အခန်း ၆၂
Vol. 7 Ch. 62
အခန်း ၆၂ - ထျန်ရှင်းတောင်သို့ ဝင်ရောက်ခြင်း။
ဝေ့မိသားစုမှ ထွက်ခွာလာပြီးနောက် ဝေ့ဝူသည် သူ၏ဓားပျံကိုစီးကာ ထျန်ရှင်းတောင်ဆီသို့ ပျံသန်းလာခဲ့သည်။
ရှောင်ချီမှာ ဝေ့မိသားစုတွင် ကျန်ရစ်ခဲ့သဖြင့် ဤခရီးစဉ်တွင် သူမကို စီးနင်းခွင့်မရခဲ့ပေ။
လမ်းခရီးတစ်ဝက်တွင် သူသည် လျှို့ဝှက်သတင်းအဖွဲ့အစည်းတစ်ခုဖြစ်သော ရွှမ်းကျီခန်းမ ထံမှ ဤတစ်ကြိမ် ထျန်ရှင်းတောင်ခရီးစဉ်အကြောင်း မိတ်ဆက်ထားသည့် ကျောက်စိမ်းပေလွှာ တစ်ခုကို ဝယ်ယူခဲ့သည်။
"သန်ဘက်ခါ ညနေစောင်း အချိန်မှာ ဖွင့်လှစ်မယ်။ ကီလော့ထင်တောင်ကြားကနေတစ်ဆင့် ဝင်ရောက်ရမယ်..."
၎င်းတွင် ထျန်ရှင်းတောင်၏ တိကျသောပွင့်မည့်အချိန်နှင့် ဝင်ရောက်ရမည့်နေရာကဲ့သို့သော အရေးကြီးသည့် သတင်းအချက်အလက်များ ပါဝင်သည်။
ထျန်ရှင်းတောင်၏ ပင်မတောင်ထိပ်တွင် ပိတ်ပင်တားဆီးမှုတစ်ခု ရှိနေပြီး ၎င်းသည် ရှေးဟောင်းမသေမျိုးမင်းဆက်၏ ကွပ်မျက်ကွင်းဖြစ်ခဲ့ကာ ကောင်းကင်ဘုံ၏ အရှိန်အဝါများ ဖုံးလွှမ်းနေသဖြင့် သာမန်အားဖြင့် ဝင်ရောက်၍မရဘဲ အချို့သောအချိန်များတွင်သာ ရုတ်တရက် ပွင့်လေ့ရှိသည်။
ကျောက်စိမ်းပေလွှာတွင် ထျန်ရှင်းတောင်သို့ လူစေလွှတ်ထားသည့် အင်အားစု အများအပြားကိုလည်း စာရင်းပြုစုထားသည်။
ထိုစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသည်မှာ ချင်းလုံဂိုဏ်း ဖြစ်သည်။
ဝေ့ဝူနှင့် ရင်းနှီးပြီးသား အမည်အချို့လည်း ပါဝင်နေသည်။ ယင်ယန်မြို့၏ ပိုင်မိသားစု၊ သွေးမြစ်ဂိုဏ်း၊ ထုံယွမ်ဂိုဏ်း၊ လျန်ရှန်းမြို့၏ ကျိုးမိသားစု နှင့် ဝူချွမ်းလွင်ပြင်၏ ချန်းမိသားစုခံတပ်။
ဤအရာများမှာ လင်းထိုင်အဆင့် ကျွမ်းကျင်သူများ နောက်ကွယ်က ကျောထောက်နောက်ခံပြုထားသည့် အင်အားစုများဖြစ်ကြပြီး မန်ရှင်းအဆင့်အဆင့်နိမ့် အင်အားစုများမှာမူ ထို့ထက်မက ပိုမိုများပြားလှသည်။
ခဏမျှ ပျံသန်းပြီးနောက် သူသည် သူ၏ရုပ်သွင်ကို ပြောင်းလဲရန် ကောင်းကင်ဘုံကို လှည့်စားခြင်း ပညာရပ်ကို ထုတ်ဖော်လိုက်သည်။ ယခုအချိန်မှစ၍ သူ၏ရုပ်မှန်ကို ပြသရန်မသင့်တော်တော့ပေ။
ကောင်းကင်ဘုံကို လှည့်စားခြင်းပညာရပ်၏ တစ်မျိုးတည်းသော အသွင်ပြောင်းလဲခြင်းနည်းလမ်းကို သူရွေးချယ်ခဲ့မှုကြောင့် လောလောဆယ်တွင် သူသည် ချောင်ချောင်၏ ရုပ်သွင်သို့သာ ပြောင်းလဲနိုင်သည်။
ဆယ်နာရီခန့် ပျံသန်းပြီးနောက် နောက်ဆုံးတွင် သူသည် ရှေးဦးကမ္ဘာ၏ ဆိတ်သုဉ်းခြင်းအရှိန်အဝါများနှင့်အတူ ရှေးဟောင်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒများ သယ်ဆောင်လာသော ထျန်ရှင်းတောင်ကို မြင်တွေ့လိုက်ရသည်။
ကီလော့ထင်တောင်ကြားသည် ထျန်ရှင်းတောင်၏ မြောက်ဘက်တောင်စောင်းတွင် တည်ရှိပြီး မီတာတစ်ရာကျယ်ကာ ဆယ်မိုင်ခန့်ရှည်လျားသော တောင်ကြားတစ်ခုဖြစ်သည်။ ၎င်း၏အဆုံးတွင် သိပ်သည်းလှသော မြူမည်းများဖြင့် ပြည့်နှက်နေသည်။
အတွင်းဘက်တွင် ကျူးကျော်ဝင်ရောက်၍မရသော ထျန်ရှင်းတောင်၏ ပင်မတောင်ထိပ် တည်ရှိသည်။
