အခန်း ၆၄
Vol. 7 Ch. 64
အခန်း ၆၄- မိသားစုအတွင်းမှ ပြဿနာများ။
ဝေ့ဝူသည် ပုန်းကွယ်ရန် လျှို့ဝှက်သောနေရာတစ်ခုကို ရှာဖွေပြီးနောက် သူ၏သိုလှောင်အိတ်ကို စစ်ဆေးလိုက်ရာ ဝိညာဉ်ကျောက်တုံး သုံးထောင်နှင့် အရိုးကဲ့သို့ ဖြူဆွတ်နေသော ပန်းပွင့်ကြီးတစ်ပွင့်ကို ရှာဖွေတွေ့ရှိခဲ့သည်။
"ဒါ ရိုးကူပန်းပဲ ဖြစ်ရမယ်။"
လောလောဆယ်တွင် သူအသုံးပြုရန် မလိုသေးသော်လည်း ရိုးကူပန်းသည် ဝိညာဉ်ကျောက်တုံး သောင်းချီတန်ဖိုးရှိကြောင်း ကြားဖူးသဖြင့် ၎င်းကို ပြန်လည်ရောင်းချရုံမျှဖြင့်ပင် အမြတ်အစွန်းအမြောက်အမြား ရရှိနိုင်မည်ဖြစ်သည်။
သူသည် မထွက်ခွာမီ သူ၏အခြေအနေကို အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိစေရန် ထိုနေရာတွင်ပင် ခေတ္တနားနေလိုက်သည်။
ရှောင်ရီမှာ မန်ရှင်းအဆင့် ၁တွင်သာ ရှိနေသေးသော်လည်း မည်သည့်အကြောင်းကြောင့်မသိ အလွန်ပင် အစွမ်းထက်လှသည်။
ထိုကျိုးကျုံး မှာမူ မန်ရှင်းအဆင့် ၂ ဖြစ်ပြီး အခြားကျိုးမိသားစုဝင် နှစ်ဦးမှာ မန်ရှင်းအဆင့် ၃တွင် ရှိနေကြသည်။
ထျန်ရှင်းတောင်အတွင်းရှိ လူအများစုမှာ မန်ရှင်းအဆင့် ၃ တွင်သာ ရှိကြသဖြင့် ကျင့်ကြံခြင်းအဆင့်အရ ဝေ့ဝူတွင် မည်သည့်အသာစီးရမှုမျှ မရှိချေ။
သူသည် ဝိညာဉ်သွေးကြောကို ဆက်လက်ရှာဖွေနေစဉ် မကြာမီမှာပင် အဝေးရှိ ပြန့်ပြူးသော ကျောက်ဆောင်စွန်းတစ်ခုပေါ်တွင် ယွီချန့်ယန် နှင့် အခြားသူများ ရပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
လက်ရှိတွင် သူ၏နာမည်ဂုဏ်သတင်းမှာ ဆိုးဝါးနေမှန်း သိထားသဖြင့် သူသည် အခြားလမ်းကြောင်းတစ်ခုသို့ လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ထိုစဉ်မှာပင် စကားသံတစ်ခုကို ကြားလိုက်ရသည်။
"ချောင်ချောင်..."
