← Chapters

အခန်း ၈၄၂

Vol. 61 Ch. 842

အခန်း ၈၄၂

Vol. 61 Ch. 842

အပိုင်း ၈၄၂ - အလစ်အငိုက် တိုက်ခိုက်ခြင်း

ဘိုးဘေးလင်းဟူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး နောက်ထပ် တွေဝေမနေဘဲ ကျောက်စိမ်းတုတ်တံထံသို့ လက်ညွှန်လိုက်၏။ ရုတ်တရက် သူ၏ ပတ်လည်ရှိ အလင်းအရံအတားမှာ သိသိသာသာ ပိုမိုသိပ်သည်းလာပြီးနောက် သူသည် ပါးစပ်မှ ကျောက်စိမ်းတုံးအသေးစားတစ်ခုကို ထွေးထုတ်လိုက်သည်။ ၎င်းသည် အစိမ်းရောင် အလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ တဟုန်ထိုး ပျံသန်းထွက်သွား၏။

ဗုန်းခနဲ မြည်သံ ထွက်ပေါ်လာသည်။ ‘မြို့စားကြီးနန်းလုံ’ သည် ရက်စက်စွာ ပြုံးလိုက်ပြီး ထိုကျောက်စိမ်းတုံးကို ဘာမျှ ထိန်ချန်ထားခြင်းမရှိဘဲ လက်သီးဖြင့် အပြင်းအထန် ထိုးနှက်လိုက်၏။ အနက်ရောင်အလင်းနှင့် အစိမ်းရောင် အလင်းတန်းတို့သည် တစ်ခုနှင့်တစ်ခု ရောထွေးယှက်လိမ်သွားစဉ်မှာပင် အနက်ရောင်ချီစွမ်းအင်များသည် ရုတ်တရက် ကျုံ့ဝင်သွားပြီးနောက် ပြင်းထန်စွာ ပြန်လည်ပေါက်ကွဲထွက်သွားကာ ထိုအစိမ်းရောင် အလင်းတန်းများကို လုံးဝ ပြန့်ကြဲသွားစေသည်။

ထိုကျောက်စိမ်းတုံးမှာ နောက်သို့ လွင့်ထွက်သွားပြီး ဘိုးဘေးလင်းဟူထံသို့ ပြင်းထန်သော စွမ်းအားဖြင့် ပြန်လည်ကျဆင်းလာ၏။ သူသည် ကြီးစွာ ထိတ်လန့်သွားရသဖြင့် အလျင်အမြန်ပင် လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးလိုက်ပြီး ရောက်ရှိလာသော ကျောက်စိမ်းတုံးကို ဟန့်တားနိုင်ရန် သူ၏ အကာအကွယ် အရံအတားကို မန္တာန်တံဆိပ်များစွာဖြင့် ထပ်ခါတလဲလဲ အားဖြည့်လိုက်သည်။ သို့သော်လည်း ထိုခဏတာ နှောင့်နှေးသွားမှုအတွင်းမှာပင် ပိန်းပိန်းမှောင်နေသော အနက်ရောင်လက်သီးကြီးတစ်ဖက်သည် အလင်းအရံအတား၏ ရှေ့၌ ရုတ်တရက် ပေါ်ထွက်လာပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် ဖိချလာ၏။

အလင်းအရံအတားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဘိုးဘေးလင်းဟူသည် ၎င်းအတားအဆီးကို ဖြတ်သန်းစီးဆင်းလာသော ဧရာမ စွမ်းအားကြီးတစ်ခုကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် အဝေးသို့ လွင့်ထွက်သွားသည်။ သို့ဆိုဦး သူသည် အသက်နှစ်ထောင်ကျော်အထိ ရှင်သန်ခဲ့သော စီနီယာကျွမ်းကျင်သူတစ်ဦး ဖြစ်သဖြင့် သူ၏ ဘဝသက်တမ်းမှာ အလကား ဖြစ်မသွားခဲ့ချေ။ သူ၏ ကြွယ်ဝလှသော တိုက်ပွဲအတွေ့အကြုံများနှင့်အတူ သူသည် အင်္ကျီလက်အိုးကို ချက်ခြင်း ဝှေ့ယမ်းလိုက်ပြီး မြို့စားကြီးနန်းလုံ၏ နေရာအသစ်ဆီသို့ ရည်ရွယ်ကာ မီးလျှံကဲ့သို့ နီရဲနေသော ဓားပျံတစ်လက်ကို ထုတ်လွှတ်လိုက်သည်။