ရွှမ်းကျီခန်းမမှ ကျောက်စိမ်းပေလွှာအရ သန်ဘက်ခါ ညနေစောင်း အချိန်တွင် မြူမည်းများ ဆုတ်ခွာသွားမည်ဖြစ်ပြီး ထိုအချိန်ကျမှသာ ဝင်ရောက်နိုင်မည် ဖြစ်သည်။
တောင်စောင်းနှစ်ဖက်စလုံးရှိ ကျောက်ဆောင်များပေါ်တွင် မန်ရှင်းအဆင့် အဆင့် ၃ အောက်ရှိသော လူအများအပြား ရောက်ရှိနေကြပြီဖြစ်သည်။
ထျန်ရှင်းတောင်တွင် နှစ်အနည်းခြေလျှင်တစ်ကြိမ် ရတနာများ ထွက်ပေါ်လေ့ရှိပြီး ဤဒေသရှိ ကျင့်ကြံသူများအကြားတွင် ရေးမထားသော စည်းကမ်းတစ်ခု ရှိနေသည်။ မန်ရှင်းအဆင့် အဆင့် ၃ အထက်ရှိသူများ ဝင်ရောက်၍မရသောကြောင့် သူတို့သည် ရိုးရိုးရှင်းရှင်းပင် လာရောက်ခြင်းမရှိကြချေ။
ဝေ့ဝူသည် သူသိသော လူအနည်းငယ်ကို မြင်တွေ့ခဲ့ရသည်။ ဥပမာ ဝေ့လော့ သဘောကျနေသော ပိုင်မိသားစုမှ ပိုင်ကျန့်ဟန်ဖြစ်သည်။
သွေးမြစ်ဂိုဏ်းမှ ရှောင်ရီလည်း ရှိနေသည်။
ရှီတင်းတောင်လေလံပွဲတော်တုန်းက ရှောင်ရီက သူဒီနေရာကို လာခဲ့မယ်လို့ ပြောခဲ့ဖူးသည်။
ရှောင်ရီ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသော အကြည့်ကို ခံစားမိသဖြင့် ဝေ့ဝူက ရန်စလိုသော အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။
ထိုစဉ်မှာပင်။
"မင်းက ချောင်ချောင်လား။"
အသံတစ်သံကြောင့် ဝေ့ဝူ၏ အမူအရာ တောင့်တင်းသွားခဲ့သည်။
"ချောင်ချောင်... ဘယ်မှာလဲ။"
"သူခိုးကောင်းလေး မင်းက တကယ်ပဲ ဒီကိုလာရဲသေးတယ်ပေါ့။"
ရှီတင်းတောင် ဈေးရောင်းပွဲတော်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များသည် လွန်ခဲ့သည့်အချိန်ကတည်းက ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။
သွေးမြစ်ဂိုဏ်းမှ လူနှစ်ဦးနှင့် ချောင်ချောင်ဟု အမည်ရသူတစ်ဦးတို့က အပ်နှံထားသော ပစ္စည်းတစ်ခုကို ခိုးယူခဲ့ကြကြောင်း လူတိုင်းသိကြသည်။
နောက်ပိုင်းတွင် သွေးမြစ်ဂိုဏ်းတပည့်၏ လက်ထဲရှိ အပ်နှံပစ္စည်းကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သော်လည်း ချောင်ချောင်ဟု ခေါ်သောလူမှာမူ မန်ရှင်းဆေးလုံးနှင့် အခြားရတနာတို့ကို ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူဌေးမာပင်လျှင် သူ့ကို ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် ယန်ကျင်းကုန်သွယ်ရေးလုပ်ငန်းက ချောင်ချောင်ကို ဖမ်းဆီးရန်အတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်း ဆုငွေထုတ်ခဲ့သဖြင့် သူ၏အမည်မှာ ပိုမိုကျော်ကြားလာခဲ့သည်။
ထိုအချိန်က ရောက်ရှိနေသော ကျင့်ကြံသူအချို့က သူ့ကို မှတ်မိသွားကြသည်။
"သြော်... သူက ချောင်ချောင်ပေါ့ ဒီတစ်ကြိမ် ထျန်ရှင်းတောင်ခရီးစဉ်မှာ မျှော်လင့်မထားတဲ့အပိုဆုတစ်ခု ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုတော့ ယူလိုက်တာပေါ့။"
"အစ်ကိုချန်း မင်းတို့ ချန်းမိသားစုမှာ ဘာမှမလိုပါဘူး။ အထူးသဖြင့် ဝိညာဉ်ကျောက်တုံးတွေပေါ့။ သူ့ကို ငါ့ကိုပဲ ပေးလိုက်ပါလား။"
"ဟွန်း ဒီလူက ငါ့လူပဲ။"
...
