အခန်း ၆၁
Vol. 7 Ch. 61
အခန်း ၆၁ - ဒန်အိုးအောက်မှ ထင်းဆွဲထုတ်ခြင်း။
ကူယွန်းတောင်တန်းရှိ အခြားသော အင်အားစုများသည် ဝေ့မိသားစုတွင် မန်ရှင်းအဆင့် ကျွမ်းကျင်သူ အများအပြား ထပ်မံထွက်ပေါ်လာကြောင်း သိရှိသွားကြပြီးနောက် ပိုမို၍ သတိထားလာကြတော့သည်။ ဝေ့မိသားစုဝင်များနှင့် စကားပြောဆိုရာတွင်ပင် မိမိကိုယ်ကိုယ် နိမ့်ကျသည်ဟု ခံစားနေကြရသည်။
သူတို့သည် ဝေ့မိသားစုကို သူတို့၏ သခင်သဖွယ် လက်တွေ့ကျကျ ဆက်ဆံလာကြချေပြီ။
ဤအတောအတွင်း ဝေ့မိသားစု၏ နယ်မြေများသာမက သူတို့၏ စီးပွားရေးလုပ်ငန်းများပါ လွတ်လပ်သော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဆုံးရှုံးမှုအချို့ ရှိခဲ့သည်။
ထိုလွတ်လပ်သော ကျင့်ကြံသူများသည် ဝေ့ဇန် နှင့် အခြားသူများ အောင်မြင်မှုရရှိသွားသည့် သတင်းကို မရရှိသေး၍ ထင်ပါသည်။
တစ်နေ့တွင် ထုံးစံအတိုင်း ဝေ့မိသားစု၏ စီးပွားရေးလုပ်ငန်းများထံမှ အမြတ်အစွန်း နှိုက်ယူရန် ကြိုးပမ်းလာကြသည်။
ရလဒ်အနေဖြင့် သူတို့ထဲမှ ငါးဦးမှာ ဝေ့ဇန် ဝေ့ကျွင်းချန်နှင့် အခြားသူများ၏ ခေါင်းဖြတ်သတ်ခြင်းကို ခံလိုက်ရပြီး ထိုအထဲတွင် ချီသန့်စင်ခြင်း အဆင့် ၉ရှိသူ တစ်ဦးပင် ပါဝင်နေသည်။
ဤဖြစ်ရပ်သည် မှောင်ရိပ်ခိုနေသော လွတ်လပ်သော ကျင့်ကြံသူများအတွက် ကောင်းမွန်သော သတိပေးချက်တစ်ခု ဖြစ်သွားပြီး နောက်ရက်များတွင် ဝေ့မိသားစု၏ စီးပွားရေးလုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းခဲ့သည်။
ဝေ့ဝူ သည် လွန်ခဲ့သည့် ရက်အနည်းငယ်က တာအိုကျမ်းကို ကျင့်ကြံနေခဲ့သည်။ သူ၏ ကိုယ်ပေါ်ရှိ ဆန်းကြယ်သော ဆေးလိပ်လေးလိပ်စလုံး ကုန်ဆုံးသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များမှာလည်း ပိုမိုတည်ငြိမ်လာခဲ့သည်။
ယခုအခါတွင် မန်ရှင်းအဆင့် ၁ ရှိသူတစ်ဦးကို အောင်နိုင်ရန်မှာ အလွန်လွယ်ကူလှပြီး မန်ရှင်း အဆင့် ၂ ရှိသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ပြီ ဖြစ်သည်။
ယခင်က သူသည် ဝေ့ကျင်းပေါ်နှင့် ဝေ့လော့တို့ကို ဆန်းကြယ်သော ဆေးလိပ် သုံးလိပ်စီ ပေးခဲ့ပြီး မိသားစုအတွက် ဆယ်လိပ် ထပ်မံထုတ်ပေးခဲ့သည်။
