← Chapters

အခန်း ၈၄၉

Vol. 61 Ch. 849

အခန်း ၈၄၉

Vol. 61 Ch. 849

အပိုင်း ၈၄၉ - တိုက်ပွဲစတင်ခြင်း

'ဘာဖြစ်သွားတာလဲ...' ဟန်လိသည် ခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာ၏ သဲလွန်စကို လုံးဝ ရှာမတွေ့တော့သည့်အတွက်ကြောင့် သူ၏ စိတ်နှလုံးမှာ မသိမသာ လေးလံသွားသည်။ သူက အသက်ကို ဝဝရှူသွင်းလျက် စိတ်ထဲမှ စိုးရိမ်ပူပန်မှုများကို အတင်းအကျပ် ဖိနှိပ်လိုက်၏။ သည့်နောက်တွင်မူ သူ၏ ခန္ဓာကိုယ်တလျှောက် မိုးပြာအလင်းတန်းများ ရူးသွပ်စွာ လင်းလက်လှုပ်ခတ်သွားစေကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို ကြည်လင်အာရုံ ဝိညာဉ်မျက်စိ အတွင်းသို့ ပို့လွှတ်လိုက်၏။ ထိုအခါ သူ၏ မျက်ဝန်းအစုံဆီမှနေ၍ ရေခဲတမျှ အေးစက်လှသော အပြာရောင်အလင်းတန်းတစ်ခု ဖြာထွက်လာတော့သည်။

ဟန်လိသည် သူ၏ အကြည့်ကို ဘေးပတ်ဝန်းကျင်သို့ ဝေ့ခတ်စူးစမ်းကြည့်လိုက်ရာ နောက်ဆုံး၌ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပေပြီ။ သူ၏ မျက်နှာအမူအရာက ချက်ခြင်းပင် ပြောင်းလဲသွားပြီး သူ၏ အမိန့်အောက်တွင် ကြီးမားလှသော လိပ်ရုပ်သေး ဒါဇင်ဝက်ခန့်မှာ ဝိညာဉ်အလင်းတန်းများ ဖြာထွက်လာကြလျက် ပေထောင်ချီမျှရှိသော ရေခဲစူးချွန်လှိုင်းကြီးတစ်ခုကို တရစပ် ပစ်လွှတ်၍ ဗဟိုချက်ရှိ နေရာလွတ်တစ်ခုကို အပြည့်အဝ ဖုံးလွှမ်းပစ်လိုက်တော့၏။

ထိုရေခဲစူးချွန်လှိုင်းကြီး တိုးဝင်သွားသော နေရာမှ ရုတ်တရက် အနက်ရောင်ချီမြူထုကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး အံ့အားသင့်တုန်လှုပ်နေသော ခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာ၏ ပုံရိပ် ပေါ်လာသည်။ သူ၏ လက်သုံးဖက်တွင်မူ မိစ္ဆာအလံတစ်ခု၊ ကွင်းရတနာတစ်ခုနှင့် ဓားတိုတစ်လက်ကို အသီးသီး ဆုပ်ကိုင်ထားလေ၏။ သူ၏ ရှေ့သို့ ရေခဲစူးချွန်များ စုပြုံတိုးဝင်လာတာ မြင်သည့်အခါ ထို မိစ္ဆာသည် သူ၏ လက်သုံးဖက်ကို ပြိုင်တူ လှုပ်ရှားလိုက်တော့သည်။ ထိုမိစ္ဆာအလံထံမှနေ၍ အနက်ရောင်အလင်းလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး သူ့အား လုံးဝ လွှမ်းခြုံကာကွယ်ပေးသွားသလို ထိုဓားတိုကို အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်သည့်အခါ ထက်ရှလှသော အနက်ရောင်ဓားချီစွမ်းအင်တန်းများ ဖြာထွက်လာခဲ့ပြီး မကြာသေးခင်ကမှ ရရှိထားခဲ့သော ကွင်းရတနာမှာမူ ဖြတ်ခနဲ ဝေဝါးသွားလျက် မယုံကြည်နိုင်လောက်အောင် အရှိန်အဟုန်ပြင်းစွာဖြင့် မရေမတွက်နိုင်သော ကွင်းပုံရိပ်ယောင်များကို အပြင်ဘက်သို့ တရစပ် ပစ်လွှတ်လိုက်တော့သည်။