ဝေ့ဝူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
"ဝူး..."
တိုက်ခိုက်မှုတစ်ခု ရောက်ရှိလာသည်။
"ဟွန်း လူကြီးလူကောင်းတွေ ဖြစ်ပြီးတော့ ဒီလောက် စကားများနေကြတာ အခုထိ မလှုပ်ရှားကြသေးဘူးလား။"
တိုက်ခိုက်လိုက်သူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ဆံပင်များကို ကျစ်ဆံမြီးအသေးလေးများ ကျစ်ထားကာ နားရွက်တွင် ခရမ်းရောင် လဝက်ပုံစံ နားကွင်းတစ်စုံကို ဆင်မြန်းထားပြီး တောက်ပသော မိတ်ကပ်များနှင့် ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းများ ရှိသည်။
သူမ၏ ဝတ်စားဆင်ယင်မှုမှာ အမြင်ရိုင်းပြီး တောက်တောက်ပြောင်ပြောင် ဖြစ်နေသော်လည်း သူမထံတွင်မူ အလွန်ရင်သပ်ရှုမောဖွယ်ကောင်းသော အလှတရားတစ်ခုကို ဖော်ဆောင်နေသည်။ မည်သည့်အမျိုးသားမဆို သူမကို တစ်ကြိမ်မြင်ရုံဖြင့် မည်သည့်အခါမျှ မေ့ပျောက်နိုင်လိမ့်မည်မဟုတ်ပေ။
ဝေ့ဝူသည် အမျိုးသမီးများအပေါ် အထူးတလည် တပ်မက်ခြင်းမရှိသော်လည်း ခဏမျှ ကြောင်အမ်းသွားမိသည်။
ဤလူမှာ ထုံယွမ်ဂိုဏ်းမှ ယွီချန့်ယန်ဖြစ်သည်။
ကတုံးနှင့်လူတစ်ဦးက ပြောသည်။
"ဟားဟား မိန်းကလေးယွီ ပြောတာ မှန်ပါတယ်။ ငါတို့ လက်နှေးသွားတာပါ။"
ဝံပုလွေများကဲ့သို့ သူ့ကို ကြည့်နေကြသော လူတိုင်း၏ အကြည့်များကို မြင်သောအခါ ဝေ့ဝူက လူစွမ်းကောင်းဆိုတာ အခြေအနေကို ကြည့်တတ်ရမယ်ဟု စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။
သူတို့ တိုက်ခိုက်လာသည်ကို မစောင့်တော့ဘဲ သူသည် အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်းကို အလျင်အမြန် ထုတ်ဖော်ကာ လမ်းကြောင်းတစ်ခုသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ဝေ့ဝူသည် သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားသဖြင့် လူတိုင်း မှင်တက်သွားကြသည်။
"ချောင်ချောင်ဆိုတဲ့လူ ဘယ်ရောက်သွားတာလဲ။"
ကတုံးနှင့်လူက အော်ဟစ်လိုက်သည်။
ရှောင်ရီ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဤပညာရပ်ကို အလွန်ကောင်းမွန်စွာ သိထားသည်။ ၎င်းမှာ သဘာဝအတိုင်း အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်းပင် ဖြစ်သည်။
သို့သော် ချောင်ချောင်က အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်းကို အသုံးပြုနိုင်သည်ဆိုလျှင် သူသည် ထိုဓမ္မနတ်ဆိုး၏ ထိန်းချုပ်မှုကို ခံထားရသင့်သည်မဟုတ်လော။ သို့ဆိုလျှင် သူက ဘာကြောင့် စိတ်မလွတ်သေးသနည်း။
အဖြေကို ရှာမရသဖြင့် ဝေ့ဝူကို မမှီနိုင်တော့မှန်း သိထားသောကြောင့် ရှောင်ရီသည် မျက်လုံးမှိတ်ကာ အနားယူနေလိုက်တော့သည်။
ကျင့်ကြံသူများသည် အနီးနားတွင် ခဏမျှ ရှာဖွေခဲ့ကြသော်လည်း ဘာမှမတွေ့သဖြင့် လက်လျှော့လိုက်ကြသည်။
