အခန်း ၈၄၇
Vol. 61 Ch. 847
အပိုင်း ၈၄၇ - မိစ္ဆာနှစ်ကောင် ဆုံတွေ့ခြင်း
ဟန်လိသည် မိစ္ဆာအလောင်းကောင်အရှင်နှင့်ရုပ်သေးများကို သူ၏ ဘေးနားတွင် အသင့်အနေအထားဖြင့် အနီးကပ် ထားရှိခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားရာထံသို့ ပျံသန်းလာစဥ် သူ၏ ဘေးပတ်လည်၌ ကြီးမားလှသော လိပ်ရုပ်သေး ဒါဇင်ဝက်ခန့်ကိုပါ ထပ်မံ ထုတ်လွှတ်လိုက်သေးသည်။
ဘိုးဘေးလင်းဟူ နှင့် ဝတ်စုံဖြူအမျိုးသမီးတို့သည် သူတို့၏ နောက်ကွယ်မှ နေ၍ လိုက်ပါလာကြစဥ် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြရသလို စိတ်ထဲ၌လည်း အနည်းငယ် စိတ်အေးသွားကြရ၏။ ထိုရုပ်သေးတစ်ကောင်ချင်းစီ၏ စွမ်းရည်မှာ များစွာ အထင်ကြီးစရာ မရှိလှသော်ငြားလည်း ၎င်းတို့ကို အရေအတွက် ဒါဇင်ချီ စုစည်း၍ ကျွမ်းကျင်စွာ အသုံးပြုနိုင်မည်ဆိုလျှင် သာမန် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးကိုမူ အာရုံများသွားအောင် လုပ်နိုင်ပေသည်။
သူတို့နှစ်ဦးလုံးမှာ ဤမြင်ကွင်းကြောင့် စိတ်သက်သာရာ ရသွားကြသော်လည်း ဘိုးဘေးလင်းဟူ၏ စိတ်ထဲ၌မူ မနာလိုအားကျစိတ်တစ်ခု ချက်ခြင်း ဖြတ်ပြေးသွားခဲ့ရပြီး ဝတ်စုံဖြူအမျိုးသမီးမှာမူ ရှိန်သွားခဲ့ရ၏။ 'ဟန်လိထံမှာ ခုထိ ဖုံးကွယ်ထားတဲ့ နောက်ထပ် လှည့်ကွက်တွေ ရှိနေသေးတာပဲ။ တကယ်ကို နက်နဲဆန်းကြယ်လွန်းတဲ့ လူစားမျိုးပါလား' ဟုလည်း စိတ်ထဲကနေ တွေးတောမိလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟန်လိသည် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ပိုနီးလာသည်။ သူ မီတာရာချီအကွာသို့ ရောက်ရှိလာသည့်အခါ၌ ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ကာ ဖြစ်ပျက်နေသမျှကို သေချာစွာ စူးစမ်းကြည့်ရှုနေသည်။
အနီးကပ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် ခရမ်းရောင်အလင်းတန်းများ၏ ဗဟိုချက်ဆီမှနေ၍ ခရမ်းရင့်ရောင် မိစ္ဆာအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သော လက်တံများမှာ လေထုထဲ၌ အရူးအမူး လှုပ်ရှားဝှေ့ယမ်းနေကြသည်ကို သူ တွေ့ရှိလိုက်ရ၏။ ထိုခရမ်းရောင်အလင်းတန်းများ၏ ဗဟိုချက်တွင်မူ မိစ္ဆာချီစွမ်းအင်များ၏ အရင်းအမြစ်ဖြစ်သော မိစ္ဆာတစ်ကောင် ရှိနေသည်။
ထိုမိစ္ဆာမှာ ရက်စက်ကြမ်းကြုတ်သော မျက်နှာကို ပိုင်ဆိုင်ထားပြီး သူ၏ နဖူးထက်မှ ဦးချိုတစ်ချောင်း ထိုးထွက်နေခြင်းက ခေါင်းနှစ်လုံးနှင့် လက်လေးဖက်ရှိသော ရှေးဟောင်းမိစ္ဆာနှင့် အလွန်တရာ တူညီနေစေသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ လုံးဝကို လူသားတစ်ဦးနှင့် ဆင်တူနေပြီး သူ၏ အသားအရေမှာ အနုစိတ်ထုဆစ်ထားသော ကျောက်စိမ်းအလား ချောမွေ့ကြည်လင်နေချေ၏။
