← Chapters

အခန်း ၈၄၅

Vol. 61 Ch. 845

အခန်း ၈၄၅

Vol. 61 Ch. 845

အပိုင်း ၈၄၅ - ခေါင်းနှစ်လုံးနှင့် လက်လေးဖက်

ဟန်လိသည် ဝိညာဉ်သွေဖယ်ခြင်းအရှင်၏ သတိပေးစကားကို ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားပြီး မေးမြန်းလိုက်၏။

"ခင်ဗျားရဲ့ လေသံအရဆိုရင် ရှေးဟောင်းမိစ္ဆာတွေကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံ ရှိခဲ့ဖူးပုံပဲ။ ကျုပ်ထင်တာက ခင်ဗျား နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို တစ်ခါမျှ မဝင်ဖူးဘူးလို့လေ"

ဝိညာဉ်သွေဖယ်ခြင်းအရှင်က အကြိမ်အနည်းငယ် နှာမှုတ်လိုက်ပြီး စိတ်အနှောက်အယှက်ဖြစ်ဟန်လေသံဖြင့် ပြောဆိုလာ၏။

"ဟမ်... မင်း အရင်တုန်းက ငါ ပြောခဲ့တာကို သေချာမကြားလိုက်လို့လား။ ငါမှာ ဒီချိုင့်ဝှမ်းထဲကို ဝင်သွားခဲ့တဲ့ မိတ်ဆွေကောင်း အနည်းငယ် ရှိခဲ့ဖူးတယ်။ သူတို့အားလုံးမှာ ထူးကဲလှတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားကြတယ် ဆိုပေမဲ့ သူတို့အားလုံးရဲ့ ပူးပေါင်းအစွမ်းနဲ့တောင် တစ်ယောက်တည်းသာ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာနိုင်ခဲ့တာ။ ဒါကတင် ရှေးဟောင်းမိစ္ဆာတွေရဲ့ စွမ်းပကား ဘယ်လောက်ကြီးမားလဲဆိုတာ ပြသနေတာ မဟုတ်ဘူးလား"

ဟန်လိက ခပ်ရေးရေးပြုံးလိုက်ပြီး သူ့ကို နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးရန် ကြံရွယ်လိုက်စဉ်မှာပင် အဝေးတစ်နေရာမှ လွင့်မြောနေသော အနက်ရောင်ချီထုအတွင်းမှ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာ၏။ သည့်နောက်တွင် ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခုက အနက်ရောင်ချီထုကို ပြန့်ကြဲသွားစေပြီး မြို့စားကြီးနန်းလုံ၏ ရုပ်သွင် ထင်ရှားစွာ ပေါ်လာသည်။

ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာအမူအရာများမှာ ချက်ခြင်းပင် ပြောင်းလဲသွားကြပြီး ကျောရိုးထဲ၌ စိမ့်ခနဲဖြစ်ကာ သွေးများပင် ခဲသွားတော့မည့်အလား ခံစားလိုက်ရ၏။

'ဒါက လူသားတစ်ယောက် ဟုတ်ကဲ့ရဲ့လား' သူတို့သည် မြို့စားကြီးနန်းလုံ၏ လည်ပင်းထက်တွင် ခေါင်းနှစ်လုံး ရှိနေသည်ကို မြင်လိုက်ရခြင်းပင်။ ခေါင်းတစ်ခုမှာ အရှေ့ဘက်တွင် ရှိနေပြီး ပိုမိုသေးငယ်သော နောက်ခေါင်းတစ်ခုမှာမူ ကျောဘက်၌ ရှိနေကာ နှစ်ခုစလုံးမှာ ရက်စက်ကြမ်းကြုတ်သော အသွင်သဏ္ဌာန် ရှိကြ၏။ သူ၏ ပခုံးနှစ်ဖက်ထံမှလည်း လက်လေးဖက် ထိုးထွက်နေပြီး ယင်းလက်များမှာ သူ၏ ဒူးခေါင်းအောက်ဘက်အထိ ရောက်ရှိလောက်အောင် ရှည်လျားလှပေသည်။