မြို့စားကြီးနန်းလုံသည် အနက်ရောင်ချီများ ဖုံးလွှမ်းထားသော သူ၏မျက်နှာထက်မှနေ၍ မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်၏။ ထိုဓားပျံသည် သူ၏ဦးခေါင်းထံသို့ တဟုန်ထိုး တိုးဝင်လာနေသော်လည်း သူက ရှောင်တိမ်းရန်အတွက် အလုပ်ရှုပ်မခံချေ။ ထိုအစား သူက အသက်ကို ဝဝရှူသွင်းလိုက်ပြီး ပါးစပ်မှ နတ်ဆိုးမီးလျှံတန်းတစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုဓားပျံသည် မီးလျှံများကို ဖြတ်သန်းရန် ကြိုးစားကြည့်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းမီးလျှံများ၏ ရစ်ပတ်ဝါးမြိုခြင်းကို ခံလိုက်ရ၏။ နီရဲသောအလင်းတန်းများ အကြိမ်အနည်းငယ် လင်းလက်သွားပြီးနောက် ထိုဓားသည် မီးလျှံများ၏ သန့်စင်ခြင်းကို ခံလိုက်ရသဖြင့် အသံတစ်သံ ထွက်ပေါ်သွားပြီး မည်သည့်ဝိညာဉ်စွမ်းအားမျှ မရှိသော သံတုံးတစ်တုံးအဖြစ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဘိုးဘေးလင်းဟူသည် ဤသည်ကို မြင်လိုက်ရသောအခါ ရင်ထဲ၌ ကြီးစွာ တုန်လှုပ်မှင်သက်သွား၏။ ထိုဓားပျံမှာ အပြင်ပန်းတွင် သာမန်အတိုင်း ထင်ရသော်လည်း လက်တွေ့တွင်မူ ၎င်းမှာ ကောင်းကင်တောင်ပိုင်းလောက၌ အလွန်ပင် ကျော်ကြားလှသော ရတနာတစ်ပါးဖြစ်သည့် မကောင်းဆိုးဝါးနှိမ်နင်းရေးဓားပင်။ ၎င်းမှာ ရခဲလှသော ရတနာတစ်ပါးဖြစ်ပြီး အထူးသဖြင့် မကောင်းဆိုးဝါး ဝိညာဉ်များနှင့် တစ္ဆေသရဲများကို နှိမ်နင်းရာတွင် အလွန်ပင် အစွမ်းထက်လှသည် မဟုတ်လား။

မြို့စားကြီးနန်းလုံသည် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးဝိညာဉ်တစ်ခု၏ ပိုင်စိုးခြင်းကို ခံထားရမှန်း ရှင်းလင်းစွာ သိမြင်နေရသဖြင့် သူသည် ဤဓားမြှောင်ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဤဓားဖြင့် မြို့စားကြီးနန်းလုံကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သော်ငြားလည်း ၎င်းရတနာမှာ တစ်ဖက်လူ၏ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတစ်ခုတည်းနှင့်တင် လုံးဝ ပျက်စီးသွားခဲ့ရသည့်အပေါ် သူသည် အကြီးအကျယ် ထိတ်လန့်သွားမိရခြင်းပင် ဖြစ်၏။

ဘိုးဘေးလင်းဟူသည် ကြောက်လန့်တကြားဖြင့် မျက်နှာ ဖြူလျော့သွားစဉ်မှာပင် မိစ္ဆာဝိညာဉ်၏သိမ်းပိုက်ခြင်း ခံထားရသော မြို့စားကြီးနန်းလုံသည် ထိုအဘိုးအိုအား စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်မည့် အခွင့်အရေး လုံးဝမပေးဘဲ နောက်သို့ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးသည်။ သူက ရှေ့သို့ ကိုယ်ကိုင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မြွေတစ်ကောင်အလား တွန့်လိမ်ကာ ဆန့်ထွက်သွား၏။ သူ၏ ရင်ဘတ်ပိုင်းမှာ ရှေ့သို့ ဆန့်ထွက်သွားပြီး ဘိုးဘေးလင်းဟူနောက်သို့ အသည်းအသန် လိုက်လံကာ သူ၏ အလင်းအရံအတားကို နောက်တစ်ကြိမ် ထပ်မံ၍ အပြင်းအထန် ထိုးနှက်လိုက်ပြန်သည်။