ထိုအခိုက်၌ ထိုမိစ္ဆာသည် မျက်လုံးများကို မှိတ်ထားပြီး မည်သည့်စိတ်ခံစားချက် အရိပ်အယောင်မျှ မပြသလေဘဲ အိပ်မောကျနေသည့်နှယ် ရှိနေသည်။ သို့သော်လည်း ထူးဆန်းသည့်အချက်မှာ သူ၏ ပါးစပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့လျှင်ပင် သူ၏ ဝမ်းဗိုက်ထဲကနေ မိုးကြိုးမုန်တိုင်းအလား ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးများက ရံဖန်ရံခါ ပေါက်ကွဲထွက်လာခြင်းပင်။ ဤအသံတစ်ခုတည်းနှင့်တင် ထိုမိစ္ဆာမှာ အကြီးအကျယ် ဒေါသထွက်နေမှန်း သိသာလှသော်လည်း သူ၏ မျက်နှာပေါ်တွင်မူ မည်သည့်လှုပ်ရှားမှုမျှ ရှိမနေပေ။
ထိုမိစ္ဆာသည် သူ၏ လက်များကို စက်ရုပ်တစ်ရုပ်အလား အလိုအလျောက် လှုပ်ရှားစေကာ သူ၏ အောက်ဘက်မှ မြစိမ်းရောင်တိမ်တိုက်ထုကြီးဆီသို့ ပိန်းပိန်းမှောင်နေသော အနက်ရောင်မိစ္ဆာမီးလုံးများကို ဆက်တိုက် ထိုးနှက်ပစ်လွှတ်နေ၏။ ထိုမိစ္ဆာမီးလုံးများ၏ လှုပ်ရှားမှုနှုန်းမှာ အလွန်တရာ နှေးကွေးနေသဖြင့် အားနည်းနေသည့်အလား ထင်မှတ်ရပေသည်။
သို့ပေမည့် သူတို့၏ သာမန်ကာလျှံကာ အသွင်အပြင်နှင့် ဆန့်ကျင်ဘက်အနေဖြင့် ထိုအနက်ရောင်မိစ္ဆာမီးလုံးများ ပေါက်ကွဲသွားသည့် ခဏ၌ မီတာဆယ်ဂဏန်းခန့်အထိ ကျယ်ပြန့်သော မီးတောက်ပတ်လမ်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး အနီးနားရှိ မြစိမ်းရောင်တိမ်တိုက်များအားလုံးကို အလျင်အမြန် ပြန့်ကြဲသွားစေသည်။
သို့သော်ငြားလည်း ဝေဝူယာ၏ မြစိမ်းရောင် အဆိပ်တိမ်တိုက်ကြီးမှာလည်း အထင်သေး၍ မရပေ။ ၎င်းက အကြိမ်အနည်းငယ် တုန်ခါသွားပြီးနောက် ထိုအနက်ရောင်မိစ္ဆာမီးလုံးများကို ရှင်းလင်းပစ်ရန်အတွက် မြစိမ်းရောင်အဆိပ်ချီများဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သော မြွေစိမ်းများစွာကို စေလွှတ်၍ တန်ပြန်တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ယင်းမြွေစိမ်းများမှာ ခရမ်းရောင်အလင်းအတွင်းရှိ မိစ္ဆာထံသို့ မချဉ်းကပ်နိုင်မီမှာပင် လေထုထဲ၌ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားကြရသဖြင့် အားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရ၏။
ရလဒ်အနေဖြင့် လေထုထဲ၌ မြစိမ်းရောင်တိမ်တိုက်များ၊ ထူးဆန်းသော အလင်းတန်းများနှင့် အနက်ရောင်မိစ္ဆာမီးတောက်များမှာ တစ်ခုနှင့်တစ်ခု ရောထွေးယှက်လိမ်နေကြပြီး ရံဖန်ရံခါ ကျယ်လောင်သော ပေါက်ကွဲသံကြီးများကို ထွက်ပေါ်စေသည်။