အရှေ့ဘက်ခြမ်းရှိ ခေါင်း၏ မျက်နှာပေါ်တွင် ခရမ်းရောင်အကြေးခွံများ ဖုံးလွှမ်းနေပြီး သူ၏ နဖူးထက်မှ လက်မအနည်းငယ်ခန့် ရှည်လျားသော အဖြူရောင် ဦးချိုတစ်ချောင်း ထိုးထွက်နေ၏။ သို့သော်ငြား သူ၏ နှာခေါင်း၊ မျက်လုံးနှင့် တခြားသော ရုပ်သွင်ပြင်များမှာမူ အရင်က အတိုင်းပင် ရှိနေဆဲ ဖြစ်သည်။ သူ၏ ကျောဘက်မှ ခေါင်းငယ်လေးကမူ လုံးဝကို နတ်ဆိုးတစ္ဆေတစ်ကောင်နှင့် ကွက်တိတူနေတော့သည်။

ထိုခေါင်းတွင်လည်း ဦးချိုနှင့် အကြေးခွံများ ပါရှိပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင် ရှိသည့်အပြင် ၎င်းက မည်းနက်နေသော နှုတ်ခမ်းကို ဟလိုက်သည့်အခါ တစ်ပေခန့် ရှည်လျားသော အနီရင့်ရောင် လျှာချွန်ကြီးတစ်ခုသည် မြွေတကောင်၏ လျှာအလား ပြူတစ်ပြူတစ် ထွက်ပေါ်လာချေသည်။

သို့သော်လည်း ပို၍ ကြောက်လန့်ဖို့ ကောင်းသည်မှာ ထိုခေါင်း၏ မျက်လုံးများမှာ မှေးကျဉ်းနေပြီး စောင်းနေသလို ငွေရောင်အလင်းများလည်း လင်းလက်နေခြင်းပင်။ ၎င်း၏ မျက်လုံးများ လှုပ်ရှားသွားလေတိုင်း လူသားဆန်မှုမရှိသော မသက်မသာ ဖြစ်မှုကို ဘေးကလူများအား ပေးစွမ်းနေတော့သည်။

သူ၏ ခေါင်းတင်မကဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ခရမ်းရောင်အကြေးခွံများ သိပ်သိပ်သည်းသည်း ဖုံးလွှမ်းလျက် ရှိ၏။ သူ၏ ရှည်လျားလှသော လက်လေးဖက်ထံတွင်လည်း အရိုးကဲ့သို့ မာကျောသော လက်သည်းရှည်ကြီးများ ရှိနေကြပြီး ၎င်းတို့ကို ပူးကပ်လိုက်သည့်အခါ ငွေရောင်အလင်းများ တဖြတ်ဖြတ် လင်းလက်သွားခြင်းက ယင်းလက်သည်းများ မည်မျှ ထက်ရှကြောင်း ဖော်ပြနေသည်။

ဘိုးဘေးလင်းဟူ နှင့် ဝတ်စုံဖြူအမျိုးသမီးတို့သည် ထိုကြောက်မက်ဖွယ်ကောင်းသော အသွင်သဏ္ဌာန်အသစ်ကြောင့် သူတို့၏ စိတ်နှလုံးများ တုန်ရင်သွားကြသော်လည်း သူတို့သည် နာမည်ကျော် ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက်ကြောင့် အကြောက်တရားအောက်တွင် လုံးဝ ကျရှုံးမသွားခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှေးဟောင်းမိစ္ဆာမှာ မလှုပ်မယှက် ရပ်နေသည်ကို မြင်ရသည့်အခါ သူတို့နှစ်ဦးစလုံးသည် သူတို့၏ မှော်ရတနာများကို ချက်ခြင်းလက်ငင်း ညွှန်ပြကာ တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ကြသည်။

သက်တံရောင် အလင်းတန်းတစ်ခုသည် ဖြတ်ခနဲ လင်းလက်သွားပြီး ရှေးဟောင်းမိစ္ဆာကို ၎င်းအတွင်း၌ ထွေးခြုံပိတ်လှောင်လိုက်၏။ ဘိုးဘေးလင်းဟူသည် ကျေနပ်အားရသွားပြီး သည်အခွင့်အရေးကို အသုံးချကာ သူ၏ ကြီးမားလှသော အဖြူရောင် ကွင်းရတနာဖြင့်ပါ ထိုမိစ္ဆာကောင်ကို လွှမ်းမိုးရန် မန္တာန်ထပ်မံ ချခင်းလိုက်ပြန်သည်။