ဝေ့ဇန်နှင့် အခြားသူများ ကျော်ဖြတ်အောင်မြင်မှု ရရှိပြီးနောက် ဝေ့ကျင်းပေါ်က သူတို့တစ်ဦးစီအား ဆန်းကြယ်သော ဆေးလိပ် တစ်လိပ်စီ ဝေငှပေးခဲ့သည်။ ၎င်းတို့ကို သုံးစွဲပြီးနောက် သူတို့သည် မန်ရှင်းအဆင့်သို့ ကျော်ဖြတ်အောင်မြင်ပြီးခါစ ဖြစ်ပေါ်တတ်သော မတည်ငြိမ်သည့် ကာလကို ကျော်လွန်ကာ သူတို့၏ အဆင့်အတန်းကို လျင်မြန်စွာ ခိုင်မာစေခဲ့ကြသည်။
လဝက်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဤလဝက်အတွင်း သူသည် ကျင့်ကြံနေစဉ်မှာပင် ကယ်လ်စီယမ်အားဆေးပြား များကိုလည်း စဉ်ဆက်မပြတ် သောက်သုံးနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင် လှည့်ပတ်စီးဆင်းမှုမှာ ပိုမိုချောမွေ့လာပြီး သူ၏ သွေးကြောမျှင်များ ပိုမိုကျယ်ဝန်းလာသကဲ့သို့ အမှန်တကယ် ခံစားခဲ့ရသည်။
လျူရှုယွီ ၏ ခန့်မှန်းချက်အရ ဤကယ်လ်စီယမ်ဆေးပြားကို သုံးနှစ်တိုင်တိုင် နေ့စဉ်တစ်ပြားစီ သောက်သုံးပါက အထိရောက်ဆုံး အခြေအနေသို့ ရောက်ရှိလိမ့်မည်ဟု ဆိုသည်။
၎င်းသည် တစ်ဦးချင်းအပေါ် မူတည်၍ ကျင့်ကြံခြင်းအရှိန်ကို ၃ ဆမှ ၅ ဆအထိ တိုးတက်စေနိုင်မည်ဟု မျှော်လင့်ရပြီး ထိုကာလနောက်ပိုင်းတွင် ဆက်လက်သောက်သုံးပါက အကျိုးသက်ရောက်မှု ရှိတော့မည်မဟုတ်ပေ။
ဤသို့ တွက်ချက်ကြည့်လျှင် လူတစ်ဦးလျှင် ကယ်လ်စီယမ်ဆေးပြား ၁,၂၀၀ ခန့် လိုအပ်မည်ဖြစ်ရာ ဆေးပုလင်း ၈ ပုလင်းခန့် (အလေးချိန် ၃ ပိဿာခန့်) ရှိသည်။
၎င်းက လူတစ်ယောက်စာအတွက်သာ ဖြစ်သည်။ အကယ်၍ သူက ဝေ့မိသားစုဝင်တိုင်းကို ကယ်လ်စီယမ်ဆေးပြားများ ကျွေးချင်ပါက ဝေ့ဝူအနေဖြင့် နောက်တစ်ကြိမ် ကမ္ဘာမြေသို့ သွားသည့်ခရီးတွင် ကယ်လ်စီယမ်ဆေးပြားများမှတစ်ပါး အခြားအရာများကို သယ်ဆောင်လာနိုင်မည်မဟုတ်ပေ။
ထိုအရာက အလုပ်မဖြစ်နိုင်သည်မှာ သိသာလှသည်။
အကယ်၍ လျူရှုယွီသာ ကယ်လ်စီယမ်ဆေးပြားနှင့် ဆင်တူသော ဆေးလုံး သို့မဟုတ် ဆေးရည်တစ်မျိုးကို အမှန်တကယ် သုတေသနပြု ထုတ်လုပ်နိုင်ခဲ့လျှင် ဤကမ္ဘာတွင် အမြောက်အမြား ထုတ်လုပ်နိုင်မည်ဖြစ်ပြီး သူတို့ စိတ်ကြိုက် စားသုံးနိုင်ကြပေလိမ့်မည်။
မသေမျိုးဂူအတွင်း၌ ဝေ့ဝူသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။
သူသည် ဂူအောင်းကျင့်ကြံနေသည်မှာ ငါးရက်ရှိပြီဖြစ်၍ အပြင်ထွက်ကာ လမ်းလျှောက်ချင်နေမိသည်။