မကြာမီမှာပင် ဘိုးဘေးလင်းဟူသည် ဟန်လိ၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး လေထုထဲမှ ထိုမိစ္ဆာကို လှမ်းမြင်လိုက်ရသည့်အခါ အံ့အားသင့်တုန်လှုပ်သွားဟန်ဖြင့် ဝမ်းမြောက်ဝမ်းသာ ဆိုလိုက်၏။
"ဒါက ဘာဖြစ်တာလဲ။ ဒီမိစ္ဆာကောင်က ခုထိ နိုးထမလာသေးတာလား ဒါမှမဟုတ်ရင် သူ့ ခန္ဓာကိုယ်ကို အစွမ်းထက်အတားအဆီးတစ်ခုခုနဲ့ ပိတ်လှောင်ထားတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျုပ်တို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ"
ဟန်လိက ခေါင်းခါလိုက်၏။ သူက ဘေးပတ်ဝန်းကျင် အနေအထားကို ဆက်လက်စူးစမ်းကြည့်ရှုနေရင်း စကားဆိုလာသည်။
"တကယ်လို့ ဒီပြဿနာက ခင်ဗျားထင်သလို လွယ်ကူနေခဲ့မယ်ဆိုရင် တာအိုရောင်းရင်းဝေက သူ့ကို စောစောတည်းက အပြတ်ရှင်းပစ်ခဲ့လောက်ပြီ။ အခုလိုမျိုး အဆိပ်တိမ်တိုက်ထဲမှာ ဒုက္ခခံပြီး ပုန်းလျှိုးကွယ်လျှိုး နေနေမှာ မဟုတ်ဘူး။ ဒီနောက်ကွယ်မှာ ပိုမိုနက်နဲလှတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတာ သေချာတယ်။ ဒါ့အပြင် ဒီမိစ္ဆာထံကနေ ထွက်ပေါ်နေသည့် ပိုမိုပြင်းထန်လှတဲ့ မိစ္ဆာချီစွမ်းအင်လှိုင်းများကို ကြည့်ရင် သူက အစောပိုင်းတုန်းက ထွက်ပြေးသွားခဲ့တဲ့ ရှေးဟောင်းမိစ္ဆာနဲ့ တစ်ခုခု ဆက်နွှယ်မှု ရှိနေမှာဖြစ်သလို သူက ပိုပြီးတောင် အစွမ်းထက်နေသေးတယ်ဆိုတာကို မေ့လို့မရဘူး"
သူသည် စိတ်ရှုပ်ထွေးစွာဖြင့် ရှာဖွေကြည့်ရှုခဲ့သော်လည်း မိစ္ဆာအသွင်ပြောင်းလဲသွားသော မြို့စားကြီးနန်းလုံ၏ သဲလွန်စကိုမူ လုံးဝ ရှာမတွေ့ခဲ့ဘဲ ဖြစ်နေရ၏။ သို့သော်လည်း ရုတ်တရက် သူ၏ အကြည့်က စီနီယာအစ်ကိုချန်းတို့ ကျင့်ကြံသူအုပ်စုထံသို့ ကျရောက်သွားသည့်အခါ သူ၏ အာရုံစူးစိုက်မှုမှာ ပိုမိုလေးနက်သွားသည်။ သူတို့ ရောက်ရှိလာသည့်အခါ၌ သူတို့၏ မျက်နှာများထက်တွင်မူ ပိုမိုကြီးမားသော အံ့ဩထိတ်လန့်ဟန်များ ပြည့်နှက်နေကြသည်။
စီနီယာအစ်ကိုချန်းသည် ဟန်လိကို လှမ်းမြင်လိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် ဝမ်းသာအားရဟန် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သော်လည်း မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိဘဲ သူက ဟန်လိကို ပြုံး၍ ခေါင်းတဆတ်ဆတ် ညိတ်ပြရုံသာ ပြုလုပ်ခဲ့ပေသည်။
ဟန်လိက ဤသည်ကို မြင်သည့်အခါ ခါးသီးစွာ ပြုံးလိုက်မိပြီး သူ၏စီနီယာအစ်ကိုထံသို့ အသံပို့လွှတ်ခြင်းပညာရပ်ကို အသုံးပြု၍ ပထမဆုံးအကြိမ်အဖြစ် တိတ်တဆိတ် သတိပေးလိုက်၏။