ယွီချန့်ယန်သည် သူမ၏လှပသော မျက်ဝန်းများဖြင့် လှမ်းကြည့်လာခဲ့သည်။ ထိုအကြည့်များတွင် အေးစက်မှုများ ပြည့်နှက်နေသော်လည်း လူ၏ဝိဉာဉ်ကို လှုပ်ခတ်စေနိုင်သည့်အလား ထင်ရသည်။
ဝေ့ဝူ သေချာကြည့်လိုက်ရာ ဤအုပ်စုတွင် လူလေးဦး ရှိနေသည်ကို မြင်လိုက်ရသည်။ညလူငယ်နှစ်ဦးနှင့် လူလတ်ပိုင်းနှစ်ဦး ဖြစ်သည်။
ထိုလူငယ်က ပြောသည်။
"မင်းကိုး။ ဟမ့်... မင်းက တကယ်ကို သတ္တိရှိတာပဲ။ ဒီကို ဝင်လာတာနဲ့ လူသတ်ပြီး ရတနာလုတော့တာပဲ။ ဒီမှာပဲ နေရစ်ခဲ့တော့။"
ပြောပြောဆိုဆိုဖြင့် သူသည် ပျံသန်းကာ ဝေ့ဝူဆီသို့ရောက်ရှိလာခဲ့သည်။
ဝေ့ဝူ ဝေခွဲမရဖြစ်သွားခဲ့သည်။
လူသတ်ပြီး ရတနာလုတယ် ဟုတ်လား။ ရတနာလုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးမဟုတ်လား။
ထိုလူ အနားသို့ ရောက်ရှိလာသောအခါ ဝေ့ဝူသည် သူ၏အသားအရေမှာ အနည်းငယ်ညိုမှောင်နေပြီး မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ဦးနှင့် မတူညီကြောင်း သတိပြုမိလိုက်သည်။
"မင်းက ဘယ်သူလဲ။"
ဝေ့ဝူက မေးလိုက်သည်။
"လွတ်လပ်သော ကျင့်ကြံသူ ဟော်ယုံပဲ။"
ဟော်ယုံက မောက်မာသော အမူအရာဖြင့် ခေါင်းမော့ကာ ပြောလိုက်သည်။
ဤအရာက ဝေ့ဝူကို အံ့အားသင့်စေခဲ့သည်။ လွတ်လပ်သော ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤမျှနုပျိုသော အသက်အရွယ်တွင် မန်ရှင်းအဆင့်သို့ ရောက်ရှိရန် ခဲယဉ်းလှပြီး သူသည် မန်ရှင်းအဆင့် ၂ တွင် ရှိနေသည့်ပုံပင်။
"ငါ လူသတ်ပြီး ရတနာလုတယ်လို့ မင်းပြောတာ ဘာအဓိပ္ပာယ်လဲ။"
"တောက် မင်း ယုတ်မာတာတွေ လုပ်ထားပြီး အခုထိ ဝန်မခံသေးဘူးပေါ့ ဟူမိသားစုက ဦးလေးနဲ့ တူဝရီးကို မင်းသတ်ခဲ့တာ မဟုတ်ဘူးလား။ မင်း သူတို့ရဲ့ ရိုးကူပန်းကိုတောင် လုယူသွားသေးတယ်။ အဲဒီပစ္စည်းတွေကို မြန်မြန် လွှဲပေးစမ်း။"
ဝေ့ဝူ နားလည်သွားခဲ့ချေပြီ; ကျိုးကျုံးနှင့် ရှောင်ရီတို့က ဤလူသတ်မှုကို သူ့အပေါ် ပုံချလိုက်ခြင်း ဖြစ်ရမည်။
"မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။"
ဝေ့ဝူက မလှုပ်မယှက် ရပ်နေလိုက်သည်။
ထိုအချိန်တွင် ယွီချန့်ယန်နှင့် အခြားနှစ်ဦးတို့သည်လည်း ပျံသန်းရောက်ရှိလာကြသည်။
ဝေ့ဝူသည် သတိကြီးစွာဖြင့် နောက်သို့ဆုတ်ကာ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားလိုက်သည်။
"ရှင်က လူသတ်ပြီး ပစ္စည်းလုထားတာတောင် တရားမျှတသလိုမျိုး ဟန်ဆောင်နေသေးတယ်။ ရှင်က တကယ်ကို ဆိုးသွမ်းတဲ့ လူမိုက်ပဲ။"
