အခန်း ၈၅၁
Vol. 62 Ch. 851
အခန်း ၈၅၁ - အနက်ရောင်မိစ္ဆာဓားသွား
ရှေးဟောင်းမိစ္ဆာသည် ဤသည်ကို ကြားလိုက်ရသည့်အခါ ဟန်လိထံမှ ဒေါသတရားစိုးစိမျှ ထွက်ပေါ်လာခြင်းမရှိသည်ကို အံ့ဩတုန်လှုပ်စွာဖြင့် မျက်လုံးမှေးစင်း၍ စိုက်ကြည့်နေမိ၏။ သူသည် ဟန်လိ၏ ရှေ့မှောက်တွင် ကခုန်လှုပ်ရှားနေသော ဓားပုံရိပ်ယောင်လှိုင်းလုံးကြီး၊ ခရမ်းရောင်မီးလျှံငှက်နှင့် သွေးမိစ္ဆာဓား တို့ထံသို့ တစ်ချက်ကြည့်သည်။ ယင်းနောက် သူက ဟန်လိကို သုန်မှုန်သော မျက်နှာထားဖြင့် နောက်တစ်ကြိမ် ထပ်ကြည့်ပြန်သည်။
ဟန်လိကမူ မည်သည့်စကားမှမဆိုဘဲ တည်ငြိမ်စွာဖြင့် ပြန်လည်စိုက်ကြည့်နေခဲ့ပြီး သူ၏ ကျောထက်မှနေ၍ မိုးကြိုးမုန်တိုင်းတောင်ပံများသည် ဖြည်းဖြည်းချင်း ပြန့်ကားလာသည်။ သူ၏ ခန္ဓာကိုယ်တလျှောက်တွင်လည်း မှော်စွမ်းအားများ လျင်မြန်စွာ လည်ပတ်စီးဆင်းလာခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်၌ အဝေးဆီမှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရသဖြင့် ထိုသူနှစ်ဦးစလုံးမှာ ၎င်းထံသို့ အလိုလို လှမ်းကြည့်မိသည်။
သူတို့သည် စူးရှတောက်ပလှသော အလင်းတန်းများ ဖြတ်ခနဲ လင်းလက်သွားတာကို မြင်တွေ့ကြသည်။ အရောင်အသွေးစုံလင်လှသော အလင်းလုံးအချို့မှာ အနက်ရောင်အလင်းကာကို အပြင်းအထန် တိုက်ခိုက်နေကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းအား အစအနမကျန်အောင် ဖျက်စီးပစ်လိုက်သောကြောင့် ထိုမိစ္ဆာ၏ မိစ္ဆာဓာတ်သင့်နေသော ရတနာသုံးခုဖြစ်သည့် ကွင်းရတနာ၊ ဓားတိုနှင့် မိစ္ဆာအလံတို့သည် ပြန်လည်ပေါ်ထွက်လာသည်။ သို့သော်ငြားလည်း ယင်းတို့ထံမှ မိစ္ဆာအလင်းတန်းများမှာ အပြင်းအထန် ထိခိုက်ပျက်စီးထားခဲ့ကြရသည့်အလား လွန်စွာ မှိန်ဖျော့နေ၏။
ထိုရှေးဟောင်းမိစ္ဆာသည် ဟန်လိအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် စီနီယာအစ်ကိုချန်းတို့ ကျင့်ကြံသူအုပ်စုကို လုံးဝ လျစ်လျူရှုထားမိသည်။