ကီလော့ထင်တောင်ကြား၏ ဝင်ပေါက်သည် တဖြည်းပျက် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
တစ်နေရာရာတွင်မူ ဝေ့ဝူသည် ထူထဲသော သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်ကာ ကျိန်ဆဲနေခဲ့သည်။
ဤရုန်းရင်းဆန်ခတ်မှုကြောင့် ယခင်က သူ့ကိုမသိသောသူများပင် ယခု သိသွားကြချေပြီ။ ဤတစ်ကြိမ် ထျန်ရှင်းတောင်သို့ ဝင်ရောက်ပြီးသည်နှင့် သူသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာတော့မည့်ပုံပင်။
သူသည် ရိုးရိုးရှင်းရှင်းပင် ကျင့်ကြံခြင်းကို စတင်လိုက်ပြီး နောက်နေ့တွင် ထျန်ရှင်းတောင်၏ ပင်မတောင်ထိပ် ပွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
တစ်ရက်တာအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကီလော့ထင်တောင်ကြား၏ ဝင်ပေါက်တွင်။
ညနေစောင်းအချိန်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ဤနေရာရှိ အလင်းရောင်မှာ မှိန်ဖျော့နေဆဲ ဖြစ်သည်။
ရုတ်တရက် မျက်လုံးမှိတ်ကာ အနားယူနေကြသော လူတိုင်း မျက်လုံးများကို ဖွင့်လိုက်ကြသည်။
"ပွင့်ပြီဟေ့။"
လူအများအပြား ဆူညံစွာ ပြောဆိုလိုက်ကြသည်။
ကီလော့ထင်တောင်ကြား၏ အဆုံးရှိ မြူမည်းများသည် တဖြည်းဖြည်း မှေးမှိန်သွားကာ ဝင်ပေါက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"သွားကြစို့။"
ချက်ချင်းပင် လူတိုင်း အလုအယက် အလျင်အမြန် ပျံသန်းဝင်ရောက်သွားကြသည်။
ပိုင်ကျန့်ဟန်၊ ရှောင်ရီ၊ ယွီချန်ယန့်နှင့် အခြားသူများအားလုံး စတင်ထွက်ခွာသွားကြသည်။
ပျံသန်းမှုအလင်းတန်းများသည် တောင်ကြားကို ဖြတ်သန်းကာ ထျန်ရှင်းတောင်အတွင်းသို့ တိုးဝင်သွားကြသည်။
ထျန်ရှင်းတောင်သို့ လာကြသူများသည် အသက်မငယ်ကြဘဲ အများစုမှာ လူလတ်ပိုင်းများ ဖြစ်ကြသည်။
အသက်သုံးဆယ်အရွယ်များမှာ နည်းပါးလှသည်။
ပိုင်ကျန့်ဟန်နှင့် ယွီချန့်ယန်ကဲ့သို့သော လူငယ်ပါရမီရှင်များမှာမူ အလွန်ရှားပါးလှသည်။
အသက်နှစ်ဆယ်အရွယ် မန်ရှင်းအဆင့် ကျွမ်းကျင်သူတစ်ဦးမှာ လင်းထိုင်အဆင့် အင်အားစုများတွင်ပင် ရှားပါးလှသည်။
သူတို့အထဲတွင် ချင်းလုံဂိုဏ်းမှ မောက်မာသောမျက်နှာနှင့် နုပျိုသောရုပ်သွင်ရှိသည့် အမျိုးသားတစ်ဦးမှာ မန်ရှင်းအဆင့် အဆင့် ၃ သို့ ရောက်ရှိနေပြီဖြစ်ရာ လူများကို ဘေးသို့ဖယ်ခွာသွားစေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ချိန်က စည်ကားခဲ့သော ကီလော့ထင်တောင်ကြား ဝင်ပေါက်သည် ဗလာ ဖြစ်သွားခဲ့သည်။
ရေနွေးတစ်ခွက်စာ (မိနစ် ၄၅ ခန့်) ကြာပြီးနောက်မှသာ ဝေ့ဝူသည် ဤနေရာသို့ အေးအေးလူလူ ရောက်ရှိလာခဲ့သည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အတွင်းဘက်သို့ ပျံသန်းဝင်ရောက်သွားခဲ့တော့သည်။