ချန်ချွမ်တောင်သို့ ရောက်ရှိသောအခါ ဘိုးဘေး ဝေ့ချွမ်ဟဲ နှင့် ဝေ့ကျင်းပေါ်တို့ စကားပြောဆိုနေကြသည်။
မူလက ဘိုးဘေး ဝေ့ချွမ်ဟဲသည် မိသားစုအရေးကိစ္စများကို ဝင်ရောက်စီမံခြင်း မရှိတော့သော်လည်း ယခုအခါ ဝေ့မိသားစု ကြီးပွားတိုးတက်နေချိန်ဖြစ်ရာ သတိကြီးစွာဖြင့် ရှေ့ဆက်ရမည့် အချိန်အခါဖြစ်သည်။
သူ စိတ်မချနိုင်သဖြင့် ဝေ့ကျင်းပေါ်နှင့် နေ့စဉ် မိသားစုအရေးကိစ္စများကို ဆွေးနွေးနေခြင်း ဖြစ်သည်။
ဝေ့ဝူ ဝင်လာသည်ကို မြင်သောအခါ ဘိုးဘေး ဝေ့ချွမ်ဟဲနှင့် ဝေ့ကျင်းပေါ်တို့က သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး စကားကို ဆက်ပြောကြသည်။
"ကျွင်းချန် အခုလေးတင် သတင်းပို့လာတယ်။ တချို့ မိသားစုဝင်တွေဆီကရတဲ့ သတင်းအရ ထျန်ရှင်းတောင်မှာ ရတနာတစ်ခု ထွက်ပေါ်လာတော့မယ်လို့ သိရတယ်။"
ဝေ့ကျင်းပေါ်က မေးလိုက်သည်။
"ဘာရတနာလဲ။"
"သေချာတော့မသိရသေးဘူး။ ဒါပေမဲ့ နောက် ၁၅ ရက်နေရင် အင်အားစု အများအပြားက လူတွေကို ထျန်ရှင်းတောင်ထဲ စေလွှတ်ကြလိမ့်မယ်။ ပိုင်မိသားစုတောင် လှုပ်ရှားလိမ့်မယ်လို့ သိရတယ်။"
ဝေ့ကျင်းပေါ်သည် မျက်လွှာချကာ စဉ်းစားပြီးနောက် ပြောသည်။
"ဒီလောက် အင်အားစု အများအပြားရဲ့ အာရုံစိုက်မှုကို ခံရတယ်ဆိုတော့ ဒါက ကြီးမားတဲ့ ရတနာတစ်ခု ဖြစ်ဖို့များတယ်။ ထျန်ရှင်းတောင်ကို မန်ရှင်း အဆင့် ၃ အောက် ကျင့်ကြံသူတွေပဲ ဝင်လို့ရတာ။ အဲဒီအချိန်ကျရင် မန်ရှင်း အဆင့် ၃ ရှိတဲ့သူတွေ အများကြီး ရှိလာမှာဆိုတော့ ငါတို့ ဝေ့မိသားစုအနေနဲ့ အဲဒါကို သွားပြီး မျှော်လင့်မနေတာ ပိုကောင်းလိမ့်မယ်။"
ဘိုးဘေး ဝေ့ချွမ်ဟဲကလည်း သက်ပြင်းချလိုက်သည်သူတို့ ဝေ့မိသားစု၏ အခြေခံအုတ်မြစ်က အရည်အချင်း နုနယ်သေးသည်။
ဤစကားကို ကြားသောအခါ ဝေ့ဝူ မပြုံးဘဲ မနေနိုင်ခဲ့ချေ။
သူတို့က ထျန်ရှင်းတောင်ရှိ ရတနာမှာ ဘာလဲဆိုသည်ကို မသိကြသော်လည်း သူကမူ သိနေသည်။ ၎င်းမှာ မိုင် ၁,၀၀၀ရှည်လျားသော ဝိဉာဥ်သွေးကြော တစ်ခု ဖြစ်ပြီး မည်သူ့ကိုမဆို မနာလိုဖြစ်စေနိုင်လောက်သော အရာဖြစ်သည်။