ရှေးဟောင်းမိစ္ဆာက ထိုသည်ကို မြင်သည့်အခါ သူ၏အရှေ့ဘက်ခြမ်းရှိ ခေါင်းမှာ အသက်မဲ့နေသော လူသေတစ်ယောက်အလား ဘာအမူအရာမျှ မပြသသော်လည်း ကျောဘက်မှ ခေါင်းငယ်လေးကမူ ဆိုးယုတ်စွာ ပြုံးလိုက်၏။ အဖြူရောင် ကွင်းရတနာသည် ရှေးဟောင်းမိစ္ဆာ၏ ဦးခေါင်းထက်သို့ တန်းတန်းမတ်မတ် ကျဆင်းလာချေပြီ။ သို့သော်လည်း ထိုနတ်ဆိုး၏ လက်လေးဖက်မှ ခရမ်းရောင်အလင်းများ ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး ၎င်းလက်များက သက်တံအလင်းအတွင်းမှ ထိုးထွက်ကာ အဖြူရောင် ကွင်းရတနာကို တုပ်နှောင်ခြင်း မခံရမီမှာပင် အမိအရ လှမ်း၍ ဖမ်းဆုပ်ပစ်သည်။ ၎င်းကွင်းရတနာအား တစ်လက်မမျှ ရှေ့ဆက်မတိုးနိုင်အောင်ပင် ဆွဲထိန်းထားခြင်း ဖြစ်သည်။

ဘိုးဘေးလင်းဟူမှာ ထိတ်လန့်တုန်လှုပ်သွားရပြီး သူ၏ မှော်ပညာရပ်များကို အလျင်အမြန် စေလွှတ်လိုက်၏။ ကွင်းရတနာမှာ အဖြူရောင်အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာပြီး ရုန်းထွက်ရန် ကြိုးစားသော်လည်း မိစ္ဆာ၏ လက်လေးဖက်မှာ သံမဏိထက်ပင် မာကျောနေသည့်အလား လုံးဝ လွတ်ထွက်သွားခြင်း မရှိပေ။

ရှေးဟောင်းမိစ္ဆာ၏ ကျောဘက်မှ ခေါင်းငယ်လေးက လှောင်ပြုံးပြုံးလိုက်ပြီးနောက် ပါးစပ်ဟကာ မည်းနက်နေသော အရည်အကျိအချို့ကို ထိုကွင်းရတနာပေါ်သို့ ထွေးထုတ်ပစ်လိုက်၏။ ၎င်းအရည်များက ကွင်းရတနာပေါ်သို့ ထိမှန်သွားသည့် ခဏမှာပင် ကွင်းရတနာထံမှ ညည်းတွားသံတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ စိတ်ဝိညာဉ်အလင်းများမှာ ပျောက်ကွယ်သွားကာ မိစ္ဆာအနက်ရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။

"ကျုပ်ရဲ့ ယန်ပေါင်းစည်းခြင်းကွင်း..."

ဘိုးဘေးလင်းဟူက အလန့်တကြား အော်ဟစ်မိတော့သည်။ သူ၏ ရတနာထံမှ အလင်းများ ပျောက်ကွယ်သွားသည့် အခိုက်အတန့်၌ သူနှင့် ရတနာကြားရှိ စိတ်ဝိညာဉ်ဆက်သွယ်မှုပါ ပြတ်တောက်သွားခဲ့ရသဖြင့် သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော ဖြစ်သွားရ၏။

ထိုရှေးဟောင်းမိစ္ဆာထံ၌ ရှေးဟောင်းရတနာများကို မိစ္ဆာချီဖြင့် ဖျက်ဆီးပစ်နိုင်သော နည်းလမ်းတစ်ခု ရှိနေပေသည်။