နောက်ထပ် ပြင်းထန်လှသော တိုက်ခိုက်မှုတစ်ခုကြောင့် ဘိုးဘေးလင်းဟူသည် တစ်ဖန် ပြန်လည်၍ လွင့်ထွက်သွားရပြန်၏။ မြို့စားကြီးနန်းလုံသည် ဘိုးဘေးလင်းဟူ၏ ရှေ့မှောက်တွင် ထူးဆန်းစွာ ဖြတ်ခနဲ ဝေဝါးပေါ်လာပြီး သူ၏လက်သီးချက်များကို မိုးရွာသကဲ့သို့ တရစပ် ထိုးနှက်တိုက်ခိုက်လေသည်။ ဘိုးဘေးလင်းဟူမှာလည်း မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိဘဲ သဲအိတ်တစ်ခုအလား အကြိမ်ကြိမ် အရိုက်ခံနေရုံသာ ရှိ၏။

သူ၏လက်ထဲရှိ ကျောက်စိမ်းတုတ်တံမှာ ကျိန်းသေပေါက် ထိပ်တန်းအဆင့် ကာကွယ်ရေး ရှေးဟောင်းရတနာတစ်ပါး ဖြစ်ပေသည်။ ထိုအစိမ်းရင့်ရောင် အလင်းအရံအတားမှာ ပြင်းထန်လှသော တိုက်ချက်များအောက်တွင် အဆက်မပြတ် တုန်ခါနေသော်ငြားလည်း ကြံ့ကြံ့ခံထားနိုင်ဆဲ ဖြစ်၏။ သည့်အတွက်ကြောင့် မြို့စားကြီးနန်းလုံကိုယ်တိုင်ပင် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိ၏။ သို့သော် သူ၏လက်သီးချက်များကိုမူ တစ်ချက်လေးမှ ရပ်တန့်ခြင်းမပြုဘဲ ဆက်တိုက် ထိုးနှက်နေဆဲပင်။

ဘိုးဘေးလင်းဟူ၏ စိတ်ထဲတွင် ကြောက်လန့်မှုများက အပြည့်အဝ လွှမ်းမိုးသွားခဲ့ပြီ ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူ၏ အခြေအနေမှာ လူဝေယင်း ကြုံတွေ့ခဲ့ရသော အခြေအနေနှင့် တစ်ပုံစံတည်း ဖြစ်နေချေပြီ။ တစ်ဖက်လူ၏ လက်သီးချက်တိုင်းက သူ၏ခန္ဓာကိုယ်အတွင်း စုစည်းရန် ကြိုးစားနေသမျှ ဝိညာဉ်စွမ်းအားများကို ပြန့်ကြဲပျောက်ကွယ်သွားစေသဖြင့် သူသည် မည်သည့်လျှို့ဝှက်အတတ်ပညာနှင့် မှော်ရတနာကိုမျှ ထပ်မံထုတ်ဖော်နိုင်စွမ်း မရှိဘဲ ဖြစ်နေရခြင်းပင်။

လက်သီးချက် ဒါဇင်ပေါင်းများစွာ ကျရောက်ပြီးနောက်မှာ ကျောက်စိမ်းတုတ်တံ၏ အလင်းအရံအတားမှာ နောက်ဆုံး၌ ထိုပြင်းထန်လှသော တိုက်ချက်များအောက်တွင် စတင်၍ ပုံပျက်ယွင်းလာခဲ့ပြီ ဖြစ်ရာ ဘိုးဘေးလင်းဟူ၏ နှလုံးသားမှာ ကြောက်လန့်မှုများကြောင့် တုန်လှုပ်ချောက်ချားသွားသည်။