"ဘိုးဘေး အဖေ ကျွန်တော်က မန်ရှင်းအဆင့် ၁ ပဲ ရှိသေးပေမဲ့ ကျောက်စိမ်းနန်းတော် ကို ဖွင့်လှစ်ထားတာဆိုတော့ အဆင့် ၃ ရဲ့ အင်အားရှိပါတယ်။ ဒါ့အပြင် ကျွန်တော်လည်း အင်အားစုအမျိုးမျိုးက လူတွေဆီကနေ ပညာသင်ယူချင်တာမို့ ကျွန်တော့်ကို သွားခွင့်ပြုပါ။"
ဘိုးဘေး ဝေ့ချွမ်ဟဲက စိုးရိမ်ပူပန်သော အကြည့်ဖြင့် ကြည့်ကာ တားဆီးရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ပြောသည်။
"မင်းမှာ ဒီလိုဆန္ဒရှိရင်လည်း သွားပေါ့။ ဒါပေမဲ့ ဒီတစ်ကြိမ် ထျန်ရှင်းတောင်မှာ ကျွမ်းကျင်သူတွေနဲ့ ပြည့်နှက်နေမှာ သေချာတယ်။ မင်း သတိထားရမယ်။ မင်းရဲ့ ဘေးကင်းလုံခြုံရေးကို အရာအားလုံးထက် ဦးစားပေးရမယ်။ အခက်အခဲနဲ့ ကြုံလာရင် ဘာရတနာကိုမှ မက်မောမနေနဲ့ လောကကြီးကို အတွေ့အကြုံ သွားရှာတယ်လို့ပဲ သဘောထားပြီး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရင် အားလုံးပြည့်စုံပြီ။"
ဝေ့ကျင်းပေါ်ကလည်း ပြောသည်။
"ဝူအာ မင်းမှာ ကျောက်စိမ်းနန်းတော် ရှိတယ်ဆိုပေမဲ့ မင်းက မန်ရှင်းအဆင့် ၁ ပဲ ရှိသေးတာ။ အကယ်၍ ရွှေနန်းတော်ဖွင့်ထားတဲ့ မန်ရှင်း အဆင့် ၃ နဲ့ ရင်ဆိုင်ရရင် ခက်ခဲလိမ့်မယ်လို့ ငါစိုးရိမ်တယ်။ အဲဒီ မိသားစုကြီးတွေနဲ့ အင်အားစုတွေမှာ မှော်ရတနာ တွေနဲ့ ဝှက်ဖဲတွေ အများကြီးရှိတယ်။ မင်း သူတို့ကို မပြိုင်ဆိုင်နိုင်ရင်လည်း စိတ်ဓာတ်မကျပါနဲ့။"
သူတို့က ဝေ့ဝူအနေဖြင့် ဤသေးငယ်သော ကူယွန်းတောင်တန်းတွင်သာ ကန့်သတ်ခံနေရမည် မဟုတ်ကြောင်း သိထားကြသဖြင့် အပြင်ထွက်၍ အတွေ့အကြုံ ရှာဖွေခြင်းက ကောင်းမွန်သည်ဟု ယူဆကြသည်။
ဝေ့ဝူ ကြောင်အမ်းသွားမိသည်။ သူတို့က ဘာလို့ ဤသို့ပြောကြသနည်း။ သူက အလွန်အားနည်းနေသကဲ့သို့ပင်။ အခြားလူများတွင် ဝှက်ဖဲများရှိလျှင် သူ့တွင်ကော မရှိဘဲ နေမည်လော။
အဆိုးဆုံးအခြေအနေတွင် သူသည် ဆေးတစ်လုံးကို မျိုချကာ ၅ ဆသော ကိုယ်တိုင်ပေါက်ကွဲမှုကို တိုက်ရိုက်ဖန်တီးပြီး သူတို့ကို ငရဲသို့ ပို့လိုက်ရုံသာ ရှိသည်။
သူ၏ လူကြီးမိဘနှစ်ပါးမှာ သူ့အတွက် စိုးရိမ်နေကြခြင်းဖြစ်ပြီး သူ၏ အခြေခံလျှို့ဝှက်ချက်များဖြစ်သော သစ်သီးလှီးဓား၊ဖဲချပ်များ သို့မဟုတ် အာကာသကို ဆုတ်ဖြဲသည့် ပညာရပ်များ ရှိနေသည်ကို မသိကြသဖြင့်ဤသို့ စိုးရိမ်ပူပန်ကြခြင်းမှာ သဘာဝကျပါသည်။
"ပြီးတော့..."
