← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉- ရွှမ်းမင်နတ်ဘုရားလက်ဝါး။

လွတ်လပ်သော ကျင့်ကြံသူများအုပ်စု၏ ခေါင်းဆောင်မှာ ထိပ်ပြောင်ပြောင် အဘိုးအိုတစ်ဦး ဖြစ်သည်။ ဆဋ္ဌမအကြီးအကဲ ဝေ့ယီမိမိထံသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသောအခါ သူသည် ပင်လယ်မျှော့နှင့်တူသော အရာတစ်ခုကို ပစ်လွှတ်လိုက်သည်။

"ငါ့ရဲ့ တစ္ဆေဆူးချွန်တွေကို မြည်းစမ်းကြည့်စမ်း။"

တစ္ဆေဆူးချွန်ဟု ခေါ်သော ဤအရာသည် ဖြည်းည်းချင်း ရွေ့လျားနေသည့်ပုံ ပေါက်သော်လည်း ဝေ့ယီအနေဖြင့် ရှောင်တိမ်း၍မရနိုင်ကြောင်း သိလိုက်ရသည်။

တစ္ဆေဆူးချွန်များ နီးကပ်လာသည်နှင့်အမျှ ဤထူးဆန်းသော အရာဝတ္ထုသည် တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခုအဖြစ်ကွဲထွက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ရာနှင့်ချီ၍ များပြားသိပ်သည်းလာကာ တိုက်ခိုက်မှုများကို စတင်လိုက်တော့သည်။

ဝေ့ယီသည် တစ္ဆေဆူးချွန်များ၏ ဝိုင်းရံခြင်းကို ချက်ချင်းခံလိုက်ရသဖြင့် တိုက်ခိုက်မှုကို ခုခံရန်အတွက် အရောင်အသွေးစုံလင်သော အဆင့်မြင့် အင်းစာရွက်ဆယ်ဂဏန်းခန့်ကို ပြတ်ပြတ်သားသား ထုတ်သုံးလိုက်သည်။

ထိပ်ပြောင်အဘိုးအိုသည် မျက်လုံးများ ပြူးကျယ်သွားပြီး ဆဲရေးတိုင်းထွာလိုက်သည်​။

"မင်းက အဆင့် ၁ အဆင့်မြင့် အင်းစာရွက်တွေကို စက္ကူစုတ်တွေလို့ ထင်နေတာလား။"

တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်ခဲ့သဖြင့် ဝေ့ယီသည် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။

သူသည် လွန်ခဲ့သည့် လအနည်းငယ်ခန့်က ဒဏ်ရာများကို ကုသနေခဲ့ရသဖြင့် အခြားသော ကျင့်စဉ်များနှင့် မန္တန်များကို လေ့ကျင့်ရန် အချိန်မရခဲ့ချေ။ ဤအကြောင်းကြောင့်ပင် ဘိုးဘေး ဝေ့ချွမ်ဟဲက သူ့ကို အင်းစာရွက်များနှင့် ရတနာများ အထူးတလည် ပိုမိုပေးအပ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူသည် အပြာရောင် အလံကြီးတစ်ခုကို လက်တွင် ကိုင်ဆောင်ထားသည်။ ၎င်းမှာ မူလက ရွှမ်းဖုန်းဂိုဏ်းမှ တာအိုဆရာ ဟွမ်ယွမ်၏ ရတနာဖြစ်ပြီး ဝေ့ဝူ၏ သတ်ဖြတ်ခြင်းကို ခံရပြီးနောက် ဝေ့မိသားစုလက်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အဆင့် ၂ ဖြစ်သော်လည်း လက်နက်များထဲတွင် အရည်အသွေးမြင့်မားသော ပစ္စည်းတစ်ခုဖြစ်ပြီး စွမ်းအားမှာလည်း ထူးခြားလှသည်။

ထို့တင်မကသေးဘဲ ဝေ့ယီ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကွေးညွတ်နေသော ဓားမြှောင်တစ်ခု ရှိနေပြီး ၎င်းသည် မိမိဘာသာ ဖြည်းညှင်းစွာ လည်ပတ်နေသကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ပတ်ချာလည် ဝန်းရံပေးနေခဲ့သည်။

