အခန်း ၈၄၈
Vol. 61 Ch. 848
အပိုင်း ၈၄၈ - မိစ္ဆာအလင်းကာ
"ကျုပ်က ခင်ဗျား… ခင်ဗျားက ကျုပ်ပဲ ဆိုပေမဲ့ ကျုပ် ကိုယ်ပိုင်အသိစိတ် ရရှိလာပြီးတဲ့နောက်မှာ ဘာဖြစ်လို့ ခင်ဗျားရဲ့ အမိန့်တွေကို နာခံရမှာလဲ။ ပြီးတော့ မြင့်မြတ်သောဘုံ ထဲမှာလည်း စိတ်ဝိညာဉ်အပိုင်းအစတစ်ခုက မူလစိတ်ဝိညာဉ်အစစ်ကို ဝါးမြိုပစ်တာဟာ ဆန်းကြယ်တဲ့ ကိစ္စရပ်တစ်ခု မဟုတ်ပါဘူး။ ခင်ဗျား ကျုပ်ကို တကိုယ်တည်း လွှတ်ပေးခဲ့ကတည်းက ဒီအကျိုးဆက်ကို ကြိုတွေးထားသင့်တာ"
ခေါင်းတစ်ခုတည်းရှိသော ရှေးဟောင်းမိစ္ဆာက တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်၏။
ခေါင်းနှစ်လုံးနှင့် မိစ္ဆာ၏ မျက်နှာအမူအရာမှာ ရက်စက်ကြမ်းကြုတ်သွားပြီး အော်ဟစ်လိုက်သည်။ "မှန်တယ် ကျုပ် ဒါကို ကြိုတင်မျှော်လင့်ထားခဲ့တယ်။ ဒါပေမဲ့လို့ မင်းက လူသားကျင့်ကြံသူတွေကို ကျုပ်ရဲ့ ခန္ဓာကိုယ်ဆီ အတင်းဆွဲခေါ်လာပြီး ကျုပ်ရဲ့ ချိပ်ပိတ်ခံထားရတဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြိုကွဲခြင်းအသွင်ပြောင်းလဲခြင်း ပညာရပ်ကို သုံးပြီး ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ မင်း မသိတာလား ဒီလိုလုပ်တာက ကျိန်စာကို ပယ်ဖျက်ပေးနိုင်တယ် ဆိုပေမဲ့ ခန္ဓာကိုယ်ရဲ့ အသက်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေပြီး ကျုပ်ရဲ့ ကျင့်ကြံမှုစွမ်းအား သုံးပုံတစ်ပုံလောက်ကို လျော့ကျသွားစေတယ်ဆိုတာကို။ ဒါ ဘာကို ဆိုလိုသလဲဆိုတာ မင်း ကောင်းကောင်းသိရဲ့လား"
လူသားအသွင်ရှိသော ရှေးဟောင်းမိစ္ဆာက နှာမှုတ်လိုက်ပြီး အထင်သေးသော လေသံဖြင့် ဆိုလိုက်၏။ "ခင်ဗျားရဲ့ ခန္ဓာကိုယ် ဟုတ်လား ခင်ဗျား ဘာတွေ လာပြောနေတာလဲ။ ကျုပ်က မူလကတည်းက ခင်ဗျားရဲ့ စိတ်ဝိညာဉ် တစိတ်တပိုင်းပဲ၊ အဲ့ဒီ ဒီခန္ဓာကိုယ်ကို ကျုပ် စိတ်ကြိုက် ဘာလို့ သုံးလို့ မရရမှာလဲ။ ခန္ဓာကိုယ်ရဲ့ ကျင့်ကြံမှု သုံးပုံတစ်ပုံ လျော့ကျသွားတာနဲ့ ပတ်သက်လို့က ကျုပ် ခင်ဗျားကို ဝါးမြိုပစ်နိုင်တာနဲ့ ဒီသေမျိုးလောကထဲမှာပဲ ဆက်ရှိနေပြီး ဘာမှန်းညာမှန်းသေချာ မသိကြတဲ့ ကြောက်လန့်နေကြတဲ့ ဟိုလူသားကောင်တွေကို ဝါးမြိုပစ်ပြီး လွတ်လပ်စွာ နေထိုင်နိုင်လိမ့်မယ်…"
"အချိန်အခါကောင်း ရောက်လာခဲ့ရင် ကျုပ်က မြင့်မြတ်သောဘုံ ဆီကို သွားနိုင်မယ့် ရှေးဟောင်းလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်ဦးမှာ။ အဲ့လိုမျိုး ကြီးမားလှတဲ့ အောင်မြင်မှုကြောင့် ကျုပ်ဟာ မြင့်မြတ်သောဘိုးဘေးများရဲ့ အဖွဲ့ဝင်တစ်ဦးတောင် ဖြစ်လာနိုင်သေးတယ်။ အဲ့ဒီအခါကျရင် မပြောပလောက်တဲ့ ကျင့်ကြံမှုစွမ်းအား လျော့ကျသွားတာက ဘာအရေးလဲ"
