အခန်း ၈၄၆
Vol. 61 Ch. 846
အပိုင်း ၈၄၆ - မီးလျှံဆီတိုး ပိုးဖလံမျိုး
ဘိုးဘေးလင်းဟူသည် ဟန်လိ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ အဝေးတစ်နေရာ၌ အလင်းများ လင်းလက်နေသည်ကို မြင်လိုက်ရ၏။ ခရမ်းရောင်နှင့် အနက်ရောင်အလင်းများက ကောင်းကင်ဝေဟင် တစ်ဝက်ခန့်ကို ဖုံးလွှမ်းလျက် အဆုံးမရှိ လင်းလက်လှုပ်ခတ်နေကြသည်။ ထိုအလင်းများကြားတွင် မီတာရာချီ ကျယ်ပြောလှသော မြစိမ်းရောင်တိမ်တိုက်ထုကြီးတစ်ခု ပေါ်ထွက်လာပြီး ၎င်း၏အတွင်း၌ အရောင်စုံအလင်းများက ဖြေးညင်းစွာ လှည့်ပတ်နေကြ၏။ ထိုအလင်းများက မြစိမ်းရောင်တိမ်တိုက်အတွင်း အချင်းချင်း ရောထွေးယှက်လိမ်သွားသည့်အခါ ကျယ်လောင်သော တုန်ခါသံကြီးတစ်ခု ထွက်ပေါ်လာပြီး အဝေးတစ်နေရာမှ ဟိန်းဟောက်သံတစ်ခုကိုလည်း ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
ထိုထူးဆန်းသော ခရမ်းရင့်ရောင် အလင်းများက ကောင်းကင်တခွင်လုံးသို့ လျှံကျနေသည့် ပြင်းထန်လှသော မိစ္ဆာချီစွမ်းအင်လှိုင်းများကို သယ်ဆောင်လာရာ ထိုမိစ္ဆာချီမှာ သူတို့သုံးဦးလုံးနှင့် အလွန် ရင်းနှီးလှပေသည်။ ၎င်းမှာ နတ်ဆိုးပူးကပ်ခြင်းခံထားရသော မြို့စားကြီးနန်းလုံ အသွင်ပြောင်းလဲပြီးနောက် ထုတ်လွှတ်ခဲ့သည့် အရှိန်အဝါနှင့် တစ်ပုံစံတည်း ဖြစ်နေသောကြောင့်ပင်။ သို့သော်ငြားလည်း ဤအရှိန်အဝါမှာ အဝေးတစ်နေရာမှနေ၍ အင်ပြည့်အားပြည့် ထုတ်ဖော်နေခြင်း ဖြစ်သဖြင့် ပြင်းထန်လှသော ဖိအားတစ်ခုကို ပေးစွမ်းနေတော့သည်။
သို့ပေမည့် ဘိုးဘေးလင်းဟူကို ပို၍ စိုးရိမ်ထိတ်လန့်သွားစေသည့်အရာမှာ ထိုခရမ်းရင့်ရောင်အလင်းများနှင့် မြစိမ်းရောင်တိမ်တိုက်ထုကြီးက သူတို့ရှိရာ လားရာထံသို့ အလျင်အမြန် ချဉ်းကပ်လာနေခြင်း ဖြစ်သည်။ သူတို့က မကြာခင်မှာပင် ရောက်ရှိလာတော့မည့်ပုံ ပေါ်နေ၏။
"ဖောယောင်လူသေအဆိပ်... ဒါက ဝေဝူယာရဲ့ အဆိပ်ပညာရပ်တွေကနေ ဖြစ်တည်လာတဲ့ အဆိပ်တိမ်တိုက်ပဲ။ အဲ့ဒါက ထိမိသမျှ ကျင့်ကြံသူတိုင်းကို ချက်ခြင်း သေဆုံးသွားစေနိုင်စွမ်း ရှိတယ်။ အရင်က သူ ဒါကို အသုံးပြုတာ ကျမ ကိုယ်တိုင် မြင်ဖူးခဲ့တယ်..." ဝတ်စုံဖြူအမျိုးသမီးသည် ထိုမြစိမ်းရောင် အဆိပ်တိမ်တိုက်ကြီးကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာထက်တွင် ဝမ်းသာအားရဟန် ပေါ်ပေါက်လာခဲ့ပေသည်။
ဟန်လိနှင့် ဘိုးဘေးလင်းဟူတို့သည် ထိုစကားကို ကြားလိုက်ရသည့်အခါ ထူးခြားသော မျက်နှာထားများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသော်လည်း သူတို့နှစ်ဦးလုံး၏ မျက်လုံးများထဲတွင်မူ နက်နဲလှသော ကြောက်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေကြ၏။