ဝေ့ယီသည် အလံကြီးကို အားပြင်းပြင်းဖြင့် ဝှေ့ယမ်းလိုက်ရာ အပြာရောင် လေပြင်းမုန်တိုင်းတစ်ခု လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး သူ့ကို ဗဟိုပြု၍ ပြင်ပသို့ ပျံ့နှံ့သွားခဲ့သည်။

"မင်းက ငါ့ရဲ့ တစ္ဆေဆူးချွန်တွေကို ဖျက်ဆီးချင်တာလား။ မဖြစ်နိုင်တာ။"

ထိပ်ပြောင်ပြောင်အဘိုးအိုသည် နက်မှောင်သော ဆူးချွန် ဆယ်ဂဏန်းခန့်ကို ဆွဲထုတ်ကာ သူ၏ဦးခေါင်းထက်သို့ မြှောက်လိုက်ပြီးနောက် သူ၏ဦးခေါင်းအတွင်းသို့ စိုက်သွင်းလိုက်သည်။ သူ မည်သည့်မန္တန်ကို ရွတ်ဆိုနေသည်ဆိုသည်ကိုမူ မသဲကွဲချေ။

တစ္ဆေဆူးချွန်များသည် ဆေးစွဲနေသူတစ်ဦး ဆေးရလိုက်သကဲ့သို့ ရုတ်တရက် စွမ်းအားများ တိုးပွားလာပြီး ၎င်းတို့ပေါ်ရှိ ဆူးချွန်များသည် အပြင်သို့ ထိုးထွက်လာကာ အလျားရိုး ဆယ်ပေခန့်အထိ ရှည်လျားသွားပြီး ဝေ့ယီကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

ဝေ့ယီသည် အလံကြီးကို လက်တစ်ဖက်ဖြင့် အလျင်အမြန် ဝှေ့ယမ်းကာ အခြားလက်တစ်ဖက်ဖြင့် ကွေးညွတ်နေသော ဓားမြှောင်ကို ထိန်းချုပ်ရင်း တစ္ဆေဆူးချွန်များကို ရိုက်ခတ်လိုက်ရာ မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်လာခဲ့သည်။

သူတို့နှစ်ဦးမှာ တစ်ဖန်ပြန်၍ အခြေအနေ တင်းမာသွားခဲ့သည်။

သို့သော် ကွက်တိ ထိုအချိန်မှာပင် သစ်သားဓားတစ်စောင်း အဝေးမှ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

ဤတိုက်ခိုက်မှုမှာ အခြားသော ချီစုဆောင်းခြင်း အဆင့် ၉ ရှိသည့် လွတ်လပ်သော ကျင့်ကြံသူတစ်ဦးထံမှ လာခြင်း ဖြစ်သည်။

ထိုသစ်သားဓားသည် ခြပိုးများ ကိုက်စားထားသော အပေါက်များစွာရှိသည့် ဆွေးမြည့်နေသော သစ်သားတုံးတစ်ခုနှင့် တူသော်လည်း ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။

ပို၍ ထူးဆန်းသည်မှာ...

ထိုသစ်သားဓားသည် တစ္ဆေဆူးချွန်များဖြင့် ဖွဲ့စည်းထားသော ယန္တရားအတွင်းသို့ ဝင်ရောက်လာသောအခါ ၎င်းတို့နှင့် တိုက်မိတော့မည့်ပုံ ပေါ်သော်လည်း တစ္ဆေဆူးချွန်များသည် ရုတ်တရက် မှေးမှိန်သွားကာ ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး သစ်သားဓားနှင့် မတိုက်မိဘဲ ဝေ့ယီထံသို့သာ ပျံသန်းသွားခဲ့သည်။

ဤအရာက တစ္ဆေဆူးချွန်များတွင် ပါရှိသော တစ္ဆေ ဟူသည့် စကားလုံး၏ အဓိပ္ပာယ်ပင် ဖြစ်သည်။

ဝေ့ယီသည် အလွန်အမင်း တင်းမာသွားခဲ့သည်။ သူသည် တစ္ဆေဆူးချွန်များကို ခုခံရန် အလုပ်ရှုပ်နေသဖြင့် အားလပ်သည့် စွမ်းအင်မရှိချေ။ အကယ်၍ ထိုသစ်သားဓားသာ ထိမှန်သွားပါက သူသည် သေဆုံးခြင်း သို့မဟုတ် မသန်မစွမ်းဖြစ်ခြင်းတို့ ကြုံတွေ့ရပေလိမ့်မည်။

