အခန်း ၈၄၃
Vol. 61 Ch. 843
အပိုင်း ၈၄၃ - မိစ္ဆာဝိညာဉ်နှင့် တိုက်ပွဲဆင်နွှဲခြင်း
ဟန်လိသည် ဘိုးဘေးလင်းဟူအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ခရမ်းဝိညာဉ်ဘက်သို့ လှည့်ကာ ဆိုလိုက်၏။ “ညီမရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းနေလို့ ဒီတိုက်ပွဲမှာ ကျုပ်ကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအစား အခွင့်အရေးရှိတုန်း မင်း အသက်လွတ်အောင် အမြန်ဆုံး ထွက်ပြေးတာကပဲ ပိုကောင်းမွန်ပါလိမ့်မယ်။ စိတ်မပူပါနဲ့ ကျုပ်တို့အားလုံး ဒီမိစ္ဆာကောင်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြတာဆို သူ ခင်ဗျားကို လာရောက်တိုက်ခိုက်ဖို့အတွက် အချိန်ရမှာ မဟုတ်ပါဘူး…” သူတို့ကြားက ရင်းနှီးလှသော သံယောဇဉ်များကြောင့် ဟန်လိသည် ခရမ်းဝိညာဉ်အား ချက်ချင်းပင် ထွက်ခွာသွားရန် ပြောလိုက်ခြင်းဖြစ်၏။ လာမည့် ပြင်းထန်လှသော တိုက်ပွဲအတွင်း သူမအား လိုက်လံစောင့်ရှောက်ပေးနိုင်စွမ်း မရှိသောကြောင့်ပင်။
ခရမ်းဝိညာဉ်သည် ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ နာနာခံခံဖြင့် ခေါင်းညိတ်ပြလာသည်။ “ကောင်းပါပြီ ဒါဆိုရင် ကျမ အရင်ဦးစွာ ထွက်ခွာသွားပါ့မယ်။ အစ်ကိုဟန် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦးနော်…”
ခရမ်းဝိညာဉ်က ညင်သာနူးညံ့သော လေသံဖြင့် ဆိုလိုက်ပြီး အောက်ဘက်ရှိ “မြို့စားကြီးနန်းလုံ” အား တချက်မျှ လှမ်းကြည့်သည်။ ထို့နောက် သူမက ဘိုးဘေးလင်းဟူကိုပါ လေးနက်သော အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။
ထိုအခိုက်အတန့်တွင် မြို့စားကြီးနန်းလုံသည် အဝေးသို့ ပျံသန်းသွားသော သူမအား တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီးနောက် သူ့အကြည့်က ဟန်လိထံ ချက်ခြင်းပြန်ကျရောက်လာသည်။ သူသည် ခရမ်းဝိညာဉ်အား တိုက်ခိုက်ရန်ပင် မထိုက်တန်သော ပြိုင်ဘက်တစ်ဦးအဖြစ် မှတ်ယူလိုက်ခြင်းကြောင့်လား သို့မဟုတ် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ သုံးဦးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရမှာကို ပို၍ ဒုက္ခများလှသည်ဟု ခံစားမိလိုက်ခြင်းကြောင့်လားဆိုသည်ကိုမူ မသိရချေ။
မြို့စားကြီးနန်းလုံက သူ့အား စိုက်ကြည့်နေသည်ကို မြင်ရသည့်အခါ ဟန်လိ၏ မျက်နှာအမူအရာမှာ သုန်မှုန်သွားပြီး သူ၏လက်ကို မြှောက်လိုက်ရာ သူ၏လက်မောင်းတလျှောက်တွင် သိပ်သည်းလှသော ရွှေရောင်လျှပ်စီးတန်းများစွာ ချက်ချင်း ထွက်ပေါ်လာသည်။ မိုးကြိုးသံကြီးများ ဆက်တိုက် ဟိန်းထွက်လာခြင်းနှင့်အတူ သူ၏ လက်မောင်းတစ်ခုလုံးတွင် စူးရှတောက်ပလှသော လျှပ်စီးအလင်းတန်းများ ဝန်းရံသွားချေ၏။
