အခန်း ၈၄၀
Vol. 61 Ch. 840
အပိုင်း ၈၄၀ - အံ့အားသင့်ဖွယ် အပြောင်းအလဲ
တောက်ပသော အလင်းတန်းတစ်ခုသည် ဟန်လိ၏ ခန္ဓာကိုယ်ကို စတင်ရစ်ခွေလာပြီး သူ၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ မှိန်ဖျော့ဝေဝါးသွားတော့သည်။ လေထုထဲတွင်မူ မရေမတွက်နိုင်သော အဖြူရောင် အလင်းမှုန်များက ကခုန်နေကြ၏။
ဟန်လိသည် လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝိညာဉ်အလင်းတန်းများ အဆုံးမရှိ စီးဆင်းလာတော့သည်။ မြေပြင်မှ လင်းလက်နေသော လေဆင်နှာမောင်းကြီးတစ်ခု ထိုးတက်လာပြီး သူ့အား ခမ်းနားထည်ဝါလှသော အလင်းတန်းများကြားတွင် ဖုံးအုပ်ထားလေ၏။
မကြာမီမှာပင် အချိန်နှင့်အမျှ လေပြင်းများမှာ ပိုမိုပြင်းထန်စွာ တိုက်ခတ်လာတော့သည်။ အဝေးမှ အဖြူရောင် အလင်းမှုန်များမှာမူ မီးလျှံအတွင်း တိုးဝင်နေသည့် ပိုးဖလံများအလား လေဆင်နှာမောင်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရ၏။ သိပ်မကြာခင်မှာပင် ထိုလေပြင်းများသည် ကောင်းကင်ယံအထိ မြင့်မားသော ဧရာမ လေကျောက်တိုင်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ၎င်းဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ ကျောက်ခဲများနှင့် သဲများကိုပါ လွင့်စင်သွားစေသည်။
ထိုအခိုက်အတန့်တွင် ပြင်းထန်လှသော လေပြင်းများကြားမှ ဟန်လိ၏ မန္တာန်ရွတ်ဆိုသံ ဟိန်းထွက်လာပြီး လေကျောက်တိုင်ကြီးကို တုန်ခါသွားစေကာ ပြန့်ကြဲသွားစေတော့သည်။ သည့်နောက် လေထုထဲတွင် တောက်ပနေသော တိမ်တိုက်ပါးလေးများ မျောလွင့်လာ၏။
မန္တာန်စာသားများကို ခပ်သွက်သွက် ရွတ်ဆိုလိုက်ရာ ထိုတောက်ပသော တိမ်တိုက်များသည် မိုးပြာရောင်သို့ ပြောင်းလဲသွားသည်။ မကြာမီ လေထုထဲတွင် ရေစီးသံအကျယ်ကြီး ပြည့်နှက်သွားပြီး မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြောလှသော လှိုင်းလုံးကြီးများစွာ ရုတ်တရက် လှိုင်ထလာချေ၏။ ပေကိုးရာခန့် မြင့်မားသော လှိုင်းလုံးကြီးများသည် သူ၏ပတ်လည်တွင် စတင်ထိုးတက်လာသည်။ ဟန်လိကမူ ဧရာမ ရေတိုင်လုံးကြီးတစ်ခု၏ ဗဟိုတွင် ရပ်နေလျက် သူ၏လက်နှစ်ဖက်မှ မိုးပြာရောင်အလင်းတန်းများ ဖြာထွက်နေသည်ဖြစ်ရာ မသိလျှင် ရေနတ်ဘုရားတစ်ပါးအလားပင်။
ရုတ်တရက်ကြီး ဟန်လိ၏ မန္တာန်ချိပ်ဟန် ပြောင်းလဲသွားပြီး သူ၏ရွတ်ဆိုသံမှာ တိုးညင်းသွားတော့သည်။ ထိုဧရာမ လိုင်းလုံးကြီးများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံရိပ်ယောင်တစ်ခုအလား ပျောက်ကွယ်သွားပြီး ၎င်းတို့နေရာတွင် ကြက်သွေးရောင် မီးလျှံလှိုင်းလုံးကြီးများ အစားထိုး ဖြစ်ပေါ်လာ၏။ ပေသုံးရာခန့် ရှည်လျားသော မီးနဂါးရိုင်း ဆယ်ကောင်ကျော်သည် ထိုမီးလျှံများထဲမှ ထိုးထွက်လာကာ တစ်ကောင်ချင်းစီက ပါးစပ်မှ မီးတောက်များကို မှုတ်ထုတ်နေကြတော့သည်။