"စီနီယာအစ်ကိုချန်း ခင်ဗျား လာတာ တကယ်ကို အချိန်မတော်ပါဘူး။ ဒီမိစ္ဆာက အလွန်တရာ အန္တရာယ်များလှပါတယ်။ ဝေဝူယာကိုယ်တိုင်တောင် သူ့ကို အနိုင်တိုက်နိုင်စွမ်း ရှိ၊ မရှိ မသေချာဘူး။ ဒါ့အပြင် အနီးနားမှာ ခေါင်းနှစ်လုံးနဲ့ လက်လေးဖက်ရှိတဲ့ အခြားမိစ္ဆာကောင်တစ်ကောင်လည်း ရှိနေသေးတယ်"
စီနီယာအစ်ကိုချန်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားရပြီး အလျင်အမြန်ပင် အသံပြန်လည်ပို့လွှတ်လာခဲ့သည်။
"ဘာ အဆိပ်တိမ်တိုက်က တာအိုရောင်းရင်း ဝေဝူယာရဲ့ အပိုင်လား။ ပြီး နောက်ထပ် မိစ္ဆာကောင်တစ်ကောင် ရှိနေသေးတယ် ဟုတ်လား။ မင်းက ဖြစ်ပျက်နေသမျှကို ကောင်းကောင်းသိနေမှ မင်းတို့ အရင်က အဲ့မိစ္ဆာကောင်နဲ့ တိုက်ခိုက်ခဲ့ကြပြီးပြီလား"
"ကျုပ်က အခြားရှေးဟောင်းမိစ္ဆာနဲ့ လက်ရည်စမ်းခဲ့ဖူးပြီးပြီ။ သူ့ စွမ်းရည်အစစ်အမှန်ကို ကျုပ် တိတိကျကျ မသိရသေးပေမဲ့ သူက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးထက် နိမ့်ကျလိမ့်မှာ မဟုတ်ဘူး။ ကျနော်တို့အားလုံး ပူးပေါင်းတိုက်ခိုက်ကြမယ်ဆိုရင် သူ့ကို တောင့်ခံထားနိုင်လောက်မှာပါ။ ဒါ့အပြင် ဒီမိစ္ဆာက ကျင့်ကြံသူတွေရဲ့ စဦး စိတ်ဝိညာဉ်ကိုပါ ဝါးမြိုပစ်နိုင်စွမ်း ရှိသလို ကိုယ်ယောင်ဖျောက်တဲ့ နေရာမှာလည်း ဆရာတစ်ဆူပဲ၊သူ့ အမြန်နှုန်းကလည်း မခန့်မှန်းနိုင်လောက်အောင် မြန်ဆန်လှတယ်။ သတိထားကြဦး။ တကယ်လို့ သူ ကျနော်တို့ကို လာတိုက်ခဲ့ရင် ကျနော်တို့ အတူတူ လက်တွဲပြီး ခုခံကြရမယ်။ ဒါမှသာ အသက်ရှင်ဖို့ရာ အခွင့်အရေး ပိုများလိမ့်မယ်"
"ကျုပ် သိပါပြီ ကျုပ်ဘေးက တာအိုရောင်းရင်းနှစ်ယောက်နဲ့ ဒီအကြောင်းကို သေချာ ဆွေးနွေးလိုက်ပါ့မယ်"
စီနီယာအစ်ကိုချန်း၏ စိတ်နှလုံးမှာ မှိုင်တွေသွားခဲ့ရပြီး သူက နောက်သို့ လှည့်ကာ ဘေးမှ ကျင့်ကြံသူနှစ်ဦးအား ဟန်လိ ပြောပြခဲ့သမျှ အခြေအနေများကို အသေးစိတ် ပြန်လည်ရှင်းပြလိုက်သည်။
တာအိုရသေ့ ကျောက်သလင်းသည်လည်း ဟန်လိကို ကောင်းစွာ မှတ်မိနေခဲ့ပြီ ဖြစ်သဖြင့် သူ၏ ဘေးနားရှိ ကျားရုပ်သေးနှင့် လိပ်ရုပ်သေး စုစုပေါင်း သုံးဆယ်ခန့်ကို မြင်တွေ့လိုက်ရသည့်အခါ၌ အကြီးအကျယ် တုန်လှုပ်အံ့အားသင့်သွားရသည်။ ထိုအခိုက်တွင် သူက ဟန်လိကို လှမ်း၍ ပြုံးပြလိုက်ပြီးနောက်မှာ စီနီယာအစ်ကိုချန်းနှင့်အတူ ချက်ခြင်း ဆွေးနွေးခန်း ဝင်ကုန်ကြသည်။