ထိုအခိုက်၌ ရှေးဟောင်းမိစ္ဆာသည် သူ၏ လက်သုံးဖက်ဖြင့် ကွင်းရတနာကို ဆုပ်ကိုင်ထားတာအား လွှတ်ပေးလိုက်ပြီး ကျန်ရှိသော လက်တစ်ဖက်ဖြင့် ကွင်းရတနာကို ခပ်သွက်သွက် လှည့်ပတ်ကစားလေရာ လေထုထဲ၌ ပုံရိပ်ယောင်များစွာ ဖြစ်ပေါ်လာသည်။ သူ၏ ခေါင်းငယ်လေးထံ၌ ကျေနပ်သွားဟန် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး အရှေ့ဘက်ခေါင်း၏ ပါးစပ်ကနေ စကားဆိုလာ၏။ "မဆိုးဘူး... မဆိုးဘူး... ကျုပ်လက်ထဲမှာ သင့်တော်တဲ့ မှော်ရတနာတွေ မရှိတာကို စိုးရိမ်နေခဲ့တာ။ ဒီပစ္စည်းကတော့ လောလောဆယ် သုံးဖို့ လုံလောက်တာထက် ပိုတာပေါ့..." တစ်ချိန်တည်းမှာပင် သူ၏ အခြားလက်နှစ်ဖက်က ခန္ဓာကိုယ်ကို ဖြတ်ကျော်ကာ အနက်ရောင်အလံတစ်စုံကို ထုတ်ယူလိုက်၏။ သူ၏ ပါးစပ်ထဲကနေလည်း လေထုထဲ၌ မြောလွင့်နေသော အနက်ရောင်ဓားပျံငယ်တစ်လက်ကိုပါ ထွေးထုတ်လိုက်သေးသည်။ သူ၏ စတုတ္ထမြောက် လက်တစ်ဖက်ကမူ လက်သီးဆုပ်ဟန် ပြုလုပ်ထားဆဲ ဖြစ်သည်။

"ဟားဟား... ကျုပ်လက်ထဲမှာ မိစ္ဆာကျင့်ကြံသူတွေရဲ့ ရတနာ အနည်းငယ်ပဲ ရှိတယ်ဆိုပေမဲ့ လောလောဆယ် ရင်ဆိုင်ဖို့အတွက်တော့ ပြဿနာ မရှိပါဘူး..."

ရှေးဟောင်းမိစ္ဆာက ဆိုးယုတ်စွာ ပြုံး၍ ပြောဆိုလိုက်၏။

ဟန်လိသည် သူ၏ ဓားအစီအရင်ကို နေရာချနေရသဖြင့် အာရုံများပြားနေခဲ့ရရာ သူ၏ ရွှေရောင်လျှပ်စီးတန်းများနှင့် ခရမ်းရောင်မီးလုံးတို့၏ အမြန်နှုန်းမှာ မသိမသာ နှေးကွေးသွားခဲ့ရသည်။ သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများကမူ ရှေးဟောင်းမိစ္ဆာနောက်သို့ နီးကပ်စွာ လိုက်လံနေခဲ့ကြသော်လည်း ထိုနတ်ဆိုး၏ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားတာကို မြင်သည့်အခါ၌ ကြောက်လန့်တကြားဖြင့် လှုပ်ရှားမှုများ ရပ်တန့်ကုန်ကြပြီး မူလနေရာ၌ပင် လှည့်ပတ် ပျံသန်းနေကြတော့သည်။

ဟန်လိသည် ထိုသည်ကို မြင်သည့်အခါ အကြီးအကျယ် တုန်လှုပ်အံ့အားသင့်သွားရ၏။ ဤသည်မှာ သူ၏ စိတ်ဝိညာဉ်အာရုံ ဆက်သွယ်မှုကနေ ရွှေဝါးမြိုခြင်းပိုးတောင်မာများ ကြောက်လန့်နေကြတာကို ပထမဆုံးအကြိမ် ခံစားမိခြင်းပင် ဖြစ်သည်။