ဝေ့ကျင်းပေါ်က ဆက်ပြောသည်။
"မင်းသွားရင် မင်းကိုယ်မင်း ရုပ်ဖျက်သွားရမယ်။ ပထမက မင်းကိုယ်မင်း ကာကွယ်ဖို့ဖြစ်ပြီးဒုတိယကတော့ တခြားလူတွေနဲ့ အငြင်းပွားမှုဖြစ်လို့ ပြဿနာတက်ရင် မိသားစုကို လာပြီး မသက်ရောက်စေဖို့ပဲ။"
ဝေ့ဝူ : "..."
ချန်ချွမ်တောင်မှ ထွက်ခွာလာပြီးနောက် ဝေ့ဝူသည် မသေမျိုးဂူသို့ ပြန်လာခဲ့သည်။
ထျန်ရှင်းတောင်ရှိ ဝိဉာဥ်သွေးကြောသည် ဝေ့မိသားစု တိုးတက်ရေးအတွက် အထူးအရေးကြီးလှသည်။ သွားရန် ဆုံးဖြတ်ပြီးဖြစ်၍ ၎င်းကို ရရှိရန် သူ အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။
အချိန်တစ်လဝက် ကျန်သေးသဖြင့် သူ၏ အင်အားကို ကောင်းမွန်စွာ မြှင့်တင်ရန် လိုအပ်သည်။
တာအိုကျမ်းအပြင် သူသည် မဟာစစ်ဗျူဟာ၃၆ခုထဲမှ အခြားသော မန္တန် တစ်ခုကိုလည်း ရှာဖွေကျင့်ကြံရန် စီစဉ်ခဲ့သည်။
မူလက သူသည် ရွှေပိုးကောင် အရေခွံလဲခြင်း နှင့် ၃၆ ကွက်တွင် ထွက်ပြေးခြင်းဗျူဟာကို ရွေးချယ်ချင်ခဲ့သည်။
အဆုံးတွင်တော့ ထွက်ပြေးခြင်းက အကောင်းဆုံးမဟုတ်ပါလော။
သို့သော် ပြန်လည်စဉ်းစားကြည့်သောအခါ ယခု သူ့တွင် ဟင်းလင်းပြင် ဆုတ်ဖြဲခြင်း ပညာရပ်ရှိနေပြီဖြစ်ရာ လုံလောက်သော ဝိညာဉ်ကျောက်တုံးများ အဆင်သင့်ရှိနေသရွေ့ ထွက်ပြေးရန်မှာ ပြဿနာမဟုတ်သဖြင့် ၎င်းဗျူဟာနှစ်ခုကို လက်လွှတ်လိုက်သည်။
အဆုံးတွင် သူသည် ဒန်အိုးအောက်မှ ထင်းဆွဲထုတ်ခြင်းကို ရွေးချယ်ခဲ့သည်။
ဤမန္တန်သည် ဒဏ္ဍာရီလာနှင့် နာမည်ဆိုးဖြင့် ကျော်ကြားသော မန္တန်ကြီးဖြစ်သည့် ဝိညာဉ်စွမ်းအင် ပိတ်ပင်ခြင်း ပညာရပ် နှင့် ဆင်တူပြီး ပြိုင်ဘက်၏ ဝိညာဉ်စွမ်းအင် လှည့်ပတ်မှုကို ပိတ်ပင်တားဆီးနိုင်ကာ သူတို့၏ စွမ်းအင်အရင်းအမြစ်ကို ဆွဲထုတ်နိုင်စွမ်း ရှိသည်။
အရေးကြီးသော အခိုက်အတန့်များတွင် ဥပမာ ပြိုင်ဘက်က တိုက်ခိုက်နေချိန် သို့မဟုတ် မန္တန်တစ်ခုခုကို ထုတ်ဖော်နေချိန်မျိုး၌ ၎င်းသည် သူတို့၏ ဝိညာဉ်စွမ်းအင် လှည့်ပတ်မှုကို ရပ်တန့်သွားစေကာ ထိုမန္တန်ထုတ်ဖော်မှုကို ပျက်ပြားသွားစေသည်။