သူတို့ဘေးမှ ပါးရည်နားရည်တွန့်နေသော လူအိုကြီးကမူ ဟန်လိဟူသော အမည်ကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားသည့် မျက်နှာထားဖြင့် ဟန်လိရှိရာဘက်သို့ လှမ်း၍ စူးစမ်းကြည့်ရှုလိုက်၏။ သူက ပြင်ပလောကနှင့် နှစ်ပေါင်းများစွာကြာအောင် အဆက်အသွယ် ပြတ်တောက်နေခဲ့သော စဦးစိတ်ဝိညာဉ် ကျင့်ကြံသူအိုကြီးတစ်ဦး ဖြစ်သော်ငြားလည်း ဟန်လိ၏ မကြာသေးခင်ကမှ ရုတ်တရက် အရှိန်အဟုန်ဖြင့် ကျော်ကြားလာခဲ့သော ဂုဏ်သတင်းများကိုမူ ကြားဖူးထားခဲ့ပေသည်။ ထို့အပြင် ဤလူငယ်မှာ သူ၏ မိတ်ဆွေကောင်း၏ သိုင်းညီငယ်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ သူ၏စိတ်အတွင်း၌ သိချင်စိတ်များ ဖြစ်ပေါ်လာခဲ့သဖြင့် ဟန်လိကို တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်၏။
ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့အတွက်မူ သူတို့နှစ်ဦးမှာ အခြားကျင့်ကြံသူများကြား၌ ထူးထူးခြားခြား ကျော်ကြားလှခြင်းမရှိသလို မည်သည့်ဆက်ဆံရေးမျိုးမှလည်း ရှိမနေခဲ့ကြပေ။ သို့သော်လည်း သူတို့အားလုံးမှာ ဟန်လိ၏ မဟာမိတ်များ ဖြစ်ကြသည့်အတွက်ကြောင့် ဤကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းမိစ္ဆာများကို ဆန့်ကျင်တိုက်ခိုက်ဖို့ရာ လက်တွဲပူးပေါင်းရန် အသီးသီး သဘောတူလိုက်ကြသည်။
ထိုအခိုက်တွင် ဝေဝူယာ၏ တည်ငြိမ်ပြီး အက်ရှရှနိုင်လှသော စကားသံသည် မြစိမ်းရောင်တိမ်တိုက်အတွင်းမှ ထွက်ပေါ်လာသည်။ "တာအိုရောင်းရင်းဟန်… မင်း အချိန်မီ ရောက်လာနိုင်ခဲ့တာ တကယ်ကို ကံကောင်းတာပဲ။ ဒီမိစ္ဆာကောင်က ရှေးဟောင်းခေတ်တုန်းက ကျုပ်တို့ရဲ့ သေမျိုးလောကကို ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ ရှေးဟောင်းမိစ္ဆာတစ်ကောင်ပဲ။ သူတို့က လူသားကျင့်ကြံသူအားလုံးရဲ့ ရန်သူတော်ကြီး ဖြစ်ကြတယ်။ ဒီနတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲမှာ အဲ့ဒီလို မိစ္ဆာကောင်တစ်ကောင်ကို ချိပ်ပိတ်ထားခဲ့လိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒါကို တာအိုရောင်းရင်း ဝမ်ထျန်းရှင်းနဲ့ ဝမ်ထျန်းကူ တို့က သတိမထားမိဘဲ ချိပ်ပိတ်မှုကို သွားပြီး ဖွင့်လိုက်မိကြတာ။ သူတို့နှစ်ယောက်လုံးက ချိပ်ပိတ်မှုပွင့်သွားပြီး ဟင်းလင်းပြင်အက်ကြောင်း ပြိုလဲသွားတဲ့ ဖြစ်စဉ်အတွင်းမှာတင် ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ကြရပြီ။ ကျုပ်က ကံကောင်းလို့သာ အသက်ရှင်ကျန်ရစ်ခဲ့တာ ဖြစ်ပေမဲ့ ကျုပ်ရဲ့ အသက်ဓာတ် အကြီးအကျယ် ထိခိုက်သွားခဲ့ရပြီ၊ ကျုပ် သူ့ကို ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ ကံကောင်းထောက်မစွာနဲ့ ရှေးဟောင်းကျင့်ကြံသူတွေက သူ့ ခန္ဓာကိုယ်ပေါ်မှာ ချိပ်ပိတ်အတားအဆီးတစ်ခု ထားရှိခဲ့ကြပေမဲ့ အခု သူက မိစ္ဆာမီးတောက်တွေကို သုံးပြီး အဲ့ဒီချိပ်ပိတ်ကို အရည်ပျော်အောင် ဖျက်ဆီးနေပြီ။ တာအိုရောင်းရင်းတို့ ခင်ဗျားတို့ သူ့ကို မဖြစ်ဖြစ်အောင် တားဆီးကြရမယ်၊ မဟုတ်ရင် မိစ္ဆာကောင်က နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးအတွင်းမှာ ရှိနေကြတဲ့ ကျင့်ကြံသူအားလုံးကို ဘာအဟန့်အတားမှမရှိဘဲ သတ်ဖြတ်ပစ်လိမ့်မယ်"