ထိုမြစိမ်းရောင်တိမ်တိုက်ထုကြီး၏ စွမ်းပကားက ကြီးမားလှသည်မှာ အမှန်ပင် ဖြစ်သော်လည်း ၎င်းက ခရမ်းရင့်ရောင် အလင်းတန်းများ၏ အရှိန်အဝါနှင့် ယှဉ်ပါက သိသိသာသာ အားနည်းနေသေးတာ ထင်ရှားလှပေသည်။ တဖက်ရန်သူ၏ စွမ်းရည်က စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ပေါင်တန်းနိုင်နေတာများလား။ သို့သော်လည်း ၎င်းထံမှ ဖြာထွက်နေသည့် အံ့ဩစရာကောင်းလှသော အရှိန်အဝါအရ ထိုပြိုင်ဘက်မှာ မြို့စားကြီးနန်းလုံ၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသော ရှေးဟောင်းမိစ္ဆာ၏ စိတ်ဝိညာဉ် လုံးဝ မဟုတ်နိုင်ချေ။
ဝတ်စုံဖြူအမျိုးသမီးသည် ကျန်သည့်သူနှစ်ဦး၏ မျက်နှာအမူအရာများကို မြင်လိုက်ရသည့်အခါ ဤအချက်ကို ကောင်းစွာ သဘောပေါက်သွားပြီး သူမ၏ မျက်နှာထားက ချက်ခြင်းပင် မှေးမှိန်သွားခဲ့ရသည်။
"ကျမတို့..." ဝတ်စုံဖြူအမျိုးသမီးသည် ချီတုံချတုံဖြစ်နေပြီး အကြံဉာဏ်တစ်ခုခုကို ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရေခဲတမျှ အေးစက်လှသော စိတ်ဝိညာဉ်အာရုံတစ်ခုက သူတို့သုံးဦးလုံးအား ဖြတ်သန်းသွားခဲ့သဖြင့် သူမ၏ စကားလုံးများမှာ ရပ်တန့်သွားခဲ့ရ၏။
ဟန်လိသည် ထိုသည်ကို ခံစားမိလိုက်သည့်အခါ သူ၏ စိတ်နှလုံးမှာ မသိမသာ လှုပ်ခတ်သွားရပြီး ဘိုးဘေးလင်းဟူ၏ မျက်နှာအမူအရာကမူ အလွန်တရာ ဆိုးဝါး အရုပ်ဆိုးသွားခဲ့ပေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှာ ဟန်လိက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောဆိုလိုက်၏။ "ကျုပ်တို့ ဘာဆက်လုပ်မလဲဆိုတာကို မြန်မြန် ဆုံးဖြတ်ချက်ချကြတာ ပိုကောင်းလိမ့်မယ်။ ကျုပ်တို့သာ အချိန်အကြာကြီး ဆွဲနေမယ်ဆိုရင် အခွင့်အရေး ဆုံးရှုံးသွားရလိမ့်မယ်။ အခု ကျုပ်တို့နဲ့ တိုက်ခိုက်ခဲ့တဲ့ ရှေးဟောင်းမိစ္ဆာက ဟိုဘက်ကို ပြေးသွားပြီဆိုမှတော့ တာအိုရောင်းရင်းဝေရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ နက်နဲပါစေဦးတော့... သူလည်း မကြာခင်မှာပဲ ဘေးကြပ်နံကြပ် အခြေအနေနဲ့ ကျိန်းသေပေါက် ရင်ဆိုင်ရတော့မှာ။ ခင်ဗျားတို့နှစ်ယောက်က သူ့ကို သွားပြီး ကူညီပေးကြမလား၊ ဒါမှမဟုတ် ဝေဝူယာ ကျရှုံးသွားပြီးတဲ့နောက်မှာ မိစ္ဆာကောင်တွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရမှာမို့ ခုကတည်းကပဲ ထွက်ပြေးကြတော့မလား..."