ထိုအခိုက်အတန့်တွင် ပြိုင်ဘက်က ပြာယာခတ်နေသည့် အခွင့်အရေးကို အရယူကာ တစ်ချက်တည်းဖြင့် အသက်ဦးဆံပိုင် သတ်ဖြတ်နိုင်သည်။
ဤမန္တန်သည် ကျောက်ခဲကိုပြစ်၍ ကျောက်စိမ်းကို ဆွဲဆောင်ခြင်း နှင့် အပြန်အလှန် အထောက်အကူပြုပြီး ၎င်းတို့ကို တွဲဖက်အသုံးပြုပါက သေချာပေါက် အလွန်အစွမ်းထက်ပေလိမ့်မည်။
ဝေ့ဝူသည် မန်ရှင်းအဆင့်သို့ ကျော်ဖြတ်အောင်မြင်မှု ရရှိခဲ့ကတည်းက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တာအိုကျမ်း၏ ဒုတိယအခန်းကို ကျင့်ကြံခြင်း ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။
သူသည် မျက်လုံးမှိတ်ကာ တင်ပလ္လင်ခွေထိုင်ပြီး တာအိုကျမ်းကို ကျင့်ကြံလိုက်သည်။
"လောကကြီးတစ်ခုလုံးက အလှတရားကို အလှတရားအဖြစ် သိကြလို့ အရုပ်ဆိုးခြင်းဆိုတာ ရှိလာရတယ်။ လူတိုင်းက ကောင်းမြတ်ခြင်းကို ကောင်းမြတ်ခြင်းအဖြစ် သိကြလို့ မကောင်းမြတ်ခြင်းဆိုတာ ရှိလာရတယ်..."
"တည်ရှိခြင်းနဲ့ မတည်ရှိခြင်းက အပြန်အလှန် ဖြစ်ပေါ်စေတယ်။ ခက်ခဲခြင်းနဲ့ လွယ်ကူခြင်းက အပြန်အလှန် ဖြည့်ဆည်းပေးတယ်..."
"..."
"ဒါကြောင့် သူတော်စင်က အမှုကိစ္စတွေကို ဘာမှမလုပ်ဆောင်ခြင်းနဲ့ စီမံပြီး စကားလုံးမပါဘဲ ဆုံးမသွန်သင်မှုကို ဆောင်ရွက်တယ်။ ... သူက အဲဒီအရာတွေအပေါ်မှာ တွယ်ကပ်မနေတဲ့အတွက် အဲဒီအရာတွေက ထွက်ခွာမသွားဘူး။"
တစ်ခေါက် ကျင့်ကြံပြီးနောက် သူ၏ စိတ်ဝိညာဉ်မှာ ကြည်လင်ဝင်းပလာခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သည့်မန္တန်ကိုမဆို သင်ယူပါက အားထုတ်မှု ထက်ဝက်ဖြင့် နှစ်ဆသော ထိရောက်မှုကို ရရှိလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
၎င်းက ဝတ္ထုများထဲမှနတ်မန္တန်နှင့်ပင် တူနေတော့သည်။
အမှန်စင်စစ် တာအိုကျမ်းနှင့် နှိုင်းယှဉ်ပါက နတ်မန္တန်မှာ ပြောပလောက်စရာ မရှိချေ။
ဝေ့ဝူသည် သူ၏ စိတ်ထဲမှ ဒန်အိုးအောက်မှ ထင်းဆွဲထုတ်ခြင်းမဟာစစ်ဗျူဟာ၃၆ခုကို ဆင့်ခေါ်ကာ ၎င်း၏ လမ်းညွှန်ချက်များအတိုင်း ဖြည်းညှင်းစွာ စတင်ကျင့်ကြံလေတော့သည်။
...