ဝေဝူယာ၏ စကားလုံးများထဲတွင် စိုးရိမ်ပူပန်မှုများနှင့် အလောတကြီးဖြစ်နေမှုများ ပြည့်နှက်နေပြီး သူ၏ ဒဏ်ရာများမှာ အလွန်တရာ ပြင်းထန်လှပုံ ရပေသည်။ သည့်နောက်တွင် မြစိမ်းရောင်တိမ်တိုက်ထုကြီး၏ အလယ်ဗဟိုမှာ လျင်မြန်စွာ လှည့်ပတ်သွားပြီးနောက် သေလောက်အောင် ဖြူလျော့နေသော မျက်နှာ၊ မှေးမှိန်နေသော မျက်ဝန်းများနှင့်အတူ ဝေဝူယာ၏ ပုံရိပ်သည် ထင်ရှားစွာ ပေါ်ထွက်လာသည်။
ဟန်လိသည် ထိုရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ စိတ်ထဲကနေ ကျိန်ဆဲမိ၏။ သူသည် မူလက ဝေဝူယာကို ကူညီပေးရန်သာ ရည်ရွယ်ထားခဲ့သော်လည်း အခုအခါတွင်မူ သူတို့အဖွဲ့မှာ ဤတိုက်ခိုက်မှု၏ အဓိကအင်အားစု ဖြစ်လာရမည့်ပုံပင်။ ဤသည်က တကယ်ကို ဒုက္ခများလှချေပြီ။
ဘိုးဘေးလင်းဟူနှင့် ကျန်ရှိသောသူများသည်လည်း အခြေအနေမှာ လုံးဝ မကောင်းမှန်း သဘောပေါက်ထားကြသဖြင့် တစ်ဦးကိုတစ်ဦး အကူအညီမဲ့စွာဖြင့် ကြည့်မိကုန်ကြသည်။ ဝေဝူယာကိုယ်တိုင်ပင်လျှင် ထိုမိစ္ဆာ၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သိထားကြသဖြင့် သူတို့လည်း ကွာခြားလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူတို့သာ ထွက်ပြေးခဲ့ကြမည်ဆိုလျှင် ဝေဝူယာသာ အသက်ရှင်ကျန်ရစ်ခဲ့ပါက သူတို့သည် အမှန်တရားကို လစ်လျူရှု၍ ထွက်ပြေးခဲ့ကြကြောင်း ကောင်းကင်တောင်ပိုင်း ကျင့်ကြံခြင်းလောကသို့ သတင်းထုတ်ပြန်ပစ်လိုက်မှာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကျင့်ကြံသူအချင်းချင်း ဖြစ်ပွားသော တိုက်ပွဲမဟုတ်ဘဲ ရှေးဟောင်းမိစ္ဆာများနှင့် တိုက်ခိုက်ရမည့်အရေး မဟုတ်ပါလား။
သူတို့၏ နေရထိုင်ရခက်ခဲနေသော အနေအထားကို ရိပ်မိသွားသည့်အလား ဝေဝူယာ၏ စကားသံက ပျော့ပြောင်းသွားပြီး ဆက်ပြောလာသည်။ "စိတ်မပူကြပါနဲ့ ကျုပ် အဝေးတစ်နေရာဆီကို ကျုပ်ရဲ့ စိတ်ဝိညာဉ်အာရုံ စေလွှတ်ပြီး စစ်ဆေးကြည့်ပြီးပြီ။ ခင်ဗျားတို့ ဒီမိစ္ဆာကို ခဏတဖြုတ် အချိန်ဆွဲထားနိုင်သရွေ့ အခြားတာအိုရောင်းရင်းတွေလည်း အလျင်အမြန် ရောက်လာကြမှာပါ။ ဒါ့အပြင် ကျုပ် မကြာသေးခင်ကတင် မောက်လန်မျိုးနွယ်စုတွေဆီကိုလည်း အသံလွှင့်အဆောင်လက်ဖွဲ့တစ်ခု စေလွှတ်ထားခဲ့ပြီးပြီ။ သူတို့က ကောင်းကင်တောင်ပိုင်းလောကမှာ နေရာတစ်ခု ရချင်နေကြတာဆို ဒီနေရာကို မလာဘဲ နေကြမှာ မဟုတ်ဘူး"