၎င်းကျင့်ကြံသူသုံးဦးလုံးမှာ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည် ဆိုဦး…သူတို့၌ တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝလှသည်ဖြစ်ရာ ကိုယ်ပိုင်လျှို့ဝှက်အတတ်ပညာရပ်များကို အသုံးပြု၍ သူတို့၏ ရတနာများကို ပိတ်လှောင်ထားသော အတားအဆီးများကို ချိုးဖျက်ပစ်နိုင်ခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း သူတို့သည် မကြာသေးခင်ကမှ ထိုရှေးဟောင်းမိစ္ဆာ၏ ဆန်းကြယ်လှသော လှုပ်ရှားမှုပညာရပ်များကို မျက်မြင်တွေ့ရှိပြီး ဖြစ်သောကြောင့် သူတို့၏ စိတ်နှလုံးအတွင်း၌ ထိတ်လန့်နေကြရဆဲ ဖြစ်၏။ ထို့ကြောင့် သူတို့သည် ဟန်လိ၏ ဘေးနားသို့ အလျင်စလို ချဉ်းကပ်လာခြင်း မရှိဘဲ မိစ္ဆာအိုကြီး၏ အာရုံကို လွှဲပြောင်းပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ ရတနာများကိုသာ အဝေးကနေ အဆက်မပြတ် ထိန်းချုပ်ကာ တိုက်ခိုက်ခိုင်းသည်။ သို့ပေမည့် ၎င်းကျင့်ကြံသူသုံးဦးလုံးမှာ ဤမိစ္ဆာကို ရင်ဆိုင်ရာ၌ ဟန်လိကသာ အဓိကဖြစ်မှန်း သဘောပေါက်ကြသည်။ အကယ်၍ ဟန်လိသာ ကျရှုံးသွားခဲ့မည်ဆိုပါက သူတို့သုံးဦးလုံးမှာလည်း လုံးဝ အကူအညီမဲ့သွားရမှာ အမှန်ပင်။
ဟန်လိသည် ထိုသူသုံးဦး ဤအရေးကြီးလှသော အချိန်အခိုက်အတန့်တွင် သူ့အား ကူညီပေးနိုင်ခဲ့ကြသည့်အပေါ် များစွာ ကျေနပ်မိသည်။ သူတို့သာ သူ့အတွက် ရွှေရောင်ဓားအစီအရင် ကို ချခင်းနိုင်ဖို့ရာအတွက် လုံလောက်သော အချိန်တစ်ခုကို ဆွဲထားပေးနိုင်ကြမည်ဆိုပါက အတော် ကောင်းပါလိမ့်မည်။
ယင်းအတွေးဖြင့် ဟန်လိက ထိုရှေးဟောင်းမိစ္ဆာထံသို့ လှမ်းကြည့်လိုက်သည့် အခိုက်အတန့်၌ ထိုမိစ္ဆာသည်လည်း လက်နက်ရတနာများ သူ၏ ဘေးနားသို့ တဟုန်ထိုး တိုးဝင်လာနေစဉ်အတွင်းမှာပင် ဟန်လိကို ပြန်စိုက်ကြည့်လာသည်။
ထိုတစ္ဆေဦးခေါင်းမျက်နှာသည် ဆိုးယုတ်စွာ ပြုံးလိုက်ပြီးနောက်မှာ မရေမတွက်နိုင်သော ပုံရိပ်ယောင်များကို ချန်ရစ်ထားခဲ့လျက် မြင်ကွင်းမှ ချက်ခြင်း ပျောက်ကွယ်သွားပြန်၏။
ဟန်လိ၏ စိတ်နှလုံးမှာ လှုပ်ခတ်သွားပြီး သူ၏ ကြည်လင်အာရုံ ဝိညာဉ်မျက်စိကို အသုံးပြုကာ ဘေးပတ်ဝန်းကျင်သို့ အလျင်အမြန် ဝေ့ခတ်ကြည့်ရှုသည်။ ထိုအခါ၌ သူ မြင်တွေ့လိုက်ရသည့်အဖြစ်ကြောင့် အကြီးအကျယ် ထိတ်လန့်သွားမိသည်။
"မကောင်းတော့ဘူး... သတိထားကြ..."
