အခန်း ၈၄၄
Vol. 61 Ch. 844
အပိုင်း ၈၄၄ - ရှေ့မှနေ၍
မြို့စားကြီးနန်းလုံသည် ကျားနတ်ဆိုးရုပ်သေးရုပ်များ၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိသွားသဖြင့် စဦး၌ အနည်းငယ် အံ့အားသင့်သွားရသော်လည်း တိုက်ခိုက်မှုကိုမူ တစိုးတစိမျှ ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်၍ အားသွန်ခွန်စိုက် တိုးဝင်လာခဲ့၏။
ထိုရုပ်သေးရုပ်ဆယ်ကောင်ကျော်က အဖြူရောင် အလင်းတန်းများ ဖြတ်ခနဲ လင်းလက်သွားပြီးနောက် တစ်ပြိုင်နက်တည်း လှုပ်ရှားသည်။ သူတို့၏ ပုံရိပ်များမှာ ဝေဝါးသွားပြီး မြို့စားကြီးနန်းလုံ၏ ပတ်လည်တွင် ချက်ချင်း ဝိုင်းအုံပိတ်ဆို့လိုက်ကြကာ ၎င်းထံသို့ အလင်းလက်သည်းချက်များဖြင့် တရစပ် ကုတ်ခြစ်တိုက်ခိုက်လေ၏။
မြို့စားကြီးနန်းလုံ၏ မျက်နှာအမူအရာမှာ ခက်ထန်တင်းမာသွားပြီး မာန်သွင်းအော်ဟစ်လိုက်သည်။ သူသည် ထိုရုပ်သေးရုပ်များကို အရေးစိုက်ဟန်မပြဘဲ လျစ်လျူရှုထားလျက် ရုပ်သေးရုပ်နှစ်ခု၏ လက်သည်းချက်များကို သူ၏လက်သီးဖြင့် အမြန် ပြန်လည်ခုခံလိုက်၏။
ခပ်အုတ်အုတ် မြည်ဟိန်းသံနှစ်သံ ထွက်ပေါ်လာချေသည်။ ထိုလက်သည်းချက်များသည် မိစ္ဆာချီများ ဖုံးလွှမ်းထားသော သူ၏လက်သီးများနှင့် ထိခိုက်မိသွားသည့် အခိုက်အတန့်တွင်မူ ၎င်းတို့မှာ တစစီ ကြေမွပျက်စီးသွားရ၏။ သို့သော်လည်း ဤရုပ်သေးရုပ်များမှာ သေခြင်းတရားကို ကြောက်ရွံ့ခြင်း လုံးဝမရှိကြသည့်အပြင် သူတို့ထံ၌ ပြန့်ကြဲပျောက်ကွယ်သွားရမည့် မည်သည့်ဝိညာဉ်စွမ်းအားမျှလည်း ရှိမနေခဲ့ချေ။ အေးစက်စက်အလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ထိုရုပ်သေးရုပ်နှစ်ကောင်သည် သူတို့၏ လက်သည်းချက်များကို ချက်ချင်း ပြန်လည်ကောင်းမွန်စေကာ တိုက်ခိုက်မှုကို ဆက်လက်ဆင်နွှဲပြန်သည်။
မြို့စားကြီးနန်းလုံသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မကောင်းဆိုးဝါးဆန်စွာ တဟားဟား ရယ်မောလိုက်ပြီးနောက် သူ၏လက်မောင်းများမှာ ဖြတ်ခနဲ ဝေဝါးပျောက်ကွယ်သွားကာ ခန္ဓာကိုယ်ပါ ကပ်လျက် ပျောက်ကွယ်သွား၏။ ထို့ကြောင့် အမျိုးမျိုးသော အလင်းလက်သည်းချက်များအားလုံးမှာ လေထုကိုသာ ထိမှန်သွားခဲ့ရပြီး သည့်နောက်တွင်မူ ခပ်အုတ်အုတ် မြည်ဟိန်းသံကြီးနှစ်သံ ထပ်မံထွက်ပေါ်လာသည်။
မြို့စားကြီးနန်းလုံသည် ထိုဝိုင်းရံပိတ်ဆို့မှု၏ အပြင်ဘက်တွင် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး သူ၏ လက်မောင်းတစ်ဖက်စီမှာမူ ကျားနတ်ဆိုးရုပ်သေးရုပ် တစ်ခုချင်းစီ၏ ရင်ဘတ်ကို ထွင်းဖောက်ထားလျက် ရှိနေ၏။ ရုပ်သေးရုပ်များထံ၌ နှလုံးသားဟူ၍ ရှိမနေသဖြင့် သူတို့သည် ဤပြင်းထန်လှသော ဒဏ်ရာများကို ခံစားလိုက်ရပြီးနောက် မြေပြင်ပေါ်သို့ လဲပြိုကျသွားရုံသာ ရှိသည်။ မြို့စားကြီးနန်းလုံ၏ ရက်စက်ကြမ်းကြုတ်လှသော ခွန်အားက ဟန်လိ အပင်ပန်းခံ၍ ဂရုတစိုက် သန့်စင်မွန်းမံထားခဲ့သော ကျားနတ်ဆိုးရုပ်သေးရုပ်များကို လွယ်လင့်တကူ ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ဤတိုက်ခိုက်မှုများမှာ သူ ဖြတ်သန်းသွားလာရင်း ပေါ့ပေါ့ပါးပါး လုပ်ဆောင်သွားခဲ့ခြင်းမျှသာ။ သူ၏ စစ်မှန်သော ရည်ရွယ်ချက်မှာ အဆင်သင့် မဖြစ်သေးသော ဟန်လိသာ ဖြစ်သည်။ သည့်အတွက်ကြောင့် သူသည် ကျန်ရှိနေသေးသော ရုပ်သေးရုပ်များကို ကျော်ဖြတ်ကာ ဟန်လိ၏ ရှေ့မှောက်တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာခဲ့ပြီးနောက် သူ၏လက်သီးဖြင့် ဟန်လိအား နောက်ထပ်တစ်ကြိမ် အပြင်းအထန် ထိုးနှက်ပစ်လိုက်ပြန်၏။
အကာအကွယ်အရံအတားအတွင်း၌ ရှိနေပြီး ဝိညာဉ်စွမ်းအားများကိုလည်း မစုစည်းနိုင်သေးသော်လည်း ဟန်လိသည် သူ့ထံသို့ ရက်စက်စွာ တိုးဝင်လာနေသော ထိုလက်သီးချက်ကြီးကို လုံးဝ ကြောက်ရွှံ့ဟန် မရှိပေ။ သူက ထူးဆန်းသော မျက်နှာအမူအရာဖြင့်သာ ၎င်းကို စိုက်ကြည့်နေ၏။
မြို့စားကြီးနန်းလုံသည် ဤသည်ကို မြင်လိုက်ရသောအခါ စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်သွားရသည်။ ဤအပြုအမူက ဘာကို ဆိုလိုတာလဲဟု သူ စဉ်းစားလိုက်ရုံ ရှိသေး သူ့ အနောက်နားမှ ပြင်းထန်လှသော ပေါက်ကွဲသံအမြောက်အမြား ကျယ်လောင်စွာ ထွက်ပေါ်လာချေပြီ။ သူသည် ထိတ်လန့်သွားရသဖြင့် ထပ်မံစဉ်းစားနေခြင်းမပြုဘဲ လက်သီးချက်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ကာ ခန္ဓာကိုယ်ကို ဝေဝါးသွားစေလျက် သူ၏နောက်ကွယ်တွင် ပုံရိပ်ယောင်ကိုသာ ချန်ထားရစ်ခဲ့ပြီး အသည်းအသန် ရှောင်တိမ်းလိုက်ရသည်။
နောက်တစ်ခဏတွင် မရေမတွက်နိုင်သော အစိမ်းရောင် လက်သည်းချက်များ ရုတ်တရက် ပေါ်ထွက်လာပြီး ထိုပုံရိပ်ယောင်တစ္ဆေအားလုံးကို တစစီ စုတ်ဖြဲပစ်လိုက်၏။ သည့်နောက် အစိမ်းရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားပြီးနောက် မြို့စားကြီးနန်းလုံ မူလရပ်တည်ခဲ့သော နေရာတွင် အသားအရေများ ခြောက်သွေ့နေပြီး အစိမ်းရောင် အမွှေးအမျှင်များ ဖုံးလွှမ်းထားသော မွန်းစတားတစ်ကောင် ပေါ်လာသည်။။ ၎င်းမှာ ဟန်လိ၏ ရုပ်သေးရုပ်များ၏ အကာအကွယ်အောက်တွင် တိတ်တဆိတ် ပုန်းလျှိုးကွယ်လျှိုး ရှိနေခဲ့သော မိစ္ဆာအလောင်းကောင်အရှင်ပင်။
မြို့စားကြီးနန်းလုံသည် ကျားနတ်ဆိုးရုပ်သေးရုပ်များနှင့် မိမိအား အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ရန် နီးစပ်ခဲ့သော ထိုမိစ္ဆာအလောင်းကောင်အရှင်ကို စူးစိုက်ကြည့်လိုက်မိ၏။
“သန့်စင်ထားတဲ့ အလောင်းကောင်ပါလား”