မြို့စားကြီးနန်းလုံသည် ဤသည်ကို မြင်သောအခါ သူ၏မျက်နှာထက်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်မှာ ဖြတ်ခနဲ ဝေဝါးသွားပြီး လက်တစ်ဖက်ဖြင့် ထိုအလင်းအရံအတားကို ဆက်လက်၍ အပြင်းအထန် ထိုးနှက်နေဆဲဖြစ်ကာ အခြားလက်တစ်ဖက်ကိုမူ ဓားသွားတစ်ခုအသွင် ပြုလုပ်လိုက်ပြီး ၎င်းအတွင်းသို့ ရက်စက်လှသော အဆုံးအဖြတ် တိုက်ချက်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် စွမ်းအားအားလုံးကို စတင်သိပ်သည်း စုစည်းလိုက်သည်။

ဘိုးဘေးလင်းဟူ၏ မျက်နှာမှာ သေလောက်အောင် ဖြူလျော့သွားချေပြီ။ အလင်းအရံအတားမှာ နောက်ဆုံး၌ စတင်၍ အက်ကြောင်းများ ဖြစ်ပေါ်လာနေပြီ မဟုတ်လား။ သူသည် အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ရင်ဘတ်နားတွင် အမြဲသိမ်းဆည်းထားလေ့ရှိသော ပစ္စည်းတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ အသက်ရှင်နိုင်ရန်အတွက် သူ၏ လက်ကျန်ခွန်အားအားလုံးကို အသုံးပြု၍ အစွမ်းကုန် စွန့်စားတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ထူထဲလှသော သက်တံရောင် အလင်းတန်းကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး မြို့စားကြီးနန်းလုံ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ၎င်းအတွင်း၌ အပြည့်အဝ ဖုံးအုပ်ပိတ်လှောင်ပစ်လိုက်၏။ မြို့စားကြီးနန်းလုံသည် စစချင်တုန်းက ၎င်းအား အရေးစိုက်ဟန် မပြသော်လည်း ထိုအလင်းတန်းသည် သူ၏ခန္ဓာကိုယ်နှင့် ထိခိုက်မိသွားသည့် အခိုက်အတန့်တွင်မူ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် အဆမတန် လေးလံသွားသလို ခံစားလိုက်ရပြီး သူ၏ လှုပ်ရှားမှုအားလုံးမှာလည်း သိသိသာသာ နှေးကွေးသွားခဲ့ရသည်။

“ဟင်” မြို့စားကြီးနန်းလုံသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိပြီး ထိုအလင်းတန်းကြီး ထွက်ပေါ်လာရာ အရပ်ထံသို့ လှမ်းကြည့်လိုက်၏။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် လေထုထဲတွင် ရှေးဟောင်းကြေးတစ်ခုကို မြင့်မားစွာ မြှောက်ကိုင်ထားဆဲဖြစ်ပြီး ၎င်းကြေးမုံမှာ ထိုအလင်းတန်းကြီး၏ အရင်းအမြစ် ဖြစ်၏။ မြို့စားကြီးနန်းလုံသည် ဤသည်ကို မြင်လိုက်ရသောအခါ သူ၏မျက်နှာထက်တွင် ခက်ထန်တင်းမာသော အမူအရာတစ်ခု ချက်ချင်း ဖြစ်ပေါ်လာ၏။

ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ကြားဖြတ်ဝင်ရောက် ကူညီပေးမှုကြောင့် ဘိုးဘေးလင်းဟူသည် မျှော်လင့်ချက်မဲ့နေသော ချောက်နက်ကြီးထဲကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အသက်ရှင်နိုင်မည့် ဤရှားပါး အခွင့်အရေးကောင်းကို ချက်ချင်းပင် အမိအရ ဖမ်းဆုပ်လိုက်သည်။ သူသည် သူ၏ဝိညာဉ်စွမ်းအား အားလုံးကို အလျင်အမြန် စုစည်းလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ လွတ်မြောက်အောင် ထွက်ပြေးခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ဘေးနားတွင် ပြန်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဘိုးဘေးလင်းဟူသည် ခုလောလောဆယ်တွင် ကျေးဇူးစကား ပြောဆိုနေရန် အချိန်မရှိသေးချေ။ ထိုအစား သူက လက်နှစ်ဖက်ကို ချက်ခြင်း ပူးကပ်လိုက်ပြီးနောက် ၎င်းတို့ကို အပေါ်သို့ မြှောက်ကာ လက်ထဲကနေ မီးလျှံအဆောင်လက်ဖွဲ့ ဆယ်ခုကျော်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းအဆောင်လက်ဖွဲ့များ အားလုံးမှာ သက်တံရောင်အလင်းတန်းများကြားတွင် ပိတ်မိနေသော မြို့စားကြီးနန်းလုံရှိရာ အရပ်ထံသို့ တဟုန်ထိုး တိုးဝင်သွားကြ၏။