ထိုရှေးဟောင်းမိစ္ဆာ၏ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းရည်များကို သိရှိထားသဖြင့် ဟန်လိသည် တစ်ဖက်လူ၏ အစွမ်းအစကို စမ်းသပ်ကြည့်နေရန် လုံးဝ ဆန္ဒမရှိဘဲ ဒဏ္ဍာရီလာ မကောင်းဆိုးဝါးများနှင့် မိစ္ဆာများကို ချိုးနှိမ်ရာတွင် အလွန်ပင် ကျော်ကြားလှသော နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို ချက်ချင်းပင် ထုတ်ဖော်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ အမှန်အတိုင်း ဆိုရပါမူ ဟန်လိသည် ၎င်းလျှပ်စီးစွမ်းအားမှာ မိစ္ဆာများ၏ ဆိုးယုတ်လှသော မိစ္ဆာအတတ်ပညာများအပေါ် မည်မျှထိ သက်ရောက်မှု ရှိမလဲဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ်ကြည့်ခွင့် မရဖူးသေးသဖြင့် စိတ်နည်းနည်းပျက်ခဲ့ဖူးသည်။ ထိုရှေးဟောင်းမိစ္ဆာသည် အလွန်တရာ အစွမ်းထက်လှသည် ဆိုဦး ဟန်လိကမူ သူ၏ ရွှေရောင်လျှပ်စီးစွမ်းအားဖြင့် ထိုမိစ္ဆာကို ချိုးနှိမ်နိုင်စွမ်း ရှိမည်ဟု အကြွင်းမဲ့ ယုံကြည်မှု ရှိနေပေသည်။
မြို့စားကြီးနန်းလုံသည် ဟန်လိ၏ လက်မောင်းပေါ်၌ တဖြတ်ဖြတ် လင်းလက်ကခုန်နေသော ရွှေရောင်လျှပ်စီးတန်းများကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွား၏။
သူက ဟန်လိကို စိုက်ကြည့်နေရင်း နောက်ဆုံး၌ အေးစက်လှသော လေသံဖြင့် စကားဆိုလာသည်။ “ကျုပ် ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ဟောင်း ချန်ထားခဲ့တဲ့ လက်ကျန်မှတ်ဉာဏ်တွေထဲကနေ မင်းကို မှတ်မိတယ်။ ကျုပ် အသေးစိတ် အချက်အလက်တွေကို သေချာမသိရပေမဲ့ ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်ဟောင်းဟာ မင်းအပေါ်မှာ အထင်ကြီးမှု ရှိနေခဲ့တာပဲ။ အခု ကျုပ် ကြည့်လိုက်ရုံနဲ့တင် သူ့ရဲ့ ထင်မြင်ချက်က မှန်ကန်ကြောင်း သိလိုက်ရပြီ။ မင်းက ကျုပ်ရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ရုံတင်မကဘူး အတိတ်တုန်းက ကျုပ်တို့ မိစ္ဆာတွေကို ကြီးစွာ ဒုက္ခပေးခဲ့ဖူးတဲ့ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကိုပါ ထိန်းချုပ်အသုံးပြုနိုင်စွမ်း ရှိနေတာကိုး။ ကြည့်ရတာ ကျုပ် မင်းကို ကိုင်တွယ်ဖို့အတွက် ဝိညာဉ်စွမ်းအား အတော်လေး သုံးစွဲရမယ့်ပုံပဲ…”
ဟန်လိသည် ဤသည်ကို ကြားရသောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူ၏လက်မောင်းပေါ်ရှိ ရွှေရောင်လျှပ်စီးတန်းများမှာ ပိုမိုပြင်းထန်စွာ တောက်ပလာသည်။ ထိုအချိန်မှာပင် သူ၏ အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ မိုးပြာရောင် ဒိုင်းကာအသေးစားတစ်ခုသည် သူ၏ရှေ့မှောက်တွင် ပေါ်ထွက်လာပြီးနောက် ၎င်းသည် သူ၏ပတ်လည်တွင် လည်ပတ်လျက် မိုးပြာရောင် အလင်းအရံအတားတစ်ခုအဖြစ် ချက်ချင်း အသွင်ပြောင်းလဲသွား၏။