ထို့အပြင် ဤခေါင်းနှစ်လုံးနှင့် လက်လေးဖက်ပုံစံ နတ်ဆိုးအသွင်ပြောင်းလဲခြင်းမှာ သူ့အား မြင့်မြတ်သောမူလကျောက်ပြားပေါ်ရှိ ပုံရိပ်နှင့် သခင်ကြီးချန်းကုန်း၏ စားပွဲပေါ်ရှိ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရုပ်တုတို့ကို ပြန်လည်သတိရမိစေသည်။ ဟန်လိသည် ဤသုံးခုကြား၌ မည်သို့သော လျှို့ဝှက်ချက် ဆက်နွှယ်မှုမျိုး ရှိနေသလဲကို လုံးဝ စဉ်းစားမရ ဖြစ်နေမိ၏။

ရှေးဟောင်းမိစ္ဆာ၏ လက်ထဲရှိ အလံများမှာ မူလက လူဝေယင်၏ လေထိန်းချုပ်ခြင်းအလံများ ဖြစ်ကြပြီး ဓားပျံငယ်မှာလည်း ရှေးဟောင်းကျင့်ကြံသူ၏ အကြွင်းအကျန်များထဲမှ ရရှိခဲ့သော ရတနာတစ်ခု ဖြစ်ပေသည်။ ထိုမိစ္ဆာကောင်သည် ယင်းရတနာများကို မိစ္ဆာချီဖြင့် ဖျက်ဆီးကာ သူကိုယ်တိုင် အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်သည်။

သို့ပေမည့် အခုချိန်မှာ ဤအကြောင်းအရာများကို တွေးတောနေဖို့ အချိန်မဟုတ်ပေ။ သူသည် ထိုရှေးဟောင်းမိစ္ဆာကို ရွှေရောင်ဓားအစီအရင်အတွင်းသို့ ဝင်ရောက်လာအောင် အရင်ဆုံး လှုံ့ဆော်ရမည်သာ။

ထိုသို့ တွေးကာ ဟန်လိက ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ရှေ့သို့ တိုးဝင် တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီး နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးများနှင့် ခရမ်းရောင်မီးလုံးတို့၏ အမြန်နှုန်းကိုလည်း အစွမ်းကုန် မြှင့်တင်လိုက်တော့သည်။

ရှေးဟောင်းမိစ္ဆာ၏ ခေါင်းနှစ်ခုစလုံးက တပြိုင်နက်တည်း ရယ်မောလိုက်ကြပြီး သူ၏ လည်ပင်းက တုန်ခါသွားကာ ခေါင်းနှစ်ခု၏ တည်နေရာအခင်းအကျင်းမှာ ရုတ်ချည်း ပြောင်းလဲသွားချေသည်။ သည့်နောက်တွင် ပိုမိုသေးငယ်သော ခေါင်းက သူ၏ အနီရင့်ရောင်လျှာရှည်ကြီးကို လေထုထဲ၌ အဆက်မပြတ် ဝှေ့ယမ်းပြလာသည်။

ရှေးဟောင်းမိစ္ဆာသည် ဟန်လိ၏ တိုးဝင်လာသော တိုက်ကွက်များကို ကြည့်နေပြီး ရှောင်တိမ်းဖို့ စိတ်ကူး စိုးစိမျှ ရှိမနေပေ။ သူ၏ လက်များကို ဝှေ့ယမ်းကာ သူ၏ မှော်ရတနာသုံးခုလုံးကို လေထဲသို့ ပစ်တင်လိုက်ရာ ၎င်းပစ္စည်းသုံးခုစလုံးမှ အနက်ရောင်အလင်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။

ဟန်လိနှင့် ရှေးဟောင်းမိစ္ဆာတို့ကြား တိုက်ပွဲက နောက်တစ်ကြိမ် ပြန်လည်စတင်တော့မည့် အခိုက်အတန့်၌ပင် အဝေးတစ်နေရာမှ မိုးကြိုးမုန်တိုင်းအလား ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ၎င်းအသံထဲတွင် ဒေါသနှင့် ရက်စက်လိုစိတ်များ ပြည့်နှက်နေသဖြင့် အကွာအဝေးတစ်ခုမှ ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့သည်ပင် သူတို့၏ စိတ်ဝိညာဉ်များ တုန်လှုပ်သွားရသည်။