သည့်နောက်တွင် ထိုမီးလျှံများသည်လည်း ပျောက်ကွယ်သွားပြီး စိမ်းလန်းစိုပြေလှသော သစ်တောကြီးတစ်ခု၊ အဆုံးမရှိ ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခု၊ ရေခဲပြင်ကမ္ဘာတစ်ခုနှင့် တခြားသော ကမ္ဘာပေါင်းများစွာသည် ဟန်လိ၏ စိတ်အလိုအတိုင်း အဆက်မပြတ် အသွင်ပြောင်းလဲ ဖြစ်ပေါ်လာချေသည်။ ခုခါတွင် သူ၏ အသွင်မှာ ဖန်ဆင်းရှင် နတ်ဘုရားတစ်ပါးအလား ဖြစ်နေတော့၏။
ဟန်လိသည် သူ၏ လုပ်ဆောင်မှုအပေါ် စိတ်ကျေနပ်သွားပုံရပြီး သူ၏မှော်စွမ်းအားများကို အသုံးပြုကာ သုံးကီလိုမီတာခန့် မြင့်မားသော ဧရာမ လူထွားကြီးတစ်ကောင်ကို သိပ်သည်းဖွဲ့စည်းလိုက်သည်။ ထိုလူထွားကြီးအား ရင်ဘတ်ကို တီးထုစေကာ ကောင်းကင်ယံသို့ မော့၍ ကျယ်လောင်စွာ ဟိန်းဟောက်ခိုင်းလိုက်၏။ သည့်နောက် မိုးကုပ်စက်ဝိုင်း၏ အရပ်မျက်နှာအစုံမှ ငွေရောင်အလင်းတန်းများ လျှပ်စီးကဲ့သို့ ထိုးထွက်လာပြီး ထိုလူထွားကြီးထံသို့ ငွေရောင်လှိုင်းလုံးကြီးတစ်ခုအလား စုပြုံတိုးဝင်လာတော့သည်။
မျက်စိကျိန်းမတတ် စူးရှလှသော ငွေရောင်လျှပ်စီးတန်းများသည် ကောင်းကင်တခွင် ပြည့်နှက်သွားပြီး ထိုဧရာမလူထွားကြီးမှာ ၎င်းငွေရောင်အလင်းတန်းများအောက်တွင် ရေခဲအလား အရည်ပျော် ပျောက်ကွယ်သွားရ၏။ သို့သော်လည်း ထိုငွေရောင်အလင်းတန်းများက ဟန်လိ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည့် အခိုက်အတန့်တွင်မူ သူ၏မျက်လုံးများမှာ မီးလောင်မတတ် ပြင်းထန်စွာ ကိုက်ခဲသွားတော့သည်။ သူသည် ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် မျက်လုံးကို အုပ်ကာ နာကျင်စွာ အော်ဟစ်လိုက်မိ၏။
ယင်းနောက်တွင်မူ ကောင်းကင်ယံရှိ ငွေရောင်အလင်းတန်းများမှာ ပြန့်ကြဲပျောက်ကွယ်သွားတော့သည်။
ဟန်လိသည် တစ်ကိုယ်လုံး ကြောင်တောင်တောင် ဖြစ်နေမိသော်လည်း ခဏအကြာတွင် ထိတ်လန့်တကြားဖြင့် မျက်လုံးပွင့်လာ၏။ ငွေရောင်အလင်းတန်းများနှင့် ထိုကမ္ဘာကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် တိတ်ဆိတ်သည့် ကျောက်သားအခန်းငယ်တစ်ခုထဲ၌ ထိုင်နေလျက် ရှိပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချွေးများဖြင့် ရွှဲနစ်နေခဲ့ချေပြီ။