ဟန်လိသည် မြို့စားကြီးနန်းလုံကို ဆန့်ကျင်ရန်အတွက် အလျင်အမြန် လှုပ်ရှားလိုက်ကာ မိမိကိုယ်ကို အကာအကွယ် ပြုလုပ်လိုက်သည်ကို မြင်ရသောအခါ ဘိုးဘေးလင်းဟူနှင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတို့သည် တစ်ဦးကိုတစ်ဦး ဝမ်းမြောက်ဝမ်းသာဖြင့် လှမ်းကြည့်လိုက်မိကြသည်။ ဟန်လိ၏ ခုလက်ရှိ ဂုဏ်သတင်းမှာ အလွန်ပင် ကြီးမားလှပြီး စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့် ကျင့်ကြံသူများနှင့်ပင် ရင်ပေါင်တန်းနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေသည် မဟုတ်လား။ သည့်အတွက်ကြောင့် သူတို့နှစ်ဦးစလုံးမှာ ချက်ချင်းပင် တစ်ဦးကိုတစ်ဦး ဝိညာဉ်အသံလွှင့်ကာ တိုင်ပင်လိုက်ကြပြီး ဟန်လိအား ကူညီပေးနိုင်ရန်အတွက် ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာခဲ့ကြသည်။
မြို့စားကြီးနန်းလုံသည် ဟန်လိက သူ၏ ရန်စစကားများကြောင့် တုန်လှုပ်ခြင်းမရှိဘဲ မြဲမြံစွာ ရပ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာချေ၏။ သူက မြေပြင်ကို တိတ်တဆိတ် နင်းခြေလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ၎င်းနေရာတွင် ဝေဝါးလှသော ပုံရိပ်ယောင်တစ်ခုကိုသာ ချန်ထားရစ်ခဲ့သည်။
ဟန်လိ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏ရင်ထဲ၌မူ အေးစိမ့်စိမ့် ခံစားချက်တစ်ခုကြောင့် တုန်လှုပ်သွားရပြီး သူ၏ စိတ်ကို သတိအနေအထားဖြင့် အစွမ်းကုန် ပြင်ဆင်လိုက်၏။ သူသည် သူ၏ စိတ်ဝိညာဉ်အာရုံကို ဘေးပတ်ဝန်းကျင်သို့ အလျင်အမြန် ဖြန့်ကြက်လိုက်သော်လည်း မျှော်လင့်ထားသည့်အတိုင်းပင် ထိုရှေးဟောင်းမိစ္ဆာ၏ မည်သည့်သဲလွန်စကိုမျှ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ချေ။ ထိုသူ၏ ကိုယ်ယောင်ဖျောက်ခြင်း အတတ်ပညာတစ်ခုတည်းနှင့်တင် သာမန်ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်ပစ်ရန် လုံလောက်နေသည်။
ယင်းအတွေးနှင့်အတူ ဟန်လိသည် မျက်လုံးများကို မှေးစင်းလိုက်မိပြီး သူ၏ မျက်လုံးများထံမှ မိုးပြာရောင်အလင်းတန်းများ ဖြာထွက်လာကာ ကျွမ်းကျင်လှသော လှုပ်ရှားမှုများနှင့်အတူ ကြည်လင်အမြင်ဝိညာဉ်မျက်စိကို ချက်ချင်း အသက်သွင်းလိုက်သည်။ ယင်းနောက် သူသည် သူ၏လက်မောင်းကို ရုတ်တရက် မြှောက်လိုက်ပြီး ဗလာဖြစ်နေသော နေရာတစ်ခုထံသို့ ရွှေရောင်လျှပ်စီးတန်းတစ်ခုကို ပစ်လွှတ်လိုက်ချေ၏။ ၎င်းလျှပ်စီးတန်းမှာ လေထုထဲ၌ ဖြတ်သန်းသွားစဉ်မှာပင် တဝုန်းဝုန်း မြည်ဟီးသံများနှင့်အတူ ဧရာမ လျှပ်စီးကွန်ရက်ကြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲသွားသည်။
သည့်နောက်တွင်မူ အလွန်ထူးဆန်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပွားလာ၏။ ဗလာဖြစ်နေသော လေထုထဲမှ အနက်ရောင်အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားပြီး မြို့စားကြီးနန်းလုံ၏ ပုံရိပ် ပေါ်ထွက်လာခြင်းပင်။ သူသည် သူ၏ဦးခေါင်းထက်သို့ ရွှေရောင်လျှပ်စီးကွန်ရက်ကြီး ရက်စက်စွာ ကျဆင်းလာတာကို မြင်လိုက်ရသောအခါ ရင်ထဲ၌ ကြီးစွာ ထိတ်လန့်သွားရသော်လည်း ခဏအကြာတွင် သူ၏မျက်နှာထက်၌ ခက်ထန်တင်းမာသော အမူအရာ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ကို ဝေဝါးသွားစေရာ ထိုလျှပ်စီးကွန်ရက်ကြီးမှာ သူ၏ ပုံရိပ်တစ္ဆေပေါ်သို့သာ ကျရောက်သွားခဲ့ရ၏။ မြို့စားကြီးနန်းလုံ၏ ခန္ဓာကိုယ်အစစ်မှာမူ သဲလွန်စမရှိ ပျောက်ကွယ်သွားပြန်ပြီ ဖြစ်သည်။