မြို့စားကြီးနန်းလုံသည် ထိုမိစ္ဆာအလောင်းကောင်အရှင်၏ ပုံစံကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်မိသည်။
ထိုအခိုက်အတန့်တွင် ကျားနတ်ဆိုးရုပ်သေးများသည် ဟန်လိ၏ ပတ်လည်တွင် အလျင်အမြန် ဝိုင်းအုံကာ အကာအကွယ်ပေးထားပြီး ဖြစ်သည်။ ထို့နောက် ဟန်လိသည် သူ၏လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး လက်ချောင်းများကို ဆန့်ထုတ်လိုက်ရာ လက်တစ်ဖက်တွင် တဖျတ်ဖျတ် လင်းလက်ကခုန်နေသော သိပ်သည်းလှသည့် လျှပ်စီးတန်းများစွာ ရှိနေပြီး အခြားလက်တစ်ဖက်တွင်မူ ခရမ်းရောင် မီးလျှံလုံးငယ်တစ်ခုကို ဆုပ်ကိုင်ထားသည်။
ထိုသို့ ပြင်ဆင်ပြီးသွားခဲ့ပြီးနောက် ဟန်လိသည် မြို့စားကြီးနန်းလုံအား မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် အေးစက်စွာ လှမ်းကြည့်လိုက်၏။
မြို့စားကြီးနန်းလုံသည် နှာခေါင်းရှုံ့လိုက်မိသည်။ ဟန်လိ၏ ဝိညာဉ်စွမ်းအားများ မူလအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်၍ သူ့အား ဆက်လက်ဖိနှိပ်ရန် ကြိုးစားနေခြင်းမှာ မည်သည့်အဓိပ္ပာယ်မှ ရှိလာမည် မဟုတ်ပေ။ သို့သော်လည်း သူ့ကို အံ့အားသင့်ထိတ်လန်စေသည့်အချက်မှာ ဟန်လိသည် ဤမျှများပြားလှသော နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို ထုတ်ဖော်ခဲ့ပြီးဖြစ်လင့်ကစား သူ၏ခန္ဓာကိုယ်အတွင်း၌ ခုထက်ထိ အရန်အင်အားများစွာ ကျန်ရှိနေသေးသည့် အချက်ပင်။
သူ ချိပ်ပိတ်ခြင်းမခံရမီ အတိတ်ကာလတုန်းက မှတ်ဉာဏ်များအရဆိုလျှင် နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးမှာ သူတို့ကဲ့သို့ ရှေးဟောင်းမိစ္ဆာများအတွက် အလွန်တရာ အန္တရာယ်ကြီးမားလှသောအရာ ဖြစ်သည်မှာ အမှန်ပင်။ သို့သော်လည်း ၎င်းလျှပ်စီးစွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိသော ရတနာများမှာမူ အလွန်တရာ ရှားပါးလှပြီး ၎င်းတို့သည် ဝိညာဉ်စွမ်းအားများ ခန်းခြောက်မသွားမီ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်သာ လျှပ်စီးကို ဆင့်ခေါ်နိုင်စွမ်း ရှိကြသည် မဟုတ်လား။
အကယ်၍သာ ထိုသို့မဟုတ်ခဲ့ပါက ရှေးဟောင်းမိစ္ဆာများ သေမျိုးလောကသို့ စတင်ကျူးကျော်ဝင်ရောက်လာခဲ့စဥ်က လူသားကျင့်ကြံသူများသည် အဘယ်ကြောင့်များ လုံးဝ အကူအညီမဲ့ခဲ့ ရပါမည်နည်း။ သို့သော်လည်း ဤလက်တွေ့အမှန်တရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ သူ၏ရှေ့မှောက်တွင် ရပ်နေသော လူငယ်မှာမူ သူ၏ခန္ဓာကိုယ်အတွင်းကနေ အကန့်အသတ်မဲ့လှသော နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို စိတ်ကြိုက် ထုတ်ယူသုံးစွဲနိုင်စွမ်း ရှိနေသည့်အလား ထင်ရခြင်းပင်။ သူသည် ၎င်းလျှပ်စီးစွမ်းအားကို စိတ်အေးလက်အေးဖြင့် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်စွမ်း ရှိနေသည့်အချက်က တကယ့်ကို ပြဿနာကြီးတစ်ခု ဖြစ်၏။