ထိုရေခဲစူးချွန်များအားလုံးမှာ သူ့ထံသို့ ကျရောက်မလာနိုင်ခင်မှာပင် ထိုမှော်ရတနာများ၏ စွမ်းပကားကြောင့် အစအနမကျန် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ပြီး အနီးဝန်းကျင် ပေကိုးဆယ်ခန့်အတွင်း၌ အေးစိမ့်လှသော ရေခဲချီစွမ်းအင်များဖြင့် ပြည့်နှက်သွားစေတော့သည်။ ရလဒ်အနေဖြင့် ဘေးပတ်ဝန်းကျင်ရှိ အပူချိန်မှာ ရုတ်ချည်း ကျဆင်းသွားခဲ့ရ၏။ သို့ပေမည့် ထိုခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာမှာမူ ဤသည်ကို စိုးစိမျှ ဂရုစိုက်ခြင်းမရှိဘဲ ဆိုးယုတ်စွာ ပြုံးလိုက်ပြီးနောက် မိစ္ဆာအလင်းတန်းတစ်ခုနှင့်အတူ မြင်ကွင်းမှ နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားခဲ့ပြန်သည်။ ဟန်လိသည် ဤသည်ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာအမူအရာက အလွန်တရာ အရုပ်ဆိုးသွားခဲ့ပြီး နှုတ်ခမ်းကို လျှာဖြင့် မသိမသာ သပ်လိုက်မိ၏။

ဤရှေးဟောင်းမိစ္ဆာကား သူ၏ ကျင့်ကြံခြင်းခရီးလမ်းတလျှောက် ရင်ဆိုင်ခဲ့ဖူးသမျှသော ရန်သူအားလုံးထဲတွင် အကြောက်စရာအကောင်းဆုံး၊ အစွမ်းထက်ဆုံး ပြိုင်ဘက်တစ်ဦး ဖြစ်ပေလိမ့်မည်။ မတော်တဆ ပေါ့ဆမိရုံမျှနှင့်ပင် သူ သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

သူသည် သူ၏ ကြည်လင်အာရုံ ဝိညာဉ်မျက်စိကို အမြင့်ဆုံးအဆင့်အထိ အသက်သွင်း၍ အသုံးပြုနေခဲ့သည် ဖြစ်သော်လည်း ထိုမိစ္ဆာအလင်းတန်းများအတွင်း ပုန်းကွယ်နေသော မိစ္ဆာ၏ ပုံရိပ်မှာမူ လုံးဝကို ဝေဝါးလွန်းနေခဲ့သည်။ တဖက်လူ၏ လှုပ်ရှားမှု အမြန်နှုန်းမှာ လွန်စွာ မြန်ဆန်လွန်းလှသဖြင့် ဟန်လိအနေဖြင့် သူ၏ တည်နေရာပေါ်တွင် အာရုံအကြာကြီး မစိုက်နိုင်ပေ။ သူ၏ မြင်ကွင်းအတွင်းသို့ ထိုဝေဝါးလှသော အရိပ်အယောင်တစ်ခု ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်ကိုသာ ခက်ခဲစွာ မြင်တွေ့နေရခြင်းပင်။ ထိုရှေးဟောင်းမိစ္ဆာက သူ၏ အရှိန်အဟုန်ကို လျှော့ချလိုက်သည့်အခါ သို့မဟုတ် ရပ်တန့်သွားသည့် အခိုက်အတန့်ကျမှသာ ဟန်လိအနေဖြင့် သူ၏ တည်နေရာကို ကပ်သီးလေး မြင်တွေ့နိုင်စွမ်း ရှိနေခြင်းပင်။

ရလဒ်အနေဖြင့် ဟန်လိသည် ချက်ခြင်းပင် အရေးမသာသော အခြေအနေသို့ ရောက်ရှိသွားသည်။ သူ၏ ကြည်လင်အာရုံ ဝိညာဉ်မျက်စိကို အစွမ်းကုန် အသုံးပြုနေရခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့မျက်လုံးအပေါ် ဒဏ်ဖြစ်ပေါ်စေပြီး ဤနတ်စွမ်းရည်ကို အချိန်အကြာကြီး ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိမှန်း သူ သိသည်။ သူ၏ ကြည်လင်အာရုံ ဝိညာဉ်မျက်စိ အားနည်းသွားခဲ့ပြီ ဖြစ်ရာ ဟန်လိအနေဖြင့် ထိုမိစ္ဆာ၏ သဲလွန်စကို လုံးဝ ရှာမတွေ့နိုင်တော့ဘဲ ဖြစ်သွားရသည်။