ဟန်လိနှင့် အခြားသူများသည် ထိုစကားကို ကြားလိုက်ရသည့်အခါမှ စိတ်အေးသွားနိုင်သည်။ သူတို့သည် ထိုရှေးဟောင်းမိစ္ဆာကို အနိုင်မတိုက်နိုင်စွမ်း ရှိစေဦး ခဏတဖြုတ် အချိန်ဆွဲထားဖို့ရာအတွက်မူ ဖြစ်နိုင်ခြေ ရှိသေးသည်။
သို့ပေမည့် အနက်ရောင်မိစ္ဆာချီအတွင်း လွင့်မြောနေသော မိစ္ဆာသည် သူတို့ ပြောဆိုနေကြသည့် စကားများကို နားလည်နေသည့်အလား သူ၏ မှေးစင်းနေသော မျက်လုံးများမှာ တုန်ခါသွားပြီး ရေခဲတမျှ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားသည်။ သူ၏ လက်များက လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို စူးစမ်းရန် သူ၏ ဦးခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လာချေသည်။
ထိုမိစ္ဆာ၏ အကြည့်က သူတို့ထံသို့ ကျရောက်သွားသည့်အခါ သူတို့၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ခရမ်းရင့်ရောင်အလင်းများ အဆက်မပြတ် လင်းလက်လာပြီး ကျင့်ကြံသူများ၏ ကျောရိုးထဲအထိ စိမ့်ခနဲ ဖြစ်သွားစေသည်။ သူတို့သည် သားကောင်တစ်ကောင်အလား စိုက်ကြည့်ခံလိုက်ရသည် ဖြစ်၍ သူတို့၏ စိတ်နှလုံးများမှာ ချောက်နက်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။
သို့သော်လည်း ဟန်လိကမူ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံထားသူ ဖြစ်သည့်အတွက်ကြောင့် သူ၏ အားကောင်းလှသော စိတ်စွမ်းအားဖြင့် ထိုဖိအားအများစုကို ကြံ့ကြံ့ခံထားနိုင်စွမ်း ရှိပေသည်။ သူသည် စိတ်မသက်မသာ ဖြစ်နေသော်ငြားလည်း သူ၏ ကြည်လင်အာရုံ ဝိညာဉ်မျက်စိကို အသုံးပြု၍ ထိုရှေးဟောင်းမိစ္ဆာကို တည်ငြိမ်စွာ ပြန်လည်စိုက်ကြည့်နိုင်ဆဲပင်။ အကယ်၍ သူသာ တစ်ဖက်လူ၏ အကြည့်ကို သတိထား၍ ရှောင်လွှဲလိုက်မည်ဆိုလျှင် သူ၏ စိတ်ထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ကျန်ရစ်ခဲ့မှာဖြစ်သဖြင့် နောင်တွင် ဤမိစ္ဆာနှင့် တိုက်ခိုက်ရမည့်အရေး၌ တွေဝေသွားစေနိုင်သည်။
ထိုရှေးဟောင်းမိစ္ဆာသည် ဟန်လိ၏ ရဲရဲဝံ့ဝံ့ ပြန်လည်စိုက်ကြည့်နေသော အကြည့်ကို မြင်လိုက်ရသည့်အခါ သူက အနည်းငယ် အံ့အားသင့်သွားရပြီးနောက် ဟန်လိကို ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် သေချာစွာ စူးစမ်းကြည့်ရှုနေစဉ်မှာပင် ဟန်လိကလည်း သူ့ကို စကားတစ်လုံးမျှ မဆိုဘဲ ငြိမ်သက်စွာ ပြန်လည်စိုက်ကြည့်နေခဲ့သည်။
ဘိုးဘေးလင်းဟူ နှင့် ဝတ်စုံဖြူအမျိုးသမီးတို့သည် မူလက ဟန်လိ၏ ဘေးနားတွင် ရပ်နေခဲ့ကြသော်လည်း ထိုရှေးဟောင်းမိစ္ဆာ၏ အကြည့်က ဟန်လိထံသို့ ကျရောက်သွားသည့် အခိုက်အတန့်၌ သူတို့သည် ရှေးဟောင်းမိစ္ဆာ၏ စိတ်ဝိညာဉ်ဖိအားကြောင့် အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြရ၏။ အခြားသူများက ဤသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြပြီး အသီးသီး သတိကြီးစွာဖြင့် ပြင်ဆင်လိုက်ကြသည်။