ဟန်လိသည် ထိုကြောက်မက်ဖွယ်ကောင်းသော အသံကို ကြားရသည့်အခါ တုန်လှုပ်သွားရသလို ခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာမှာလည်း ထပ်တူပင် ဖြစ်သွားရ၏။ ယင်းနောက်တွင် ထိုရှေးဟောင်းမိစ္ဆာသည် သူ၏ မှော်ရတနာအားလုံးကို ချက်ခြင်း ပြန်ရုတ်သိမ်းလိုက်ပြီး အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဟိန်းဟောက်သံ ထွက်ပေါ်လာသော လားရာထံသို့ မိုးကြိုးအလား ပြင်းထန်လှသော အမြန်နှုန်းဖြင့် တဟုန်ထိုး ပျံသန်းထွက်ခွာသွားတော့သည်။

ထိုနတ်ဆိုး ပျံသန်းသွားသော အရပ်မှာ ဟိန်းဟောက်သံ ထွက်ပေါ်လာသော နေရာပင် ဖြစ်သည်။

ဟန်လိသည် အံ့အားသင့်သွားရပြီး ခဏမျှ တွေဝေသွားကာ သူ၏လက်ချောင်းကို ဝှေ့ယမ်းပြီး သူ၏ လျှပ်စီးတန်းများ၊ ပိုးတောင်မာများနှင့် ခရမ်းရောင်မီးလုံးတို့ကို မူလနေရာ၌ပင် ခေတ္တရပ်တန့်နေစေဖို့ အမိန့်ပေးလိုက်သည်။ သည့်နောက်တွင် သူက အဝေးသို့ ပျံသန်းသွားသော ရှေးဟောင်းမိစ္ဆာ၏ ပုံရိပ်ကို မျက်နှာအမူအရာမျိုးစုံဖြင့် လှမ်းကြည့်နေမိ၏။

သူ မှတ်မိတာသာ မမှားခဲ့လျှင် ဤဟိန်းဟောက်သံနှင့် အစောပိုင်းတုန်းက ဖြစ်ပေါ်ခဲ့သော အံ့ဩစရာကောင်းလှသည့် ချီစွမ်းအင်လှိုင်းဂယက်တို့မှာ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး မြေပုံပေါ်၌ မှတ်တမ်းတင်ထားသော နေရာတစ်ခုဆီကနေ ထွက်ပေါ်လာခြင်း ဖြစ်ရပေမည်။ ထိုနေရာ၌ ကြီးမားလှသော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့တာများလား။ ထိုရှေးဟောင်းမိစ္ဆာသည်ပင် ခုလောက်ထိ အလျင်စလိုဖြစ်ကာ အော်ဟစ်၍ ထွက်ခွာသွားခဲ့သည် မဟုတ်လား။ ထိုနေရာတွင် နောက်ထပ် နောက်ထပ်သော ရှေးဟောင်းမိစ္ဆာတစ်ကောင် ထပ်မံ ပေါ်ထွက်လာခဲ့တာများလား။

ထိုအတွေးများက ဟန်လိ၏ စိတ်ထဲ၌ အဆက်မပြတ် ဖြစ်ပေါ်နေပြီး သူက နေရာတွင်သာ ငြိမ်သက်စွာ ရပ်နေလျက် အလေးအနက် စဉ်းစားခန်း ဝင်နေတော့သည်။

ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့မှာမူ ရှေးဟောင်းမိစ္ဆာ ထွက်ခွာသွားတာကို မြင်သည့်အခါကျမှ စိတ်အေးသွားကြရပြီး သူတို့၏ တင်းမာနေသော ဟန်ပန်များလည်း ပြေလျော့သွားကြတော့သည်။

ဝတ်စုံဖြူအမျိုးသမီးသည် သူမ၏ မှော်ကြေးမုံရတနာက ထိုအသွင်ပြောင်းလဲသွားသော ရှေးဟောင်းမိစ္ဆာကို မဟန့်တားနိုင်တော့တာကို မြင်ခဲ့ရတည်းက စိတ်ထဲ၌ ကြောက်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေခဲ့တာ ဖြစ်သည်။