ဟန်လိသည် အားပျက်နေလေပြီ။ အခုအခါတွင် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာလမ်းမှာ ထိုမိစ္ဆာ၏ ကိုယ်ယောင်ဖျောက်အတတ်ပညာရပ်ကို ဖျက်ဆီးပစ်ရန် သို့မဟုတ် ၎င်းပညာရပ်ကို စွန့်လွှတ်သွားအောင် အတင်းအကြပ် လုပ်ဆောင်ရန်သာ ရှိတော့သည်။ ထိုမိစ္ဆာအလင်းတန်းများအတွင်း ပုန်းလျှိုးကွယ်လျှိုး နေနေခြင်းက ဘာမျှ အသုံးမဝင်မှန်း သူ ကောင်းစွာ နားလည်သည်။ မဟုတ်ပါက ဟန်လိအနေဖြင့် ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်မည့် မည်သည့်နည်းလမ်းမှ ရှိလာနိုင်တော့မှာ မဟုတ်ချေ။

ယင်းအတွေးဖြင့် ဟန်လိ၏ စိတ်နှလုံးမှာ လှုပ်ခတ်သွားပြီး သူ၏ သိုလှောင်အိတ်ကို ဖြတ်ခနဲ ပုတ်လိုက်တော့သည်။ ရွှေဝါးမြိုခြင်းပိုးတောင်မာ အုပ်စုကြီးသည် သူ၏ ခန္ဓာကိုယ်အတွင်းမှနေ၍ တဟုန်ထိုး ထွက်ပေါ်လာကြလျက် သူ့အား ဝန်းရံထားကြ၏။ သည့်နောက် ဟန်လိက လေချွန်သံ ခပ်တိုးတိုးတစ်ချက် ပေးလိုက်ရာ ထိုအင်းဆက်အုပ်ကြီးမှာ အရပ်လေးမျက်နှာလုံးသို့ အလျင်အမြန် ပြန့်ကျဲသွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပိုးတောင်မာများမှာ ဟန်လိကို အလယ်ဗဟို၌ ထားရှိကာ ပေ သုံးရာခန့် ကျယ်ပြောလှသော အရံအတားတစ်ခုအသွင်ဖြင့် နေရာယူပိတ်ဆို့လိုက်ကြ၏။

ရလဒ်အနေဖြင့် ဟန်လိသည် သူ၏ ကြည်လင်အာရုံ ဝိညာဉ်မျက်စိကို အသုံးမပြုနိုင်တော့ဘဲ ထိုမိစ္ဆာကို ရှာမတွေ့နိုင်တော့ဘူးဆိုလျှင်ပင် တဖက်လူသာ ဤပိုးတောင်မာများ၏ အရံအတားအတွင်းသို့ ဝင်ရောက်လာခဲ့မည်ဆိုပါက သူ၏ တည်နေရာကို ချက်ခြင်း အာရုံခံမိသွားမှာဖြစ်ရာ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံရမည့်အရေးမှ လွတ်မြောက်နိုင်ပေလိမ့်မည်။

ထိုအင်းဆက်အုပ်ကြီးကို ထုတ်လွှတ်လိုက်ပြီးသည်နှင့် မနီးမဝေးသော နေရာတစ်ခုဆီမှနေ၍ အေးစက်စက် နှာမှုတ်သံတစ်ခု ထွက်ပေါ်လာသည်။ သည့်နောက်မှာ အနက်ရောင်အလင်းတန်းတစ်ခုနှင့်အတူ ထိုခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာ၏ ပုံရိပ်သည် ပေါ်ထွက်လာပြီး တလက်လက် တောက်ပနေကြသော ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ကြည့်လျက် သူ၏ မျက်နှာအမူအရာက အရုပ်ဆိုးသွားခဲ့၏။ သို့ပေမည့် ချက်ခြင်းပင် ထိုမိစ္ဆာ၏ လူသားဦးခေါင်းမျက်နှာမှာ တင်းမာခက်ထန်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ ဦးခေါင်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု နေရာချင်း လဲလှယ်လိုက်ကြသည်။ အခုအခါတွင်မူ ရက်စက်ကြမ်းကြုတ်လှသော တစ္ဆေဦးခေါင်း မျက်နှာက ဟန်လိ၏ ဘက်သို့ ဦးတည်လာခဲ့ပြီး သူ၏ မျက်နှာထက်တွင် ရေခဲတမျှ အေးစက်လှသော အပြုံးတစ်ခု ရှိနေသည်။

ဟန်လိသည် စိတ်ထဲ တုန်လှုပ်သွားပြီး အလိုလို သတိအနေအထား ဖြစ်သွား၏။ ထိုတစ္ဆေ ဦးခေါင်းမှာ ပါးစပ်ကို ဟလိုက်ပြီးနောက်မှာ မည်သည့်အသံဗလံမျှ မရှိလေဘဲ အနက်ရောင်လှိုင်းတန်းများကို ထွေးထုတ်၍ တိုက်ခိုက်လိုက်တာကို သူ မြင်တွေ့လိုက်ရ၏။