ခေါင်းနှစ်လုံးနှင့် မိစ္ဆာသည် ဤသည်ကို မြင်လိုက်ရသည့်အခါ နောင်တရရန် လမ်းမရှိမှန်း သိရှိသွားပြီး နောက်ထပ် စကားများများစားစား မဆိုပေ။ သူ ကျင့်ကြံပျိုးထောင်ခဲ့သော ဒုတိယစိတ်ဝိညာဉ်က သူ့အပေါ် သစ္စာဖောက်လိုက်ပြီ ဖြစ်ရာ ဤလောကတွင် အဓိကစိတ်ဝိညာဉ် တစ်ခုတည်းသာ တည်ရှိရမည်ဖြစ်သဖြင့် တဖက်လူ၏ စိတ်ဝိညာဉ်အာရုံကို ဖျက်စီးပစ်ရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။
ခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာအဖို့ တိုက်ခိုက်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ အဓိကစိတ်ဝိညာဉ်အစစ်မှာ ဤနေရာရှိ ချိပ်ပိတ်အတားအဆီးများထဲမှ မလွတ်မြောက်နိုင်သေးသရွေ့ သူ၏ စိတ်ဝိညာဉ်အပိုင်းအစကိုလည်း လွတ်မြောက်သွားခွင့် ပြုမည် မဟုတ်ချေ။ အခုအခါတွင် သူက အရေးမသာဖြစ်နေသေးလျှင်ပင် သူ၏ စိတ်ဝိညာဉ်အပိုင်းအစမှာ အမှားတစ်ခု ပြုလုပ်ခဲ့ပြီး ဖြစ်ပေသည်။
သူ၏ စိတ်ဝိညာဉ်အပိုင်းအစမှာ မိစ္ဆာခန္ဓာကိုယ်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သဖြင့် ကျင့်ကြံမှုရော မိစ္ဆာခန္ဓာကိုယ်စွမ်းအားပါ ယှဉ်နိုင်စွမ်း မရှိသည်မှာ မှန်သော်လည်း သူက အဓိကစိတ်ဝိညာဉ်အစစ် ဖြစ်သည်နှင့်အညီ စိတ်ဝိညာဉ်အပိုင်းအစပေါ်တွင် ချိပ်ပိတ်တစ်ခု တင်ကြိုချမှတ်ထားခဲ့ဖူးသည်။ ထိုချိပ်ပိတ်အတားအဆီး မည်မျှအထိ ပျက်စီးသွားပြီလဲဆိုတာကို သူ တိတိကျကျ မသိရသေးသော်လည်း ၎င်းက သူတို့ကြား ဖြစ်ပွားမည့် တိုက်ပွဲ၏ အဆုံးသတ်ရလဒ်ကို အဆုံးအဖြတ် ပေးသွားလိမ့်မည်။
ယင်းအတွေးဖြင့် ရှေးဟောင်းမိစ္ဆာသည် သူ၏ ဦးခေါင်းတစ်ခုကို ရုတ်တရက် လှည့်လိုက်ပြီး ကျင့်ကြံသူလူအုပ်ကြီးထံ လှမ်းကြည့်ကာ ဆိုလိုက်၏။
"ကျုပ်တို့ အရင်ဆုံး ကျင့်ကြံသူတွေရဲ့ စဦးစိတ်ဝိညာဉ်တွေကို ဝါးမြိုကြရအောင်၊ ပြီးမှ ကျုပ်တို့ ကိစ္စကို ဆက်ရှင်းကြတာပေါ့။ အဲ့တာပြီးမှ ဘယ်သူက အစေခံလုပ်မလဲဆိုတာကို အနှောက်အယှက်မရှိဘဲ အေးဆေးတိုက်ခိုက်လို့ ရတာပေါ့။ ကျုပ်က ဒီလူသားတွေကို ကျုပ်တို့ရဲ့ပဋိပက္ခကြားထဲကနေ အခွင့်ကောင်းယူခွင့် လုံးဝ မပေးချင်ဘူး။ ဒါကို မင်းလည်း သဘောတူမှာပါ"
"ဒါပေါ့ ကျုပ် ခန္ဓာကိုယ်ပေါ်က ချိပ်ပိတ်အများစုကို ခုဆို ဖျက်ဆီးပြီးသွားပြီ။ မင်း ဝင်မတိုက်ရင်တောင် သူတို့အားလုံးကို ကျုပ်တစ်ယောက်တည်းနဲ့တင် သတ်ပစ်နိုင်တယ်"