ဟန်လိသည် စကားမဆိုမီကပင် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ထိုခရမ်းရင့်ရောင်အလင်းတန်းများဆီသို့ စူးစမ်းကြည့်ရှုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ၎င်းထံမှ ထွက်ပေါ်နေသည့် အံ့ဩစရာကောင်းလှသော စိတ်ဝိညာဉ်ချီ တုန်ခါလှိုင်းများက သူ၏ စူးစမ်းမှုကို ကာဆီးပိတ်ဆို့ထားခဲ့သဖြင့် သူသည် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရ၏။ ထိုတိုက်ပွဲက သူ၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော အရာ မဟုတ်မှန်း ကောင်းစွာ သိရှိလိုက်ရခြင်းပင်။
ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့သည် တစ်ဦးကိုတစ်ဦး အကူအညီမဲ့စွာဖြင့် ကြည့်မိကုန်ကြတော့သည်။
သူတို့၌သာ ရွေးချယ်စရာ လွတ်လမ်း ရှိခဲ့မည်ဆိုလျှင် ထိုရှေးဟောင်းမိစ္ဆာနှင့် အသက်ရင်း၍ ထပ်မံတိုက်ခိုက်ရမည့်အရေးထက် အသက်ရှင်ဖို့ရာ ထွက်ပြေးခြင်းကိုသာ ရွေးချယ်ကြမှာ ဖြစ်သည်။ သို့သော်လည်း ဟန်လိ ပြောခဲ့သည့်အတိုင်းပင် ဝေဝူယာသာ ကျရှုံးသွားခဲ့မည်ဆိုလျှင် သူတို့သည်လည်း ဤချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနေကြပြီဖြစ်ရာ ဘေးကင်းကင်းဖြင့် ပြန်လည်လွတ်မြောက်နိုင်ဖို့ရာ အခွင့်အရေး ရှိတော့မှာ မဟုတ်ပေ။
ထို့အပြင် ဝေဝူယာသာ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့မည်ဆိုလျှင် သူတို့နှစ်ဦးမှာ ဘေး၌ အပျင်းပြေထိုင်ကြည့်နေပြီး သူ့ကို မကူညီခဲ့ကြကြောင်း သိရှိသွားပေလိမ့်မည်။ သူတို့အားလုံးမှာ ကိုးပြည်ထောင်စု၏ ကျင့်ကြံသူရောင်းရင်းများ ဖြစ်ကြသည့်အတွက်ကြောင့် ဤသည်က နောင်တွင် အဆုံးမရှိသော ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာပေလိမ့်မည်။ အထူးသဖြင့် သူတို့နှစ်ဦးမှာ ဆိုင်ရာဂိုဏ်းကြီးများ၏ ဘိုးဘေးများ ဖြစ်ကြသည့်အတွက်ကြောင့် လမျက်နှာဖုံးဂိုဏ်းနှင့် အဝါရောင်မေပယ်တောင်ကြား တို့အပေါ် ကပ်ဘေးကြီး ကျရောက်လာစေနိုင်ပေသည်။ သူတို့နှစ်ဦးလုံးမှာ ဤမျှ ဒုက္ခများလှသော အခြေအနေတစ်ခုအောက်တွင် ပိတ်မိနေခဲ့ရသည့်အပေါ် စိတ်ပျက်အားလျော့နေကြသော်လည်း ဆိုင်ရာဂိုဏ်းများ၏ ဘေးကင်းလုံခြုံရေးအတွက်မူ ဤမျှော်လင့်ချက်မဲ့လှသော တိုက်ပွဲအတွင်းသို့ ဝင်ရောက်ဖို့ရာ သတ္တိမွေးရတော့ပေမည်။
ဟန်လိသည် စိတ်ထဲကနေ ခါးသီးစွာ ရယ်မောမိပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် ကောင်းကင်ယံထက်မှ ခရမ်းရင့်ရောင်အလင်းတန်းများကို စကားတစ်လုံးမျှ မဆိုဘဲ ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။
ဘိုးဘေးလင်းဟူက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲကနေ မှိုင်တွေစွာ သက်ပြင်းချမိတော့သည်။ သည့်နောက်မှ သူက စကားဆိုလာ၏။ "ကျနော်တို့ထဲမှာ တာအိုရောင်းရင်းဟန်က အစွမ်းထက်ဆုံး စွမ်းရည်တွေကို ပိုင်ဆိုင်ထားတာပဲ။ ခင်ဗျားကော ဘာလုပ်ဖို့ စီစဉ်ထားလဲ..."
"ကျုပ်လား... ဟဟ..." ဟန်လိက ချက်ခြင်း ပြန်မဖြေဘဲ ခပ်ရေးရေးသာ ပြုံးနေခဲ့၏။
ဘိုးဘေးလင်းဟူသည် ဤသည်ကို မြင်သည့်အခါ ခါးသီးစွာ ပြုံးလိုက်မိပြီး ဟန်လိ၏ လိမ္မာပါးနပ်လှသော အကွက်ဆင်မှုအပေါ် စိတ်ထဲကနေ ကြိတ်၍ ကျိန်ဆဲမိတော့သည်။ ဟန်လိသာ ထွက်ပြေးဖို့ရာ အရင်ဆုံး အကြံပြုခဲ့မည်ဆိုလျှင် သူတို့သုံးဦးလုံးသည် ချက်ခြင်းလက်ငင်း ထွက်ခွာသွားနိုင်ကြမှာ ဖြစ်၏။ နောင်တွင် ဝေဝူယာက သည်ကိစ္စကို လိုက်လံစုံစမ်းခဲ့မည်ဆိုလျှင်ပင် သူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့က ဤပြဿနာအားလုံးကို ဟန်လိအပေါ်သို့သာ လွှဲချပစ်လိုက်ရုံမျှသာ မဟုတ်လား။
ဘိုးဘေးလင်းဟူသည် ဤအခြေအနေကို မည်သို့မည်ပုံ ဖြေရှင်းရမလဲဟု အတွေးများနေစဉ်မှာပင် ဟန်လိက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဟင်... အနီးအနားမှာ အခြားကျင့်ကြံသူတွေလည်း ရှိနေတာပဲ။ ဒါပေမဲ့ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူးလေ။ ဒီလောက်ထိ ကျယ်လောင်လှတဲ့ ဆူညံသံတွေ ထွက်ပေါ်နေမှတော့ မိုင်ပေါင်းများစွာအတွင်းမှာ ရှိနေကြတဲ့ ကျင့်ကြံသူအားလုံးကို ကျိန်းသေပေါက် စွဲဆောင်မိသွားမှာပဲ..."
ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့သည် ထိုစကားကို ကြားရသည့်အခါ ဟန်လိ၏ အကြည့်နောက်သို့ အလျင်အမြန် လိုက်ကြည့်လိုက်ကြရာ တိုက်ပွဲဖြစ်ပွားနေသော နေရာ၏ အခြားတစ်ဖက်ဆီမှနေ၍ ကျင့်ကြံသူအုပ်စုတစ်စုက ထိုမြစိမ်းရောင်တိမ်တိုက်နှင့် ထူးဆန်းသော အလင်းတန်းများရှိရာသို့ ဦးတည်ပျံသန်းလာနေကြတာကို ရှာဖွေတွေ့ရှိလိုက်ကြသည်။
'ဘယ်လိုလုပ် သူတို့ ဖြစ်နေရတာလဲ။ သူတို့က ဘာဖြစ်လို့ ခုလောက်ထိ အန္တရာယ်များလှတဲ့ နေရာဆီကို လာခဲ့ကြတာလဲ...' ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ထိုကျင့်ကြံသူများကို စူးစမ်းကြည့်ရှုလိုက်သည့်အခါ သူ၏ စိတ်ထဲ၌ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရ၏။ သူသည် ထိုအုပ်စုအတွင်းရှိ ကျင့်ကြံသူသုံးဦးထဲမှ နှစ်ဦးကို ကောင်းစွာ မှတ်မိနေသောကြောင့်ပင်။
ထိုကျင့်ကြံသူများထဲမှ တစ်ဦးမှာ အတိတ်တုန်းက သူနှင့် ရတနာချင်း ဖလှယ်ဖူးခဲ့သည့် တာအိုရသေ့ ကျောက်သလင်း ဖြစ်ပေသည်။ သူ၏နောက်တွင်မူ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ရှိသည့် ရုပ်သေးနှစ်ကောင် ကပ်လျက် လိုက်ပါလာနေပြီး ယင်းရုပ်သေးများ၏ ခန္ဓာကိုယ်တလျှောက်တွင် ရှရာဒဏ်ရာများစွာဖြင့် ပြည့်နှက်နေသည့်အပြင် ရုပ်သေးတစ်ကောင်မှာမူ လက်တစ်ဖက်ပင် ပြတ်တောက်နေခဲ့ပြီ ဖြစ်သည်။
အခြားတစ်ယောက်ကမူ တစ်ခေါင်းလုံး ဆံပင်ဖြူတို့ဖြင့် ပြည့်နှက်နေသော လူအိုကြီးတစ်ဦးဖြစ်ပြီး သူကား ဟန်လိ၏စီနီယာအစ်ကိုချန်း ဖြစ်နေချေ၏။
နောက်ဆုံးတစ်ယောက်ကမူ အစိမ်းသက်သပ်ဖြစ်သော လူအိုကြီးတစ်ဦးဖြစ်ပြီး သူကား အစ်ကိုချန်း နှင့်အတူ ဤချောက်ကမ်းပါးအတွင်းသို့ စွန့်စား ဝင်ရောက်လာခဲ့သော ပြင်ပလူ ဖြစ်ပေသည်။ သူတို့နှင့်အတူတူရှိခဲ့သည့် စတုတ္ထမြောက်ကျင့်ကြံသူမှာမူ ဤနေရာ၌ ရှိမနေသည့်အတွက်ကြောင့် ခရီးလမ်းတွင် တစ်ခုခု ဖြစ်ပွားခဲ့ပုံရ၏။
ထိုသူများကို မှတ်မိသွားပြီးနောက်မှာ ဟန်လိ၏ မျက်နှာအမူအရာက ချက်ခြင်းပင် လေးနက်သွားတော့သည်။
ထိုကျင့်ကြံသူများသည် ဤပြင်းထန်လှသော တိုက်ပွဲလှိုင်းဂယက်များကြောင့် စွဲဆောင်ခံရပြီး ရောက်ရှိလာကြခြင်း ဖြစ်ရပေမည်။ သူတို့သည် ဤနေရာတွင် ကျင့်ကြံသူအချင်းချင်း ရှားပါးရတနာတစ်ခုအတွက် အသေအကြေ လုယူတိုက်ခိုက်နေကြသည်ဟု အမှတ်မှားနေကြပုံ ရသည်။ အကယ်၍ သူတို့သာ ဤနေရာ၌ ရတနာရှိမနေဘဲ ကျင့်ကြံသူများ၏ စဦးစိတ်ဝိညာဉ်ကို ဝါးမြိုတတ်သည့် ရှေးဟောင်းမိစ္ဆာ ရှိနေမှန်း ကြိုတင်သိရှိခဲ့ကြမည်ဆိုလျှင် ချက်ခြင်းလက်ငင်းပင် အဝေးသို့ ထွက်ပြေးသွားကြမှာ သေချာလှပေသည်။
