စစ်သုံးထရပ်ကားကြီး ဆယ်စီး ငှားထားတယ်... မင်းတို့နှစ်ယောက် နောက်ကျရင် ကားတစ်စီးပေါ်မှာ လိုက်စီးလို့ ရတယ်..."
မုန့်ကျယ်လန်နှင့် ဝမ်နတို့က အမြန်ခေါင်းညိတ်ကာ ပြောလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကျီ..."
သူတို့ အထုပ်အပိုးများ ပြင်ဆင်ရန် လိုအပ်မည်ဟု ကျီယန်က တွေးမိကာ ပြောလိုက်၏။
"ငါတို့ နောက်ထပ် ဆယ့်ငါးမိနစ်နေရင် ထွက်တော့မယ်... မင်းတို့ အထုပ်အပိုးတွေ ပြင်ဆင်ပြီးရင် စခန်းရဲ့ ပင်မဝင်ပေါက်ဆီကို လာခဲ့ကြ... နောက်မကျစေနဲ့နော်..."
ကျီယန်၏ စကားကို ကြားသောအခါ မုန့်ကျယ်လန်သည် သူက ၎င်းတို့အပေါ် ငဲ့ညှာပေးနေခြင်းဖြစ်ကြောင်း သိရှိလိုက်၏။
သူ့ကို ထပ်မံကျေးဇူးတင်ပြီးနောက် အမျိုးသမီးငယ်နှစ်ဦးသည် သူတို့၏ အနည်းငယ်မျှသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်အတွက် တိုက်ခန်းဆီသို့ အပြေးအလွှား ပြန်သွားကြလေသည်။
စိတ်လှုပ်ရှားနေသော အမျိုးသမီးငယ်နှစ်ဦး လှေကားပေါ်သို့ ပြေးတက်သွားပြီးနောက် ထန်ဝေ့က ကျီယန်ကို ကြည့်ကာ မေးလိုက်၏။
"မင်း ဘာလို့ သူတို့ရဲ့ တောင်းဆိုမှုကို သဘောတူလိုက်တာလဲ..."
ထန်ဝေ့၏ မျက်နှာအမူအရာကို ကြည့်ရုံမျှဖြင့် ထူးဆန်းသော ရွာပျက်ကြီးအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကြောင့် မုန့်ကျယ်လန်နှင့် သူမ၏အဖွဲ့အပေါ် ထန်ဝေ့က အမြင်မကြည်လင်တော့ကြောင်း ကျီယန် သိရှိနိုင်၏။ သူက ထန်ဝေ့ကို ပြုံးပြကာ ပြောလိုက်သည်။
“သူတို့က အလကား အလုပ်လုပ်ပေးချင်နေတာပဲကို... ငါက ဘာလို့ ငြင်းရမှာလဲ...”
“အဲဒါအပြင် ငါတို့စခန်းကို အမြန်ဆုံး အပြီးသတ်ချင်ရင် ငါတို့အတွက် အလုပ်လုပ်ပေးမယ့် သဘာဝလွန်စွမ်းအားရှင်တွေ ပိုပြီး လိုအပ်တယ်လေ..."
ထန်ဝေ့သည် သူ၏စကားကို နားထောင်ပြီးနောက် ဘာမျှ ဆက်မပြောတော့ပေ။ အချိန်နှောင်းနေပြီဖြစ်ကြောင်း မြင်သောအခါ ရှို့ဝူက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါတို့ အခု ထွက်သွားသင့်ပြီ... သွားကြစို့..."
သူ ပြောပြီးနောက် သူတို့လေးဦးသည် ထူထူနှင့် ကလေးများနှင့်အတူ တိုက်ခန်းအဆောက်အအုံမှ ထွက်ခွာခဲ့ကြ၏။
ထန်ဝေ့က တိုက်ခန်းသော့များ ပြန်အပ်ရန်အတွက် ကုန်သွယ်ရေးခန်းမသို့ သွားနေစဉ် အခြားသူများကမူ စစ်အခြေစိုက်စခန်း၏ ပင်မဝင်ပေါက်ဆီသို့ ဦးတည်သွားကြချေသည်။
စစ်အခြေစိုက်စခန်း၏ ပင်မဝင်ပေါက်သို့ ရောက်ရှိလာသောအခါ အနည်းဆုံး လူနှစ်ရာမှ သုံးရာခန့် ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်ကို ကျူးလင် မြင်တွေ့လိုက်ရ၏။
ဆယ်ရက်တာ ကာလတိုလေးအတွင်း ထန်ဝေ့က ဤမျှများပြားသော လူအင်အားကို စုစည်းနိုင်ခဲ့ခြင်းအပေါ် သူမ အံ့အားသင့်ခြင်း မရှိပေ။ သူတို့အဖွဲ့၏ ကျော်ကြားမှုနှင့် ရက်ရောသော လစာနှုန်းထားများကြောင့် ၎င်းတို့အတွက် အလုပ်လုပ်ရန် စိတ်ဝင်စားသူ မရှိပါကမှ ထူးဆန်းနေပေလိမ့်မည်။
ဆယ်မိနစ်ကျော်ခန့် စောင့်ဆိုင်းပြီးနောက် တိုက်ခန်းသော့များ ပြန်အပ်ပြီး ပြန်လာသော ထန်ဝေ့ကို ကျူးလင် မြင်လိုက်ရ၏။ မကြာမီတွင် မုန့်ကျယ်လန်နှင့် ဝမ်နတို့လည်း ရောက်ရှိလာကြသည်။
ကျီယန်က လူဦးရေကို ရေတွက်ကာ အမည်စာရင်း ပြုစုပြီးနောက် သူတို့အား စစ်သုံးထရပ်ကားကြီးများပေါ်သို့ တက်ရန် ပြောလိုက်လေသည်။
ရှို့ဝူနှင့် အခြားသူများ စစ်သုံးထရပ်ကားပေါ်သို့ တက်ခါနီးအချိန်တွင် ထန်ပိုင်သည် စုန့်ချန်စု၊ ကျန့်ရိမုတို့နှင့်အတူ လျှောက်လာခဲ့၏။ သူတို့သုံးဦး အတူတူ လာနေကြသည်ကို မြင်သောအခါ ရှို့ဝူက မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
ထိုဗိုလ်ကြီးသုံးဦးသည် အလွန်အလုပ်များသော လူများဖြစ်ကြပြီး အတူတကွ တွေ့ရခဲကြောင်း လူတိုင်း သိရှိကြပေသည်။
ထန်ပိုင်က စစ်သုံးထရပ်ကားကြီးများပေါ်တွင် စောင့်ဆိုင်းနေကြသော လူများကို တစ်ချက်ဝေ့ကြည့်လိုက်ရာ အဆင့်မြင့်အဖွဲ့ အချို့ကို မြင်တွေ့လိုက်ရ၏။ ရှို့ဝူ၏ ရှေ့တွင် ရပ်ရင်း ထန်ပိုင်က ၎င်းတို့ကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ကျုပ်တို့ မင်းတို့ကို လာပို့တာ... မိန်းကလေးကျူးလင်ရဲ့ အကူအညီကြောင့် ငါတို့ ရိက္ခာနဲ့ ရေပြတ်လပ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ..."
သူ၏ စကားကို ကြားသောအခါ ကျူးလင်က အနည်းငယ် ပြုံးပြကာ ပြောလိုက်၏။
"ကျွန်မ ဘာမှမလုပ်ခဲ့ပါဘူး... ကျွန်မက ဗိုလ်ချုပ်မော့နဲ့ ကုန်သွယ်မှု လုပ်ခဲ့ရုံသက်သက်ပါ..."