ဟန်လိသည် အသက်ဝဝရှိုက်သွင်းကာ စိတ်ကို တည်ငြိမ်စေပြီးမှ သူသည် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးအတွင်းရှိ သူ ဖန်တီးထားသော ကျင့်ကြံရေးအခန်းထဲတွင် ရှိနေဆဲဖြစ်မှန်း သိသွားသည်။ သိပ်မကြာခင်ကမှ သူသည် သူကိုယ်တိုင် သန့်စင်ဖော်စပ်ထားသော သဘာဝမူလဆေးလုံးကို သောက်သုံးခဲ့ခြင်း ဖြစ်ပြီး ၎င်းဆေးလုံးမှ ပေါက်ကွဲထွက်လာသော ဆေးစွမ်းများကြောင့် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့ခြင်းပင် ဖြစ်၏။
သူသည် အိပ်မက်ကနေ နိုးထသွားသည့်နှယ် အကြောင်သား ထိုင်နေဆဲဖြစ်ပြီး ချက်ခြင်း ထရပ်ခြင်း မပြုသေးချေ။ ထိုပုံရိပ်ယောင်ကမ္ဘာထဲ၌ သူ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ပြန်လည်စဉ်းစားနေစဥ် သူ၏ မျက်နှာအမူအရာမှာ တစ်ချက်တစ်ချက် ဉာဏ်အလင်းပွင့်သွားဟန် ဖြစ်ပေါ်သလို တစ်ချက်တစ်ချက်တွင်မူ ဇဝေဇဝါ ဖြစ်သွားဟန်ရကာ တလှည့်စီ ပြောင်းလဲနေချေသည်။ သည့်နောက် သူ၏ကျောပြင်ကို စမ်းကြည့်လိုက်ရာ ဝတ်ရုံမှာ ချွေးများဖြင့် စိုရွှဲနေမှန်း သိလိုက်ရ၏။
ဟန်လိသည် ခါးသီးစွာ ပြုံးမိတော့သည်။ သဘာဝမူလဆေးလုံး၏ ဆေးစွမ်းမှာ အမှန်တကယ်ပင် ဆန်းကြယ်လွန်းလှပေသည်။ သူ၏ အားကောင်းလှသော စိတ်ဝိညာဉ်အာရုံခံစားမှုဖြင့်ပင် ထိုဆေးလုံးကြောင့် သူ၏ စိတ်ဝိညာဉ်တစ်ခုလုံး ပုံရိပ်ယောင်ကမ္ဘာထဲသို့ နစ်မြုပ်သွားခဲ့ရသည် မဟုတ်လား။
ထိုပုံရိပ်ယောင်ကမ္ဘာထဲ၌ ရှိနေခဲ့စဥ်ကမူ သူသည် လုံးဝ မတူညီသော အခြားလူတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပြီး မယုံကြည်နိုင်ဖွယ်ရာ ဖြစ်ရပ်မျိုးစုံကို ကြုံတွေ့ခဲ့ရခြင်းပင်။ သူသည် ကြီးမားလှသော စွမ်းပကားများကို လွယ်လင့်တကူ ထိန်းချုပ်နိုင်ခဲ့ပြီး တောင်များကို ရွှေ့ပြောင်းနိုင်စွမ်း၊ ပင်လယ်များကို ဖျက်ဆီးနိုင်စွမ်း ရှိခဲ့သလို လေနှင့်မိုးကိုပါ စိတ်ကြိုက် အမိန့်ပေးစေခိုင်းနိုင်ခဲ့သည် မဟုတ်လား။
သို့ပေမည့် ဟန်လိက သူ လုပ်ဆောင်ခဲ့သမျှ အရာများကို ပြန်လည်မှတ်မိရန် ကြိုးစားသည့်အခါတွင်မူ ထိုမန္တာန်စာသားများမှာ လုံးဝ ဝေဝါးနေခဲ့ပြီး သူ ရွတ်ဆိုခဲ့သော စကားလုံးတစ်လုံးမျှကိုပင် ပြန်လည်မဖော်ထုတ်နိုင်တော့ပေ။ သို့သော်ငြားလည်း လောက၏ သဘာဝစိတ်ဝိညာဉ်ချီစွမ်းအင်များကို ဖမ်းဆုပ်ထိန်းချုပ်နိုင်ခဲ့သော ခံစားချက်ကိုမူ သူ၏ စိတ်ထဲ၌ အသေအချာ စွဲထင်းနေဆဲ ဖြစ်သည်။ သူသည် ၎င်းအတွေ့အကြုံကို သူ၏ ခန္ဓာကိုယ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးသကဲ့သို့ ခံစားနေရသဖြင့် နောင်၌ ကျင့်ကြံမှုအဆင့် နောက်တစ်ဆင့်သို့ ချိုးဖျက်တက်လှမ်းရာတွင် ကြီးစွာသော အထောက်အပံ့ ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်မိနေ၏။