ဟန်လိက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်ပြီး သူ၏ ကြီးမားလှသော လိပ်ရုပ်သေးကြီးများကို စီနီယာအစ်ကိုချန်းတို့ ကျင့်ကြံသူအုပ်စု၏ ဘေးပတ်လည်သို့ အပြာရောင်အလင်းတန်းကြီးများ တရစပ် ပစ်လွှတ်၍ အမြန်ဆုံး အကာအကွယ်ပေးခိုင်းလိုက်တော့သည်။
၎င်းကျင့်ကြံသူသုံးဦးလုံးမှာ အကြီးအကျယ် လန့်ဖျန့်ကုန်ကြသည်။ ထိုရှေးဟောင်းမိစ္ဆာသည် ဟန်လိနှင့် တိုက်ခိုက်နေတာကို ယာယီစွန့်လွှတ်၍ သူတို့ရှိရာဘက်သို့ ဦးတည်လာနေပြီမှန်း သဘောပေါက်သွားကြသည်။ ထိုအခါ သူတို့ စိတ်ထဲကနေ ခါးသီးစွာ ကျိန်ဆဲရုံသာ တတ်နိုင်ကုန်၏။
ထိုရှေးဟောင်းမိစ္ဆာသည် ဟန်လိ ထုတ်ဖော်ပြသခဲ့ဖူးသော နတ်စွမ်းရည်များစွာနှင့် အထူးသဖြင့် သွေးမိစ္ဆာဓား၏ စွမ်းပကားကို မြင်တွေ့ထားခဲ့ပြီး ဖြစ်သည်နှင့်အညီ ဟန်လိကို အချိန်တိုလေးအတွင်းမှာ အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိမှာမဟုတ်မှန်း ကောင်းစွာ သိရှိထားသည်။ ထိုကျင့်ကြံသူသုံးဦး၏ ဘေးမှနေ၍ နှောက်ယှက်တိုက်ခိုက်နေမှုများက သူ့အတွက် ပိုရှုပ်စေ၊ ပိုဒုက္ခများစေမှာ ဖြစ်သောကြောင့် သူ့ပစ်မှတ်ကို ပြောင်းလဲလိုက်ခြင်းပင်။ သူ၏ အဓိကပြိုင်ဘက်ကို မကိုင်တွယ်မီ ဤပမွှားများကို အရင်ဆုံး အပြတ်ရှင်းပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုစဦးစိတ်ဝိညာဉ် ကျင့်ကြံသူသုံးဦး၏ ဘေးပတ်လည်တွင် ပေရာချီမျှ ထူထဲလှသော အပြာရောင်အလင်းတန်းကြီး ဆယ်ခုကျော် ရုတ်တရက် ပေါက်ကွဲသွားလေသည်။ လေထုထဲတွင်လည်း အေးစိမ့်လှသော ရေခဲချီစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားသည်။
ကျင့်ကြံသူသုံးဦးနှင့် ကိုက်သုံးဆယ်ခန့် အကွာတွင် အနက်ရောင်အရိပ်တစ်ခု ဖြတ်ခနဲ လင်းလက်ကာ ရှေးဟောင်းမိစ္ဆာ၏ ပုံရိပ်သည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ကြိုတင်ကာကွယ်ထားခဲ့ကြပြီး ဖြစ်သည်။ သို့တိုင် တစ်ဖက်လူ၏ လွန်ကဲလှသော အမြန်နှုန်းကြောင့် သူတို့ မတည်ငြိမ်နိုင်တော့ဘဲ ဗျာများကုန်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သုံးဦးလုံးမှာ အစွမ်းထက် ကျွမ်းကျင်သူများ ဖြစ်နေခြင်းပင်။