သူ၏မျက်လုံးထဲတွင် ရက်စက်သော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး အရာအားလုံးကို လောင်းကြေးထပ်ကာ တစ္ဆေဆူးချွန်ယန္တရားကို အတင်းအဓမ္မ ဖောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

ဤအရေးကြီးသော အချိန်အခါသမယတွင် မိုင်ပေါင်းတစ်ထောင်ခန့်ရှိသော အရာအားလုံးကို ခဲပိတ်သွားစေနိုင်လောက်သည့် ချီစွမ်းအင်တစ်ခု ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် အလျားရိုး ပေတစ်ရာကျော်ခန့်ရှိသော နှင်းကဲ့သို့ ဖြူဖွေးလှသည့် ဧရာမ လက်ဝါးကြီးတစ်ခု ညကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။

အေးစက်မှုတစ်ခု အရင်ဆုံး ရောက်ရှိလာပြီးနောက် တောင်တစ်လုံးကဲ့သို့ လေးလံလှသော လက်ဝါးစွမ်းအားကြီး လိုက်ပါလာခဲ့ချေပြီ။

"ရွှမ်းမင်နတ်ဘုရားလက်ဝါး။"

"ဝူးးး"

ပြင်းထန်ပြီးစူးရှသော အသံတစ်ခု ကောင်းကင်ယံတွင် ပေါက်ကွဲထွက်သွားခဲ့သည်။

ထိုကဲ့သို့ အလွန်နိမ့်ပါးလှသော အပူချိန်အောက်တွင် ရာနှင့်ချီသော တစ္ဆေဆူးချွန်များသည် ချက်ချင်းပင် လှုပ်ရှားမှု ရပ်တန့်သွားခဲ့ပြီးနောက် အားလုံးမှာ ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲကာ လာရာလမ်းကြောင်းအတိုင်း ပြန်လည်ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် တစ်ခုတည်းအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ဤတစ္ဆေဆူးချွန်တစ်ခုတည်းပေါ်တွင် ပါးလွှာသော်လည်း အလွန်အမင်း အေးစက်လှသော နှင်းခဲအလွှာတစ်ခု ဖုံးလွှမ်းသွားခဲ့ပြီး ထိပ်ပြောင်အဘိုးအို၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ထိပ်ပြောင်အဘိုးအိုသည် တစ္ဆေဆူးချွန်ကို ထိမိသည်နှင့်တစ်ပြိုင်နက် မြွေပွေးကိုက်ခံရသကဲ့သို့ နောက်သို့ ဆုတ်လိုက်မိသည်။

ထိတ်လန့်ဖွယ်ကောင်းသော နိမ့်ပါးလှသည့် အပူချိန်ကြောင့် သူ၏လက်မှာ ပွက်ပွက်ဆူနေသော ချော်ရည်များဖြင့် အပူလောင်ခံရသကဲ့သို့ ခံစားလိုက်ရပြီး ကြည့်လိုက်သောအခါ အသားနှင့် အရေပြားများမှာ ပုပ်ပွနေခဲ့ချေပြီ။

ဤတစ္ဆေဆူးချွန်သည် ယခုအခါ အသုံးမဝင်တော့ချေ။

မက်မွန်သစ်သားဓားသည်လည်း အလားတူပင် နှင်းခဲများ ဖုံးလွှမ်းသွားခဲ့ပြီး စွမ်းအားများ ဆုံးရှုံးသွားခဲ့သည်။

အန္တရာယ်မှ လွတ်မြောက်သွားခဲ့သဖြင့် ဝေ့ယီသည် ရွှမ်းမင်နတ်ဘုရားလက်ဝါး ထွက်ပေါ်လာရာ လမ်းကြောင်းသို့ မကြည့်ဘဲမနေနိုင်ဖြစ်ခဲ့ပြီး ဝေ့ကျွင်းချန်ကို ကျေးဇူးတင်စကား ပြောကြားလိုခဲ့သည်။

သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ဝေ့ယီမှာ ဆွံ့အသွားခဲ့ရသည်။

"ဝေ့ယွမ်..."