ထိုသို့တွေးကာ ဟန်လိသည် မျက်လုံးများကို ထပ်မံမှိတ်လိုက်ပြီး နေရာတွင်ပင် ငြိမ်သက်စွာ ဆက်ရှိနေခဲ့သည်။
ဟန်လိသည် ထိုနေရာတွင် နေ့တစ်ဝက်လောက် ဆက်လက်ထိုင်နေပြီးမှ တည်ငြိမ်သောအမူအရာဖြင့် မျက်လုံး ပြန်ပွင့်လာချေသည်။ သူ၏မျက်နှာထက်တွင်လည်း မည်သည့်ဇဝေဇဝါဖြစ်ဟန် အရိပ်အယောင်မျှ ရှိမနေတော့ပေ။ သူက ထရပ်လိုက်ပြီး လက်မြှောက်ကာ ရှေ့ရှိ ကျောက်တံခါးပေါ်သို့ မန္တာန်ချိပ်တံဆိပ်တစ်ခု ရိုက်ခတ်လိုက်၏။ ကျောက်တံခါးမှာ ဝိညာဉ်အလင်းတန်းများ လင်းလက်သွားပြီး ဖြည်းဖြည်းချင်း ပွင့်ဟသွားသည် ဖြစ်ရာ ဟန်လိသည် တည်ငြိမ်စွာဖြင့် အပြင်သို့ လှမ်းလျှောက်ထွက်လာခဲ့တော့သည်။
သူ အပြင်သို့ လှမ်းထွက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်နံရံထံမှ အဖြူရောင် အလင်းတန်းတစ်ခု ထိုးထွက်လာပြီး သူ၏ အင်္ကျီလက်ခေါက်ထဲသို့ ပျံဝင်သွားချေသည်။ ၎င်းမှာ မြေခွေးအသွင် ပြောင်းလဲထားသော ငွေရောင်လပင် ဖြစ်၏။
ဟန်လိသည် လှိုဏ်ဂူဝင်ပေါက်ထံသို့ ဖြည်းဖြည်းချင်း လှောက်လှမ်းလာရင်း မေးလိုက်သည်။ “ကျုပ် တံခါးပိတ်ကျင့်ကြံနေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ... ကျုပ် အထဲမှာ ရှိနေတဲ့ အချိန်အတွင်းမှာ ကိစ္စတစ်ခုခု ဖြစ်ခဲ့သေးလား…”
ငွေရောင်လက တလေးတစား လေသံဖြင့် ပြန်ဖြေလာ၏။ “သခင် တံခါးပိတ်ကျင့်ကြံနေတာ နှစ်ရက်တာ ကြာမြင့်ခဲ့ပါပြီ။ အဲ့ဒီအချိန်အတွင်းမှာ နတ်သမီးခရမ်းဝိညာဉ်က တံခါးပိတ်ကျင့်ကြံရာကနေ အရင်ဦးဆုံး ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လို့ သခင်ရဲ့ လှိုဏ်ဂူကို ကာကွယ်ထားတဲ့ အတားအဆီးမန္တာန်တွေက ခုထိ မပယ်ဖျက်ရသေးတာကို မြင်သွားတဲ့အတွက် သူမက သူမရဲ့ နေအိမ်ဆီပဲ ပြန်သွားခဲ့ပါတယ်…”
ဟန်လိက မထူးခြားနားဟန်ဖြင့် ဆိုလိုက်သည်။ “သူမရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေသေးတာကြောင့် သဘာဝမူလဆေးလုံးရဲ့ သက်ရောက်မှုက သူမအပေါ်မှာ သိပ်မပြင်းထန်တာ သဘာဝပါပဲ။ သူမ တံခါးပိတ်ကျင့်ကြံရာကနေ စောစောထွက်လာတာကတော့ အံ့ဩစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်ကို ပိုအံ့ဩစေတာကတော့ မင်းကော ဘာလို့ အဲ့ဒီဆေးလုံးတစ်လုံးကို မသောက်သုံးချင်ရတာလဲ ဆိုတာပါပဲ…”
ငွေရောင်လ၏ အကူအညီမဲ့ဟန်ပေါက်သော လေသံက သူ၏အင်္ကျီလက်အိုးထဲမှ ထွက်ပေါ်လာသည်။ “သခင်လည်း သိတဲ့အတိုင်း ကျမက လူသားကျင့်ကြံသူတွေနဲ့ ဘဝနောက်ခံခြင်း ကြီးစွာ ကွဲပြားပါတယ်။ ကျမက မြေခွေးနတ်ဆိုးရဲ့ ခန္ဓာကိုယ်ကို ပိုင်စိုးထားတဲ့ ဝံပုလွေတစ်ကောင်လေ။ ကျင့်ကြံမှုကို တိုးတက်စေမဲ့ သာမန်စိတ်ဝိညာဉ်ဆေးလုံးတွေကလွဲလို့ လူသားကျင့်ကြံသူတွေ သုံးတဲ့ တခြားထူးခြားတဲ့ ဆေးလုံးတွေကိုတော့ ကျမ မဆင်မခြင် မသောက်ဝံ့ပါဘူး။ အဲ့ဒီဆေးလုံးတွေက ကျမအပေါ်မှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေမလဲဆိုတာ ဘယ်သူက သိနိုင်ပါ့မလဲ။ ကြီးမားတဲ့ အန္တရာယ်ကို စွန့်စားမဲ့အစား ကျမအနေနဲ့ အချိန်ပိုပေးပြီး အေးဆေးကျင့်ကြံနေတာကပဲ ပို ကောင်းပါတယ်လေ…”
ဟန်လိသည် ခဏမျှ တွေးတောလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလိုက်ပြီး ဘာမျှ ထပ်မဆိုတော့ပေ။
သဘာဝကျစွာပင် ဟန်လိသည် ကျန်ရှိနေသေးသော စိတ်ဝိညာဉ်မီးတောက်သစ်သီးများကို အလဟဿ အဖြစ်မခံခဲ့ပေ။ သူသည် သဘာဝမူလဆေးလုံးကို မသောက်သုံးမီ ထိုသစ်သီးများကို အရင်ဦးစွာ စားသုံးခဲ့ခြင်း ဖြစ်၏။ ထိုသစ်သီးများ၏ ဆေးစွမ်းများ သူ၏ ခန္ဓာကိုယ်အတွင်း အရည်ပျော်သွားပြီးနောက် သူ၏ကျင့်ကြံမှုမှာ သိသိသာသာ တိုးတက်လာခဲ့သည် မဟုတ်လား။ ၎င်းသစ်သီးများမှာ လောကတွင် မြင်ရခဲလှသော ထိပ်တန်းစိတ်ဝိညာဉ်ဆေးဝါးများဟူသော ဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။
ဟန်လိ လှိုဏ်ဂူနေအိမ်၏ ထွက်ပေါက်နားသို့ ရောက်လာသောအခါ သူ၏ ရုပ်သေးရုပ်များမှာ ဂိတ်တံခါးဝတွင် နာနာခံခံဖြင့် စောင့်ကြပ်နေကြမှန်း တွေ့ရ၏။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး အဖြူရောင် အလင်းတန်းတစ်ခုနှင့်အတူ ထိုရုပ်သေးရုပ်များအားလုံးကို သူ၏ သိုလှောင်အိတ်အတွင်းသို့ ခပ်သွက်သွက် သိမ်းဆည်းလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် ဟန်လိသည် လျှို့ဝှက်ဆန်းကြယ်သော ပညာရပ်တစ်ခုကို သုံး၍ သူ၏ လှိုဏ်ဂူကျောက်တံခါးကို ဖွင့်လှစ်လိုက်ကာ တည်ငြိမ်စွာဖြင့် အပြင်သို့ လှမ်းထွက်လာခဲ့၏။
ဟန်လိ အပြင်သို့ လှမ်းထွက်လာသည့် ခဏမှာပင် အနီးအနားရှိ တောင်ကုန်းတစ်ခုထံမှ အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာချေသည်။
ထိုအလင်းတန်း ချဉ်းကပ်လာတာကို မြင်ရသည့်အခါ ဟန်လိက တည်ငြိမ်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မြေကြီးထဲတွင် မြှုပ်နှံထားခဲ့သော အနီးအနားရှိ အစီအရင်အလံများနှင့် အစီအရင်ပြားများ အားလုံးမှာ မိုးပြာရောင် အလင်းတန်းများအဖြစ် ပြောင်းလဲကာ သူ၏လက်ထဲသို့ တန်းစီ၍ ပျံသန်းဝင်ရောက်လာကြတော့သည်။
“အစ်ကိုဟန်... ရှင်လည်း နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီပေါ့။ ကျမကတော့ ရှင် အပြင်ထွက်လာဖို့အတွက် နောက်ထပ် နေ့တစ်ဝက်လောက် အချိန်ယူရဦးမယ်လို့ ထင်နေတာ…”