တစ်လဝက် ကုန်ဆုံးပြီးနောက် ဝေ့ဝူသည် မသေမျိုးဂူထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။
သူ၏ ကျင့်ကြံခြင်းမှာ မန်ရှင်းအဆင့်းသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဖြစ်နိုင်သည်၊ သူသည် မဟာစစ်ဗျူဟာ၃၆ခုကို ကျင့်ကြံရာတွင် ပိုမိုမြန်ဆန်လာပြီး ဒန်အိုးအောက်မှ ထင်းဆွဲထုတ်ခြင်း မှာ ပြီးမြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
၎င်းက ပထမအဆင့်သာ ရှိသေးသည်မှာ သေချာပါသည်။
ဒုတိယအဆင့်မှာမူ လုံးဝကွဲပြားသော ခက်ခဲမှုမျိုး ရှိသည်။ သူ လွန်ခဲ့သော အချိန်ကတည်းက စတင်ကျင့်ကြံခဲ့သော ကောင်းကင်ဘုံကို လှည့်စားခြင်းပင်လျှင် ဒုတိယအဆင့်၌ တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်သည်။
သူသည် ဖခင်ဖြစ်သူအား နှုတ်ဆက်ရန် ချန်ချွမ်တောင်သို့ ရောက်ရှိလာခဲ့သည်။
ဝေ့ကျင်းပေါ်က သူ့ကို စိတ်အေးလက်အေးသွားရန် ပြောကြားပြီး မိသားစု၏ မကြာသေးမီက တိုးတက်မှုအချို့ကိုလည်း ပြောပြခဲ့သည်။
ဤအတောအတွင်း မိသားစုကျင့်ကြံသူ တစ်ဆယ်ကျော်မှာ သူတို့၏ အဆင့်ကို ကျော်ဖြတ်အောင်မြင်ခဲ့ကြပြီး သုံးဦးမှာ ချီသန့်စင်ခြင်း အဆင့် ၆ မှ အဆင့် ၇ သို့ပင် ရောက်ရှိသွားခဲ့ရာ ဒုတိယတန်းစား အင်အားစု၏ လစ်ဟာချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ထို့အပြင် မကြာသေးမီက မည်သည့်အကြောင်းကြောင့်မှန်းမသိ လွတ်လပ်သော ကျင့်ကြံသူများသည် မကြုံစဖူး ရိုးသားအေးဆေးနေကြပြီး လွန်ခဲ့သည့် တစ်လဝက်အတွင်း ကျူးကျော်မှု တစ်ကြိမ်မျှ မရှိခဲ့ချေ။
နောက်ဆုံးအချက်မှာ ဝေ့လော့နှင့် ပတ်သက်၍ ဖြစ်သည်။
ဝေ့လော့၏ ယင်ကောင် များမှာ ဥမှ ပေါက်ဖွားပြီးစီးခဲ့ပြီဖြစ်ရာ ယင်ကောင်လေး ခုနစ်ကောင် ထွက်လာခဲ့သည်။
ယင်ကောင်တစ်ကောင်ချင်းစီသည် မွေးဖွားချိန်၌ စိတ်ဝိညာဉ်ဆက်သွယ်မှုအဆင့် ၃ ရှိကြပြီး အလွန်လျင်မြန်စွာ ကြီးထွားလာကြသည်။
ရက်အနည်းငယ်အတွင်းမှာပင် စိတ်ဝိညာဉ်ဆက်သွယ်မှုအဆင့် ၅ သို့ ရောက်ရှိလာခဲ့သည်။