စီနီယာအစ်ကိုချန်းနှင့်အခြားလူအိုကြီးတို့သည် လက်မြှောက်ကာ သူတို့၏လက်နက်ရတနာ အသီးသီးကို ဆင့်ခေါ်ကြသည်။ ၎င်းတို့မှာ မီးမြေခွေးနှင့် အဆောင်လက်ဖွဲ့ကြီးတစ်ခုတို့ပင်။
တာအိုရသေ့ကောင်းကင်သလင်းက မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်သည့်အခါ သူ၏ ရက်စက်ကြမ်းကြုတ်လှသော ရုပ်သေးနှစ်ကောင်မှာ သူတို့အုပ်စု၏အရံအတား အပြင်ဘက်သို့ ဝိုးတဝါးအရိပ်များအသွင်ဖြင့် တဟုန်ထိုး ပျံသန်းသွားသည်။
ထိုအဆောင်လက်ဖွဲ့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် မီးမြေခွေးကလည်း ယင်းတို့နှင့်အတူ ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားသည်။
ထိုအဆောင်လက်ဖွဲ့သည် အရံအတားအပြင်ဘက်သို့ ပျံသန်းသွားခဲ့ပြီးနောက် ပြင်းထန်စွာ ဆက်တိုက် ပေါက်ကွဲ၍ မီးလျှံတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ မြေခွေးကလည်း ထိုတိမ်တိုက်ကြီးအတွင်းသို့ ခုန်ပျံဝင်ရောက်သွားခဲ့ပြီး ၎င်းနှင့် အပြည့်အဝ ပေါင်းစည်းသွားကာ မြင်ကွင်းမှ ချက်ခြင်း ပျောက်ကွယ်သွား၏။ ကြည့်ရသည်မှာ ၎င်းကား မီးဓာတ်လှုပ်ရှားမှုပညာရပ်များ၌ ကျွမ်းကျင်လှသော ရှားပါးလှသည့် စိတ်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ဟန်တူသည်။
ထိုရှေးဟောင်းမိစ္ဆာသည် သာမန်မဟုတ်သော အော်ရာလှိုင်းများ ထုတ်ဖော်ပြသနေကြသည့် ရုပ်သေးနှစ်ကောင် သူ၏ ရှေ့သို့ တဟုန်ထိုး တိုးဝင်လာတာကို မြင်သည့်အခါ သူ၏ မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ မပြဘဲ သူ၏ လက်လေးဖက်စလုံးကို ပြိုင်တူ ပူးကပ်လိုက်သည်။ ယင်းနှင့်အတူ ဟင်းလင်းပြင် ဆုတ်ဖြဲခံလိုက်ရသည့်အလား ကျယ်လောင်လှသော မြည်ဟိန်းသံကြီးများ ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်ဝါးပြင်များထံမှနေ၍ စူးရှတောက်ပလှသော အနက်ရောင်မိစ္ဆာအလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။
သူ၏ လက်လေးဖက်စလုံးဖြင့် ထိုအနက်ရောင်မိစ္ဆာအလင်းတန်းကို ဆုပ်ကိုင်လိုက်ပြီးနောက် တစ်စိတ်တစ်ပိုင်းစီ အသီးသီး ခွဲထုတ်ပစ်လိုက်သည့် အခိုက်အတန့်၌ သူ၏ လက်တစ်ဖက်ချင်းစီတွင် စူးရှတောက်ပလှသော အနက်ရောင်မိစ္ဆာအလင်းလုံးများအသွင် ဖွဲ့စည်းကြသည်။ ၎င်းတို့မှာ ဆန်းကြယ်လှသော အနက်ရောင်မိစ္ဆာဓားသွား လေးလက်အဖြစ်သို့ ချက်ခြင်း အသွင်ပြောင်းလဲသွား၏။