ဟန်လိသည် ဤသည်ကို မြင်သောအခါ အံကြိတ်လိုက်၏။ သူ၏မျက်လုံးများထံမှ မိုးပြာရောင်အလင်းတန်းများကို ဆက်လက်ဖြာထွက်စေလျက် သူက ဘေးဘက်သို့ လှမ်းကြည့်လိုက်ပြီး အခြားလက်တစ်ဖက်ကို မြှောက်ကာ အခြားလားရာတစ်ခုထံသို့ လက်ညွှန်လိုက်ပြန်သည်။ မိုးကြိုးသံကြီးများ ကျယ်လောင်စွာ ဟိန်းထွက်လာခြင်းနှင့်အတူ သူ၏လက်ထဲကနေ သိပ်သည်းလှသော ရွှေရောင်လျှပ်စီးတန်းတစ်ခု ထိုးထွက်သွားပြီး ပေခြောက်ဆယ်ခန့်အကွာရှိ ဗလာဖြစ်နေသော လေထုတစ်ခုကို အပြင်းအထန် ရိုက်ခတ်လိုက်၏။
ထိုရွှေရောင်လျှပ်စီးတန်း လေထဲတွင် ဖြတ်သန်းသွားသည့် အခိုက်အတန့်မှာပင် မြို့စားကြီးနန်းလုံ၏ ပုံရိပ်သည် ၎င်း၏လမ်းကြောင်းတည့်တည့်တွင် မထင်မှတ်ဘဲ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သူက သူ့ထံသို့ တဟုန်ထိုး တိုးဝင်လာနေသော ထိုမိုးကြိုးလျှပ်စီးကို ကြောင်တောင်တောင်ဖြင့်သာ စိုက်ကြည့်နေမိ၏။
မြို့စားကြီးနန်းလုံသည် ရင်ထဲ၌ နောက်တစ်ကြိမ် ထိတ်လန့်သွားမိပြန်သည်။ ဟန်လိအနေဖြင့် သူ၏ တည်နေရာကို တစ်ကြိမ်လောက် ကြိုတင်ခန့်မှန်းနိုင်ခြင်းမှာ ကံကောင်းခြင်းသက်သက်ဟု ယူဆနိုင်ဦးမည် ဖြစ်သော်လည်း ဒုတိယအကြိမ်တွင်ပါ ထပ်မံ၍ တိတိကျကျ ရှာဖွေတွေ့ရှိနိုင်ခြင်းမှာမူ တိုက်ဆိုင်မှုတစ်ခု လုံးဝ မဖြစ်နိုင်ပေ။ ထိုလူငယ်သည် သူ၏ လှုပ်ရှားမှုအားလုံးကို အမှန်တကယ် ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်၏။
ဤတစ်ကြိမ်တွင် ဟန်လိ၏ တိုက်ခိုက်မှုအချိန်ကိုက်မှာ အလွန်ပင် ကောင်းမွန်လှသဖြင့် မြို့စားကြီးနန်းလုံအနေဖြင့် ရှောင်တိမ်းရန် လုံးဝ အချိန်မရှိပေ။ သူသည် ပါးစပ်ကို ဖွင့်ကာ အနီရင့်ရောင် မိစ္ဆာမီးလျှံလုံးတစ်ခုကို ထွေးထုတ်လိုက်ပြီး ထိုရွှေရောင်လျှပ်စီးတန်းများကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လိုက်ရုံသာ တတ်နိုင်၏။
ခပ်သာသာ မြည်ဟိန်းသံတစ်ခုနှင့်အတူ အနီရင့်ရောင် မီးလျှံများနှင့် ရွှေရောင်လျှပ်စီးတန်းများမှာ တဖြတ်ဖြတ် လင်းလက်သွားပြီးနောက် မီးနှင့်ရေခဲတို့အလား အချင်းချင်း ချေဖျက်ပစ်ကြရင်း အခိုးအငွေ့များအဖြစ် ပြန့်ကြဲပျောက်ကွယ်သွားကြသည်။
“ဟင်…” ဤတစ်ကြိမ်တွင်မူ ဟန်လိ အံ့အားသင့် ထိတ်လန့်သွားရသည့် အလှည့်ပင်။ ထိုရှေးဟောင်းမိစ္ဆာထံ၌ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကိုပင် ဟန့်တားနိုင်စွမ်းရှိသော ဤကဲ့သို့ ထိတ်လန့်စရာကောင်းလှသည့် အနီရင့်ရောင် မိစ္ဆာမီးလျှံများ ရှိနေလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။