ယွီချန့်ယန်က ပြုံးလိုက်ပြီး သူမ၏နူးညံ့ကာ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော လက်ကို မြှောက်လိုက်သည်။ သုံးလက်မခန့် ရှည်လျားသော သိမ်မွေ့သည့် ဓားမြှောင်ငယ် ကိုးချောင်းရုတ်တရက် ထွက်ပေါ်လာပြီး သူ့ထံသို့ ပျံသန်းလာခဲ့သည်။
ကီလော့ထင်တောင်ကြားတွင် ရှိစဉ်ကတည်းက ဝေ့ဝူသည် ဤမယုံနိုင်စရာကောင်းလောက်အောင် လှပသော အမျိုးသမီးသည် နောက်ကွယ်မှ ချောင်းမြောင်းတိုက်ခိုက်ရသည်ကို နှစ်သက်မှန်း သိထားသဖြင့် သူမ လှုပ်ရှားလိုက်သည်နှင့် ဝေ့ဝူသည် ဓားမြှောင်အားလုံးကို ပိတ်ဆို့ရန်အတွက် ဖဲချပ်အများအပြားကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။
ဤသို့ အပြန်အလှန် လှုပ်ရှားပြီးနောက် ဝေ့ဝူသည် သူတို့၏ စွမ်းအားကို သိရှိသွားခဲ့သည်။ နှစ်ဦးစလုံးမှာမန်ရှင်းအဆင့် ၂ တွင် ရှိနေကြသည်။
အကယ်၍ အမှန်တကယ် တိုက်ခိုက်ရမည်ဆိုပါက မည်သူမျှ သူ၏ပြိုင်ဘက် မဟုတ်ကြချေ။ တစ်ဦးတည်းဖြင့် နှစ်ဦးကို ရင်ဆိုင်ရန်မှာလည်း မဖြစ်နိုင်သည်မဟုတ်ပေ။
ပြဿနာမှာ တစ်ဖက်တွင် လူလေးဦး ရှိနေခြင်းဖြစ်သည်။ သူသည် မည်သည့်အတွက်ကြောင့် ဤမျှ အဓိပ္ပာယ်မဲ့သော ကိစ္စအတွက် အသက်နှင့်ရင်းပြီး တိုက်ခိုက်ရမည်နည်း။
အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်းကို အသုံးပြု၍ ထွက်ပြေးလိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ ထို့အပြင် သူ လုယူခဲ့သော သိုလှောင်အိတ်မှ ဝိညာဉ်ကျောက်တုံး သုံးထောင်ကိုလည်း အလကားရရှိထားပြီး ဖြစ်သည်။
ဤသို့ တွေးလိုက်ပြီးနောက် ဝေ့ဝူသည် အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်းကို ထုတ်ဖော်လိုက်ရာ ဝူး ဟူသော အသံနှင့်အတူ ပျောက်ကွယ်သွားခဲ့တော့သည်။
ယွီချန့်ယန်နှင့် ဟော်ယုံတို့ နှစ်ဦးစလုံးမှာ လန့်ဖျပ်သွားကြပြီး မျက်မှောင်ကြုတ်လိုက်မိကြသည်။
ပေတစ်ထောင်မြင့်သော ကျောက်ဆောင်တစ်ခုပေါ်ရှိ ကျဉ်းမြောင်းသော ကျောက်စွန်းတစ်ခုထံသို့ ဝေ့ဝူ ဆင်းသက်လိုက်ပြီး သူ၏လက်ရှိ အခြေအနေကို စဉ်းစားရန် ထိုင်လိုက်သည်။
"အဲဒီလူနှစ်ယောက်က ငါ ဟူမိသားစုဝင် နှစ်ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ ကောလာဟလကို ထျန်ရှင်းတောင် တစ်ခုလုံး ပျံ့နှံ့အောင် လုပ်လိုက်ကြတာ မဟုတ်လောက်ပါဘူးနော်။"
သို့ဆိုလျှင် အလွန်ပင် ဒုက္ခများပေလိမ့်မည်။
သူ့တွင် ဆုငွေထုတ်ခံထားရသည့် နာမည် ရှိနှင့်ပြီးဖြစ်ရာ လူတိုင်းက ဆုငွေရရှိရန် သူ့ကို ဖမ်းဆီးလိုနေကြသည်။