သည့်နောက်တွင် ထိုမိစ္ဆာသည် သူ၏ လက်မောင်းကို မြှောက်လိုက်ရာ အနက်ရောင်မိစ္ဆာမီးတောက်များ လင်းလက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သီးဆုပ်ခန့်ရှိသော မိစ္ဆာမီးလုံးကြီးတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သည့်နောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ထိုမီးလုံးမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ချေပြီ။
ဟန်လိ၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားရပြီး များမကြာမီမှာပင် သူက ထိတ်လန့်သွားရသည်။ ထိုအနက်ရောင်မိစ္ဆာမီးလုံးမှာ သူတို့ထဲမှ မည်သူ့ထံသို့မျှ ဦးတည်ပျံသန်းလာခြင်း မဟုတ်ဘဲ လေထုထဲရှိ ဗလာဖြစ်နေသော နေရာတစ်ခုဆီသို့သာ တိုးဝင်သွားသောကြောင့် ဖြစ်သည်။ ထို့နောက် မီးလုံးမှာ ပေါက်ကွဲထွက်သွားပြီး မီတာဆယ်ဂဏန်းခန့် ဧရိယာတစ်ခုလုံးကို မိစ္ဆာမီးတောက်များဖြင့် ဖုံးလွှမ်းသွားစေသည်။
ဟန်လိ အံ့ဩနေစဉ်မှာပင် ထိုအနက်ရောင်မိစ္ဆာမီးတောက်များအတွင်းမှ အရိပ်တစ်ခု ထွက်ပေါ်လာသည်ကို သူ တွေ့ရှိလိုက်ရ၏။ ၎င်းမှာ ခေါင်းနှစ်လုံးနှင့် လက်လေးဖက်ရှိသော ရှေးဟောင်းမိစ္ဆာပင် ဖြစ်ချေသည်။ ထိုမိစ္ဆာသည် သူ၏ ခရမ်းရောင်အလင်းများ လင်းလက်နေသော လက်များကို ဝှေ့ယမ်းလိုက်ပြီးနောက် ထိုအနက်ရောင်မိစ္ဆာမီးတောက်အားလုံးကို လက်တစ်ဖက်တည်းဖြင့် စုစည်းလိုက်ကာ မူလအတိုင်း မိစ္ဆာမီးလုံးတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲပစ်လိုက်သည်။
ထို့နောက် ခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာသည် ထိုမီးလုံးကို ချက်ခြင်း ဝါးမြိုပစ်လိုက်ပြီးနောက် သူ၏ ဦးခေါင်းကို မော့ကာ အထက်ရှိ ရှေးဟောင်းမိစ္ဆာကို စိုက်ကြည့်လိုက်၏။
"မင်းကိုး…နောက်ဆုံးတော့ မင်း ကျုပ်ကို ရှာတွေ့သွားပြီပေါ့"
ထိုရက်စက် ကြမ်းကြုတ်သော မျက်နှာနှင့် ရှေးဟောင်းမိစ္ဆာက သက်ပြင်းချရင်း ဆိုလိုက်သည်။
ခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာကမူ ဆိုးယုတ်စွာ ပြုံးလိုက်ပြီး ရန်လိုသော လေသံဖြင့် စတင်စကားဆိုလာသည်။
"မင်းက ကျုပ်ကို တိုက်ခိုက်ရဲလောက်အောင်အထိ သတ္တိရှိလာတာပဲ။ ကြည့်ရတာ မင်းက အဓိကစိတ်ဝိညာဉ် ဖြစ်လာချင်နေတဲ့ပုံပဲ။ အတိတ်တုန်းက မင်းကို အဲ့ကျင့်ကြံသူတွေနောက်ကို လိုက်ခိုင်းခဲ့မိတာဟာ ကျုပ် အမှားတစ်ခုလုပ်ခဲ့လားဆိုတာ ပြန်စဉ်းစားစရာ ဖြစ်နေပြီ"