သို့သော် ၎င်းတို့ကို မွေးမြူရန် လိုအပ်ချက်များမှာ အလွန်မြင့်မားလှပြီး ဝိညာဉ်ဆေးဖက်ဝင်အပင် ၊ ဝိညာဉ်ကျောက်တုံးများ စသည်တို့ကို အစာအဖြစ် ကျွေးမွေးရသဖြင့် သာမန်ကျင့်ကြံသူများကို မွေးမြူရသည်ထက် များစွာ ပိုမိုခက်ခဲလှသည်။
ထို့အပြင် မူလယင်ကောင်ကြီးမှာလည်း ဆင့်ကဲပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းခဲ့ပုံရပြီး စစ်မှန်သောစွမ်းအင် အဆင့် ၂အင်အား ရှိနေပြီဖြစ်ရာ ၎င်းကို ဝေ့မိသားစု၏ အင်အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။
ဝေ့လော့က ဝေ့ကျင်းပေါ်အား သူမအတွက် ကန်းစွန်းဥ အချို့ တောင်းပေးရန်လည်း ပြောခဲ့သေးသည်။ သို့သော် ဝေ့ဝူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ကျင့်ကြံနေစဉ်အတွင်း တစ်လုံးကို စားသုံးခဲ့ပြီးဖြစ်၍ လေးလုံးသာ ကျန်ရှိတော့သဖြင့် အာကာသ ဆုတ်ဖြဲခြင်း ပညာရပ်အတွက်ပင် မနည်းသုံးနေရသည်။
ထို့ကြောင့် နောက်ပိုင်းမှသာ ထပ်မံပေးမည်ဟု ကတိပေးနိုင်ခဲ့သည်။
ကိစ္စအဝဝကို စီစဉ်ပြီးနောက် ဝေ့ဝူသည် လျူရှုယွီထံသို့ နောက်တစ်ကြိမ် သွားရောက်တွေ့ဆုံခဲ့သည်။
ဤရက်ပိုင်းအတွင်း လျူရှုယွီသည်လည်း ကန်းစွန်းဥများကို သွားရောက်ကြည့်ရှုလေ့ရှိသည်။ သူက ကန်းစွန်းဥများ၏ ပိုးသတ်ခြင်းကိစ္စကို စတင်သုတေသနပြုနေပြီဖြစ်ပြီး တိုးတက်မှုအချို့ ရှိနေပြီဟု ဆိုသည်။
ဤအရာက ဝေ့ဝူကို အလွန်ဝမ်းမြောက်စေခဲ့သည်။ ပိုးသတ်ခြင်းပြဿနာကို ဖြေရှင်းနိုင်သရွေ့ ကန်းစွန်းဥများကို မိသားစုဝင်များက စိုက်ပျိုးပြီး စက်မှုလုပ်ငန်းတစ်ခုအဖြစ် ဖန်တီးနိုင်မည်ဖြစ်ရာ သူကိုယ်တိုင် အရာအားလုံးကို လိုက်လံလုပ်ဆောင်နေစရာ မလိုတော့ပေ။
၎င်းတို့ကို မြင့်မားသောစျေးနှုန်းဖြင့်လည်း ရောင်းချနိုင်ပေလိမ့်မည်။ ကန်းစွန်းဥများကို ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ခြင်းဖြင့် ရရှိလာသော ဝိညာဉ်စွမ်းအင် ပမာဏမှာ အမှန်တကယ် တိုးပွားလာခြင်း ဖြစ်သည်။
အကယ်၍ ဝိညာဉ်စွမ်းအင် စုပ်ယူမှုအရှိန်ကိုသာ အဓိကမထားဘူးဆိုလျှင် ဤအရာက အလွန်ကောင်းမွန်သော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပေသည်။