အခန်း ၆၈
Vol. 7 Ch. 68
အခန်း ၆၈ - ငါတို့ဝေ့မိသားစုကို ကာကွယ်စို့။
ထူလီသည် အုပ်စု၏ ရှေ့ဆုံးမှ ပျံသန်းလာစဉ် သူ၏မျက်နှာတွင် မကျေမနပ်ဖြစ်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။
သူ့ဘေးတွင် လူသုံးဦး ရှိနေသည်။ ၎င်းတို့မှာ ချီစုဆောင်းခြင်း အဆင့် ၈ တစ်ဦးနှင့် အဆင့် ၇ နှစ်ဦး ဖြစ်ကြပြီး သူ၏ ထူမိသားစု မှ လူများ ဖြစ်ကြသည်။
သူတို့၏ နောက်ကွယ် မလှမ်းမကမ်းတွင်မူ အခြားလူခြောက်ဦး လိုက်ပါလာကြပြီး ၎င်းတို့အားလုံးမှာ လွတ်လပ်သော ကျင့်ကြံသူ များ ဖြစ်ကြသည်။
ဤတစ်ကြိမ် လှုပ်ရှားမှုတစ်ခုလုံးကို သွေးမြစ်ဂိုဏ်းနှင့် ကျိုးမိသားစုတို့၏ ဆော်သြမှုအောက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သူတို့ဘက်တွင် အဓိကအားဖြင့် အုပ်စုသုံးစု ပါဝင်သည်။ ထူမိသားစု၊ တန်ခိုးကြီးဓားဂိုဏ်း နှင့် လွတ်လပ်သော ကျင့်ကြံသူများ အုပ်စုတို့ ဖြစ်ကြသည်။
ထူမိသားစုနှင့် တန်ခိုးကြီးဓားဂိုဏ်းတို့မှာ အလှမ်းဝေးလှသော အရှေ့ဘက်ဒေသမှ အင်အားစုများ ဖြစ်ကြသည်။ သူတို့သည် စောစောစီးစီး ထွက်ပြေးခဲ့ကြသဖြင့် သူတို့၏ အင်အားအမြောက်အမြားကို ထိန်းသိမ်းထားနိုင်ခဲ့ကြပြီး သူတို့၏ လက်အောက်ငယ်သားများမှာလည်း အမိန့်ကို သေချာစွာ နာခံကြသည်။
သို့သော်လည်း လွတ်လပ်သော ကျင့်ကြံသူအချို့မှာမူ ကူယွန်းတောင်တန်း၏ အချို့သောနေရာများတွင် စောင့်ရှောက်မည့်သူ မရှိတော့ကြောင်း ကြားသိခဲ့ကြသဖြင့် ယနေ့ည၏ လှုပ်ရှားမှုကို ကျော်လွန်ကာ အကြွင်းအကျန် ပစ္စည်းများကို သွားရောက်လုယက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤအရာက ထူလီကို အလွန်ပင် အထင်သေးမိစေခဲ့သည်။
"ထူတုံ အဲဒီ မန်ရှင်းအဆင့် ၆ သားရဲက ရွှမ်းဖုန်းဂိုဏ်းဆီကိုသွားတာ သေချာရဲ့လား။"
ထူလီက မေးလိုက်သည်။
ထူလီဘေးရှိ လူလတ်ပိုင်းအမျိုးသားက ပြန်လည်ဖြေကြားခဲ့သည်။
"ဟုတ်ကဲ့ အဲဒီကို ရောက်နေပါပြီ။"
"ဒီလို သေးငယ်တဲ့ ဝေ့မိသားစုအတွက် ဘာလို့ မန်ရှင်းအဆင့် ၆သားရဲတစ်ကောင်က အလုပ်အကျွေးပြုနေရတာလဲ ပြီးတော့ အဲဒါက ဒီကို ဘာလို့ ရောက်နေရတာလဲ တကယ်ကို ထူးဆန်းတယ်။"
ထူလီက သူ၏ အသံနေအသံထား အလွန်ဆိုးဝါးစွာဖြင့် ပြောလိုက်သည်။