ထိုမိစ္ဆာဓားသွားများမှာ နှစ်ပေခန့်မျှသာ ရှည်လျားကြပြီး ၎င်းတို့၏ ဓားဖျားများမှာ ကောက်ကွေးလို့နေသည်။ သို့သော်လည်း ပို၍ ထူးဆန်းလှသည့် အချက်မှာ ထိုဓားသွားများ၏ ကိုယ်ထည်တစ်ခုလုံးမှာ မရပ်မနား တုန်ခါလှုပ်ရှားနေပြီးနောက်မှာ မိုင်ပေါင်းများစွာအတွင်းသို့ စူးရှကျယ်လောင်လှသော မြည်ဟိန်းသံကြီးများကို အဆက်မပြတ် ထုတ်လွှတ်နေခြင်းပင်။
ထိုအနက်ရောင်မိစ္ဆာဓားသွားများ ပေါ်ထွက်လာခဲ့သည့် အခိုက်အတန့်၌ ထိုမိစ္ဆာ၏ လူသားဦးခေါင်းမျက်နှာထက်တွင် နာကျင်ခါးသီးသွားဟန် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူ၏ မျက်နှာမှာလည်း သေလူတစ်ယောက်အလား ချက်ခြင်း ဖြူဖတ်ဖြူရော ဖြစ်သွားခဲ့သည်။ ကြည့်ရသည်မှာ ဤပညာရပ်ကို အသုံးပြုလိုက်ခြင်းက သူ၏ ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရသွေးမြူထု အမြောက်အမြားကို ကုန်ခမ်းသွားစေပုံ ရ၏။ တဖက်တွင်မူ ထိုမိစ္ဆာ၏ တစ္ဆေဦးခေါင်းမျက်နှာမှာ အနက်ရောင်မိစ္ဆာဓားသွားများ ပြင်းထန်စွာ တုန်ခါလှုပ်ရှားလာသည်နှင့်အမျှ ပိုမို၍ ရက်စက်ကြမ်းကြုတ်လာသည်။ ၎င်းသည် အပြာရောင်ရုပ်သေးထံသို့ မုန်တိုင်းတစ်ခုအလား တိုးဝင်တိုက်ခိုက်လာသည်။
ထိုရုပ်သေးမှာ ကြောက်ရွံ့ထိတ်လန့်ခြင်း လုံးဝ ရှိမနေပေ။ ၎င်းက ပါးစပ်ကို ဟလိုက်ပြီးနောက်မှာ မီးခိုးရောင် ယင်ချီမြူထုအမြောက်အမြားကို ထွေးထုတ်၍ လှိုင်းတံပိုးကြီးတစ်ခုအလား ရှေ့သို့ လွှမ်းမိုး တိုက်ခိုက်လိုက်၏။ အခြားရုပ်သေးတစ်ကောင်ကမူ သူ၏ လက်များကို မြှောက်လိုက်ရာ မိုးပြာအလင်းတန်းများ ဖြတ်ခနဲ လင်းလက်သွားခဲ့ပြီး သူ၏ လက်များထံမှနေ၍ ရေခဲအမျှင်တန်း ဆယ်ခုကျော် တဟုန်ထိုး ထိုးထွက်သွားသည်။ ၎င်းအမျှင်တန်းများမှာ မျက်စိတစ်မှိတ်အတွင်း ယင်ချီမြူထုကြီးအတွင်းသို့ ဝင်ရောက်ကွယ်ပျောက်သွားသည်။ သည့်နောက် ထိုကြက်သွေးရောင်ရုပ်သေးက ပါးစပ်မှ ယင်ချီမြူထုများကို ထွေးထုတ်လိုက်ပြန်ပြီး သူ၏ လက်များထံမှနေ၍ ကြက်သွေးရောင်အလင်းလှံများကို ပစ်လွှတ်ကာ ရှေးဟောင်းမိစ္ဆာထံသို့ နောက်ထပ် ပြင်းထန်လှသော တိုက်ခိုက်မှုလှိုင်းတစ်ခု စေလွှတ်သည်။