အနက်ရောင်လှိုင်းတန်းများက ဟန်လိ၏ အနီးနားသို့ ရောက်ရှိလာသည့်အခါ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားခဲ့ပြီး ထိုပိုးတောင်မာများမှာ ယိမ်းထိုးလှုပ်ခါသွားကြရလျက် မြေပြင်ပေါ်သို့ အသီးသီး ပြိုလဲကျသည်။ ရလဒ်အနေဖြင့် ဟန်လိထံသို့ လာရာလမ်းကြောင်းကို ပိတ်ဆို့ထားကြသော ထိုပိုးတောင်မာ အများစုမှာ လဲပြိုကျသွားခဲ့ကြပြီ ဖြစ်ရာ ရှေ့သို့ ဦးတည်နိုင်မည့် ဗလာဖြစ်နေသော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။

ထိုတစ္ဆေဦးခေါင်းသည် ဟန်လိရှိရာဘက်သို့ ပြုံးပြလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ဝေဝါးသွားစေကာ ရှေ့သို့ တဟုန်ထိုး ပျံသန်းဝင်ရောက်လာသည်။ ဟန်လိ၏မျက်နှာအမူအရာမှာ မသာယာတော့ပေ။ သူ၏ လက်ကို မြှောက်ကာ လက်ညှိုးဖြင့် ဖြတ်ခနဲ တောက်ထုတ်၍ သစ်ကြားသီးခန့် အရွယ်အစားရှိသော ရွှေရောင်အလင်းလုံးတစ်ခုကို ရှေ့သို့ ပစ်လွှတ်၍ တန်ပြန်တိုက်ခိုက်သည်။

၎င်း၏ အမြန်နှုန်းမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမိစ္ဆာ၏ တစ္ဆေဦးခေါင်းရှေ့သို့ ချက်ခြင်း ကျရောက်သွားခဲ့ရပေသည်။ ဤသည်ကား သဘာဝမူလဆေးလုံးကြောင့် ဖြစ်ပေါ်လာခဲ့သော ပုံရိပ်ယောင်နယ်ပယ်အတွင်းသို့ ဝင်ရောက်ခဲ့စဥ်အတောအတွင်း ဟန်လိ နားလည်သဘောပေါက်သွားခဲ့သည့် လျှပ်စီးထိန်းချုပ်ခြင်း အတတ်ပညာရပ်ကလွဲ၍ အခြားမဟုတ်ပေ။ ထိုသို့ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို အလင်းလုံးတစ်ခုအသွင်ဖြင့် သိပ်သည်းစုပ်ယူလိုက်ခြင်းအားဖြင့် ၎င်း၏ စွမ်းပကားအချို့ လျော့နည်းသွားစေလျှင်ပင်. အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ရာ၌ အသုံးပြုနိုင်ရန်အတွက်မူ ၎င်း၏ အမြန်နှုန်းကို အဆမတန် မြင့်မားသွားစေမှာ သေချာသည်။

ထိုရှေးဟောင်းမိစ္ဆာမှာ ဤသည်ကို အမှတ်မထင် ကြုံတွေ့လိုက်ရသည် ဖြစ်၍ တုန်လှုပ်ထိတ်လန့်သွားခဲ့ရ၏။ ထိုလျှပ်စီးအလင်းလုံး၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် သူ တတ်မြောက်ထားသော လှုပ်ရှားမှုပညာရပ်များနှင့် အခြားနတ်စွမ်းရည်များကို အသုံးပြု၍ ရှောင်တိမ်းနိုင်စွမ်း မရှိဘဲ ဖြစ်သွားရသည်။ ဘာမျှ မတတ်နိုင်တော့ဘဲ သူ၏ ပါးစပ်ကို ဟလိုက်ပြီး မြွေတစ်ကောင်နှင့် ဆင်တူလှသော ခရမ်းရောင်အရိပ်တစ်ခုကို ထွေးထုတ်၍ ထိုရွှေရောင်လျှပ်စီးလုံးကို တားဆီးရုံသာ ရှိတော့၏။

ဗုန်း... ရွှေရောင်အလင်းတန်းများ ဖြတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး ထိုခရမ်းရောင်အရိပ်ကို နောက်သို့ လွင့်စင်သွားစေကာ လေထုထဲတွင်လည်း တစ်စုံတစ်ခု လောင်ကျွမ်းသွားသည့်အလား ညှော်နံ့များဖြင့် ပြည့်နှက်သွားစေတော့သည်။ ထိုတစ္ဆေဦးခေါင်းသည် နာကျင်မှုကြောင့် ညည်းတွားလိုက်မိပြီးနောက် ဟန်လိကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်လာသည်။