ရှေးဟောင်းမိစ္ဆာ၏ စိတ်ဝိညာဉ်အပိုင်းအစက တည်ငြိမ်စွာ ဆိုလိုက်ပြီး သူ၏ မျက်လုံးများကို အပြည့်အဝ ဖွင့်ဟလိုက်ရာ စူးရှတောက်ပသော ခရမ်းနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ရှေးဟောင်းမိစ္ဆာက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ အကြည့်ကို ဟန်လိထံသို့ အလိုလို ရွှေ့ပြောင်းလိုက်၏။
"မင်းကိုယ်မင်း အထင်ကြီးတာ မလောနဲ့ဦး။ သူတို့ထဲမှာ ကျုပ်တို့ကို အတော်လေး ဒုက္ခပေးနိုင်တဲ့ ကျင့်ကြံသူ အနည်းငယ် ပါဝင်နေသေးတယ်"
ရှေးဟောင်းမိစ္ဆာသည် ပါးစပ်ကို ဟလိုက်ပြီး ဤစကားကို ငြင်းဆန်သည့်အလား တစ်ပေခန့် ရှည်လျားသော ခရမ်းရောင် လျှာကြီးကို ထွေးထုတ်ပြလိုက်သည်။
ကျင့်ကြံသူများသည် ခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာ ပေါ်ထွက်လာတာကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားကြရသော်လည်း သူတို့၏ ပြောစကားများကို ကြားသိရသည့်အခါ၌မူ ပိုမို ထိတ်လန့်ကုန်သည်။ ထိုမိစ္ဆာနှစ်ကောင်မှာ မူလက သခင်နှင့် စိတ်ဝိညာဉ်အပိုင်းအစတို့ ဖြစ်ကြပုံပင်။ သို့သော်လည်း အခုအခါတွင်မူ စိတ်ဝိညာဉ်အပိုင်းအစက မူလခန္ဓာကိုယ်အစစ်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သဖြင့် သူတို့ကြား ရန်ငြိုးများမှာ စေ့စပ်ညှိနှိုင်း၍ ရနိုင်မည် မဟုတ်ပေ။
ဘိုးဘေးလင်းဟူနှင့် စီနီယာအစ်ကိုချန်း တို့သည် စစချင်တုန်းက ဤအကြောင်းအရာများကို ကြားရသည့်အခါ စိတ်ထဲကနေ တိတ်တဆိတ် ဝမ်းသာမိသွားသည်။ အကယ်၍ ထိုမိစ္ဆာနှစ်ကောင်သာ အချင်းချင်း အရင်ဆုံး တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့အနေဖြင့် ဤပဋိပက္ခကြားမှ အခွင့်ကောင်းယူနိုင်မှာ ဖြစ်၏။ သို့သော်လည်း မိစ္ဆာနှစ်ကောင် စလုံးက ကျင့်ကြံသူများကို အရင်ဆုံး ရှင်းလင်းပစ်ရန် တပြိုင်နက်တည်း ဆုံးဖြတ်ချက်ချလိုက်ကြသည့် အခိုက်အတန့်၌ အခြေအနေမှာ ချက်ခြင်း ပြောင်းလဲသွားခဲ့ရပေပြီ။
ဟန်လိသည် ဤအခြေအနေကို ဖြေရှင်းရန် အမြန်စဉ်းစားကြည့်နေရင်း ဝေဝူယာဘက်သို့ လှည့်ကာ စကားဆိုလိုက်၏။
"တာအိုရောင်းရင်းဝေ… ကျုပ် ခင်ဗျားကို အဓိကမိစ္ဆာကောင်ကို အချိန်ဆွဲထားဖို့ရာအတွက် ဒုက္ခပေးရပါလိမ့်မယ်။ ဒီနှစ်ယောက်က ခင်ဗျားကို ကူညီပေးကြမှာဖြစ်ပြီး ကျုပ်နှင့် ကျန်တဲ့သူတွေက ခေါင်းနှစ်လုံးမိစ္ဆာကို အပြတ်ရှင်းပစ်ပါ့မယ်။ ဒါက ကျုပ်တို့အားလုံး အသက်ရှင်လွတ်မြောက်နိုင်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ"
သည့်နောက် ဟန်လိက ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့ကို ခေါင်းညိတ်ပြလိုက်ပြီး ဝေဝူယာကို သွားရောက်ကူညီပေးရန် အချက်ပြလိုက်သည်။
