အခန်း ၈၃၈
Vol. 61 Ch. 838
အပိုင်း ၈၃၈ - မိစ္ဆာအလောင်းကောင်
ဖတ်ခနဲ မြည်သံနှင့်အတူ ထိုသေးငယ်သော တစ္ဆေဝိညာဉ်လေးသည် လမ်းကြောင်းအတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ယင်ချီ အလင်းလုံးတစ်ခုအဖြစ် ပေါက်ကွဲပျက်စီးသွားတော့သည်။ ထိုတစ္ဆေလေးထံသို့ သူ၏ စိတ်ဝိညာဉ်အာရုံကို ချိတ်ဆက်ထားသော ဝမ်ထျန်းကူမှာ ဤသည်ကို မြင်လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး ဖြူလျော့သွား၏။ ထိုတစ္ဆေလေး ပျက်စီးသွားမှုကြောင့် သူ၏ စိတ်ဝိညာဉ်မှာပါ မဆိုသလောက် ထိခိုက်ဒဏ်ရာ ရရှိသွားပုံပေါ်သည်။
ဝမ်ထျန်းကူသည် ဒေါသတကြီးမျက်လုံးများဖြင့် ထိုပညာရှိဝတ်စုံနှင့်ကျင့်ကြံသူထံသို့ စိုက်ကြည့်ကာ မေးလိုက်၏။ "ဘယ်လိုဖြစ်တာလဲ... ဒီလမ်းကြောင်းရဲ့ နောက်ကွယ်မှာ ခင်ဗျား ဘာလှည့်ကွက်တွေ သုံးထားတာလဲ..."
"သာလွန်ဝိညာဉ်ဥယျာဉ် ဆီကို သွားမယ့် လမ်းကြောင်းက သာမန်အတိုင်း ရှိနေလိမ့်မယ်လို့ မင်းတို့ တကယ်ထင်နေတာလား... အသွေးအသားခန္ဓာကိုယ်မရှိတဲ့ ဒီလိုမျိုး သာမန်တစ္ဆေဝိညာဉ်လေးတွေ မပြောနဲ့ဦး၊ တစ္ဆေဘုရင်အဆင့်ရှိတဲ့ စိတ်ဝိညာဉ်တွေတောင် ဒီလမ်းကြောင်းထဲ ဝင်လိုက်တာနဲ့ ချက်ချင်း ပြာဖြစ်သွားကြလိမ့်မယ်။ ကျုပ်ကိုယ်တိုင်တောင် သာလွန်ဝိညာဉ်ဥယျာဉ်ထဲ ဝင်ချင်ရင် ဒီပန်းချီကားလိပ်ရဲ့ အစွမ်းကို အားကိုးရတာပဲလေ။ ဘာပဲဖြစ်ဖြစ် လမ်းကြောင်းကတော့ ပွင့်သွားပြီ... မင်းတို့ ဖြတ်ကျော်နိုင်မလား၊ မဖြတ်ကျော်နိုင်ဘူးလား ဆိုတာကတော့ မင်းတို့ရဲ့ အစွမ်းပေါ်မှာပဲ မူတည်တော့တယ်..."