ထို့အပြင် သူသည် ဟန်လိ၏ အခြားလက်တစ်ဖက်တွင် ဆုပ်ကိုင်ထားသော ခရမ်းရောင် မီးလျှံလုံးလေးကိုလည်း ကြီးစွာ စိုးရိမ်ထိတ်လန့် မိနေသည်။ သူသည် ၎င်းအရာမှာ မည်သည့်အရာ ဖြစ်မှန်း မသိရသော်လည်း သူ၏ ပင်ကိုယ်ဗီဇအသိစိတ်က ၎င်းခရမ်းရောင်မီးလျှံ ထွက်ပေါ်လာကတည်းက အလွန်တရာ အန္တရာယ်ကြီးမားလှကြောင်း အသည်းအသန် သတိပေးနေသောကြောင့်ပင်။
ရုပ်သေးများနှင့်ပတ်သက်၍တော့ သူ့အနေဖြင့် ထည့်သွင်းစဉ်းစားမနေပေ။ ၎င်းတို့မှာ တိုက်ပွဲအတွင်း သူ့အပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ ပေးစွမ်းနိုင်ခြင်း မရှိကြဘဲ သူတို့ စတင်ထွက်ပေါ်လာစဥ်က သူ့အား အနည်းငယ်မျှ အံ့အားသင့်သွားအောင် ပြုလုပ်နိုင်ခဲ့ရုံမျှသာ ရှိသည်။ ထိုထူးဆန်းလှသော သန့်စင်ထားသည့် အလောင်းကောင်အတွက်မူ ၎င်း၏ အရှိန်အဝါမှာ စိတ်ဝင်စားဖို့ ကောင်းလှသည်ဆိုဦးတော့ ၎င်းမှာ စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံမှုအဆင့်မျှသာ ရှိသဖြင့် သူ ကြောက်လန့်နေရန် ဘာအကြောင်းမှ မရှိချေ။
ထိုရှေးဟောင်းမိစ္ဆာသည် ဤသို့ တွေးတောလိုက်ပြီးနောက် အစောပိုင်းတုန်းက မိမိနှင့် တိုက်ခိုက်ခဲ့ကြသော အခြား စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးကိုလည်း ပြန်အမှတ်ရသွားမိသည်။
ဘိုးဘေးလင်းဟူနှင့် ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတို့သည် မြို့စားကြီးနန်းလုံနှင့် ဟန်လိတို့နှစ်ဦးစလုံး တိုက်ပွဲခဏ ရပ်နေတာ မြင်သည့်အခါ စိုးရိမ်တကြီး ဖြစ်သွားကြသည်။
သူတို့၏ ရှေးဟောင်းရတနာများကို အသုံးပြု၍ ဆက်လက်တိုက်ခိုက်ရန် မဝံ့မရဲ ဖြစ်နေကြသည်။ သူတို့သည် သူတို့လက်နက်များကို လေထဲတွင် ငြိမ်သက်စွာသာ ဆက်လက်ရှိနေစေရန် ညွှန်ကြားထားလိုက်ကြ၏။ ဘိုးဘေးလင်းဟူ၏ ကွင်းရတနာမှာမူ ကျုံ့ဝင်သွားခဲ့ပြီးနောက် လေထုထဲတွင် မျောလွင့်လျက် တဝီဝီ မြည်ဟီးသံများ ထွက်ပေါ်နေသည်။
ထိုအခိုက်အတန့်တွင် ပြင်းထန်သော ပေါက်ကွဲသံအမြောက်အမြား ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး မြို့စားကြီးနန်းလုံသည် ၎င်းအသံများ ထွက်ပေါ်လာရာ အရပ်ထံသို့ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်မိ၏။
ထိုမီးခိုးဖြူရောင် မီးလျှံလုံးကြီးမှာ လေထုထဲတွင် ပေါက်ကွဲပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရသည်။ ရွှေဝါးမြိုခြင်းပိုးတောင်မာများစွာသည် ထိုမီးလျှံများကြားကနေ မည်သည့်ထိခိုက်ဒဏ်ရာမျှမရှိဘဲ အုံလိုက်ကျင်းလိုက် ပြန်လည်ထွက်ပေါ်လာကြ၏။ ထိုမီးလျှံများ ကွယ်ပျောက်သွားခဲ့ပြီဖြစ်၍ လင်းလက်တောက်ပနေသော အစိမ်းရောင် တစ္ဆေလက်သည်းကြီးမှာလည်း ၎င်းတို့နှင့်အတူ တစ်ပါးတည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မြို့စားကြီးနန်းလုံ၏ မျက်နှာအမူအရာမှာ ဤမြင်ကွင်းကြောင့် ချက်ချင်းပင် သုန်မှုန်ခက်ထန်သွားရ၏။
ထိုပိတ်လှောင်မှုဘေးမှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်မှာ ထိုရွှေဝါးမြိုခြင်းပိုးတောင်မာတိမ်တိုက်ကြီးသည် ဟန်လိရှိရာ အရပ်ထံသို့ တဟုန်ထိုး ပျံသန်းလာကြသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှာ မြို့စားကြီးနန်းလုံသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဆိုလိုက်၏။
“မင်းရဲ့ စွမ်းရည်တွေက ဒီလောက်ထိ ကျယ်ပြောလှလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့မိဘူး။ သာမန်နည်းလမ်းတွေကို သုံးပြီး မင်းရဲ့ စဦးစိတ်ဝိညာဉ်ကို ထုတ်ယူဖို့ ကြိုးစားတာက တကယ့်ကို ဒုက္ခများလှတဲ့ ကိစ္စတစ်ခုပဲ။ အခြေအနေက ခုလိုဖြစ်နေမှတော့ ကျုပ် စိတ်မကောင်းစွာနဲ့ပဲ မင်းကို သတ်ပစ်ရမှာပေါ့။ ဒါ့အပြင် ဒီခန္ဓာကိုယ်ဟာလည်း အသုံးဝင်မဲ့အချိန် သိပ်မကျန်တော့ဘူးဆိုတော့ ပျက်စီးသွားခဲ့ရင်တောင် ကျုပ်အတွက် ဘာမှ အရေးမပါနေဘူး”
သူသည် အသက်ကို ဝဝရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်အတွင်းကနေ အနက်ရောင် ချီစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။ ထိုအချိန်မှာပင် သူ၏ခန္ဓာကိုယ်အတွင်းမှ အရိုးများ ကျိုးပဲ့သွားသည့်အသံများကိုပါ ရှင်းလင်းစွာ ကြားလိုက်ရ၏။ သည့်နောက် သူ၏ ခန္ဓာကိုယ်မှာ မီတာအနည်းငယ်ခန့်အထိ ရုတ်တရက် ပိုမိုမြင့်မားကြီးထွားလာခဲ့ပြီး သူ၏ လည်ပင်းနှင့် ပခုံးပတ်လည်တွင်မူ တစုံတခု ထွက်ပေါ်လာမည့်အလား ထူးဆန်းလှသော အဖုအထွက်များစွာ တွန့်လိမ်ကာ ပေါ်ထွက်လာချေသည်။
ဟန်လိသည် ဤသည်ကို မြင်မြင်ချင်းမှာပင် ချက်ချင်း လှုပ်ရှားလိုက်ပြီး သူ၏ လက်မောင်းများကို ဝှေ့ယမ်းလိုက်၏။ လက်တစ်ဖက်ကနေ ရွှေရောင်လျှပ်စီးတန်းများစွာ အချင်းချင်း ပေါင်းစည်းသွားခဲ့ပြီးနောက် ဧရာမ ရွှေရောင်မြွေနဂါးကြီးတစ်ကောင်အသွင်ဖြင့် ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားသည်။ အခြားလက်တစ်ဖက်ကနေမူ သာမန်အတိုင်း ထင်ရသော ခရမ်းရောင် မီးလျှံလုံးလေးတစ်ခု ထိုးထွက်သွားချေ၏။
ထိုအချိန်မှာပင် ဟန်လိသည် အော်ဟစ်လိုက်ပြီး ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ရှေ့သို့ ပျံသန်းတိုက်ခိုက်ရန် စေခိုင်းလိုက်သည်။ မိစ္ဆာအလောင်းကောင်အရှင်နှင့် ကျားနတ်ဆိုးရုပ်သေးများကိုတော့ မထင်မှတ်သော အလစ်အငိုက်တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန်အတွက် မူလအတိုင်း သူ့ကို ဝိုင်းရံပေးထားသည့်အတိုင်း ဆက်ရှိစေသည်။