ဝေဝူယာသည် ဟန်လိ၏ အကြံအစည်ကို သိရှိသွားသည့်အခါ ခါးသီးစွာ ပြုံးမိရုံသာ တတ်နိုင်ပြီး ဆိုလိုက်၏။ "ကျုပ် တတ်နိုင်သရွေ့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ဒါပေမဲ့လည်း သူက ခန္ဓာကိုယ်ပေါ်က ချိပ်ပိတ်အများစုကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီ ဖြစ်လို့ ကျုပ် ဘယ်လောက်အထိ တောင့်ခံထားနိုင်မလဲဆိုတာ မသေချာဘူး"
သူက အချိန်ပိုမိုဆွဲထားနိုင်လေလေ၊ ဤနေရာသို့ ကျင့်ကြံသူများ ပိုမိုရောက်ရှိလာကြလေ ဖြစ်ပေလိမ့်မည်။
ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့မှာမူ ဟန်လိ၏ အမိန့်ပေးစေခိုင်းမှုအပေါ် မည်သည့်ကန့်ကွက် စကားမျှ မဆိုကြပေ။ မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းလောကတွင် စွမ်းရည်အဆင့်အတန်းကသာ အကြီးအငယ်ကို အဆုံးအဖြတ် ပေးစွမ်းနိုင်သည် မဟုတ်ပါလား။
ဟန်လိ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် ထိုမိစ္ဆာနှစ်ကောင်မှာ ကျင့်ကြံသူများ၏ ဆွေးနွေးမှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းမနေဘဲ ချက်ခြင်းပင် လက်ဦးမှုယူ တိုက်ခိုက်လာကြသည်။
အဓိကရှေးဟောင်းမိစ္ဆာသည် ကိုယ်ကိုတစ်ပတ်ပတ်၍ သူ၏ ခန္ဓာကိုယ်ထံမှ မိစ္ဆာအလင်းတန်းများ ပေါက်ကွဲထွက်လာရာ ရုတ်တရက်ပင် ကောင်းကင်ဝေဟင်တစ်ခုလုံး မှေးမှိန်သွားရပြီးနောက် ခရမ်းနက်ရောင် အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်ပြင်တခွင်လုံးသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြန့်ကားသွားပြီး ၎င်း၏ အရောင်ကို ချက်ခြင်းပင် ပြောင်းလဲသွားစေသည်။
ထိုအဓိကရှေးဟောင်းမိစ္ဆာမှာ မူလနေရာ၌ပင် ငြိမ်သက်စွာ ရပ်နေဆဲဖြစ်ပြီး ထိုအလင်းတန်းများက အပြင်ဘက်သို့ မိစ္ဆာအလင်းကာ တစ်ခုအသွင်ဖြင့် ပြန့်ကားသွားခြင်း ဖြစ်သည်။ ခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာကမူ ထူးဆန်းသော မျက်နှာပေးကို ဖော်ပြလျက် သူ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီးနောက် မြင်ကွင်းမှ ချက်ခြင်း ပျောက်ကွယ်သွား၏။
ကျင့်ကြံသူများသည် ဤသည်ကို မြင်လိုက်ရသည့်အခါ တိုက်ပွဲက တရားဝင် စတင်ခဲ့ပြီမှန်း ကောင်းစွာ သဘောပေါက်လိုက်ကြသည်။ သူတို့ မူလက မည်သို့ပင် ကြံစည်ထားခဲ့ကြသည် ဖြစ်စေ အခုခါတွင်မူ သတ္တိမွေးကာ ရှေ့ဆက်ရင်ဆိုင်ကြရုံမှတစ်ပါး အခြားလမ်း မရှိချေ။