ထိုအခိုက်အတန့်၌ မီးလျှံတိမ်တိုက်ကြီးမှာ ရှေးဟောင်းနတ်ဆိုး၏ဦးခေါင်းထက်တွင် မြင့်တက်လာခဲ့ပြီး ဖြစ်သည်။ အခုအခါ ၎င်းမှာ ဘက်သုံးဘက်မှ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်။
ထိုရှေးဟောင်းမိစ္ဆာသည် သူ၏ လက်လေးဖက်စလုံးကို ဝှေ့ယမ်းလိုက်ပြီး သူ၏ မိစ္ဆာဓားသွားများထံမှနေ၍ လခြမ်းကွေးပုံစံရှိသော အလင်းတန်းလေးခုကို ပစ်လွှတ်လိုက်တော့သည်။ သည့်နောက် ထိုလခြမ်းကွေးအလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု ထပ်တူကျသွားကြလျက် ကြက်ခြေခတ်ပုံစံ အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရုပ်သေးနှစ်ကောင်ဆီ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
ထိုသို့ တိုက်ခိုက်ခံနေရစဉ် မီးလျှံတိမ်တိုက်ထဲမှ တစ်မီတာလောက် အရှည်ရှိ လက်သည်းတစ်ဖက် ပေါ်လာကာ မိစ္ဆာ၏တစ္ဆေဦးခေါင်းကို ရှည်လျားသည့်လက်သည်းများဖြင့် မြန်ဆန်စွာ ကုတ်ဆွဲချလာသည်။
မိုးပြာရောင်ရေခဲအမျှင်တန်းများနှင့် ကြက်သွေးရောင်လှံများကလည်း ယင်ချီထု၏ အခြားတစ်ဖက်ကနေ ရှေးဟောင်းမိစ္ဆာ၏ခန္ဓာကိုယ်ထံ တိုးဝင်လာနေသည်။
ရှေးဟောင်းမိစ္ဆာ၏လက်လေးဖက်မှာ လှုပ်ရှားသွား၏။ မိစ္ဆာဓားသွားများမှာ ပို၍ ဝေဝါးသွားပြီး တစ်ခုနှင့်တစ်ခုထပ်ကာ အနက်ရောင်အလင်းများကို ဖြာထွက်စေသည်။ ရုပ်သေးများ၏တိုက်ခိုက်မှုများက ထိုအနက်ရောင်အလင်းစက်ဝန်းနှင့် ထိပ်တိုက်တွေ့ချိန်တွင် မိုးပြာရောင်နှင့်ကြက်သွေးရောင်တို့မှာ တဝီဝီလည်ပတ်လျက် တစစီပျက်စီးသွားလေသည်။
ထိုအခါတွင် မီးတောက်လက်သည်းက အလန့်တကြားဖြင့် ရုတ်တရက် တိုက်ခိုက်မှုကိုရပ်ကာ ပြန်ဆုတ်ရန် ကြိုးစား၏။ သို့ပေမည့် နောက်ကျသွားလေပြီ။ အနက်ရောင်အလင်းမျှင်တစ်ခု ထိုလက်သည်းကို ထိမှန်သွားလေ၏။ ထိုအခါ မီးလျှံတိမ်တိုက်ထံမှ နာကျင်စွာအော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။ ရှေးဟောင်းမိစ္ဆာ၏တစ္ဆေဦးခေါင်းမျက်နှာ၌ ရက်စက်ကြမ်းကြုတ်မည့်ဟန် ပေါ်လာပြီး ခရမ်းရင့်ရောင်ရှိ သူ့လျှာကို ထုတ်ဖော်ပြသ၏။ သူ့လျှာဖျား၌ သွေးများ တစက်စက် ကျနေ၏။ ထို့နောက်တွင်မူ ၎င်းရှေးဟောင်းမိစ္ဆာမှာ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး မီးလျှံတိမ်တိုက်၏ ဗဟိုချက်တွင် ပြန်ပေါ်လာသည်။ မီးလျှံများ တလိမ့်လိမ့် ဖြစ်သွားခြင်းနှင့်အတူ ခဏအကြာ၌ မီးမြေခွေး၏ အသွေးအသားများမှာ လေထဲတွင် ပြန့်ကြဲသွားလေသည်။