ထိုအခိုက်တွင် အလင်းတန်းမှာ ဟန်လိ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး လွင့်ပြယ်သွားကာ နတ်သမီးခရမ်းဝိညာဉ်၏ ပုံရိပ် ပေါ်လာချေသည်။ သူမက လေထဲတွင် ပေါ့ပါးစွာ ပျံဝဲနေရင်း ဟန်လိကို ချိုသာစွာ ပြုံးပြလိုက်၏။ သူမ၏ မျက်နှာပတ်ပတ်လည်မှ အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားမှာ ပိုမိုထင်ရှားလာတော့သည်။
ဟန်လိက ပြုံး၍ ဆိုလိုက်သည်။ “ကြည့်ရတာ ခရမ်းဝိညာဉ်လည်း သဘာဝမူလဆေးလုံးကို သောက်သုံးပြီးတဲ့နောက်မှာ အတော်လေး အကျိုးအမြတ် ရခဲ့တဲ့ပုံပဲ။ ခင်ဗျားအနေနဲ့ အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် နှစ်အနည်းငယ်ပဲ လိုတော့တာပဲ။ ကျုပ် ခုကတည်းက ကြိုတင်ပြီး ဂုဏ်ပြုလိုက်ပါရစေ…”
ခရမ်းဝိညာဉ်၏ မျက်လုံးများက အရောင်တောက်ပသွားပြီး ကျေနပ်အားရစွာဖြင့် ပြန်ပြောလာသည်။ “အစ်ကိုဟန်ကတော့ နောက်နေပြန်ပါပြီ။ သဘာဝမူလဆေးလုံးက ကျမအတွက် နှစ်ပေါင်းများစွာ ခါးစည်းကျင့်ကြံရမယ့် အချိန်ကိုပဲ သက်သာစေခဲ့တာပါ။ ဆန့်ကျင်ဘက်အနေနဲ့ အစ်ကိုဟန်ကတော့ ဒီဆေးလုံးကို သောက်သုံးပြီးတဲ့နောက်မှာ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို ရောက်ရှိနိုင်ဖို့ အခွင့်အရေး အများကြီး ပိုများသွားခဲ့ပြီ မဟုတ်လား။ ဒါကြောင့် ကျမကသာ သခင်ဟန်ကို ဂုဏ်ပြုပေးရမှာပါ…”
“တာအိုရောင်းရင်း ခရမ်းဝိညာဉ်က သဘာဝမူလဆေးလုံးဟာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အပေါ်မှာ သက်ရောက်တဲ့ အစွမ်းနဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အပေါ်မှာ သက်ရောက်တဲ့ အစွမ်းချင်း တူညီလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား…”
ဟန်လိက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
“ဒီဆေးလုံးဟာ စဦးစိတ်ဝိညာဉ် အဆင့်ကျော်လွန်ပြီးသူတွေကလွဲလို့ ကျန်တဲ့သူတွေအားလုံးအပေါ်မှာ သက်ရောက်မှု ရှိတယ်လို့ ဆိုရပေမဲ့... ကျင့်ကြံမှုအဆင့် နိမ့်ကျလေလေ ၎င်းရဲ့ ဆေးစွမ်းက ပိုပြင်းထန်လေလေ ဖြစ်ရတာပဲ။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေက ဒီဆေးလုံးကို သောက်သုံးမယ်ဆိုရင် နောက်ထပ်အဆင့်တစ်ခုကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်မှာ သေချာသလောက် ရှိပေမဲ့... စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တော့ အဲ့ဒီလိုမျိုး အာမခံချက် မရှိနိုင်ပါဘူး…”