ဝေဝူယာ၏ ခန္ဓာကိုယ်မှ မြစိမ်းရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ၏ ဘေးပတ်လည်ရှိ အဆိပ်တိမ်တိုက်ကြီးမှာ ပြင်းထန်စွာ လှည့်ပတ်လှုပ်ခါလာသည်။ ထိုအဆိပ်တိမ်တိုက်ကြီးအတွင်းမှနေ၍ မြစိမ်းရောင် နဂါးရေသတ္တဝါ ဒါဇင်ကျော် ပေါ်ထွက်လာပြီး ၎င်းတို့၏ စူးရှလှသော လက်သည်းများကို ဖြန့်ကားလျက် ရှေ့သို့ တဟုန်ထိုး တိုးဝင် တိုက်ခိုက်ကြသော်လည်း ထိုမိစ္ဆာအလင်းတန်းများ၏ ပြင်းထန်လှသော လွှမ်းမိုးမှုအောက်တွင်မူ သူတို့၏ အမြန်နှုန်းမှာ ရံဖန်ရံခါ နှေးကွေးသွားခဲ့ရသည်။
ဘိုးဘေးလင်းဟူနှင့် ဝတ်စုံဖြူအမျိုးသမီးတို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ တစ်ဦးကိုတစ်ဦး လှမ်းကြည့်မိကြပြီးနောက် ဝေဝူယာ၏ ဘေးနားသို့ တိုက်ရိုက် ပျံသန်းလာခဲ့ကြ၏။ ဝတ်စုံဖြူအမျိုးသမီးသည် သူမ၏ မှော်ကြေးမုံရတနာကို ထုတ်ယူကာ သိပ်သည်းလှသော သက်တန်ရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ၎င်းက ထိုမိစ္ဆာ၏ မိစ္ဆာအလင်းကာနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားပြီးနောက်မှာ ၎င်း၏ အရှိန်အဟုန်ကို နှေးကွေးသွားစေသည်။
ဘိုးဘေးလင်းဟူကမူ သူ၏ ကွင်းရတနာ အရွယ်အစားကို ကြီးမားလာအောင် ပြုလုပ်လိုက်ပြီးနောက် သူ၏ ကျောက်စိမ်းတုတ်တံနှင့် ကျောက်စိမ်းတံဆိပ်တုံးငယ်ကိုပါ ထုတ်ယူလိုက်သည်။ ၎င်းက မြစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုမိစ္ဆာအလင်းကာထံသို့ ပြင်းထန်လှသော စွမ်းပကားများဖြင့် တဟုန်ထိုး တိုးဝင်ထိုးနှက်၏။
သူတို့နှစ်ဦး၏ အမြင်အရဆိုလျှင် ဝေဝူယာမှာ အပြင်းအထန် ဒဏ်ရာရရှိထားသည် ဆိုဦး သူကား ကောင်းကင်တောင်ပိုင်းလောကတွင် နှစ်ပေါင်းရာနှင့်ချီ၍ ဂုဏ်သတင်းကျော်ကြားခဲ့သော အစွမ်းထက်ဆုံး ကျင့်ကြံသူကြီးတစ်ဦး မဟုတ်ပါလား။ ဟန်လိနှင့် ယှဉ်ကြည့်မည်ဆိုလျှင် သူ့ကို ကူညီပေးခြင်းကသာ ပိုမိုစိတ်ချရသော ရွေးချယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ အနည်းဆုံး သူတို့သည် ထိုခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာ၏ ဆန်းကြယ်လှသော ကိုယ်ယောင်ဖျောက်အတတ်ပညာရပ်များကို ရင်ဆိုင်နေရမှာ မဟုတ်ပေ။ သူတို့နှစ်ဦးလုံးမှာ ၎င်းပညာရပ်ကို ချိုးဖျက်နိုင်စွမ်း ရှိမနေကြသည်ဖြစ်ရာ ဝေဝူယာ၏ အဆိပ်မြူများ၏ အကာအကွယ်အောက်တွင် ရှိနေလျက် အခြားမိစ္ဆာကို ရင်ဆိုင်ရခြင်းက အများကြီး ပို၍ ဘေးကင်းပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးမှာ မြစိမ်းရောင်အဆိပ်မြူများအတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။ ဝေဝူယာကလည်း လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးခဲ့ပြီး သူတို့ကို ဘေးကင်းကင်းဖြင့် ဝင်ခွင့်ပြုခဲ့ပေသည်။