"ကံကောင်းလို့ ကျိုးမိသားစုက မန်ရှင်းအဆင့် ၆ ရှိတဲ့လူတစ်ယောက်ကို လွှတ်ပေးလိုက်လို့ပဲ မဟုတ်ရင် ငါတို့ ဘယ်လို တိုက်ခိုက်နိုင်ပါ့မလဲ။"
သူတို့သည် ရှောင်ချီကို မျှားခေါ်နိုင်ရန်အတွက် ရွှမ်းဖုန်းဂိုဏ်း၏ နယ်မြေအတွင်း၌ တမင်တကာ စတင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ထူတုံက ပြောသည်။
"တကယ်ကို ထူးဆန်းပါတယ်။ ကျိုးမိသားစုက ငါတို့ကို ကူညီဖို့ လူလွှတ်ပေးဖို့ ဘာလို့ ဆန္ဒရှိနေရတာလဲ။ မန်ရှင်းအဆင့် ၆ ဆိုတာ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးအင်အားစုလို့ ယူဆနိုင်တယ်။၊ သူတို့က တခြားစစ်မြေပြင်တွေမှာပဲ ရှိနေသင့်တာ။"
သဘာဝကျစွာပင် သူတို့သည် ကျိုးမိသားစုက သွေးမြစ်ဂိုဏ်း၏ ဂရုစိုက်မှုကြောင့်သာ ဤသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မသိရှိကြချေ။
လက်ရှိ ကူယွန်းတောင်တန်း၏ အခြေအနေမှာ ပြောပလောက်အောင် မရှိသော်လည်း သွေးမြစ်ဂိုဏ်းသည် ဤနေရာတွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရဖူးသဖြင့် ဤဒေသကို အထူးအာရုံစိုက်ထားခဲ့ခြင်း ဖြစ်သည်။
ထူလီ မော့ကြည့်လိုက်ရာ ရှေ့ရှိ တောင်ထိပ်ပေါ်တွင် ထွားကျိုင်းသော အမျိုးသားတစ်ဦး ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ဒီလူပဲပေါ့။"
အကြိမ်အနည်းငယ်မျှ ထိတွေ့တိုက်ခိုက်ပြီးနောက် သူတို့သည် ဝေ့မိသားစုအကြောင်းကို အနည်းငယ် နားလည်လာခဲ့ကြသည်။
ဤအရပ်ရှည်သော အမျိုးသား၏အမည်မှာ ဝေ့ကျွင်းချန် ဖြစ်သည်။
သူသည် ငယ်ရွယ်သေးသော်လည်း မန်ရှင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နှင့်နေပြီဖြစ်သည်။ ဤမျှ သေးငယ်သော ဝေ့မိသားစုက သူ့ကို မည်သို့ မွေးမြူခဲ့သည်ကို တကယ်ပင် တွေးတောရခက်လှသည်။
"ဒီနေရာကနေ အမြန်ထွက်သွားစမ်း။"
ဝေ့ကျွင်းချန်သည် ဒေါသတကြီး ဖြစ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
ထူလီ လန့်ဖျပ်သွားခဲ့ပြီး သူ၏မျက်လုံးငယ်များထဲမှ ဒေါသအငွေ့အသက်များ စိမ့်ထွက်လာခဲ့သည်။
"မင်းတို့ ဝေ့မိသားစုက သေခါနီးဖြစ်နေတာတောင် အခုထိ မောက်မာနေသေးတယ်ပေါ့။ ငါ့ကို ကြောက်လန့်ပြီး အညံ့ခံသွားလိမ့်မယ်လို့ မင်းထင်နေတာလား။"
"တိုက်ခိုက်ကြစမ်း။"