သူသည် ဝေ့ယွမ်က ရွှမ်းမင်နတ်ဘုရားလက်ဝါးကို နားလည်သဘောပေါက်ထားခဲ့သည်ကို မသိရှိခဲ့သဖြင့် ဝေ့ကျွင်းချန်က သူ့ကို ကူညီခဲ့သည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ဝေ့ယွမ်၏ မျက်နှာမှာ ဖြူလျော်နေခဲ့သည်။ ဤမျှ ကြီးမားသော စွမ်းအားရှိသည့် လက်ဝါးတစ်ခုကို ထုတ်လွှတ်လိုက်ခြင်းသည် သူ၏ ဝိညာဉ်စွမ်းအားနှင့် စိတ်စွမ်းအင် အမြောက်အမြားကို သိသိသာသာ ကုန်ဆုံးစေခဲ့သည်။

မူလက ဝေ့ယွမ်သည် ချီစုဆောင်းခြင်း အဆင့် ၈ ရှိသော ပြိုင်ဘက်နှစ်ဦးနှင့် တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး တစ်ယောက်နှင့် နှစ်ယောက် တိုက်ခိုက်နေရသော်လည်း အမှန်တကယ်တွင်မူ သူက ၎င်းတို့ကို ဖိနှိပ်ထားနိုင်ခဲ့သည်။

ဝေ့ယီ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ကို မြင်လိုက်ရသောအခါတွင်ပင် သူသည် ဤလက်ဝါးကို ထုတ်လွှတ်ရန်အတွက် သူ၏အသက်ကို စွန့်စားနိုင်ခဲ့ပြီး ချီစုဆောင်းခြင်း အဆင့် ၉ ရှိသူ နှစ်ဦး၏ သေစေနိုင်သော တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ခဲ့သည်။

ဤအရာက အနက်ရောင်အဆင့်မြင့် မန္တန်ဖြစ်သော ရွှမ်းမင်နတ်ဘုရားလက်ဝါး၏ စွမ်းအားကို ပြသနေခဲ့ခြင်း ဖြစ်သည်။

ဤအကြောင်းကြောင့်ပင် သူသည် အင်အားအလွန်အမင်း ကုန်ဆုံးသွားခဲ့ပြီး ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားခဲ့ရသည်။

အနီးနားရှိ ချီစုဆောင်းခြင်း အဆင့် ၈ ကျင့်ကြံသူနှစ်ဦးမှာမူ ဝေ့ယွမ်ကို သတ်ဖြတ်ရန် ကျိန်ဆိုထားသည့်အလား သူတို့၏မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ ဖြတ်ပြေးသွားခဲ့ကြသည်။

"ကောင်လေး သေစမ်းးး"

ဝေ့ယွမ်သည် သူ မလှုပ်ရှားမီကတည်းက ဤရလဒ်ကို သိရှိထားခဲ့သော်လည်း ဝေ့ယီကို ကယ်တင်နိုင်ခဲ့သည့်အတွက် သူ နောင်တမရခဲ့ချေ။

"ငါ ဝေ့ယွမ်က ဝေ့ဝူထက် မနိမ့်ကျဘူး။"

ဤဘက်တွင်မူ ချီစုဆောင်းခြင်း အဆင့် ၈ ကျင့်ကြံသူနှစ်ဦးအနက် တစ်ဦးက လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး အခြားတစ်ဦးက ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

မန္တန်တစ်ခုနှင့် ဓားတိုတစ်စောင်းသည် ဝေ့ယွမ်ထံသို့ ပြေးဝင်လာခဲ့ချေပြီ။

ဝေ့ယွမ်တွင်မူ ယခုအချိန်၌ ပြန်လည်တိုက်ခိုက်ရန် အင်အား မရှိတော့ချေ။

ဝေ့ယီသည်လည်း သူ့ကို ကူညီရန် အချိန်မီ မရောက်ရှိနိုင်တော့သဖြင့် သူ၏မျက်လုံးများမှာ ဒေါသကြောင့် ကွဲအက်မတတ် ဖြစ်နေခဲ့သည်။

"ဝေ့ယွမ်..."

သူသည် ဟိန်းဟောက်လိုက်ပြီး အပြေးအလွှား သွားရောက်ချင်သော်လည်း ထိပ်ပြောင်အဘိုးအိုက သူ့ကို ထိုသို့ အလိုမရှိဘဲ ပိတ်ဆို့ရန် လှုပ်ရှားလိုက်သည်။

"သူက သေလူပဲ။ ပြီးတော့ မင်းလည်း သေရမယ်။"

All Chapters