ဟန်လိကမူ ထိုကျင့်ကြံသူနှစ်ဦးအပေါ် သည့်ထက်ပို၍ အာရုံစိုက်မနေပေ။ ထိုအစား သူ၏ စီနီယာအစ်ကိုချန်းတို့ ကျင့်ကြံသူအုပ်စုထံသို့ လှမ်းကြည့်လိုက်သည့်အခါကျမှ မှင်သက်သွားရ၏။
သူတို့သည် ထိုခရမ်းနက်ရောင် မိစ္ဆာအလင်းတန်းများ၏ ဝါးမြိုခြုံလွှမ်းခြင်းကို ခံလိုက်ရသည် ဖြစ်၍ အချိန်မီ ကြိုတင်ကာကွယ်နိုင်စွမ်း မရှိခဲ့ကြတာကို သူ မြင်လိုက်ရခြင်းပင်။ သို့သော်ငြားလည်း သူတို့သုံးဦးလုံးမှာ အတွေ့အကြုံ ရင့်ကျက်လှသော စဦးစိတ်ဝိညာဉ် ကျင့်ကြံသူများ ဖြစ်ကြသည်နှင့်အညီ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် နည်းလမ်းမျိုးစုံ ရှိကြပေသည်။ သဘာဝကျစွာပင် ထိုကျင့်ကြံသူသုံးဦးနှင့် ရုပ်သေးနှစ်ကောင်မှာ အတူတကွ စုစည်းလိုက်ကြပြီး ထောင့်ငါးထောင့်ပါဝင်သော အကာအကွယ်အစီအစဉ်တစ်ခုအသွင်ဖြင့် နေရာယူလိုက်ကြသည်။ သူတို့သည် ကိုယ်ပိုင်အကာအကွယ်ရတနာများကို ထုတ်ဖော်လိုက်ကြရာ လင်းလက်လှုပ်ခတ်နေသော အလင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး သိပ်သည်းလှသော အလွှာပေါင်းများစွာပါဝင်သည့် အရံအတားတစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။
ထိုရက်စက်ကြမ်းကြုတ်သော ရုပ်သေးနှစ်ကောင်မှာလည်း ပါးစပ်များကို ဟလိုက်ပြီးနောက် သူတို့ငါးဦးလုံးကို ဖုံးကွယ်ပေးနိုင်ရန်အတွက် မီးခိုးရောင် ယင်ချီများကို ထွေးထုတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ဟန်လိသည် သူ၏ စီနီယာအစ်ကိုချန်းထံမှ အသံပို့လွှတ်ခြင်းကို ကြားလိုက်ရ၏။ "ညီလေးဟန်…ဒီမိစ္ဆာက အလွန်တရာ အစွမ်းထက်ပုံရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ပဲ ပိုဦးစားပေးရမယ်မလား"
ဟန်လိသည် ထိုစကားကို ကြားရသည့်အခါ ခါးသီးစွာ ပြုံးမိရုံသာ တတ်နိုင်သည်။ ကြည့်ရသည်မှာ ထိုသုံးဦးစလုံးတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် ကိုယ်ပိုင်နည်းလမ်းများ ရှိကြပေသည်။ သို့ဖြစ်၍ သူက စီနီယာအစ်ကိုချန်း၏ ဘေးကင်းလုံခြုံရေးအတွက် အများကြီး စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။
ဤနည်းလမ်းက ပိုမိုဘေးကင်းသည်ဟု ထင်ရသော်လည်း ၎င်းပညာရပ်ကို အသုံးပြုကြမည့် ကျင့်ကြံသူအချင်းချင်း တစ်ဦးနှင့်တစ်ဦး ကောင်းစွာ နားလည်သဘောပေါက်ထားကြဖို့ လိုအပ်ပေသည်။ အကယ်၍ တစ်ဦးကိုတစ်ဦး ယုံကြည်မှုမရှိဘဲ လက်တွဲပူးပေါင်းမည်ဆိုလျှင် တကိုယ်တည်း လှုပ်ရှားတိုက်ခိုက်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။