ဘိုးဘေးလင်းဟူကမူ သူ၏ အဖိုးတန်မှော်ရတနာ ဆုံးရှုံးသွားခဲ့ရသည့်အပေါ် နောင်တရမိနေသော်လည်း အဆုံးသပ်၌ အသက်ရှင်ခွင့် ရရှိခဲ့သည့်အတွက်ကြောင့် သူ့ကိုယ်သူ ကံကောင်းလှသည်ဟု မှတ်ယူလိုက်မိသည်။ ဟန်လိသာ အချိန်ကိုက် ပေါ်မလာခဲ့ဘူးဆိုလျှင် သူနှင့် လမျက်နှာဖုံးဂိုဏ်းဝင် အမျိုးသမီးတို့မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး ဖြစ်မှာ သေချာလှပေသည်။

မူလတုန်းက သူတို့နှင့်အတူ ခရီးအတူ ထွက်လာခဲ့သော မိတ်ဆွေကောင်းမှာလည်း မြို့စားကြီးနန်းလုံ၏ ပူးကပ်ခြင်းကို ခံရကာ သူ၏ မူလစိတ်ဝိညာဉ်ကို ထုတ်နှုတ်ဝါးမြိုခံလိုက်ရပြီး ဖြစ်သည်။

ခုခါတွင် ရှေးဟောင်းမိစ္ဆာမှာ အဝေးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး ပြန်လာမည့်ဟန်လည်း မရှိတော့ပေ။ ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်မှာ ဟန်လိရှိနေသော နေရာထံ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာကြတော့သည်။ ဟန်လိ၏ အံ့မခန်းစွမ်းရည်များကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည့်အတွက်ကြောင့် သူတို့သည် စကားတခွန်းမျှ မဆိုလေဘဲ တိတ်တဆိတ် ထွက်ခွာသွားဖို့ရာ အဆင်မပြေမှန်း ကောင်းစွာ သဘောပေါက်ထားသည်။

ဘိုးဘေးလင်းဟူက ဟန်လိကို လက်နှစ်ဖက်ဆုပ်ကာ တလေးတစားဖြင့် ဆိုလိုက်၏။ "တာအိုရောင်းရင်းဟန်... ကျုပ်ကို ကယ်တင်ပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်မိပါတယ်။ ခင်ဗျားသာ မရှိခဲ့ရင် ကျုပ် ဒီနေ့ ဒီနေရာမှာတင် သေဆုံးသွားခဲ့ရမှာ သေချာပါတယ်" ထို့နောက်တွင် သူ၏အကြည့်က ဟန်လိဘေးမှ ကျားရုပ်သေးများနှင့် အရိုးထိအေးစိမ့်လှသော ချီစွမ်းအင်များကို ထုတ်လွှတ်နေသည့် မိစ္ဆာအလောင်းကောင်အရှင်ထံ ကျရောက်သွားပြီး စိတ်ထဲကနေ မနာလိုအားကျစိတ်ဖြင့် သက်ပြင်းချမိတော့သည်။

ဟန်လိသည် အသက်သိပ်မကြီးသေးသော်လည်း မရေမတွက်နိုင်သော ရတနာများနှင့် ဆန်းကြယ်လှသော စွမ်းရည်များကို ပိုင်ဆိုင်ထားပေသည်။ သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းမှာ မှန်းဆ၍ မရနိုင်လောက်အောင်ပင် ဖြစ်ချေသည်။ အတိတ်တုန်းက သူသည် အဝါရောင်မေပယ်တောင်ကြားကို ကူညီစောင့်မပေးဖို့ ဟန်လိနှင့် ကတိစာချုပ် ချုပ်ဆိုခဲ့သည့်အပေါ် အမှန်တကယ် မှန်ကန်ခဲ့ကြောင်းကိုလည်း သူ ကောင်းစွာ သဘောပေါက်သွားပေပြီ။ ဟန်လိသာ ရှိနေသရွေ့ အဝါရောင်မေပယ်တောင်ကြားသည် နောင်နှစ်ပေါင်းတစ်ထောင်တိုင်အောင် ဘေးကင်းလုံခြုံနေမှာ မြေကြီးလက်ခတ်မလွဲပေ။