သူတို့နှင့် ဟန်လိကြားမှ အကွာအဝေးက ဝေးကွာလွန်းနေသည့်အတွက်ကြောင့် သူသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ သူတို့ကို လှမ်း၍ သတိမပေးနိုင်ဘဲ ဖြစ်နေခဲ့ရ၏။ ရလဒ်အနေဖြင့် သူတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ပွဲဗဟိုချက်နှင့် ပိုမိုနီးကပ်လာခဲ့ကြပြီ ဖြစ်သည်။ ဝေဝူယာသည်လည်း သူတို့ ရောက်ရှိလာတာကို သိရှိသွားခဲ့လျှင် သူ ခံစားနေရသော ဖိအားများကို လျော့ကျသွားစေရန်အတွက် သူတို့ကိုပါ တိုက်ပွဲအတွင်းသို့ ကျိန်းသေပေါက် ဆွဲသွင်းပစ်လိုက်မှာ ဖြစ်သဖြင့် ထိုမျက်နှာသစ်ကျင့်ကြံသူများအတွက် အလွန်အမင်း အန္တရာယ်ကြီးမားလှသည်။
ဟန်လိသည် အခြားသူများ၏ အသက်ကို အရေးမစိုက်သော်လည်း အစ်ကိုချန်းကမူ မျောလွင့်တိမ်တိုက်ဂိုဏ်း၌ နေထိုင်ခဲ့စဥ်အတောအတွင်း သူ့အပေါ်၌ စိတ်စေတနာကောင်း ထားရှိကာ ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့ဖူးပေသည်။ ထို့ကြောင့် သူ သေဆုံးသွားတော့မည့် အခြေအနေကို ဘေး၌ အသာလေး ထိုင်ကြည့်နေဖို့ရာ ဟန်လိအတွက် မဖြစ်နိုင်ပေ။ ကြည့်ရသည်မှာ သူသည်လည်း ဤပြဿနာအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရတော့မည့်ပုံပင်။
ဘာမျှ မတတ်နိုင်တော့ဘဲ ဟန်လိ၏ မူလအစီအစဉ်များအားလုံး ပျက်စီးသွားခဲ့ရပေပြီ။ သူသည် မူလက တိုက်ပွဲ၏ အဆုံးသတ်ရလဒ်ကို ဘေးကနေ တိတ်တဆိတ် စောင့်ကြည့်ပြီးမှ ဝင်ရောက်တိုက်ခိုက်သင့်၊ မသင့် ဆုံးဖြတ်ချက်ချရန် ကြံစည်ထားခဲ့တာ ဖြစ်သည်။
အကယ်၍ ဝေဝူယာသာ အနည်းငယ် အရေးမသာဖြစ်နေရုံမျှဆိုလျှင် သူသည်လည်း ထိုရှေးဟောင်းမိစ္ဆာအား တိုက်ခိုက်ဖို့ရာ လိုလိုလားလား ပါဝင်ပေးမှာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးမှာ လူသားကျင့်ကြံသူများ ဖြစ်ကြသည့်အတွက်ကြောင့် ရှေးဟောင်းမိစ္ဆာများက ဤနတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးကို သတ်ဖြတ်ခြင်းစစ်မြေပြင်အဖြစ် ပြောင်းလဲပစ်ကာ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ကို ဝါးမြိုသွားကြမှာကို သူ မလိုလားပေ။