ဤရှုပ်ထွေးမှုများပါ ထပ်မံပေါင်းစပ်လိုက်လျှင် ထိုလူများသည် သူ့ကို အစိမ်းလိုက် ဝါးမြိုပစ်ချင်ကြပေလိမ့်မည်။
"ဒါပေမဲ့ ငါ ဝိဉာဥ်သွေးကြော ကို ရှာဖွေဖို့ လိုအပ်သေးတယ်; စကားပုံရှိသလိုပဲ ဘေးအန္တရာယ်တွေကြားထဲမှာပဲ စည်းစိမ်ဥစ္စာကို ရှာဖွေရမှာပဲ။"
"ငါ တခြားကိစ္စတွေမှာ မပါဝင်မိအောင်ပဲ အတတ်နိုင်ဆုံး ကြိုးစားရမယ်။"
"ငါ့ဆီမှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ကန်စွန်းဥတွေက အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်းကို နောက်ထပ် အကြိမ်အနည်းငယ် အသုံးပြုဖို့အတွက် ထောက်ပံ့ပေးနိုင်သေးတယ်။"
ဝေ့ဝူ သက်ပြင်းချလိုက်သည်။ ဘဝကိုတော့ ဆက်လက်လျှောက်လှမ်းရပေဦးမည်။
ထျန်ရှင်းတောင်သည် အလွန်ပင် ကျယ်ပြောလှသည်။
ဝေ့ဝူသည် အတွင်းဘက်တွင် သတိကြီးစွာဖြင့် လှည့်လည်သွားလာနေခဲ့သည်။ သူသည် ကျင့်ကြံသူ များကို သတိထားရရုံသာမက မိစ္ဆာဝိဉာဥ် များကိုလည်း အထူးဂရုပြုရသည်။
သူသည် ဝိညာဉ်သွေးကြောကို ရှာဖွေရန်အတွက် စွမ်းအင်များ စုဆုံရာ နေရာများဆီသို့ ဦးတည်သွားခဲ့သည်။
သို့သော် ထိုကဲ့သို့သော နေရာများသည် ထိုဒေသကို လာရောက်ရှာဖွေကြသည့် အခြားကျင့်ကြံသူများ၏ အဓိက အာရုံစိုက်ရာ နေရာများ ဖြစ်လေ့ရှိသည်။
ထို့ကြောင့် နာရီအနည်းငယ် ကြာပြီးနောက်တွင် သူသည် အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်းကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံအသုံးပြုခဲ့ရသည်။
ဤအရာက သူ့ကို အဆက်မပြတ် ကျိန်ဆဲမိစေခဲ့သည်။
သူသည် လူတိုင်းနီးပါးက သူချောင်ချောင်၏ ဆိုးသွမ်းသော လုပ်ရပ်များကို သိရှိနေကြကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့သည်။
အချို့က သူသည် လွတ်လပ်သော အမျိုးသမီးကျင့်ကြံသူတစ်ဦးကို စော်ကားကာ သတ်ဖြတ်ခဲ့သည်ဟု ပြောကြသည်။
အခြားသူများကမူ သူသည် ရတနာများကို လုယူနိုင်ရန်အတွက် ကျားကို တောင်ပေါ်မှ မျှားထုတ်သည့်အနေဖြင့် မိစ္ဆာဝိဉာဥ်များကို ဆွဲဆောင်ရန် ရှမုဂိုဏ်းမှ လူတစ်ဦးကို လှည့်စားခဲ့သည်ဟု ပြောကြသည်။
အချို့ကမူ သူသည် ရှာဖွေသူများ၏ ဆုတ်ခွာမည့် လမ်းကြောင်းများပေါ်တွင် ပေါက်ကွဲစေတတ်သော အင်းစာရွက်များကို မြှုပ်နှံထားခဲ့သည်ဟုပင် ပြောကြသေးသည်။
အချို့လူများမှာ ရတနာရှာဖွေခြင်းကို ရပ်တန့်လိုက်ပြီး ကောင်းကင်ဘုံကိုယ်စား တရားစီရင်ရန် ချောင်ချောင်ကို ဖမ်းဆီးမည်ဟု သစ္စာဆိုထားကြကြောင်း သူကြားသိခဲ့ရသည်။