ထိုခရမ်းရောင်အရိပ်သည် သူ၏ ထက်ရှပြီး အလွန်တရာ ရှည်လျားလှသော လျှာဖျားကြီးကို အသုံးပြု၍ နတ်မိစ္ဆာနှိမ်နင်းခြင်းကို အကြောက်အလန့်ကင်းစွာဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း ရလဒ်အနေဖြင့်မူ သူ၏ လျှာဖျားကြီးမှာ အပြင်းအထန် ထိခိုက်ပျက်စီးသွားခဲ့ရတာ ထင်ရှားသည်။

ဟန်လိသည် သူ၏ အလစ်အငိုက်တိုက်ခိုက်မှု ရှုံးနိမ့်သွားခဲ့ရတာကို မြင်တွေ့လိုက်ရသော်လည်း သူ၏ မျက်နှာထက်တွင်မူ အံ့အားသင့်ဟန် အရိပ်အယောင် စိုးစိမျှ ရှိမနေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက အေးစက်စွာ ပြုံးလိုက်ပြီး လေချွန်သံတစ်ချက် ထပ်မံပေးလိုက်ရာ မြေပြင်ပေါ်သို့ လဲပြိုကျသွားခဲ့ကြသော ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာ မြေပြင်ကနေ ပြန်လည်ပျံသန်းလာကြပြီး သူ၏ ဘေးပတ်လည်ရှိ မူလနေရာများထံသို့ အသီးသီး ပြန်လည်ရောက်ရှိလာကြသည်။

ထိုရှေးဟောင်းမိစ္ဆာသည် ဤသည်ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်ဟန် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုရွှေဝါးမြိုခြင်းပိုးတောင်မာများကို လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေ၏။ တဖက်တွင်မူ စီနီယာအစ်ကိုချန်းတို့ ကျင့်ကြံသူအုပ်စုမှာ ဟန်လိနှင့် ထိုမိစ္ဆာကြား အပြန်အလှန် တိုက်ခိုက်နေကြသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၌ သူတို့သည်လည်း ကိုယ်ပိုင်ရတနာများကို အသီးသီး ထုတ်ဖော်၍ ဝင်ရောက်တိုက်ခိုက်လိုက်ကြတော့သည်။ အဖြူရောင်ဓားပျံတစ်လက်၊ အပြာရောင်ကျောက်စိမ်းတုတ်တံတစ်ခုနှင့် အဖြူရောင်လွန်းပျံတို့မှာ ထိုရှေးဟောင်းမိစ္ဆာထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

ထိုရှေးဟောင်းမိစ္ဆာသည် သည်ရတနာများကို အေးစက်စက် တချက်လှမ်းကြည့်လိုက်ပြီး သူ၏ ကိုယ်ပိုင် မိစ္ဆာမှော်ရတနာ သုံးခုစလုံးကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက်ဆိုသလို ထိုရတနာအားလုံးကို အနက်ရောင်အလင်းတန်းများဖြင့် ဝါးမြိုပိတ်လှောင်လိုက်ပြီး သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်သွားစေသည်။ ထိုမိစ္ဆာဓာတ်သင့်နေသော မှော်ရတနာများကို ထိန်းချုပ်နေသူမှာမူ သူ၏ နောက်ကွယ်မှ ဦးခေါင်းမျက်နှာပင်။

သည့်နောက် မည်သည့်လျှို့ဝှက်နည်းပညာကို အသုံးပြုလိုက်မှန်း မသိရလေဘဲ ထိုမိစ္ဆာဓာတ်သင့်နေသော မှော်ရတနာများထံမှနေ၍ ပိုမိုစူးရှတောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ယင်းတို့၏ အလင်းလှိုင်းများက ကျင့်ကြံသူများ၏ ရတနာအားလုံးကို အလင်းအရံအတားတစ်ခုအတွင်း၌ အပြည့်အဝ ပိတ်လှောင်ပစ်သည်။ ထိုအရံအတားအတွင်း၌မူ ရတနာများ၏ ဝိညာဉ်စွမ်းအားများအားလုံးမှာ စုပ်ယူဝါးမြိုခြင်းကို ခံလိုက်ကြရသည် ဖြစ်၍ လွတ်မြောက်နိုင်စွမ်း မရှိ ဖြစ်ကုန်သည်။

ကြည့်ရသည်မှာ ထိုမိစ္ဆာသည် ကျန်ရှိသောသူများကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်ရန်အတွက် အစောပိုင်းတည်းက သူ့ကို အတော်လေး ဒုက္ခပေးနိုင်သော ဟန်လိကို အရင်ဆုံး အပြတ်ရှင်းပစ်ချင်နေပုံ ရသည်။