ထိုအဆောင်လက်ဖွဲ့များသည် မြို့စားကြီးနန်းလုံ၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားပြီးနောက် ဘိုးဘေးလင်းဟူ၏ စေခိုင်းမှုအောက်တွင် တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါက်ကွဲထွက်သွားသည်။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာခြင်းနှင့်အတူ ကြက်သွေးရောင် မီးလျှံလှိုင်းလုံးကြီးတစ်ခုက သူ့အား အပြည့်အဝ ဝါးမြိုဖုံးလွှမ်းသွား၏။ မြို့စားကြီးနန်းလုံမှာမူ သူ၏ ပါးစပ်မှ အနက်ရောင်ချီစွမ်းအင်များကို ထွေးထုတ်လိုက်ပြီး ၎င်း၏ပတ်လည်တွင် စီးဆင်းနေသော ကြက်သွေးရောင် မီးလျှံများဘေးမှ မိမိကိုယ်ကို ကာကွယ်ထားလိုက်လေသည်။

ဘိုးဘေးလင်းဟူသည် ဤမျှနှင့်တင် တစ်ဖက်လူကို သတ်ဖြတ်နိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။ သူသည် ချက်ခြင်းပင် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးလိုက်ပြီး ဧရာမ ခက်ရင်းခွရတနာတစ်ခုကို ထုတ်ဖော်လိုက်၏။ ၎င်းသည် လေထဲတွင် ခဏမျှ ကျုံ့ဝင်သွားပြီးနောက် ပြင်းထန်သော စွမ်းအားဖြင့် တိုက်ခိုက်ရန်အတွက် ရှေ့သို့ တဟုန်ထိုး ထိုးထွက်သွားသည်။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည်လည်း ဤအချိန်အတောအတွင်းမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်၏။ သူမသည် လက်တစ်ဖက်ဖြင့် ထိုကြေးမုံပြင်ကို မြဲမြံစွာ ကိုင်ထားလျက် မြို့စားကြီးနန်းလုံကို ဆက်လက်ပိတ်လှောင်ထားဆဲဖြစ်ကာ အားနေသော အခြားလက်တစ်ဖက်ဖြင့်မူ ဓားနှစ်လက်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းတို့သည် အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲကာ မြို့စားကြီးထံသို့ တရကြမ်း တိုးဝင်သွားကြ၏။

တိုက်ပွဲက ပိုမိုပြင်းထန်လာသော်လည်း မည်သူမျှ စကားတစ်လုံးမျှ မဆိုကြချေ။ သို့သော်လည်း ထိုအခိုက်အတန့်တွင် အနီးအနားရှိ နေရာတစ်ခု၏ အောက်ခြေမှ သက်တံရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားချေသည်။

ဟန်လိသည် မျက်မှောင်ကြုတ်လိုက်ပြီး ဝိညာဉ်သွေဖယ်ခြင်းအရှင် ကို လှမ်းမေးလိုက်၏။

“မြို့စားကြီးနန်းလုံရဲ့ ခန္ဓာကိုယ်ကို ပိုင်စိုးထားတဲ့ အဲ့ဒီအရာက ခင်ဗျား ပြောခဲ့ဖူးတဲ့ ရှေးဟောင်းမိစ္ဆာတွေထဲက တစ်ကောင်များ ဖြစ်နေမလား”