ယင်းအတွေးဖြင့် မိစ္ဆာအလင်းကာကြီးမှာ ဟန်လိ၏ ရှေ့သို့ ရောက်ရှိလာခဲ့ချေပြီ။
ဟန်လိက မျက်မှောင်ကြုတ်လိုက်ပြီး မိုးပြာအလင်းတန်းများ လင်းလက်သွားစေကာ သူ့အား မိုးပြာအလင်းအလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်၏။ သည့်နောက် သူ၏ လက်များကို မြှောက်ကာ ထိုမိစ္ဆာအလင်းကာထံသို့ လက်ညွှန်လိုက်သည်။ သုံးမီတာခန့် ရှည်လျားသော မိုးပြာရောင် ဓားချီစွမ်းအင်တန်း ဆယ်ခုကျော်သည် ဘယ်ညာယိမ်းထိုးလျက် ထိုးထွက်သွားပြီးနောက်မှာ ထိုခရမ်းနက်ရောင် မိစ္ဆာအလင်းကာကြီးကို အလွယ်တကူပင် အပိုင်းပိုင်း ပြတ်တောက်သွားစေသည်။
ဟန်လိက ဤသည်ကို မြင်သည့်အခါ ဘေးပတ်ဝန်းကျင်သို့ ချက်ခြင်း လှမ်းကြည့်လိုက်ပြီး ဘာမျှမတတ်နိုင်လေဟန်ဖြင့် သက်ပြင်းချမိသည်။ သူ၏ ဦးခေါင်းထက်မှ မိစ္ဆာအလင်းကာမှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သော်ငြားလည်း သူ၏ ဘေးပတ်လည် တစ်ခုလုံးတွင်မူ ထိုခရမ်းနက်ရောင်အလင်းများက ဖုံးလွှမ်းနေဆဲ ဖြစ်သောကြောင့်ပင်။
ထိုအခိုက်တွင် ထိုရှေးဟောင်းမိစ္ဆာ၏ မိစ္ဆာအလင်းကာမှာ မိုင်ပေါင်းများစွာအတွင်းသို့ အံ့ဩစရာကောင်းလှသော အရှိန်အဟုန်ပြင်းစွာဖြင့် ပြန့်ကားသွားခဲ့ပြီ ဖြစ်သည်။ ဟန်လိသည် သူ၏ လှုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များ နှေးကွေးသွားရသလို ခံစားလိုက်ရပြီး ထိုမိစ္ဆာအလင်းကာမှာလည်း အလင်းများ တဖြတ်ဖြတ် လင်းလက်လာကာ ဟန်လိ ဖျက်ဆီးပစ်ခဲ့သော ထိခိုက်မှုမှ ချက်ခြင်း ပြန်လည်ကောင်းမွန်လာသည်။
မိုးပြာအလင်းအရံအတားကို ထုတ်ဖော်လိုက်ခြင်းအပြင် ဟန်လိသည် သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် နောက်ထပ် အလင်းအရံအတားတစ်ခုကိုပါ ထပ်မံ ချခင်းလိုက်ပြီး ထိုခရမ်းနက်ရောင်အလင်းတန်းများ၏ ဝါးမြိုခြင်းကို ခံနေလျက် ဘာမျှ ထပ်မံလုပ်ဆောင်ခြင်း မရှိသေးဘဲ ငြိမ်သက်စွာ စောင့်ကြည့်နေ၏။
သူက ဘေးဘီဝဲယာသို့ ကြည့်ကြည့်၏။ မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့သည့်အတွက်ကြောင့် သူ မျက်မှောင်ကြုတ်မိသွားရသည်။ ထိုရှေးဟောင်းမိစ္ဆာသည် ဤမျှ ကြီးမားလှသော အလင်းအရံအတားကြီးကို အကြောင်းမဲ့ သက်သက်ကြီး ထုတ်ဖော်ခဲ့မှာ မဟုတ်မှန်း သူ ကောင်းစွာ သိရှိထားသည်။ သူ ခန့်မှန်းခဲ့သည့်အတိုင်းပင် ရုတ်တရက် သူ၏ အာရုံခံစားမှုအရ တစ်စုံတစ်ခု