ဘေးတစ်ဖက်တွင်မူ ဘိုးဘေးလင်းဟူနှင့် ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီးနောက် သူတို့၏ လက်နက်ရတနာများကို ညွှန်ပြကာ ၎င်းတို့၏ စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလိုက်ကြသည်။ ရုတ်တရက် သက်တံရောင် အလင်းတန်းကြီးတစ်ခု ထိုးထွက်သွားခဲ့ပြီး ဟန်လိ၏ တိုက်ခိုက်မှုများထက် ခြေတစ်လှမ်းစောကာ မြို့စားကြီးနန်းလုံထံသို့ အပြင်းအထန် ကျရောက်သွား၏။ ထိုနို့နှစ်ရောင်ကွင်းကမူ မီတာအနည်းငယ်ခန့်အထိ ကြီးမားလာခဲ့ပြီး မြို့စားကြီးနန်းလုံကို ပိတ်လှောင်ရန်အတွက် တရကြမ်း တိုးဝင်သွားသည်။ ထိုရှေးဟောင်းမိစ္ဆာ၏ ထူးဆန်းလှသော အတတ်ပညာများအောက်တွင် အကြိမ်ကြိမ် ဒုက္ခရောက်ခဲ့ဖူးပြီဖြစ်၍ သူတို့သည် မိစ္ဆာကောင်ကို နောက်တစ်ကြိမ် လွတ်လမ်းမပေးသင့်မှန်း ကောင်းကောင်း သိထားကြသည်။ မဟုတ်ပါက သူတို့အားလုံးမှာ ပိုကြီးမားသည့် အန္တရာယ်နှင့် ကြုံရနိုင်သည်။
မြို့စားကြီးနန်းလုံသည် သူ့ထံသို့ တရစပ် ကျရောက်လာနေသော ထိုတိုက်ခိုက်မှုများကို မြင်သော်လည်း တုန်လှုပ်ချောက်ချားသွားခြင်း မရှိခဲ့ချေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုသက်တံရောင် အလင်းတန်းကြီးမှာ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အနက်ရောင်ချီများနှင့် ထိခိုက်မိသွားသည့် အခိုက်အတန့်တွင် ၎င်းမိစ္ဆာချီများ၏ စုပ်ယူဝါးမြိုခြင်းကို ခံလိုက်ရသည့်အလား သဲလွန်စမရှိ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် ရွှေရောင်လျှပ်စီးမြွေနဂါးကြီး၊ ခရမ်းရောင်မီးလုံးနှင့် အဖြူရောင်ကွင်းကြီးတို့မှာ မြို့စားကြီးနန်းလုံ၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားခဲ့လေပြီ။ ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာမူ အနည်းငယ် နောက်ကျနေခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ တိုက်ခိုက်ရန်အတွက် ရှေ့သို့ ဆက်လက်တိုးဝင်နေဆဲပင်။
သို့သော်လည်း ကျန်ရှိနေသော တိုက်ခိုက်မှုများအတွက်မူ မြို့စားကြီးနန်းလုံသည် ၎င်းတို့ကို ထိပ်တိုက်ခုခံရန် စိတ်ကူး ရှိမနေပေ။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အနက်ရောင်ချီစွမ်းအင်များမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်ကိုပါ တစ်ပါးတည်း သယ်ဆောင်လျက် အလွန်တရာ မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ချက်ချင်း ပျံသန်းထွက်ခွာသွားသည်။