သူက ကဲ့ရဲ့လှောင်ပြောင်လိုသော လေသံ အရိပ်အယောင်အချို့ဖြင့် ပြန်လည်ဖြေကြားလာသည်။ “ရှေးဟောင်းမိစ္ဆာတစ်ကောင်ကလွဲလို့ အခြားဘယ်အရာကများ ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်နိုင်ပါ့မလဲ။ ဒါပေမဲ့လည်း သူက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်လုံးကို အသက်လွတ်ပြေးအောင် လုပ်နိုင်စွမ်း ရှိနေတာကို ကြည့်ရင် ဒီရှေးဟောင်းမိစ္ဆာဟာ ရှေးဟောင်းမိစ္ဆာကမ္ဘာထဲမှာတင် အတော်လေး မြင့်မားတဲ့ အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ပုံပဲ။ တကယ်လို့ မင်းသာ သူ့ကို တစ်ယောက်တည်း ရင်ဆိုင်ရမယ်ဆိုရင် သူက သူ့ရဲ့ မူလခန္ဓာကိုယ်အစစ်ကို အသုံးမပြုထားဘူးဆိုဦး မင်းအတွက် အနိုင်ရနိုင်ခြေက အတော်လေး နိမ့်ပါးလွန်းတယ်”

ဟန်လိသည် ခါးသီးစွာ ပြုံးလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်မိ၏။ “ခင်ဗျားက ကျုပ်ကို ဒီကနေ ချက်ချင်း ထွက်ပြေးဖို့အတွက် သတိမပေးခဲ့တာက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ကျုပ်ကလည်း အဲ့ဒီအရာကို တစ်ယောက်တည်း ထွက်တိုက်ဖို့အတွက် စိတ်ကူးမျိုး လုံးဝ မရှိပါဘူး။ ဒါပေမဲ့လည်း လောကကြီးက တကယ်ကို ရှုပ်ထွေးပွေလီလှတာပဲ။ မြို့စားကြီးနန်းလုံလို ပုဂ္ဂိုလ်တစ်ဦးတောင်မှ ဒီလိုမျိုး ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားခဲ့ရတာဆိုတော့လေ”

ဝိညာဉ်သွေဖယ်ခြင်းအရှင်က နှာခေါင်းရှုံ့လိုက်ပြီး ဆိုလိုက်သည်။

“ကျင့်ကြံမှုအဆင့်တစ်ခုတည်းကိုပဲ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းလို ကျင့်ကြံသူ လေးယောက် ပေါင်းရင်တောင်မှ ခန္ဓာကိုယ်ပိုင်စိုးထားတဲ့ ရှေးဟောင်းမိစ္ဆာတစ်ကောင်ကို ယှဉ်နိုင်မဲ့ အခွင့်အရေး လုံးဝမရှိပါဘူး။ ဒါပေမဲ့ မင်းရဲ့ လက်ထဲမှာ ရှိနေတဲ့ ထူးခြားလှတဲ့ မှော်ရတနာတွေနဲ့ လျှို့ဝှက်အတတ်ပညာတွေကြောင့် မင်းအတွက် လွတ်မြောက်နိုင်မည့် အခွင့်အရေးက အတော်လေး ကောင်းမွန်ပါတယ်။ မင်းရဲ့လက်ထဲမှာ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးတောင် ရှိနေသေးတာပဲလေ။ မင်းက အဲ့ရှေးဟောင်းမိစ္ဆာရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုရင်တောင် သူ့လက်ကနေ လွတ်အောင် ထွက်ပြေးဖို့က မင်းအတွက် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး”

ဟန်လိသည် ပြုံးလိုက်ပြီး တစ်ခုခု ထပ်ပြောရန် ကြံစည်လိုက်စဥ်မှာပင် ခရမ်းဝိညာဉ်၏ စကားသံကို ရုတ်တရက် ကြားလိုက်ရ၏။

“အစ်ကိုဟန်… ကျမတို့ ဘာဆက်လုပ်ကြမလဲ။ ရှင်က ဝင်ပြီး တိုက်ခိုက်ဖို့ အစီအစဉ် ရှိလို့လား” ခရမ်းဝိညာဉ်သည် မြို့စားကြီးနန်းလုံ၏ မိစ္ဆာဆန်လှသော ပုံစံကို မြင်တွေ့လိုက်ရတည်းက ကြောက်လန့်လွန်းသဖြင့် စကားပင် မဟရဲဘဲ ဖြစ်နေခဲ့ရခြင်းပင်။ သည့်ပြင် သူ၏ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ပွဲစွမ်းရည်များကြောင့် သူမ၏ ရင်ထဲ၌ စိုးရိမ်ထိတ်လန့်မှုများ ပိုမို ဖြစ်ပေါ်နေသည်။