“ဘယ်လိုပဲ ဖြစ်နေပါစေဦးတော့... သဘာဝမူလဆေးလုံးက ကျင့်ကြံမှုအဆင့် တိုးတက်ဖို့အတွက် အများကြီး အသုံးဝင်တာတော့ အမှန်ပါပဲ။ အစ်ကိုဟန်အနေနဲ့ ဒီလောက်ထိ နှိမ့်ချနေဖို့ မလိုပါဘူး။ ဒါ့အပြင် အစ်ကိုဟန်က အသက်နှစ်ရာအတွင်းမှာတင် စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိနိုင်ခဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲလေ။ ရှင့်အနေနဲ့ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို ဝင်ရောက်နိုင်ဖို့ကတော့ ခြေတစ်လှမ်းလှမ်းရုံလောက်ပဲ လိုတော့တာပါ…”
‘ပါရမီရှင် ဟုတ်လား…’
ဟန်လိသည် ခရမ်းဝိညာဉ်၏ စကားကို ကြားရသောအခါ စိတ်ထဲကနေ ကြိတ်၍ ခါးသီးစွာ ရယ်မောမိတော့သည်။ သို့သော်လည်း သူက သူမ၏ စကားကို ပြန်လည်မငြင်းဆိုဘဲ တိတ်ဆိတ်စွာဖြင့်သာ ခေါင်းယမ်းလိုက်၏။
ခရမ်းဝိညာဉ်က ညင်သာစွာ ပြုံးလိုက်ပြီး တစ်ခုခု ထပ်ပြောရန် ကြံစည်လိုက်စဥ်မှာပင် အဝေးတစ်နေရာမှ ကြီးမားလှသော မြည်ဟီးသံကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာချေသည်။ ၎င်းအသံကား ကမ္ဘာမြေကြီးတစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခါယမ်းသွားစေသည့်အလား ထင်ရ၏။ ဟန်လိကမူ ၎င်းဖိအားကို တည်ငြိမ်စွာဖြင့် ကြံ့ကြံ့ခံနိုင်သော်လည်း ခရမ်းဝိညာဉ်မှာမူ တုန်လှုပ်သွားရပြီး လေထဲကနေပင် ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
သူမသည် အလျင်အမြန်ပင် အလင်းတန်းတစ်ခုကို ထုတ်ဖော်၍ လေထဲတွင် ပြန်လည်ရပ်တန့်လိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။ “ဘာဖြစ်တာလဲ... ဘာတွေ ဖြစ်ကုန်တာလဲ…”
ဟန်လိသည်လည်း နှလုံးသားထဲတွင် ထိတ်လန့်သွားသော်လည်း သူမ၏မေးခွန်းကို ပြန်မဖြေဘဲ ထိုအသံထွက်ပေါ်လာရာ အရပ်ထံသို့သာ လေးလေးနက်နက် လှည့်ကြည့်လိုက်၏။
‘ဟင်… အဲ့ဒီနေရာက မြေပုံထဲမှာ ပြထားတဲ့ နေရာပဲ…’ ဟန်လိ၏ နှလုံးသားမှာ လှုပ်ခါသွားရပြီး သူက မရေမရာ ဖြစ်မိသွားသည်။
ထိုအခိုက်အတန့်တွင် မိုးကုပ်စက်ဝိုင်းဆီမှ အဖြူရောင် အလင်းတန်းတစ်ခုသည် စူးရှသော မြည်ဟီးသံကြီးများနှင့်အတူ တရကြမ်း ပြေးဝင်လာချေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဖြူရောင် အလင်းတန်းမှာ ပိုမိုထူထဲလာပြီး မရေမတွက်နိုင်သော အဖြူရောင် ချီစွမ်းအင် လှိုင်းလုံးကြီးများအဖြစ် သူတို့၏ ပတ်ဝန်းကျင်တွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။
သူတို့ မြင်နိုင်သမျှ မြင်ကွင်းတခွင်တွင် အဆုံးမရှိ မြင့်မားလှသော အဖြူရောင် ချီစွမ်းအင် လှိုင်းလုံးကြီးသည် အနီးအနားရှိ တောင်ကုန်းများကို ဝါးမြိုပစ်ရင်း ဟန်လိနှင့် ခရမ်းဝိညာဉ်တို့ရှိရာ အရပ်ထံသို့ တဟုန်ထိုး တိုးဝင်လာနေချေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းလှိုင်းလုံးကြီးမှာ သူတို့နှင့် တစ်ကီလိုမီတာခန့်သာ ဝေးကွာတော့သော နေရာသို့ ရောက်ရှိလာတော့သည်။