ဟန်လိသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မျက်မှောင်ကြုတ်မိသွားပြီး ထိုမိစ္ဆာ၏ နောက်ကွယ်မှ ဦးခေါင်းမျက်နှာက ရုတ်တရက် စကားဆိုလာ၏။

"ဒီအင်းဆက်တွေက ကျုပ်ရဲ့ မိစ္ဆာတုန်ခါခြင်းအတတ်ပညာကို မကြောက်မရွံ့ဘဲ တောင့်ခံထားနိုင်ကြတာပဲ။ ကျုပ် သိသလောက်ဆိုရင်တော့ မင်းတို့ သေမျိုးလောကထဲမှာ ငါ့ပညာရပ်ပဲံ အစွမ်းကို ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ အင်းဆက်အရေအတွက်က အလွန်တရာ နည်းပါးတယ်။ သူတို့ရဲ့ ရွှေရောင်အခွံတွေကို ကြည့်ရင်တော့ ဒီအင်းဆက်တွေဟာ ရွှေဝါးမြိုခြင်းပိုးတောင်မာတွေ ဖြစ်ဖို့များတယ်။ ဒါပေမဲ့ ဒီရွှေဝါးမြိုခြင်းပိုးတောင်မာတွေက ဒဏ္ဍာရီထဲကအတိုင်း အပြည့်အဝ အရွယ်ရောက်တာမျိုး မရှိသေးတဲ့အတွက်ကြောင့်သာ ကျုပ်ရဲ့ တိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှုကို ခံလိုက်ကြရတာ ဖြစ်မယ်။ အဲ့လိုသာ မဟုတ်ခဲ့ရင် ကျုပ်ကသာ သူတို့ရဲ့ လက်ခုပ်ထဲကရေ ဖြစ်သွားမှာ သေချာတယ်။ ကံဆိုးတာကတော့ ကျုပ်က ကျုပ်ရဲ့ မူလခန္ဓာကိုယ်အစစ်ကို အသုံးမပြုနိုင်တာပဲ၊ မဟုတ်ရင် မင်းကို ကျုပ်တို့ မြင့်မြတ်သောဘုံရဲ့ မိစ္ဆာလိပ်ပြာတွေရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ စွမ်းပကားတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့် ပေးခဲ့မှာ။ အခု အပြည့်အဝ အရွယ်မရောက်သေးတဲ့ ဒီစိတ်ဝိညာဉ်အင်းဆက်တွေကတော့ သူတို့အတွက် အကောင်းဆုံးသော အာဟာရဓာတ်တွေပဲ ဖြစ်လာလိမ့်မယ်..."

ထိုစကားကို ပြောဆိုပြီးနောက်မှာ နောက်ကွယ်မှ ဦးခေါင်းမျက်နှာသည် ဝေဝါးလှသော အဆိပ်တိမ်တိုက်အတွင်း၌ ဝေဝူယာ၏ တိုက်ခိုက်မှုများကြောင့် ဖြည်းဖြည်းချင်း ဖိနှိပ်ခြင်း ခံနေရသော အဓိကမိစ္ဆာကြီးထံသို့ လှမ်းကြည့်လိုက်ပြီး ထူးဆန်းသော မျက်နှာအမူအရာတစ်ခုကို ဖော်ပြလိုက်တော့သည်။

ဟန်လိသည် သူ၏ နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်သော်လည်း သူ၏ မျက်နှာထက်တွင်မူ မည်သည့်မူမမှန်သည့် အမူအရာကိုမျှ ထုတ်ဖော်ပြသခြင်း မရှိပေ။ သည့်နောက် သူ၏ အင်္ကျီလက်အိုးအတွင်းမှနေ၍ ရွှေရောင်ဓားပျံဆယ်လက်ခန့်ကို ထုတ်လွှတ်လိုက်ရာ ၎င်းတို့က သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လှည့်ပတ်စီးဆင်းနေကြတော့သည်။

သူသည် ထိုဓားပျံများပေါ်သို့ မန္တာန်တံဆိပ်အချို့ကို ဆက်တိုက် ရိုက်ခတ်လိုက်ရာ ၎င်းတို့ထံမှ ရွှေရောင်အလင်းတန်းများ လင်းလက်လာခဲ့ချေပြီ။ သူကား ရွှေရောင်ဓားအစီအရင်ကို ဤနေရာ၌ ချခင်းရန် ကြံစည်နေခြင်း ဖြစ်ပေသည်။

ထိုတစ္ဆေဦးခေါင်းမျက်နှာ၏ မျက်ဝန်းအစုံဆီမှနေ၍ ရုတ်တရက် မကောင်းဆိုးဝါးဆန်လှသော အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွား၏။ "မင်းက သေလမ်းကို အတင်းအကြပ် ရှာဖွေနေမှတော့ ကျုပ်လည်း မင်းနဲ့ အချိန်ပေးပြီး စကားနဲ့ ရှင်းမနေတော့ဘူး။ မင်းရဲ့ စဦးစိတ်ဝိညာဉ်ကို ဝါးမြိုပစ်ပြီး ခုတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ပစ်ရမယ်။ ခုခန္ဓာကိုယ်ကလည်း အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် မင်းကို ကျုပ်တို့ မြင့်မြတ်သောဘုံက မိစ္ဆာအတတ်ပညာရပ်တွေရဲ့ စစ်မှန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မြည်းစမ်းခွင့် ပေးရမှာပေါ့။ နာနာခံခံနဲ့ သေဆုံးသွားစမ်း..."

ထိုမိစ္ဆာသည် အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် ဓားပျံများထံမှနေ၍ ကြီးမားလှသော ခြိမ်းခြောက်မှုလှိုင်းများကို ခံစားလိုက်ရသည် ဖြစ်၍ ဟန်လိကို ဓားအစီအရင် ချခင်းနိုင်ဖို့ရာအတွက် အခွင့်အရေး လုံးဝ ပေးအပ်လိုခြင်း မရှိတော့ချေ။ သူ၏ ပါးစပ်မှနေ၍ ကျယ်လောင်လှသော ဟောက်သံကြီးများ ထွက်ပေါ်လာခြင်းနှင့်အတူ သူ၏ ခန္ဓာကိုယ်ကို ဝေဝါးသွားစေကာ ရွှေဝါးမြိုခြင်းပိုးတောင်မာများရှိရာ အရံအတားအတွင်းသို့ လက်ဗလာဖြင့် အတင်းအကြပ် တိုးဝင် တိုက်ခိုက်လာသည်။

ဟန်လိ၏ စိတ်နှလုံးမှာ မသိမသာ လေးလံသွားရ၏။ သူသည် ဓားအစီအရင်ကို ဆက်လက်ချခင်းနိုင်စွမ်း မရှိတော့ဘဲ စိတ်ထဲကနေ ထိုပိုးတောင်မာများကို တိုက်ခိုက်ဖို့ရာ အမိန့်ပေးလိုက်ရုံသာ။ ထိုပိုးတောင်မာများသည် ဤရှေးဟောင်းမိစ္ဆာအပေါ်တွင် အနည်းငယ် ကြောက်လန့်တုန်လှုပ်နေကြသည် ဖြစ်သော်ငြားလည်း ဟန်လိ၏ ပြတ်သားလှသော အမိန့်ပေးစေခိုင်းမှုအောက်တွင်မူ ရုတ်တရက် စိတ်အားတက်ကြွလာလျက် ထိုမိစ္ဆာကြီး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ဖို့ရာအတွက် ဒေါသတကြီးဖြင့် ရှေ့သို့ စုပြုံတိုးဝင်သွားကြသည်။

ဟန်လိကို ကာကွယ်ပေးထားကြသော ကျားရုပ်သေးများမှာလည်း အဖြူရောင် အလင်းတန်းတစ်ခု ဝေဝါးသွားခြင်းနှင့်အတူ သွက်လက်တက်ကြွစွာဖြင့် ရှေ့သို့ ခုန်ပျံဝင်ရောက်သွားကြ၏။ မိစ္ဆာအလောင်းကောင်အရှင်မှာမူ ခြေလှမ်းကြီးများဖြင့် ရှေ့သို့ လှမ်းလျှောက်လာခဲ့ပြီး ဟန်လိ၏ ရှေ့တွင် ကာဆီးပိတ်ဆို့ပေးထားခဲ့သလို သူ၏ နောက်ကွယ်မှ လိပ်ရုပ်သေးကြီးများမှာလည်း ပါးစပ်များကို ဟလိုက်ကြပြီးနောက် အပြာရောင်အလင်းတန်းကြီးများကို တရစပ် ပစ်လွှတ်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာမှာ ဟန်လိတို့အဖွဲ့၏ တရစပ် တိုက်ခိုက်မှုလှိုင်းများအောက်တွင် အပြည့်အဝ ပိတ်လှောင်ခြင်း ခံလိုက်ရချေပြီ။