ထူလီကအော်ဟစ်လိုက်ပြီး သူ၏လက်ဝါးကို ရှေ့သို့ ဖြန့်လိုက်သည်။ သူ၏လက်ဝါးမှာ ကတ္တရာစေးကဲ့သို့ နက်မှောင်နေပြီး အလယ်ဗဟိုတွင် ဟာလာဟင်းလင်း ဖြစ်နေသော တွင်းနက်ကြီးတစ်ခု ရှိနေသည့်ပုံပင်။
အသံနှင့်အတူ နက်မှောင်သော ချည်မျှင်အနည်းငယ် ထွက်ပေါ်လာပြီး ဝေ့ကျွင်းချန်ထံသို့ ပျံသန်းသွားခဲ့သည်။
ဝေ့ကျွင်းချန်သည် သူ၏လက်ယာဘက်လက်ကို အပေါ်သို့ ဝှေ့ယမ်းလိုက်ရာ ကြက်ခြေခတ်ပုံသဏ္ဌာန် ဓားမြှောင်တစ်စောင်း ထွက်ပေါ်လာပြီး လျင်မြန်စွာ လည်ပတ်သွားခဲ့သည်။
လည်ပတ်နေသော ကြက်ခြေခတ်ဓားမြှောင်သည် ပြင်းထန်လှသော ဝိညာဉ်စွမ်းအင်ဝဲကရက်တစ်ခုကို ထွက်ပေါ်စေခဲ့ပြီး နက်မှောင်သော ချည်မျှင်များကို ပိတ်ဆို့လိုက်သည်။
နှစ်ဖက်စလုံးမှ မန်ရှင်းအဆင့် တိုက်ခိုက်သူများမှာ တိုက်ခိုက်နေကြပြီဖြစ်ရာ ကျန်ရှိနေသော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသည်လည်း တုံ့ဆိုင်းမနေကြတော့ချေ။
ပထမဆုံး စတင်လှုပ်ရှားသူများမှာ အမှန်တကယ်တွင်မူ ထူမိသားစုဝင် လေးဦး၏ နောက်ကွယ်မှ လွတ်လပ်သော ကျင့်ကြံသူများ ဖြစ်ကြသည်။
ဤလွတ်လပ်သော ကျင့်ကြံသူများသည် စနစ်တကျမရှိဘဲ စည်းကမ်းမဲ့လှသော်လည်း တိုက်ခိုက်သည့်အခါတွင်မူ တကယ်ကို ရက်စက်ကြသည်။
သူတို့ထဲတွင် ချီစုဆောင်းခြင်း အဆင့် ၉ နှစ်ဦး အဆင့်၈ တစ်ဦးနှင့် အဆင့် ၆ သုံးဦး ပါဝင်သည်။
ဝေ့မိသားစုဘက်တွင်မူ ဆဋ္ဌမအကြီးအကဲ ဝေ့ယီ နှင့် ဝေ့ယွမ် တို့ဖြစ်ကြပြီး အဆင့် ၈ တစ်ဦးနှင့် အဆင့် ၉ တစ်ဦးတို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ကြသည်။
ကျန်ရှိသော မိသားစုဝင်များကလည်း သူတို့နောက်သို့ လိုက်ပါသွားခဲ့ကြသည်။
သူတို့၏ အင်အားမှာ ပြိုင်ဘက်ထက် နိမ့်ကျနေသဖြင့် အခြားသော နယ်ပယ်များတွင်သာ အသာစီးရရန် ကြိုးစားနိုင်တော့သည်။
ဥပမာအားဖြင့်—မှော်ရတနာ၊ ဆေးလုံး၊ အင်းစာရွက်၊ ကျင့်စဉ်နှင့် မန္တန်များ ဖြစ်ကြသည်။
ကျင့်ကြံသူများကြား တိုက်ပွဲတွင် ဤအရာများသည် အောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှုကို ဆုံးဖြတ်ပေးသည့် အရေးကြီးသော အကြောင်းရင်းများ ဖြစ်လေ့ရှိသည်။
ဝေ့မိသားစုသည် ယခင်က မိသားစုသုံးစုကို သိမ်းပိုက်ခဲ့ဖူးသဖြင့် ဆေးလုံးများ၊ အင်းစာရွက်များ၊ လက်နက်များနှင့် ကျင့်စဉ်များတွင် အလွန်ပင် ချမ်းသာကြွယ်ဝနေခဲ့သည်။