“မကောင်းတော့ဘူး…” ဟန်လိသည် ဤသည်ကို မြင်သောအခါ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားပြီး သူ၏အင်္ကျီလက်ခေါက်ကို ဝှေ့ယမ်းကာ မိုးပြာရောင် ဒိုင်းကာအသေးစားတစ်ခုကို ဆင့်ခေါ်လိုက်၏။ ၎င်းဒိုင်းကာမှာ သူ၏ပတ်လည်တွင် တစ်ပတ် လည်ပတ်သွားပြီးနောက် သူ၏ရှေ့တွင် ဧရာမဒိုင်းကာကြီးတစ်ခုအဖြစ် ချက်ချင်း ကြီးမားလာတော့သည်။
သူက ထိုဧရာမဒိုင်းကာကြီးထံ လက်ညွှန်လိုက်ရာ ၎င်းထံမှ မိုးပြာရောင် အလင်းတန်းတစ်လွှာ ထိုးထွက်လာပြီး ဟန်လိ၏ ခန္ဓာကိုယ်ကို လုံးဝ ဖုံးအုပ်ကာကွယ်ပေးသွား၏။ သို့သော်လည်း စိတ်ထဲ၌ ရတက်မအေးဖြစ်နေဆဲ ဖြစ်သဖြင့် သူက ပါးစပ်ဟကာ မိုးပြာရောင် ရေခဲမီးတောက်တစ်ခုကို ထွေးထုတ်လိုက်ပြီး ၎င်းအား သူ၏ရှေ့ ပေကိုးဆယ်ခန့်အကွာတွင် ပေါက်ကွဲစေလိုက်သည်။
ထိုမိုးပြာရောင် မီးတောက်မှာ စူးရှစွာ လင်းလက်တောက်ပလာပြီး တဝီဝီ မြည်ဟီးလာချေသည်။ ဧရာမ ရေခဲချီစွမ်းအင်လုံးကြီးမှာ လျင်မြန်စွာ ပြန့်ကားသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေခြောက်ဆယ်ခန့် မြင့်မားသော ရေခဲတောင်ကြီးတစ်ခုအဖြစ် ဟန်လိ၏ ရှေ့တွင် ပေါ်ထွက်လာတော့သည်။
ခရမ်းဝိညာဉ်ကမူ ထိတ်လန့်တကြားဖြင့် တုန့်ပြန်လိုက်ပြီး သူမ၏ ပုဝါအဆောင်လက်ဖွဲ့ကို ပစ်လွှတ်လိုက်ရာ ၎င်းထံမှ အလင်းမြူခိုးတစ်လွှာ ထွက်ပေါ်လာပြီး သူမကို ကာကွယ်ပေးသွား၏။ ဟန်လိက သူ၏ရှေ့တွင် ရေခဲတောင်ကြီးတစ်ခုကို သိပ်သည်းဖွဲ့စည်းလိုက်တာ မြင်ရသည့်အခါ သူမသည် ပျော်ရွှင်သွားပြီး ဟန်လိ၏ ဘေးနားသို့ ခပ်သွက်သွက် ပျံသန်းရောက်ရှိလာတော့သည်။ ထိုအခိုက်အတန့်တွင် ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းလုံးကြီးသည် နောက်ဆုံး၌ သူတို့၏ ရှေ့မှောက်သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားချေပြီ။ မကြာမီ သူတို့၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မြေကြီး ပြိုလဲပျက်စီးသွားသကဲ့သို့ ပြင်းထန်လှသော မြည်ဟီးသံကြီးများ တရစပ် ပေါက်ကွဲထွက်လာတော့သည်။ သူတို့ရှေ့ရှိ ရေခဲတောင်ကြီးထံမှလည်း ဧရာမ တုန်ခါမှုကြီးတစ်ခု ထွက်ပေါ်လာပြီး ဧရာမ ကျောက်တုံးကြီး ဒါဇင်ပေါင်းများစွာက ၎င်းရေခဲတောင်ကို ရက်စက်စွာ လာရောက်ထိမှန် ထိုးနှက်နေကြခြင်းပင် ဖြစ်ရာ တစ်ချက်တစ်ချက် စူးရှလှသော အက်ကွဲသံကြီးများလည်း လေထုထဲ၌ ပြည့်နှက်သွားသည်။ ထိုအသံများမှာ နားမခံသာအောင် ပြင်းထန်လှသဖြင့် ကြားရသူတိုင်း၏ နှလုံးသားကို ကြီးစွာ လှုပ်ခါသွားစေလိမ့်မည်။