မူမမှန်တာကို သိလိုက်ရပြီး သူ၏ မျက်နှာအမူအရာမှာ သုန်မှုန်သွားသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသော ပြောင်းလဲမှု အရိပ်အယောင် စိုးစိမျှ ရှိမနေခဲ့သော်လည်း ထိုခရမ်းနက်ရောင်အလင်းကာမှာ သူ၏ အလင်းအရံအတားများကို ဖြတ်ကျော်ကာ သူ၏ မှော်စွမ်းအားများကို တိတ်တဆိတ် စုပ်ယူဝါးမြိုနေကြောင်း သူ သိလိုက်ရသည်။ ထိုသို့ စုပ်ယူခြင်းခံရသည့် ပမာဏမှာ အလွန်တရာ သေးငယ်လှသည် ဖြစ်သော်ငြားလည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခွန်အားများကို တဖြည်းဖြည်း အားနည်းသွားစေမှာ သေချာသည်။
ထိတ်လန့်တုန်လှုပ်သွားရသဖြင့် ဟန်လိသည် သူ၏ လက်သီးကို ခပ်တင်းတင်း ဆုပ်မိသွားပြီး သည်ပြဿနာကို ခေတ္တမျှ တွေးတောနေပြီးနောက်မှာ သူ၏ လက်ထဲကနေ ပြင်းထန်လှသော ရွှေရောင်လျှပ်စီးတန်းများကို ရုတ်တရက် ပေါက်ကွဲထုတ်လွှတ်လိုက်သည်။ လျှပ်စီးတန်းများ ဖြတ်ခနဲ လင်းလက်သွားပြီး သူ၏ အလင်းအရံအတားနှစ်ခုလုံးအတွင်းသို့ ဝင်ရောက်သွားကာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်သွား၏။
ကျယ်လောင်လှသော လျှပ်စီးမုန်တိုင်းသံကြီး ပေါက်ကွဲထွက်လာခဲ့ပြီးနောက်မှာ သူ့အား ဝန်းရံထားသော မိုးပြာရောင်နှင့် အပြာရောင်အလင်းအရံအတားနှစ်ခုစလုံးထက်တွင် မရေမတွက်နိုင်သော ရွှေရောင်လျှပ်စီးကွင်းများ သိပ်သိပ်သည်းသည်း ဖုံးလွှမ်းသွားသည်။ ထိုအခါမှ ထိုမိစ္ဆာအလင်းတန်းများမှာ ကြောက်လန့်တကြားဖြင့် အဝေးသို့ ချက်ခြင်း ဆုတ်ခွာသွားကြ၏။
ဟန်လိသည် စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချနိုင်ပြီး တွေးကြည့်သည်။ သည့်နောက်တွင်မူ မိစ္ဆာအလောင်းကောင်အရှင်နှင့် သူ၏ ရုပ်သေးများမှာ ရှေ့သို့ လှုပ်ရှားသွားကြပြီး သူ့အား အလယ်ဗဟို၌ ထားရှိကာ ကာကွယ်ပေးထားကြသည်။ ကြီးမားလှသော လိပ်ရုပ်သေးကြီးများမှာ အေးစိမ့်လှသော ယင်ချီများကို စတင် သိပ်သည်းစုပ်ယူလိုက်ကြပြီးနောက် သူတို့၏ နောက်ကျောဘက်မှ ဖောက်ထွင်းမြင်နိုင်သည့် ရေခဲစူးချွန်ကြီးများကို ထုတ်ဖော်လိုက်ကြသည်။
ဤလုပ်ဆောင်ချက်များအားလုံးမှာ ဘာမဟုတ်ဟု ထင်ရ၏။ သို့ရာတွင်မူ ၎င်းလှုပ်ရှားမှုများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်ပေသည်။
သည့်နောက် ဟန်လိ၏မျက်လုံးထဲ၌ မိုးပြာရောင်အလင်းများ လင်းလက်သွား၏။ သူက ကြည်လင်အာရုံ ဝိညာဉ်မျက်စိကို အစွမ်းကုန် အသုံးချ၍ ဘေးပတ်ဝန်းကျင်ကို ဝေ့ခတ်ကြည့်ရှုလိုက်သည့် အခိုက်အတန့်၌ သူ၏ စိတ်နှလုံးမှာ ဒိတ်ခနဲ ဖြစ်သွားရသည်။