ကျင့်ကြံသူသုံးဦးက မီးမြေခွေးချက်ခြင်း အသတ်ခံရသည့် ဤမြင်ကွင်းကြောင့် ပင့်သက်ရှိုက်မိကုန်၏။ အထူးသဖြင့် ၎င်း၏ပိုင်ရှင်ဖြစ်သူ မျက်နှာစိမ်းအဘိုးအိုပင်။ ဤမြင်ကွင်းက သူ့ကို အတော်လေး နာကျင်သွားစေ၏။
ရှေးဟောင်းမိစ္ဆာ၏အမူအရာမှာ ထူးဆန်းနေ၏။ သူ့ခန္ဓာကိုယ်မှာ ထပ်မံပျောက်ကွယ်သွားပြန်သည်။ ထို့နောက်တွင် မီးခိုးရောင်ယင်ချီထုထံမှ အနက်ရောင်အလင်းများ ဖြာထွက်ကာ ပေါက်ကွဲမှုနှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားသည်။
တာအိုရသေ့ကောင်းကင်သလင်း၏ အမူအရာမှာ ပျက်ယွင်းနေလေပြီ။ သူ့မျက်နှာက သေလောက်အောင် ဖြူရော်နေ၏။ သူ ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနိုင်တော့ပေ။ သူက အင်္ကျီလက်အိုးကို ဝေ့ယမ်းပြီး လေပြင်းတစ်ခု ဖန်တီးကာ ယင်ချီထုကို မောင်းထုတ်သည်။ သူ့ရုပ်သေးနှစ်ကောင်မှာ တစစီဖြစ်သွားတာကိုသာ သူ တွေ့လိုက်ရပြီး ရှေးဟောင်းမိစ္ဆာ၏ အရိပ်အယောင်ကိုမူ မမြင်ရတော့ချေ။
ထိုအခိုက်အတန့်တွင် သူတို့သုံးယောက်လုံးသည် ဆုံးရှုံးခဲ့ရသည့်အပေါ် ငြီးတွားမနေအားပေ။ သူတို့ဘေးပတ်ပတ်လည်ကိုသာ ကြောက်လန့်တကြား ကြည့်နေကြရသည်။ သူတို့က ထပ်ဆောင်းရတနာများကို သိုလှောင်အိတ်များထဲမှ ထုတ်ယူကာ သူတို့ကိုသူတို့ ကာကွယ်ရန် ကြိုပြင်ဆင်ထားသည်။
ထိုစဉ် သူတို့သည် အနီးအနား၌ လေဟာနယ်ဆက်တိုက်တုန်ခါသံကို ကြားရလေ၏။ မီတာတစ်ရာလောက် အမြင့်ရှိသည့် တောင်ကြီးတစ်လုံး ပေါ်ထွက်လာခဲ့လေပြီ။ ၎င်းမှာ ဟန်လိ၏ အလွှာတစ်ထောင်တောင်ပင်။ ၎င်းသည် ကြမ်းတမ်းစွာ ကျဆင်းလာခဲ့သည်။ အခြေအနေ အရေးမသာမှန်း သိ၍ ဟန်လိသည် သူတို့နား၌ သူ့ရတနာကို ဆင့်ခေါ်ပေးခဲ့ပြီး သူတို့ကို ယာယီကူညီလိုက်တာ ဖြစ်သည်။
သည်တောင်အောက်ဘက်သို့ ကျဆင်းလာချိန်တွင် ၎င်းအောက်ဘက်မှ အနက်ရောင်အလင်း လင်းလက်ကာ ရှေးဟောင်းမိစ္ဆာ၏ရေခဲတမျှ အေးစက်သည့်ဟန်ပန် ပေါ်ထွက်လာခဲ့သည်။
သူက သူ့လက်လေးဖက်လုံးကို ကောင်းကင်ထက်သို့ ဆန့်တန်း၏။ ဓားသွားများမှာ အလုံးတစ်ခုအသွင် သိပ်သည်းသွားပြီး သုံးမီတာလောက် အရှည်ရှိသည့် ဓားသွားတစ်လက် ပေါ်ထွက်လာ၏။ ထိုမိစ္ဆာဓားသွား၏အစွန်းမှ မိုးကြိုးသံများ မြည်ဟိန်းလျက် ရှိ၏။ ထိုမိစ္ဆာက ၎င်းကို လက်နှစ်ဖက်ဖြင့် ကိုင်၍ တောင်အောက်ခြေထံ ခုတ်ပိုင်းသည်။ ဓားသွားထံမှ လခြမ်းကွေးအသွင် အနက်ရောင်အလင်းတန်းတစ်ခု တိတ်တဆိတ် ထိုးထွက်သွား၏။
တောင်အောက်ခြေ၌ အလင်းများ စူးရှစွာ ပေါက်ကွဲထွက်လာပြီး တောင်တစ်ခုလုံး ဝေ့ခါယမ်းသွားသည်။ တောင်၏အောက်ခြေအလယ်နား၌ အက်ကြောင်းတစ်ခု ပေါ်လာ၏။ ၎င်းအက်ကြောင်းသည် တောင်တစ်ခုလုံးကို အောက်ကနေ အပေါ်ထိ ထိုးခွဲပစ်သည်။ တောင်မှာ နှစ်ခြမ်းကွဲသွားလေပြီ။ ထို့နောက် ၎င်းတောင်နှစ်ခြမ်းသည် ပြိုလဲကျသွားသည်။
ကျင့်ကြံသူသုံးဦးသည် ထိုမြင်ကွင်းကြောင့် တစ်ယောက်နှင့်တစ်ယောက် ကြောက်လန့်တကြား ကြည့်မိကုန်၏။ သူတို့၏အရံအတားမှာ ဤအံ့မခန်းတိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း မရှိတာ ထင်ရှား၏။ သူတို့၏ခန္ဓာကိုယ်များမှာ အလင်းများဖြင့် တောက်ပလာပြီး အရံအတားကို ချန်ထား၍ အရပ်မျက်နှာ အသီးသီးထံ ထွက်ပြေးကြလေသည်။
စီနီယာအစ်ကိုချန်းက ဟန်လိထံ ပြေးလာ၏။ ကောင်းကင်သလင်းနှင့် အခြားအဘိုးအိုက ဝေဝူယာဘက်ခြမ်းသို့ ပြေးကြသည်။
“မကောင်းတော့ဘူး”
ရှေးဟောင်းမိစ္ဆာ၏ ကြောက်မက်ဖွယ်အမြန်နှုန်းအကြောင်း ကောင်းကောင်းသိ၍ ဟန်လိသည် အခြေအနေများ ဆိုးဝါးတော့မည်မှန်း သိနေ၏။
သို့ပေမည့် ခုလက်ရှိတွင် သည်အခွင့်အရေးကို အသုံးချကာ ရွှေရောင်ဓားအစီအရင်ကို အပြည့်အဝ ခင်းကျင်းနိုင်အောင် လုပ်ဆောင်နေရ၍ သူ့အနေဖြင့် သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ပေးနိုင်စွမ်း မရှိနေပေ။ သူက သူ့ပတ်ပတ်လည်တွင် မန္တန်ချိပ်ဟန်များ အမြန်ထုတ်ဖော်၏။ သူ့လိပ်ရုပ်သေးဒါဇင်ချီကိုလည်း ရေခဲစူးချွန်များဖြင့် တိုက်ခိုက်ရန် တဆက်တည်း အမိန့်ပေးသည်။ ယင်းတိုက်ခိုက်မှုများက ရှေးဟောင်းမိစ္ဆာကို ထိခိုက်စေနိုင်မည် မဟုတ်သော်လည်း သူ့လမ်းကြောင်းကိုတော့ အဟန့်အတား ဖြစ်စေနိုင်ကောင်း၏။ ထိုအခါကျလျှင် သူတို့သုံးဦးအတွက် လွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခု ရကောင်းရသွားနိုင်သည် မဟုတ်လား။