ဝေ့ဝူသည် ကျောက်ဂူတစ်ခုအတွင်း ပုန်းကွယ်လျက် သူ၏မေးခွန်းကို လက်ဖြင့်ထောက်ကာ ထုံထိုင်းသော အမူအရာဖြင့် ရှိနေခဲ့သည်။
လူအတော်များများက သူတို့လုပ်ခဲ့သော မကောင်းမှုများအတွက် သူ့ကို အပြစ်ပုံချနေကြသည့်ပုံပင်။
အကယ်၍ သူ ထွက်လာသည်နှင့် လူတိုင်း၏ အော်ဟစ်တိုက်ခိုက်ခြင်းကို ခံရမည်ဆိုပါက သူ မည်သို့ လှုပ်ရှားနိုင်ပါတော့မည်နည်း။
သူသည် လီယိုကို စစ်ဆေးကြည့်ရာ လီယို၏ စွမ်းအားမှာလည်း မန်ရှင်းအဆင့် ၃ သို့ ဖိနှိပ်ခြင်း ခံထားရသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ၏ ကာကွယ်ရေးစွမ်းရည်များမှာ ကျန်ရှိနေသေးသဖြင့် မန်ရှင်းအဆင့် ၆ ၏ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိရာ ဤနေရာတွင် သူသည် အနိုင်မခံအရှုံးမပေးနိုင်သော အခြေအနေနှင့် တူညီနေသဖြင့် ကြီးမားသော အကူအညီတစ်ခုဟု ယူဆနိုင်ပေသည်။
ခေတ္တမျှ နားနားနေနေ နေပြီးနောက် သူ အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏လက်ကိုင်ဖုန်းထံသို့ သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။
"ဝူးအာ မင်း ဘယ်တော့ ပြန်လာနိုင်မလဲ။"
ဝေ့ဝူ၏ ရင်ထဲ ထိတ်ခဲသွားခဲ့သည်။ သူတို့က သူ့ကို ပြန်လာရန် ဤမျှ လောဆော်နေကြသည်ဆိုလျှင် အိမ်တွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ရမည်။
သူက ဘာဖြစ်လို့လဲဟု ချက်ချင်း မေးလိုက်သည်။
ဝေ့ကျင်းပေါ်က လေးနက်သော အသံဖြင့် ပြောသည်။
"မင်းရဲ့ ဒုတိယအဘိုး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ။"
"အသက်အန္တရာယ် ရှိလား။"
"အရမ်း အန္တရာယ်များတယ်။"
ဝေ့ကျင်းပေါ်က ပြောသည်။
"ဒီတစ်ကြိမ် လွတ်လပ်တဲ့ ကျင့်ကြံသူတွေရဲ့ ကျူးကျော်မှုက စနစ်တကျနဲ့ ကြိုတင်ကြံစည်ထားတာ ဖြစ်နိုင်တယ်။ ပိုင်ရှန်းတောင်ကြားကနေ ငါတို့ သိရတာက ပိုင်မိသားစုက ဒီရက်ပိုင်းအတွင်းမှာ အဖွဲ့အစည်းတွေနဲ့ မိသားစုအချို့ တိုက်ခိုက်ခံရနိုင်တယ်လို့ လူလွှတ်ပြီး သတင်းဖြန့်နေခဲ့တာ။"
"မနေ့ညကစပြီး ကူယွန်းတောင်တန်းတစ်ခွင်က အရင်းအမြစ် လုပ်ငန်းတွေမှာ လူတွေ ကျူးကျော်ဝင်ရောက်လာတာ အမှန်ပဲ၊း မန်ရှင်းအဆင့် ကျင့်ကြံသူတွေတောင် ပါဝင်နေကြတယ်။"
"ဒီညတစ်လုံးမှာ ငါတို့ အပြေးအလွှား သွားရောက်ပြီး လွတ်လပ်တဲ့ ကျင့်ကြံသူ အများစုကို မောင်းထုတ်ခဲ့ပေမဲ့ မင်းရဲ့ ဒုတိယအဘိုးကတော့ မန်ရှင်းအဆင့် ၂ တစ်ယောက်နဲ့ အဆင့် ၁ ကျင့်ကြံသူ နှစ်ယောက်ရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ ရှောင်ချီက အချိန်မီ ရောက်လာခဲ့လို့ အဲဒီနေရာတင် အသက်မဆုံးရှုံးခဲ့တာ။"