နန်ကုန်းဝမ်၏ စီနီယာအစ်မဖြစ်သူကမူ အတိတ်တုန်းက ဖြစ်ပွားခဲ့သော ရန်ငြိုးများကြောင့် အောင့်သီးအောင့်သက် အပြုံးတစ်ခုကို ဖော်ပြလျက် စကားဆိုလာသည်။ "တာအိုရောင်းရင်းရဲ့ ကြင်နာမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်..." သူမ၏ မျက်နှာအမူအရာနှင့် ဆန့်ကျင်ဘက်ပင် သူမ၏ လေသံမှာမူ အေးစက်စက်နိုင်လှပေသည်။

ဟန်လိ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည့်အတွက်ကြောင့် သူမ၏ စိတ်ထဲ၌ လက်စားချေချင်စိတ် အရိပ်အယောင် စိုးစိမျှ ရှိမနေတော့ပေ။

ဟန်လိက သူ၏လက်ကို ဝှေ့ယမ်းကာ သူ၏ ရွှေရောင်လျှပ်စီးများနှင့် အခြားသော ပစ္စည်းများကို သူ၏ ခန္ဓာကိုယ်နှင့် အင်္ကျီလက်အိုးထဲသို့ ပြန်လည်သိမ်းဆည်းလိုက်၏။ ထို့နောက် သူက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။ "ကျုပ် ခင်ဗျားတို့ကို စိတ်ကောင်းရှိလို့ ကယ်တင်ခဲ့တာ မဟုတ်ပါဘူး။ ကျုပ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ လုပ်ဆောင်ခဲ့တာပါ။ ကဲ... အခု ခင်ဗျားတို့ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။ ဟိုဘက်ကို သွားပြီး တစ်ချက်လောက် ကြည့်ချင်ကြသေးလား..."

ဘိုးဘေးလင်းဟူက ချက်ခြင်းပင် ခေါင်းခါလျက် ငြင်းဆိုလိုက်သည်။ "တာအိုရောင်းရင်းဟန်ကတော့ နောက်ပြီ။ ဟိုအရာက အလွန်တရာ အစွမ်းထက်လွန်းတာကြောင့် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေသာ ရင်ဆိုင်နိုင်မှာပါ။ ကျုပ်တို့ကတော့ နောက်ကနေ လိုက်မလာတော့ပါဘူး..." ဝတ်စုံဖြူအမျိုးသမီးကမူ စကားတစ်လုံးမျှ ဝင်မပြောသော်လည်း သူမကလည်း ထပ်တူပင် ခေါင်းခါပြလေသည်။

"ဒီလိုဆိုရင်တော့လည်း ရှိပါစေတော့။ ကျုပ် စူးစမ်းချင်စိတ် ဖြစ်မိပေမဲ့ တကိုယ်တည်း သွားဖို့ကတော့ အန္တရာယ် များလွန်းလှတယ်။ ကျုပ်တို့ ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့"

ဟန်လိသည် နည်းနည်းတော့ စိတ်ပျက်မိသွားသည်။ အကယ်၍ ထိုစဦးစိတ်ဝိညာဉ်ကျင့်ကြံသူနှစ်ဦးသာ သူ့ခရီးစဉ်တွင် အတူတူ လိုက်ပါလာခဲ့ကြမည်ဆိုလျှင် သူသည်လည်း ထိုနေရာသို့ သွားရောက်ကာ စူးစမ်းကြည့်ရှုမိမှာ ဖြစ်သည်။ သို့သော်လည်း သူ တစ်ဦးတည်း စွန့်စားသွားရလောက်သည့်အထိတော့ စူးစမ်းချင်စိတ် ပြင်းပြမနေပေ။

ထိုသို့ တွေးကာ ဟန်လိက ဟိန်းဟောက်သံ ထွက်ပေါ်လာသော အရပ်ထံသို့ လှမ်းကြည့်လိုက်ရာ ခဏအကြာတွင် သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ လေးနက်သွား၊ ခက်ထန်သွားသည်။ ဘိုးဘေးလင်းဟူသည် ဤသည်ကို မြင်သည့်အခါ စိုးရိမ်ထိတ်လန့်သွားပြီး အလျင်အမြန် မေးမြန်းလိုက်၏။

"ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့လို့လား..."

All Chapters