ထိုမီတာသုံးဆယ်ခန့် ကျယ်ပြောလှသော အနက်ရောင်ချီလုံးကြီးသည် သူ့အား ကာကွယ်ပေးထားလျက် လေထုထဲတွင် ဖြတ်ခနဲ ဖြတ်ခနဲ ကခုန်နေ၏။ သူ၏ အံ့မခန်းလှသော အမြန်နှုန်းနှင့် ဆန်းပြားလှသော ရှောင်တိမ်းခြင်းအတတ်ပညာရပ်များကြောင့် ထိုတိုက်ခိုက်မှုများအားလုံးမှာ သူ့ထံသို့ လုံးဝ ကျရောက်နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။ လောလောဆယ်တွင်မူ မည်သည့်တိုက်ခိုက်မှုမျှ သူ့အား ထိမှန်အောင် လုပ်နိုင်စွမ်း မရှိကြသေးချေ။
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မိမိ၏ တိုက်ခိုက်မှုမှာ ပျက်ပြယ်သွားခဲ့ရသည်ကို မြင်လိုက်ရသောအခါ မကျေမနပ်ဖြစ်သွားရပြီး သူမ၏ ကြေးမုံကို စိတ်ဆိုးမာန်ဆိုးဖြင့် အဆက်မပြတ် စေခိုင်းလိုက်ရာ သက်တံရောင် အလင်းတန်းများစွာ ဆက်တိုက် ထွက်ပေါ်လာသည်။ သို့သော်ငြားလည်း မိစ္ဆာကောင်ကို ထိမှန်အောင် မလုပ်နိုင်သေးပေ။
သူတို့၏ပူးပေါင်းတိုက်ကွက်များက ခဏမျှ ကြာမြင့်သွားခဲ့ပြီဖြစ်ရာ ဟန်လိအနေဖြင့်လည်း စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ထိုတိုက်ခိုက်မှုများကို ထိန်းချုပ်ထားခဲ့သော်လည်း တစ်ဖက်လူကို လုံးဝ ထိမှန်အောင် မလုပ်နိုင်သေးသည့်အချက်က သူ့အား အတော်လေး စိတ်ပျက်မိစေသည်။
ထိုအခိုက်အတန့်တွင် ဟန်လိသည် ဝိညာဉ်သွေဖယ်ခြင်းအရှင်၏ စကားသံကို စိတ်ထဲ၌ ရုတ်တရက် ကြားလိုက်ရ၏။
“ကောင်လေး မင်းရဲ့ လက်ထဲမှာ တစ်ဖက်လူကို အပြတ်သတ်နိုင်မယ့် အခြား လျှို့ဝှက်နည်းလမ်းကောင်းတွေ မရှိဘူးဆိုရင် ကျုပ် မင်းကို ဒီကနေ ချက်ချင်း ထွက်ပြေးဖို့အတွက်ပဲ တောင်းဆိုချင်တယ်။ ရှေးဟောင်းမိစ္ဆာတွေရဲ့ အစွမ်းက သေမျိုးလောကက ကျင့်ကြံသူတွေနဲ့ သိသိသာသာ ကွဲပြားတယ်။ သူတို့အားလုံးဟာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှတဲ့အပြင် တိုက်ပွဲအတွေ့အကြုံလည်း ကြွယ်ဝလှတယ်။ တကယ်လို့ သူတို့သာ အစွမ်းကုန် ထုတ်သုံးလာခဲ့မယ်ဆိုရင် မင်းက သူတို့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်စွမ်း လုံးဝ ရှိမှာ မဟုတ်ဘူး။ ကျုပ်ကလည်း ကျုပ်ရဲ့ နောက်ဆုံး စဦးစိတ်ဝိညာဉ်ရုပ်သေးရုပ်ကို သန့်စင်မွန်းမံလို့ မပြီးသေးတာကြောင့် မင်းနဲ့အတူ ဒီနေရာမှာ လာပြီး အသေမခံချင်ဘူးလေ”
ဟန်လိသည် ဤသည်ကို ကြားရသောအခါ မည်သည့်စကားမျှ ပြန်လည်ပြောဆိုခြင်း မပြုခဲ့ချေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏ မျက်နှာထက်တွင် ခက်ထန်တင်းမာသော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ အင်္ကျီလက်အိုးကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြည်လင်ပြတ်သားသော မြည်ဟိန်းသံတစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ သေးငယ်လှသော ရွှေရောင်ဓားငယ် အစင်းအစိတ်ကျော်မှာ ပျံသန်းထွက်ပေါ်လာခဲ့ပြီးနောက် တစ်စင်းချင်းစီမှာ တစ်ပေခန့် ရှည်လျားသော ရွှေရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြ၏။ သည့်နောက် ၎င်းတို့သည် လေထုထဲတွင် လှည့်ပတ်စီးဆင်းနေကြပြီး ဟန်လိ၏ စေခိုင်းမှုအောက်တွင် တဖြတ်ဖြတ် လှုပ်ရှားနေကြသည်။