ဟန်လိက သူမကို ကြည့်ကာ ပြုံးလိုက်ပြီး တစ်ခုခု ပြန်ပြောရန် ဟန်ပြင်စဉ်မှာပင် သူ၏လက်မောင်းကို ရုတ်တရက် မြှောက်လိုက်ပြီး မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ မိုးပြာရောင် ချီစွမ်းအင်မြူခိုးတစ်လွှာ ထိုးထွက်လာပြီး ခရမ်းဝိညာဉ်၏ ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်အတွင်းသို့ ဆွဲခေါ်လိုက်၏။ ထို့နောက် သူ၏ပုံရိပ်မှာ မိုးပြာရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားသည်။

မိုးပြာရောင်အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် ဟန်လိသည် ခရမ်းဝိညာဉ်ကို သူ၏ရင်ခွင်အတွင်း ပွေ့ပိုက်ထားလျက် ရှိနေသည်ကို တွေ့ရ၏။ သူ၏မျက်နှာမှာ အလွန်လေးနက်နေပြီး အောက်ခြေရှိ နေရာတစ်ခုထံသို့ စိုက်ကြည့်နေမိသည်။ ခရမ်းဝိညာဉ်၏ ပါးလေးမှာ နီမြန်းသွားရပြီး သူ၏ရင်ခွင်အတွင်းမှ ဆတ်ခနဲ ရုန်းထွက်လိုက်ကာ ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် အောက်ခြေသို့ လှမ်းကြည့်လိုက်မိသည်။

သူတို့သည် ယခုတွင် ပိန်းပိန်းမှောင်နေသော အနက်ရောင် ပုံရိပ်တစ်ခုက ထိုနေရာတွင် ရပ်နေလျက် သူတို့နှစ်ဦးကို အေးစက်စက်ဖြင့် စိုက်ကြည့်နေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရချေပြီ။ မြို့စားကြီးနန်းလုံသည် ထိုနေရာတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်၏။

သူသည် သူတို့နှစ်ဦးကို အလစ်အငိုက် တိုက်ခိုက်ရန်အတွက် ကြံစည်ထားခဲ့ခြင်း ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဟန်လိသည် သူ၏ ကြည်လင်အမြင်ဝိညာဉ်မျက်လုံးဖြင့် ဘေးပတ်ဝန်းကျင်ကို အမှတ်မထင် လှမ်း၍ စူးစမ်းကြည့်ရှုမိခဲ့သောကြောင့်သာ သက်သာရာ ရသွားခြင်းပင်။ ခရမ်းဝိညာဉ်မှာမူ ကျောရိုးထဲအထိ စိမ့်အောင် ကြောက်လန့်သွားရပြီး ချက်ချင်းပင် အခြားဘက်သို့ အလျင်အမြန် မျက်နှာလွှဲပစ်လိုက်၏။

ထိုအခိုက်အတန့်တွင် သက်တံရောင် အလင်းတန်းကြီးကြားထဲက အနက်ရောင် ချီစွမ်းအင်လုံးမှာမူ ပြင်းထန်လှသော မီးလျှံများအောက်တွင် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုမီးလျှံများကြားထဲက ပုံရိပ်မှာ ဝေဝါးသွားပြီးနောက် အခြားသော မြို့စားကြီးနန်းလုံတစ်ဦး၏ အသွင်အပြင်ကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရပြန်၏။

ဘိုးဘေးလင်းဟူသည် အဝေးတစ်နေရာတွင် ဟန်လိ ရုတ်တရက် ပေါ်လာတာ မြင်လိုက်ရသည့်အခါ စစချင်တုန်းက အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့ရသည်။ သို့သော်လည်း အခြားသော မြို့စားကြီးနန်းလုံတစ်ဦးကိုပါ ထပ်မံ၍ မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်မူ သူ၏နှလုံးသားမှာ ချောက်နက်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်၏။ သူသည် နားမလည်နိုင်ခြင်းများနှင့်အတူ ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးအား သူတို့၏ တိုက်ခိုက်မှုများကို ခေတ္တမျှ ရပ်တန့်ထားရန်အတွက် အလျင်အမြန် လှမ်း၍ အော်ဟစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ထိုသက်တံရောင် အလင်းတန်းကြီးကြားထဲက မြို့စားကြီးနန်းလုံမှာမူ သူတို့နှစ်ဦးကို ခံစားချက်ကင်းမဲ့စွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အနက်ရောင်ချီများအဖြစ် ပြန့်ကြဲပျောက်ကွယ်သွားချေသည်။ ၎င်းမှာ ခေတ္တမျှသာ တည်ရှိနိုင်သော ကိုယ်ပွားတစ်ခုမျှသာ ဖြစ်မှန်း သေချာသွားခဲ့ပြီ မဟုတ်လား။ ဘိုးဘေးလင်းဟူနှင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြီး သူတို့နှစ်ဦးလုံး၏ မျက်လုံးထဲတွင် ကြီးစွာသော အကြောက်တရားများ ရှိနေကြသည်။