ဟန်လိသည် ဤအရာများနှင့်တင် ထိုရှေးဟောင်းမိစ္ဆာကို လုံးလုံးလျာလျာ ပိတ်ဆို့ထားနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ လိုအပ်နေသည်မှာ ဓားအစီအရင်ကို ချခင်းနိုင်ဖို့ရာအတွက် အခွင့်အရေးကောင်းတစ်ခုသာ ဖြစ်ပေသည်။ သူ၏ အမြင်အရဆိုလျှင် ဤတိုက်ခိုက်မှုလှိုင်းများက တဖက်ရန်သူ၏ အမြန်နှုန်းကို အနည်းနှင့်အများ နှေးကွေးသွားစေနိုင်မှာဖြစ်ပြီး သူ့အတွက် လုံလောက်သော အချိန်တစ်ခုကို ရရှိစေနိုင်လောက်မှာ ဖြစ်၏။ သို့သော်လည်း ဟန်လိသည် ထိုခေါင်းနှစ်လုံးနှင့် ရှေးဟောင်းမိစ္ဆာ၏ စစ်မှန်သော စွမ်းပကားကို အကြီးအကျယ် လျှော့တွက်မိခဲ့တာ သိသာသည်။

ထိုတစ္ဆေဦးခေါင်းသည် ပါးစပ်ကို ဟလိုက်ပြီးနောက်မှာ သတ္တုချင်း ထိခတ်မိသွားသည့်အလား ဆူညံလှသော အသံဗလံများကို ထွက်ပေါ်စေကာ သူ၏ လက်များကို ဖြတ်ခနဲ ဝှေ့ယမ်းလိုက်တော့သည်။ သူ၏ လက်ချောင်းများအားလုံးမှာ ဖြတ်ခနဲ ကွေးညွှတ်သွားကြလျက် ထူးဆန်းလှသော မန္တာန်ချိပ်ဟန်များကို တစ်ခုပြီးတစ်ခု ဆက်တိုက် ဖန်တီးသည်။ သည့်နောက်တွင် ထိုမိစ္ဆာ၏ ခန္ဓာကိုယ်ထံမှနေ၍ အနက်ရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ ထိုးထွက်လာခဲ့ပြီး ၎င်း၏ စူးရှတောက်ပမှုကြောင့် မည်သူမျှ တိုက်ရိုက် စိုက်မကြည့်ဝံ့လောက်အောင်အထိ ဖြစ်သွားစေသည်။

ယင်းနောက် လှိုင်းတံပိုးများအလား ပြင်းထန်လှသော အနက်ရောင်ချီမြူထုကြီးများက သူ၏ ဘေးပတ်လည်တွင် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီးနောက်မှာ ထိုစုပြုံတိုးဝင်လာကြသော ရွှေဝါးမြိုခြင်းပိုးတောင်မာများနှင့် ကျားရုပ်သေးများကို အတင်းအကြပ် တွန်းထုတ်ပစ်လိုက်သလို ဒါဇင်ချီသော အပြာရောင်အလင်းတန်းကြီးများ၏ စွမ်းအားကိုလည်း လုံးလုံးလျာလျာ ချေဖျက်ပစ်၏။

ထိုအခိုက်အတန့်တွင် ထိုမိစ္ဆာ၏ ဒုတိယဦးခေါင်းမျက်နှာမှာ ပါးစပ်ကို ဟလိုက်ပြီးနောက်မှာ ဟိန်းဟောက်သံ သုံးကြိမ်တိုင်တိုင် ဆက်တိုက် ပေါက်ကွဲထွက်ပေါ်စေခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို အဆက်မပြတ် လှုပ်ခါယမ်းသွားစေခဲ့ရာ အနီးဝန်းကျင်ရှိ လောကတစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။

သည့်နောက်မှာတော့ ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းကြီးက ကွယ်ပျောက်သွားခဲ့ပြီး ထိုအနက်ရောင်အလင်းတန်းမှာလည်း မှိန်ဖျော့သွားခဲ့ရပေပြီ။ သို့သော်လည်း ထိုရှေးဟောင်းမိစ္ဆာ၏ ခန္ဓာကိုယ်တလျှောက်တွင်မူ ရှည်လျားလှသော ဆူးချွန်များ ပြည့်နှက်နေသည့် ပြောင်လက်နေသော အနက်ရောင်သံချပ်ကာအင်္ကျီတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူကား ရက်စက်ကြမ်းကြုတ်လှသော စစ်နတ်ဘုရားတစ်ပါးအလား ဤလောကထက် ကျော်လွန်နေသည့် ကြီးမားလှသော ဖိအားလှိုင်းများကို ထုတ်ဖော်ပြသနေသည်။

သည့်နောက်မှာ ထိုတစ္ဆေဦးခေါင်းမျက်နှာသည် သူ၏ ဦးခေါင်းကို ငုံ့လိုက်ပြီးနောက် ဟန်လိကို ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်၏။

ဟန်လိသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ကြက်သေသေသွားမိသည်။

All Chapters