သို့သော်လည်း ဝေဝူယာသာ လုံးဝ ကျရှုံးသွားခဲ့မည်ဆိုလျှင် သူသည်လည်း ဤပြဿနာအတွင်းသို့ ဝင်ပါတော့မည်မဟုတ်ဘဲ အသက်ရှင်ဖို့ရာ ချက်ခြင်းလက်ငင်းပင် ထွက်ပြေးသွားမှာ ဖြစ်သည်။ ရလဒ်အနေဖြင့် ဤချောက်ကမ်းပါးအတွင်းရှိ ကျန်ရှိသော ကျင့်ကြံသူအားလုံးအပေါ် ကပ်ဘေးကြီး ကျရောက်သွားပေလိမ့်မည်။ ထိုရှေးဟောင်းမိစ္ဆာများ၏ စွမ်းရည်က စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် အနိုင်ယူနိုင်စွမ်း ရှိနေသည်ဖြစ်ရာ ဟန်လိအနေဖြင့်လည်း ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိသော်လည်း ထွက်ပြေးလွတ်မြောက်နိုင်စွမ်းကမူ ရှိပေသည်။
သို့ပေမည့် အခုအခါတွင်မူ သူ၏ အစ်ကိုချန်းကိုယ်တိုင် တိုက်ပွဲဗဟိုချက်ဆီသို့ ဦးတည်သွားနေပြီဖြစ်ရာ ဟန်လိ၏ မျက်နှာအမူအရာက တုန်လှုပ်သွားရပြီး သူသည်လည်း သတ္တိမွေးကာ ပါဝင်တိုက်ခိုက်ရန်သာ ရှိတော့ပေသည်။ တိုက်ပွဲကသာ အလွန်အမင်း အန္တရာယ်များလာခဲ့မည်ဆိုလျှင် အဆိုးရွားဆုံး အခြေအနေအောက်တွင် သူ တတ်မြောက်ထားသော သွေးအရိပ်ရှောင်တိမ်းခြင်းပညာရပ်ကို အသုံးပြု၍ ထွက်ပြေးနိုင်စွမ်း ရှိပေသည်။
သို့သော်ငြားလည်း သူသည် ဟင်းလင်းပြင်အက်ကြောင်းများနှင့် မတော်တဆ တိုးမသွားစေရန်အတွက် သူ သွားရမည့် လားရာကို ဂရုတစိုက် ရွေးချယ်ရလိမ့်မည်။ ဤနည်းလမ်းကိုမူ သူက နောက်ဆုံးလက်ကျန် လွတ်လမ်းအဖြစ်သာ အသုံးပြုရမည်။
ထိုသို့ တွေးကာ ဟန်လိက နောက်သို့ လှည့်လိုက်ပြီး ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့ကို စကားဆိုလိုက်၏။ "အခု စဦးစိတ်ဝိညာဉ်ဝါးမြိုတတ်တဲ့ မိစ္ဆာကောင်တွေကို သတ်ဖို့ရာ တခြားတာအိုရောင်းရင်းတွေပါ သွားနေကြပြီဆိုမှတော့ ကျုပ်လည်း ဘေးမှာ အသာလေး ထိုင်ကြည့်နေမှာ မဟုတ်တော့ဘူး။ ခင်ဗျားတို့ ဘာပဲဆုံးဖြတ်ဆုံးဖြတ် ကျုပ်ကတော့ အရင်သွားနှင့်ပြီ။ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်က တိုက်ပွဲဗဟိုချက်နဲ့ ခုလောက်ထိ နီးကပ်နေမှတော့ တာအိုရောင်းရင်းဝေက ခင်ဗျားတို့ကို ရှာဖွေတွေ့ရှိသွားလောက်ပြီလို့ ကျုပ် ထင်တယ်။ ခင်ဗျားတို့သာ တိုက်ပွဲအတွင်း ပါဝင်မလာခဲ့ကြဘူးဆိုရင် နောင် သူနှင့် ဆက်ဆံရေး တည်ဆောက်တဲ့အခါ အတော်လေး အဆင်မပြေ ဖြစ်သွားရလိမ့်မယ်..."