ဟန်လိသည် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် သူ၏ ဓားငယ်များထံသို့ မန္တာန်တံဆိပ်အမြောက်အမြားကို အလျင်အမြန်ပင် ပစ်လွှတ်လိုက်ရာ ၎င်းတို့အားလုံးမှာ အကြိမ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားခဲ့ကြပြီးနောက် စူးရှတောက်ပလှသော အလင်းတန်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားကြရင်း တစ်ခုနှင့်တစ်ခု ထပ်တူညီသော ပုံရိပ်ပွား တစ်ရာကျော်ကို ချက်ချင်း ဖန်တီးလိုက်ကြ၏။ ဟန်လိသည် လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ “သွားစမ်း”
ထိုဓားအလင်းတန်းများ အားလုံးမှာ တစ်ပြိုင်နက်တည်း ကျယ်လောင်စွာ မြည်ဟိန်းသွားခဲ့ကြပြီးနောက် မြင်ကွင်းကနေ ဖြတ်ခနဲ ပျောက်ကွယ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟန်လိသည် သူ၏ ရှေ့မှောက်တွင် ရွှေရောင်ဓားအစီအရင်ကို အောင်မြင်စွာ ချခင်းလိုက်ပြီ ဖြစ်သည်။
ဝိညာဉ်သွေဖယ်ခြင်းအရှင်သည် သူ၏ စိတ်ထဲ၌ ကြီးစွာ အံ့အားသင့်သွားရသဖြင့် ရေရွတ်လိုက်မိ၏။
“ဓားအစီအရင်ပါလား။ မင်းရဲ့ လက်ထဲမှာ ခုထက်ထိ ထုတ်မသုံးရသေးတဲ့ လျှို့ဝှက်အတတ်ပညာတွေ ရှိနေသေးတာကိုး။ ဒါဆိုရင် ကျုပ် ခုနက ပြောခဲ့တဲ့ စကားတွေကို မကြားခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။ မင်းက ဘာကြောင့်များ ဒီဓားအစီအရင်အပေါ်မှာ ခုလောက်ထိ ယုံကြည်မှုတွေ ရှိနေရတာလဲဆိုတာကို ကျုပ် တကယ်ပဲ မြင်တွေ့ချင်ပါသေးတယ်”
“စီနီယာအနေနဲ့ မကြာခင်မှာ ဒီဓားအစီအရင်က ဘာလဲဆိုတာကို သိမြင်ရပါလိမ့်မယ်။ တကယ်လို့ အဲ့ဒီရှေးဟောင်းမိစ္ဆာက သူ့ မူလခန္ဓာကိုယ်အစစ်ကို အသုံးပြုထားတာဆိုရင်တော့ ဒီဓားအစီအရင်က သူ့ကို သတ်ချင်မှ သတ်နိုင်လိမ့်မယ်။ လက်တွေ့မှာ သူက လူသားကျင့်ကြံသူတစ်ဦးရဲ့ ခန္ဓာကိုယ်ကိုသာ ပိုင်စိုးထားတာဖြစ်လို့ ကျုပ် သူ့ကို မသတ်နိုင်ခဲ့ရင်တောင်မှ အနည်းဆုံး သူ့အကာအကွယ်ကို အေးဆေးဖျက်စီးပစ်နိုင်တာ သေချာပါတယ်”
ဝိညာဉ်သွေဖယ်ခြင်းအရှင်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ဆိုလိုက်သည်။
“ကောင်လေး…မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီး မနေပါနဲ့ဦး။ မင်းလည်း ရှေးဟောင်းမိစ္ဆာ ပိုင်စိုးထားတဲ့ ခန္ဓာကိုယ်ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ခွန်အားရယ်၊ သူ့ ဆိုးယုတ်လှတဲ့ မိစ္ဆာပညာရပ်တွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပြီးပြီ မဟုတ်လား”