သို့သော်လည်း ဟန်လိ၏ ဂရုတစိုက် စောင့်ကြည့်စစ်ဆေးမှုအောက်တွင်မူ ထိုမိစ္ဆာမီးလျှံလုံး ပေါက်ကွဲပြန့်ကြဲသွားသည့် အခိုက်အတန့်တွင် မြို့စားကြီးနန်းလုံ၏ မျက်နှာမှာ မသိမသာ ဖြူလျော့သွားခဲ့မှန်း သတိပြုမိလိုက်၏။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မူလအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်ဆိုလျှင်ပင် ၎င်းအနီရင့်ရောင် မိစ္ဆာမီးလျှံများမှာ သူ၏ အသက်ဓာတ် သို့မဟုတ် စိတ်ဝိညာဉ်အနှစ်သာရများနှင့် ကြီးကြီးမားမား ဆက်နွှယ်ပတ်သက်နေမှန်း ထင်ရှားသည်။
ဟန်လိအနေဖြင့် ဤအားနည်းချက်ကို မည်သို့ အမိအရ အခွင့်ကောင်းယူရမလဲဆိုသည်ကို မစဉ်းစားရသေးမီမှာပင် မြို့စားကြီးနန်းလုံသည် ခန္ဓာကိုယ်ကို ရုတ်တရက် အောက်သို့ ကုန်းလိုက်ပြီး ထူးဆန်းစွာဖြင့် ဆန့်ထွက်လျက် ရှေ့သို့ လျှပ်စီးကဲ့သို့ ပြေးဝင်လာချေသည်။ သူ၏ ပုံဟန်မှာ အရိုးမရှိသော လူတစ်ယောက်အလား ထင်ရ၏။ သူက ဟန်လိ၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်ကာ မိစ္ဆာချီစွမ်းအင်များ ဖုံးလွှမ်းထားသော သူ၏လက်သီးချက်များဖြင့် ဟန်လိအား ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ရန် ကြိုးစားသည်။
ဟန်လိ၏အမူအရာမှာ တစ်ချက်လေးမှ ပြောင်းမသွား။ သူက နောက်သို့ ခြေတစ်ဝက်မျှ ဆုတ်လိုက်၏။ သူ၏ကျောပြင်ထံမှ မိုးကြိုးသံကြီးတစ်သံ ကျယ်လောင်စွာ ဟိန်းထွက်လာခြင်းနှင့်အတူ ငွေဖြူရောင် တောင်ပံတစ်စုံ ရုတ်တရက် ပေါ်ထွက်လာသည်။ သည့်နောက်တွင်မူ နောက်ထပ် မိုးကြိုးမြည်ဟီးသံတစ်ခုနှင့်အတူ သူသည် ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နေရာမှ ဖြတ်ခနဲ ပျောက်ကွယ်သွား၏။
မြို့စားကြီးနန်းလုံသည် ဤသည်ကို မြင်လိုက်ရသောအခါ ခဏမျှ ဆွံ့အသွားပြီးမှ အေးစက်စွာ ပြုံးလိုက်မိသည်။
“လျှပ်စီးရွှေ့လျားမှုအတတ်ပညာလား။ ကြည့်ရတာ မင်းက အတော် ပညာစုံသားပဲ။ ဒါပေမဲ့လည်း သနားစရာပါပဲ…ဟားဟား…”
သူက အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အနက်ရောင် မြူခိုးများအဖြစ် အသွင်ပြောင်းလဲကာ နေရာမှ တစ်ခါတည်း ပျောက်ကွယ်သွားပြန်သည်။
ထိုတိုက်ခိုက်မှုနှစ်ခုနှင့် တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားမှုများ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။
ဘိုးဘေးလင်းဟူနှင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတို့သည် ဤအပြန်အလှန် တိုက်ခိုက်မှုများကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ မှော်ရတနာများကို အသုံးပြု၍ ဟန်လိအား ချက်ချင်း ကူညီပေးရန် ကြံစည်လိုက်ကြသော်လည်း တိုက်ပွဲအတွင်းသို့ ဝင်ရောက်စွက်ဖက်နိုင်မည့် အခွင့်အရေးကောင်းတစ်ခုကိုမူ ရှာမတွေ့နိုင်ဘဲ ဖြစ်နေသည်။ အခုခါတွင် မြို့စားကြီးနန်းလုံနှင့် ဟန်လိတို့နှစ်ဦးစလုံး မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်ရာ ဘိုးဘေးလင်းဟူနှင့် ထိုအမျိုးသမီးတို့သည်လည်း တစ်ဦးကိုတစ်ဦး အကူအညီမဲ့စွာဖြင့်သာ လှမ်းကြည့်မိကြရုံ ရှိ၏။ သည့်နောက် သူတို့သည် ပိုမို၍ သတိကြီးစွာ ထားလိုက်ကြပြီး မြို့စားကြီးနန်းလုံ၏ အလစ်ချောင်းတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန်အတွက် သူတို့၏ အကာအကွယ်ရတနာများကို ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလျင်အမြန် ထုတ်ဖော်လိုက်ကြသည်။ အဆုံးမှာ သူတို့နှစ်ဦးထံ၌ ဟန်လိကဲ့သို့ ထူးကဲလှသော စွမ်းရည်များ ရှိမနေသဖြင့် မြို့စားကြီးနန်းလုံ၏ ကိုယ်ယောင်ဖျောက်ခြင်းအတတ်ပညာကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိကြချေ။
ထိုအခိုက်အတန့်တွင် မိုးကြိုးသံကြီးတစ်ခု ကျယ်လောင်စွာ ဟိန်းထွက်လာပြီး ဟန်လိသည် သူ၏ မူလနေရာနှင့် ပေတစ်ရာ့ရှစ်ဆယ်ကျော် ဝေးကွာသော နေရာတစ်ခုတွင် ဖြတ်ခနဲ ပြန်ပေါ်လာသည်။ သို့သော်လည်း သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏အနောက်တွင် အနက်ရောင်ချီများ ထွက်ပေါ်လာပြီးနောက် မြို့စားကြီးနန်းလုံ၏ ပုံရိပ်သည်လည်း ကပ်လျက် ပေါ်ထွက်လာ၏။ သူ၏မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ရှိနေပြီး ဟန်လိ၏ ခန္ဓာကိုယ်ပေါ်သို့ သူ၏လက်သီးချက်များဖြင့် အပြင်းအထန် ထိုးနှက်တိုက်ခိုက်ပစ်သည်။
ဟန်လိသည် နောက်သို့ လှည့်ကြည့်ချိန်မရသော်လည်း သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဖြစ်ပျက်သွားသမျှ အရာအားလုံးကို ချက်ချင်း သိရှိသည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုမှာ မြန်ဆန်လွန်းလှသဖြင့် သူသည် လျှပ်စီးရွှေ့လျားမှုအတတ်ပညာကို အသုံးပြု၍ ထွက်ပြေးရန် လုံးဝ အချိန်မရှိပေ။ သူသည် သူ၏ စိတ်ဝိညာဉ်အာရုံအားလုံးကို မိုးပြာရောင်အလင်းဒိုင်းကာထံသို့သာ အစွမ်းကုန် ပို့လွှတ်လိုက်ပြီး ထိုတိုက်ချက်ကို ခုခံရန်အတွက်သာ တတ်နိုင်၏။
ဟန်လိ၏ အလျင်စလိုဖြစ်သွားသော ထွက်ပြေးရန် ဆုံးဖြတ်ချက်မှာ မြို့စားကြီးနန်းလုံအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်သွားခဲ့ရချေပြီ။ ဟန်လိစိတ်ထဲ အံ့အားသင့်မိ၊ တုန်လှုပ်မိနေလေပြီ။ သူ့အနေဖြင့် မြို့စားကြီးနန်းလုံက ခုလောက် မြန်လိမ့်မည်ဟု မထင်ထားမိခဲ့သောကြောင့်ပင်။
ဗုန်းခနဲ ဗုန်းခနဲ လက်သီးချက်များ ကျဆင်းလာသည်။
ဟန်လိသည် ခုလေးတင် ဘိုးဘေးလင်းဟူ ကြုံတွေ့ခဲ့ရသော အခြေအနေဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းလိုက်ရပြီ။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မိုးပြာရောင် အလင်းအရံအတားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူသည် နောက်သို့ လွင့်ထွက်သွားရ၏။ သူ စုစည်းရန် ကြိုးစားနေသမျှ ဝိညာဉ်စွမ်းအား အများစုမှာလည်း မြို့စားကြီးနန်းလုံ၏ လက်သီးချက်နှစ်ချက်ကြောင့် ချက်ချင်းပင် ပြန့်ကြဲပျောက်ကွယ်သွားခဲ့ရသဖြင့် လျှပ်စီးရွှေ့လျားမှုအတတ်ပညာကို ထပ်မံထုတ်ဖော်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