ခန္ဓာကိုယ် ကိုယ်ပွားတစ်ခု ဖန်တီးရန်မှာ ခက်ခဲလှသောအရာ မဟုတ်သော်ငြားလည်း ၎င်းကိုယ်ပွားမှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးလုံး၏ အာရုံခံစားမှုမှ လွတ်မြောက်နိုင်ခဲ့သည့် အချက်က အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူတို့နှစ်ဦးလုံးမှာ ထိုကိုယ်ပွားကိုသာ အစစ်အမှန် မြို့စားကြီးနန်းလုံဟု တစ်ချိန်လုံး ယုံကြည်မှတ်ယူထားခဲ့ကြရသည် မဟုတ်လား။ ကြည့်ရသည်မှာ ထိုရှေးဟောင်းမိစ္ဆာသည် မည်သည့်အချိန်ကတည်းကမှန်း မသိရဘဲ သူ၏ ခန္ဓာကိုယ်ကိုယ်ပွားသက်သက်ကိုသာ ထိုနေရာတွင် ချန်ထားရစ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ အကယ်၍သာ ထိုရှေးဟောင်းမိစ္ဆာသည် ဟန်လိကို အလစ်အငိုက် သွားရောက်တိုက်ခိုက်ရန်အတွက် ရည်ရွယ်ချက် ရှိမနေခဲ့ဘူးဆိုလျှင် သူတို့ကျင့်ကြံသူနှစ်ဦးထဲမှ တစ်ဦးမှာ ကျိန်းသေပေါက် တစ်ဖက်လူ၏ သားကောင် ဖြစ်သွားရလိမ့်မည်။

“တာအိုရောင်းရင်းဟန် ခင်ဗျားလည်း ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့မိဘူး။ ဒါက တကယ့်ကို ကောင်းမွန်လှတဲ့ အခြေအနေပဲ။ ဒီမိစ္ဆာကောင်က တော့်တော့်ကို အစွမ်းထက်လွန်းလှတယ်။ ကျုပ်တို့အားလုံးသာ ပူးပေါင်းပြီး အဲ့မိစ္ဆာကောင်ကို အတူတကွ ဆန့်ကျင်တိုက်ခိုက်ကြမယ်ဆိုရင်တော့ ကျုပ်တို့ အသက်ရှင်ဖို့ အခွင့်အရေး ရှိလာနိုင်လိမ့်မယ်” ဘိုးဘေးလင်းဟူက ကျယ်လောင်စွာ လှမ်း၍ အော်ဟစ်လိုက်သည်။

ဟန်လိသည် ၎င်းစကားကို ကြားရသောအခါ ခါးသီးစွာ ပြုံးမိသည်။ သူသည် မူလတုန်းက သူ၏ ကိုယ်ယောင်ဖျောက်ခြင်းအတတ်ပညာမှာ စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူများ၏ အာရုံခံစားမှုကနေပင် အလွယ်တကူ ပုန်းကွယ်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်၏။ သည့်အတွက်ကြောင့် သူသည် စိတ်အေးလက်အေးဖြင့် ထိုတိုက်ပွဲကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး ခဏအကြာမှသာ ဒီကနေ တိတ်တဆိတ် ထွက်ခွာရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ ထိုရှေးဟောင်းမိစ္ဆာက မထင်မှတ်ဘဲ သူ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိကာ သူ့ကို အလစ်လာတိုက်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ ကြည့်ရသည်မှာ ဤတိုက်ပွဲကို သူ ရှောင်လွှဲ၍ မရနိုင်တော့ပေ။

All Chapters