ထိုသို့ သတိပေး ခြိမ်းခြောက်စကားများကို ပြောဆိုပြီးနောက်မှာ ဟန်လိသည် မိုးပြာအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ တိုက်ပွဲဖြစ်ပွားရာ အရပ်ထံသို့ တဟုန်ထိုး ပျံသန်းထွက်ခွာသွားတော့သည်။
ယင်းနောက်တွင်မူ ကျန်ရှိနေခဲ့သော စဦးစိတ်ဝိညာဉ် ကျင့်ကြံသူနှစ်ဦးမှာ စကားတစ်လုံးမျှ မဆိုနိုင်တော့ဘဲ နေရာ၌ပင် ကြောင်တိကြောင်တောင် ရပ်ကျန်ရစ်ခဲ့၏။
သူတို့ တွေဝေနေခဲ့ကြသည့် အချိန်အတောအတွင်းမှာပင် ထိုခရမ်းရင့်ရောင်အလင်းနှင့် မြစိမ်းရောင်အဆိပ်မြူတို့ကြားမှ တိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။ ဟန်လိ ပြောခဲ့သည့် စကားများမှာ မှန်ကန်နိုင်ခြေ အလွန်မြင့်မားသည်။ သူတို့သည် တိုက်ပွဲဗဟိုချက်နှင့် မိုင်အနည်းငယ်မျှသာ ကွာဝေးသော နေရာ၌ ရှိနေကြသည်ဖြစ်ရာ ဝေဝူယာသာ သူ၏ စိတ်ဝိညာဉ်အာရုံကို ဘေးပတ်ဝန်းကျင်သို့ သာမန်ကာလျှံကာ ဖြန့်ကျက်လိုက်သည်နှင့် သူတို့ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားမှာ သေချာလှပေသည်။
ဘိုးဘေးလင်းဟူက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဝတ်စုံဖြူအမျိုးသမီးအား ခါးသီးစွာ ပြုံးပြကာ စကားဆိုလာသည်။ "သွားကြစို့... တာအိုရောင်းရင်းဟန် ပြောတာ မှန်ပါတယ်။ ကျနော်တို့အားလုံး လူသားကျင့်ကြံသူတွေ ဖြစ်ကြတဲ့အတွက်ကြောင့် မိစ္ဆာကောင်တွေကို သတ်ဖြတ်ဖို့ရာ တာဝန်ရှိပါတယ်..."
ဝတ်စုံဖြူအမျိုးသမီး၏ မျက်နှာအမူအရာက မှေးမှိန်သွားခဲ့ရ၏။ အကျိုးအမြတ်နှင့် အကျိုးဆက်များကို ချင့်ချိန်တွေးဆပြီးနောက် သူမကလည်း ခေါင်းညိတ်ပြရန်သာ တတ်နိုင်တော့သည်။ ကံကောင်းထောက်မစွာဖြင့် ဤထူးဆန်းသော ရှေးဟောင်းမိစ္ဆာကို တပြိုင်နက်တည်း တိုက်ခိုက်ကြမည့် ကျင့်ကြံသူအများအပြား ရှိနေသည်ဖြစ်ရာ သူမအနေဖြင့် အသက်ရှင်ကျန်ရစ်နိုင်ဖို့ရာ အခွင့်အရေး ရှိပေသေးသည်။ သူတို့နှစ်ဦးလုံးမှာ အကောင်းဆုံးဖြစ်လာမည်ဟု မျှော်လင့်ရင်း သတ္တိမွေးကာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
သူတို့နှစ်ဦး မသိလိုက်သည့်အချက်မှာ သူတို့၏ နောက်ကွယ် မိုင်ပေါင်းများစွာအကွာ၌ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း၏ ဘိုးဘေး တုန်းမန်ထူနှင့် သူ၏ ကိုယ်ပိုင်တပည့်သုံးဦး ရှိနေကြခြင်းပင်။ မူလက ဓာတ်သဘာဝစဦးစိတ်ဝိညာဉ်များ၏ အကူအညီနှင့် ဖြစ်တည်လာခဲ့သော စဦးစိတ်ဝိညာဉ်ကျင့်ကြံသူငါးဦးထဲမှ သုံးဦးသာလျှင် အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး ကျန်သည့်နှစ်ဦးမှာမူ ခရီးလမ်းတွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုနှင့် အစွမ်းထက်အတားအဆီးတစ်ခုတို့ကြောင့် ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ကြရပြီ ဖြစ်သည်။
သို့ပေမည့် တုန်းမန်ထူ၏ မျက်နှာထက်တွင်မူ ဝမ်းနည်းကြေကွဲဟန် အရိပ်အယောင် စိုးစိမျှ ရှိမနေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက မိုးကုပ်စက်ဝိုင်းဆီသို့ စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်နေခဲ့၏။ ထိုနေရာမှ ထွက်ပေါ်နေသည့် ပြင်းထန်လှသော စိတ်ဝိညာဉ်ချီ တုန်ခါမှုလှိုင်းများကို မိုင်ပေါင်းများစွာအကွာကနေပင် ရှင်းလင်းစွာ ခံစားမိနေရသောကြောင့်ပင်။ ၎င်းမှာ ကျင့်ကြံသူအချင်းချင်း ရှားပါးရတနာတစ်ခုအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်ရပေမည်။ သူသည်လည်း ဤအခြေအနေကို အခွင့်ကောင်းယူကာ အကျိုးအမြတ်တစ်ခုခု ရရှိနိုင်မလားဟု ဝင်ရောက်စွက်ဖက်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ထိုနေရာနှင့် ပိုမိုဝေးကွာသော နေရာတစ်ခု၌မူ တစ္ဆေဝိညာဉ်ဂိုဏ်း၏ အကြီးအကဲကျုံးနှင့် တစ္ဆေဝိညာဉ်ဂိုဏ်းမှ တပည့်အုပ်စုတစ်စု ရှိနေကြသည်။ အကြီးအကဲကျုံး၏ မျက်နှာထက်တွင်မူ အလွန်တရာ ဆိုးဝါးလှသော မျက်နှာထား ပြည့်နှက်နေခဲ့၏။
သူသည် ဤနတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးအတွင်း ဖြတ်သန်းသွားလာနိုင်မည့် လုံခြုံသော လမ်းကြောင်းမြေပုံတစ်ခုကို ပိုင်ဆိုင်ထားခဲ့သော်လည်း ခရီးလမ်းတွင် ရွေ့လျားနေသော ဟင်းလင်းပြင်အက်ကြောင်းများကြောင့် သူ၏ ကိုယ်ပိုင်တပည့်နှစ်ဦး ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ရသည်။ ပို၍ ဆိုးဝါးသည့်အချက်မှာ သူတို့၏ ဤခက်ခဲကြမ်းတမ်းလှသော ခရီးစဉ်၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် စိတ်ဝိညာဉ်မီးတောက်သစ်သီးများမှာ အခြားပြင်ပလူတစ်ယောက်၏ ခိုးယူခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။ ထိုသတင်းဆိုးက သူ့အား ဒေါသပုန်ထသွားစေကာ တစ်ပိုင်းသေလုနီးပါး ဖြစ်သွားစေခဲ့သည်။
ထိုစိတ်ဝိညာဉ်မီးတောက်သစ်သီးမှာ သူ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ဖို့ရာအတွက် မရှိမဖြစ် အရေးပါလှသော ရတနာတစ်ခု ဖြစ်ပေသည်။ ထိုစိတ်ဝိညာဉ်မီးတောက်သစ်သီးပင်ထံမှ ဖြတ်တောက်ရာများက လတ်လတ်ဆတ်ဆတ် ဖြစ်နေဆဲဖြစ်သည့်အတွက်ကြောင့် ထိုသူခိုးမှာ ၎င်းသစ်သီးများကို အသုံးပြု၍ ဆေးဝါးများ ချက်ချင်း သန့်စင်ဖော်စပ်နေရမှာဖြစ်သဖြင့် အဝေးသို့ ရောက်ရှိနေဦးမှာ မဟုတ်ပေ။ သူသည် ဤအကြောင်းပြချက်များဖြင့် သူ၏ တပည့်များကို ရှာဖွေခိုင်းခဲ့သော်လည်း ရက်ပေါင်းများစွာ ကြိုးစားရှာဖွေခဲ့လျှင်ပင် ထိုသူခိုး၏ သဲလွန်စကို ရှာမတွေ့ခဲ့သည့်အတွက်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။
သို့သော်လည်း အကြီးအကဲကျုံးသည် သူ၏ တပည့်များကို ခေါ်ဆောင်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဉ်မှာပင် အဝေးတစ်နေရာမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် ချီစွမ်းအင်လှိုင်းဂယက်များနှင့် လာရောက်တိုးတိုက်မိခဲ့ကြရ၏။ ကံကောင်းထောက်မစွာဖြင့် သူ၏လက်ထဲတွင် ထိပ်တန်းအဆင့်ရှိ ရှေးဟောင်းအကာအကွယ်ရတနာတစ်ခု ပိုင်ဆိုင်ထားခဲ့သဖြင့် သူ၏ တပည့်များအားလုံး မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိဘဲ ကပ်သီးလေး လွတ်မြောက်လာနိုင်ခဲ့ကြခြင်းပင်။
သည့်နောက်တွင်မူ အဝေးတစ်နေရာမှ ထူးဆန်းလှသော စိတ်ဝိညာဉ်ချီ တုန်ခါမှုလှိုင်းများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သဖြင့် သူသည် စိတ်ထဲကနေ ထိုစိတ်ဝိညာဉ်မီးတောက်သစ်သီးများကို ခိုးယူသွားခဲ့သော ကျင့်ကြံသူကို ချက်ခြင်း သတိရမိသွားပြီး သူ၏ စိတ်နှလုံးအတွင်း၌ သည်းခံနိုင်စွမ်းမရှိလောက်အောင် ပြင်းထန်လှသော လောဘဇောများ ဖြစ်ပေါ်လာကာ သူ၏ တပည့်များကို ခေါ်ဆောင်၍ ထိုအရပ်ထံသို့ အလျင်အမြန် ပျံသန်းလာခဲ့သည်။