မြို့စားကြီးနန်းလုံသည် အရူးအမူး ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်သော လေမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲကာ ဟန်လိနောက်သို့ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးသည်။ သူက ဟန်လိ၏ ခန္ဓာကိုယ်ပေါ်သို့ သူ၏ လက်သီးချက်များကို မိုးရွာသကဲ့သို့ တရစပ် ထိုးနှက်ရန်အတွက် ပြင်ဆင်လိုက်ခြင်းပင်။
ဟန်လိသည် လေထုထဲတွင် လွင့်ထွက်နေလျက် မိမိ၏ ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိသော်လည်း သူ၏မျက်နှာထက်တွင်မူ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် မည်သည့်စိတ်ခံစားချက် အရိပ်အယောင်မျှ ရှိမနေခဲ့ချေ။ ဘိုးဘေးလင်းဟူ ကြုံတွေ့ခဲ့ရသော ဒုက္ခဆိုးကြီးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်၍ သူသည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။ သူသည် သူ၏ ဝိညာဉ်စွမ်းအားများကို မစုစည်းနိုင်ဘူး ဆိုလျှင်ပင် ထိုရှေးဟောင်းမိစ္ဆာကို ဆန့်ကျင်တိုက်ခိုက်နိုင်မည့် အခြားသော လျှို့ဝှက်နည်းလမ်းကောင်းများစွာ ရှိနေသေးသည် မဟုတ်လား။
သူ၏ခန္ဓာကိုယ်မှာ ထုံကျင်သွားပြီး ခွန်အားကင်းမဲ့နေသယောင် ရှိသော်ငြားလည်း သူသည် မကြာမီမှာပင် ကိုယ့်လက်ကိုကို ပြန်လည်၍ အာရုံခံမိလိုက်ပြီးနောက် ခါးရှိ ဝိညာဉ်သားရဲအိတ်တစ်ခုကို မြို့စားကြီးနန်းလုံရှိရာ အရပ်ထံသို့ ပစ်လွှတ်လိုက်သည်။
မြို့စားကြီးနန်းလုံအနေဖြင့် ဘာဖြစ်သွားမှန်း မသိရသေးမီမှာပင် ထိုအိတ်ထဲကနေ ရုတ်တရက် ကျယ်လောင်လှသော တဝီဝီ မြည်ဟီးသံကြီးများ ထွက်ပေါ်လာချေပြီ။ ရွှေဝါးမြိုခြင်းပိုးတောင်မာများစွာသည် အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာပြီး တိမ်တိုက်ကြီးတစ်ခုအသွင် ဖွဲ့စည်းလိုက်ကာ ရှေ့သို့ တဟုန်ထိုး တိုးဝင်လာနေသော သူ့အား အပြည့်အဝ ဝန်းရံပိတ်လှောင်လိုက်ကြသည်။ သူသည် ၎င်းရွှေဝါးမြိုခြင်းပိုးတောင်မာများကို မှတ်မိခြင်း မရှိသော်လည်း ၎င်းတို့ထံမှ ထွက်ပေါ်နေသော ရှေးဟောင်းခေတ်ဦးကာလက ထူးခြားဆန်းပြားလှသည့် အင်းဆက်များ၏ အရှိန်အဝါကို ထောက်လှမ်းမိလိုက်သဖြင့် ရုတ်တရက် ရင်ထဲ၌ ကြောက်လန့်မှုများ ဖြစ်ပေါ်လာရ၏။ သူသည် ပေါ့ပေါ့ဆဆ မပြုဝံ့ဘဲ လေထုထဲသို့ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မီးခိုးဖြူရောင် မီးလျှံများ ဖုံးလွှမ်းနေသော အစိမ်းရောင် တစ္ဆေလက်သည်းကြီးတစ်ဖက် ထွက်ပေါ်လာပြီး ထိုရွှေဝါးမြိုခြင်းပိုးတောင်မာများကို ဖယ်ရှားပစ်ရန်အတွက် အပြင်းအထန် ရိုက်ချပစ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေဝါးမြိုခြင်းပိုးတောင်မာ အများစုမှာ ထိုတစ္ဆေလက်သည်းကြီး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီးနောက် မကြာမီမှာပင် ထိုမီးခိုးဖြူရောင် မီးလျှံများမှာ မီတာအနည်းငယ်ခန့်အထိ တောက်လောင်လာ၏။ ထိုတစ္ဆေလက်သည်းကြီး၏ ဖမ်းဆုပ်ခြင်းကို မခံလိုက်ရသော ကျန်ရှိနေသည့် ပိုးတောင်မာများမှာလည်း ထိုမီးလျှံများကြားထဲတွင် ပိတ်မိနေကြချေပြီ။ မြို့စားကြီးနန်းလုံသည် ဤမြင်ကွင်းကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး ဟန်လိထံသို့ နောက်တစ်ကြိမ် လှမ်းလာပြန်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် နောက်ဆုံး၌ တိုက်ခိုက်ရန် အခွင့်အရေးကောင်းတစ်ခုကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။ သူမသည် သူမ၏ ကြေးမုံကို အသက်သွင်းလိုက်ရာ သက်တံရောင် အလင်းတန်းကြီးတစ်ခု ပေါ်ထွက်လာပြီး မြို့စားကြီးနန်းလုံကို တစ်ဖန် ပြန်လည်၍ အပြည့်အဝ ဖုံးအုပ်ပိတ်လှောင်ပစ်လိုက်၏။ သည့်အပြင် ဘိုးဘေးလင်းဟူသည်လည်း သူ၏ဦးခေါင်းထက်တွင် မျောလွင့်နေသော အဖြူရောင်ကွင်းတစ်ခုထံ လက်ညွှန်လိုက်ချေသည်။ ၎င်းမှာ တဖြတ်ဖြတ် လင်းလက်သွားပြီးနောက် မြို့စားကြီးနန်းလုံထံသို့ တရကြမ်း ထိုးနှက်တိုက်ခိုက်၏။
မြို့စားကြီးနန်းလုံသည် ဤသည်ကို မြင်လိုက်ရသောအခါ အလွန်ပင် ဒေါသထွက်သွားရပြီး ခန္ဓာကိုယ်ကို ဝေဝါးသွားစေကာ ထိုသက်တံရောင် အလင်းတန်းကြီးကို အလွယ်တကူပင် ရှောင်တိမ်းလိုက်သည်။ ထိုသက်တံရောင် အလင်းတန်းမှာ ကိုင်တွယ်ရခက်ခဲလှသောအရာ ဖြစ်သည်ဆိုဦး ၎င်းသည် မိမိ၏ ခန္ဓာကိုယ်နှင့် ထိခိုက်မိခြင်းမရှိသရွေ့ သူ၏အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ ရှိလာနိုင်မည် မဟုတ်ပေ။ နို့နှစ်ရောင်ကွင်းမှာ ကျိန်းသေပေါက် ချိပ်ပိတ်ခြင်းကို အထူးပြုထားသည့် ရတနာတစ်ပါး ဖြစ်၏။ သို့ဖြစ်၍ ၎င်းသည်လည်း မိမိ၏ ခန္ဓာကိုယ်နှင့် ထိခိုက်မိခြင်းမရှိပါက သူ၏အပေါ် မည်သည့်ဆိုးကျိုးမျှ ဖြစ်ပေါ်စေနိုင်မည် မဟုတ်ချေ။
မြို့စားကြီးနန်းလုံသည် ထိုသို့ တွေးတောလိုက်ပြီးနောက် သူ၏ အကြည့်များကို ဟန်လိထံသို့ ချက်ချင်း ပြန်လည်ရွှေ့ပြောင်းလိုက်ပြီး သူ့ထံသို့သာ ဆက်လက်ဦးတည်လာခဲ့သည်။ သူ၏အမြင်အရဆိုလျှင် ဟန်လိနှင့် သူ၏ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကသာ သူ့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်။
သို့သော်ငြားလည်း ဟန်လိသည် သူ၏ အလင်းအရံအတားအတွင်း၌ အလကားနေနေခြင်း မဟုတ်ပါ။ သူသည် ခါးရှိ အခြားသော ဝိညာဉ်သားရဲအိတ်တစ်ခုကို ပုတ်၏။ သူ၏ အမိန့်ပေးစေခိုင်းမှုအောက်တွင် ရုပ်သေးရုပ် ဆယ်ခုကျော်မှာ ထွက်ပေါ်လာခဲ့ပြီး မြို့စားကြီးနန်းလုံ၏ လမ်းကြောင်းကို အပြည့်အဝ ပိတ်ဆို့ထားလိုက်ကြ၏။
ထိုရုပ်သေးရုပ် တစ်ခုချင်းစီမှာ မီတာနှစ်ဆယ်ခန့် ရှည်လျားပြီး လူသားခန္ဓာကိုယ်နှင့် ကျားဦးခေါင်းများကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ လက်များကို လှုပ်ခါလိုက်ခြင်းနှင့်အတူ လက်သည်းခွံများထံမှ လက်မအနည်းငယ်ခန့် ရှည်လျားသော အလင်းတန်း ဆယ်ခုကျော်မှာ စူးရှစွာ လင်းလက်တောက်ပလာသည်။