တာအိုကျမ်း ကို ကျင့်ကြံသူ အနည်းငယ်မျှသာ ရှိသော်လည်း ဝေ့ဝူသည် မိသားစုဝင်များ လေ့လာနိုင်ရန်အတွက် မဟာစစ်ဗျူဟာ၃၆ ပါးထဲမှ အစိတ်ကျော်ခန့်ကို ထုတ်ပေးထားခဲ့ပြီး ဖြစ်သည်။
ရွှမ်းဖုန်းဂိုဏ်း၏ မိသားစုသုံးစုမှ မူလကျင့်စဉ်များနှင့် မန္တန်များအားလုံးကို သူတို့ လုယူထားခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ဝေ့မိသားစုမှ မည်သည့်အဖွဲ့ဝင်မဆို အနည်းဆုံး အဝါရောင်အဆင့် အလယ်အလတ် ကျင့်စဉ်များနှင့် မန္တန်များကို တပ်ဆင်ထားကြရသည်။
ထို့အပြင် ဝေ့ဝူသည် တွဲဖက်ထားသော ခေါက်ဆွဲအစပ် များနှင့် နို့ခဲများအားလုံးကို ဝေ့ကျင်းပေါ်ထံသို့ ပေးအပ်ထားခဲ့ပြီး ဖြစ်သည်။ လအနည်းငယ်ခန့် သုံးစွဲပြီးနောက်တွင် သုံးစုံ ကျန်ရှိနေသေးရာ ၎င်းမှာ မန်ရှင်းအဆင့် ၂ တိုက်ခိုက်ရေးသမား သုံးဦးကို ထပ်မံဖန်တီးပေးနိုင်သေးသည်။
သို့သော်လည်း ဝေ့ကျွင်းချန်တွင်မူ မည်သည့်အရာမျှ မရှိချေ။ သူသည် ၎င်းတို့ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး ၎င်းတို့ကို အခြားသူများအား ပေးအပ်ခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ထိုသူများသည် မူလက သူတို့၏ အရင်းအမြစ်များကို စွန့်လွှတ်ကာ ထွက်ပြေးခဲ့ကြရသူများ ဖြစ်သည်။
အနောက်ဘက်မှ လာရာလမ်းခရီးတစ်လျှောက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး သူတို့၏ သိုလှောင်အိတ် ထဲရှိ ရတနာများကို ပိုမိုကုန်ဆုံးစေခဲ့သဖြင့် သူတို့အားလုံးမှာ ဆင်းရဲမွဲတေနေကြပြီ ဖြစ်သည်။
တစ်ဖက်က ကျဆင်းနေပြီး အခြားတစ်ဖက်က ကြီးထွားနေသဖြင့် တိုက်ပွဲကို အနိုင်မရနိုင်စရာ အကြောင်းမရှိချေ။ ဝေ့မိသားစုသည် ဤအချက်ကို သဘောပေါက်ထားခဲ့ကြသောကြောင့် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
"ဝင်ရောက်လာတဲ့ ရန်သူတွေကို တွန်းလှန်ပြီး ငါတို့ ဝေ့မိသားစုကို ကာကွယ်ကြစို့။"
ဆဋ္ဌမအကြီးအကဲ ဝေ့ယီက အော်ဟစ်လိုက်သည်။
"သတ်ကြစမ်းးးး"
ဝေ့ယွမ်နှင့် ဝေ့မိသားစုဝင် အားလုံးသည် တိုက်ပွဲဝင်လိုစိတ် ပြင်းထန်စွာဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြတော့သည်။