"ဘိုးဘေးက ပြောတာကတော့ အခုလောလောဆယ် ငြိမ်သက်နေပေမဲ့ နောက်ပိုင်းမှာ နောက်ထပ် တိုက်ခိုက်မှုလှိုင်းတစ်ခု ရှိလာမှာကို စိုးရိမ်နေရတယ်။ ဒါနဲ့ မင်း အခု ပြန်လာလို့ရမလား။"
ဝေ့ဝူက တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
"အဖေ ကျွန်တော်အထဲ ဝင်လာပြီးတဲ့နောက် ထျန်ရှင်းတောင်ရဲ့ ထွက်ပေါက်က ပိတ်သွားခဲ့ပြီ။ ထွက်ခွာနိုင်ဖို့ လေးရက် လိုပါသေးတယ်။"
မနေ့က သူ ဝင်လာကတည်းက အခုအထိ ဆိုလျှင် နာရီပေါင်း ဆယ်ဂဏန်းကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ သေချာတွက်ချက်ကြည့်လျှင် ထွက်ခွာမည့်အချိန်အထိ လေးရက်ပင် မပြည့်တော့ချေ။
"အဖေ အခြေအနေက အဲဒီလိုဆိုရင် မိသားစုဝင်တွေကို ဌာနချုပ်ကို မြန်မြန် ပြန်လာခိုင်းပြီး စစ်တုရင်ယန္တရားကို အသုံးပြုပြီး ကာကွယ်ထားလိုက်ပါ။"
"ငါလည်း မူလက အဲဒီလို လုပ်ဖို့ ရည်ရွယ်ထားတာဒါပေမဲ့ စောင့်ကြည့်ကြဦးမယ်။ ငါတို့ ဆုတ်ခွာလိုက်တာနဲ့ ငါတို့ ခက်ခက်ခဲခဲ စီမံထားရတဲ့ လုပ်ငန်းတွေက လုယက်ခံရလိမ့်မယ်။ လောလောဆယ်တော့ အရေးမကြီးတဲ့ အရင်းအမြစ်တွေကို စွန့်လွှတ်ပြီး အရေးကြီးတာတွေကို ထိန်းသိမ်းထားချင်တယ်။ ဒါမှ ငါတို့ သူတို့ကို ကယ်တင်နိုင်လိမ့်မယ်။"
"ရှောင်ချီက လျင်မြန်တယ်။ ငါတို့ ဒီလောက်အထိ လူမခွဲထားဘူးဆိုရင် သူ့ရဲ့ စွမ်းအားနဲ့ ရန်သူတွေကို မြန်မြန် သတ်ဖြတ်နိုင်ပြီး နေရာအတော်များများကို သွားရောက် ကူညီနိုင်လိမ့်မယ်။ အကယ်၍ ငါတို့ သူတို့ကို တားဆီးလို့ မရသေးဘူးဆိုရင်တော့ ငါတို့အားလုံး ချန်ချွမ်တောင်သုံးလုံးဆီ ဆုတ်ခွာကြမယ်။ ပြီးတော့ တခြားအင်အားစုတွေက လူတွေကိုလည်း အတတ်နိုင်ဆုံး ခိုလှုံခွင့်ပေးဖို့ ကြိုးစားသွားမယ်။"
"ငါတို့ ဝေ့မိသားစုမှာ ပြန်လည်တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိနေသေးတယ်လို့ ငါယုံကြည်တယ်။"
မိသားစုအကြီးအကဲတစ်ဦးအနေဖြင့် ဝေ့ကျင်းပေါ်သည် အလွန်ပင် သေချာစွာ စဉ်းစားထားခဲ့ချေပြီ။
"အဖေ အစောပိုင်းက ပိုင်မိသားစုက လူလွှတ်ပြီး အကြောင်းကြားတယ်လို့ ပြောခဲ့တယ်နော်။"
"ကျွန်တော်က သတင်းကို တစ်ဆင့်စကားနဲ့ ကြားခဲ့တာ။ ပိုင်မိသားစု ပြောကြားချက်အရ အဲဒီလွတ်လပ်တဲ့ ကျင့်ကြံသူတွေကို စုစည်းပေးနေတာ ဒါမှမဟုတ် သူတို့နဲ့ ပူးပေါင်းနေတာက သွေးမြစ်ဂိုဏ်နဲ့ ကျိုးမိသားစုပဲတဲ့။"