အခန်း ၈၅၇
Vol. 62 Ch. 857
အခန်း ၈၅၇ : ပိတ်လှောင်ခံရခြင်း
ဤဟင်းလင်းပြင်မှာ အလွန်အမင်း မြင့်မားခြင်း မရှိသဖြင့် ဟန်လိသည် ကောင်းကင်ယံအထက်သို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့ရာ မီးခိုးရောင် မြူခိုးများကိုသာ တွေ့မြင်လိုက်ရ၏။ ထို့နောက် သူသည် လေထဲတွင် ပျံဝဲရင်း သူ၏ ကျင့်ကြံမှုစွမ်းအား အားလုံးကို မျက်လုံးများအတွင်းသို့ သွန်းလောင်းလိုက်ရာ ၎င်းတို့မှာ မိုးပြာရောင်အလင်းတန်းများဖြင့် တဖျတ်ဖျတ် လင်းလက်လာသည်။
ကြည်လင်အာရုံ ဝိညာဉ်မျက်စိ၏ အကူအညီဖြင့် မီးခိုးရောင် တိမ်တိုက်များမှာ မိုးပြာဖျော့ရောင်သို့ ပြောင်းလဲသွားပြီး ဟန်လိသည် တိမ်တိုက်များ၏ အထက်တွင် မလှုပ်မယှက်ဘဲ လွင့်မြောနေသော မထင်မရှား ငွေရောင်အတားအဆီးတစ်ခုကို ရှင်းလင်းစွာ မြင်လိုက်ရ၏။
‘ဒါ... ဝိညာဉ်ဘုံက ကျင့်ကြံသူတွေ ချမှတ်ထားခဲ့တဲ့ အတားအဆီးများလား...’
ဟန်လိ၏ ရင်ထဲ၌ လှုပ်ခတ်သွားပြီး သူ၏လက်ကို မြှောက်ကာ မိုးပြာရောင် အလင်းလုံးတစ်ခုကို တိမ်တိုက်များအတွင်းသို့ စေလွှတ်လိုက်သည်။
ထိုအလင်းလုံးမှာ ငွေရောင်အတားအဆီးကို မည်သည့် ဟန့်တားမှုမျှမရှိဘဲ လွယ်လင့်တကူ ဖြတ်သန်းသွားနိုင်ခဲ့ပြီး ပေကိုးဆယ်ခန့်အကွာသို့ ဆက်လက် ပျံသန်းသွား၏။ သို့သော်လည်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုနှင့် ထိမှန်သွားသည့်အလား တန့်ခနဲ ဖြစ်သွားပြီးနောက် ဗုန်းခနဲ မြည်ဟီးကာ ပေါက်ကွဲသွားလေသည်။
ဟန်လိ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး သူ၏ခန္ဓာကိုယ်မှ မိုးပြာရောင်အလင်းတန်းများ လင်းလက်လာကာ တိမ်တိုက်များအတွင်းသို့ ပျံသန်းဝင်ရောက်သွား၏။ အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် ဟန်လိ၏ စိတ်ထဲ၌ ထူးဆန်းသော အတွေးတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်။
သူသည် တင်ကြို၍ စမ်းသပ်ကြည့်ခဲ့ဖူးသော်လည်း ငွေရောင်အတားအဆီးကို ဖြတ်သန်းသွားချိန်တွင်မူ ရင်ထဲ၌ ထိတ်လန့်မှုကို ခံစားလိုက်ရဆဲပင် ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ဘာဘေးအန္တရာယ်မှ မရှိဘဲ ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ခဲ့သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဤသာလွန်ဝိညာဉ်ဥယျာဉ်၏ အတားအဆီးများမှာ ရှေးဟောင်းမိစ္ဆာများကိုသာ ရွေးချယ်တိုက်ခိုက်ပုံရပြီး ဤပျက်စီးယိုယွင်းနေသော ဆေးဥယျာဉ်နှင့် ရှေးဟောင်းမိစ္ဆာများကြား မည်သို့သော ပတ်သက်မှု ရှိနေသလဲဆိုသည်မှာမူ ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
သူသည် အတားအဆီးကို ဖြတ်ကျော်ပြီးနောက် များစွာ စိတ်အေးသွားပြီး သူ၏ စိတ်ဝိညာဉ်အာရုံနှင့် ကြည်လင်အာရုံ ဝိညာဉ်မျက်စိ တို့ကို အစွမ်းကုန် အသုံးပြုကာ ပေသုံးရာခန့် ကျယ်ဝန်းသော ကောင်းကင်အမိုးတစ်ခုလုံးကို စူးစိုက်ကြည့်ရှုလိုက်သော်လည်း ဘာကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။
ဆေးပင်များစွာ ရရှိခဲ့သည့်အတွက် ပျော်ရွှင်နေသော စိတ်များကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဟန်လိသည် သူ ကြီးမားသော ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီမှန်း သိလိုက်ရသည်။ သူသည် အောက်ခြေတွင် တလက်လက် တောက်ပနေသော ငွေရောင်အတားအဆီးနံရံကြီးကို စိုက်ကြည့်ရင်း ခေတ္တမျှ ချီတုံချတုံ ဖြစ်နေပြီးမှ ၎င်းကို လောလောဆယ် မစမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ ငွေရောင်မီးတောက်များ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ ကောင်းစွာ မှတ်မိနေဆဲဖြစ်သဖြင့် ကိုယ့်သေတွင်းကိုယ်တူးမည့် အလုပ်ကို မလုပ်လိုခြင်း ဖြစ်ပေသည်။
ဟန်လိသည် ကောင်းကင်ယံကို နောက်ထပ် နှစ်ကြိမ်ခန့် စစ်ဆေးကြည့်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိ၏။ သူ၏မျက်နှာတွင် စိတ်ပျက်ရိပ်များ ပြည့်နှက်နေရင်းကနေ မြေပြင်သို့ ဖြည်းဖြည်းချင်း ပြန်လည် ဆင်းသက်လာခဲ့သည်။
“သခင်...”
ဟန်လိက အမူအရာကင်းမဲ့စွာဖြင့်ပင် ဆိုလိုက်၏။ “ကျုပ် ဘာမှ ရှာမတွေ့ခဲ့ဘူး။ ဒီဟင်းလင်းပြင်တစ်ခုလုံးက လုံးဝကို ချိပ်ပိတ်ထားတာပဲ။ ငါတို့ အသုံးချနိုင်မယ့် ဟာကွက်တစ်ခုမှ ရှိမနေဘူး”
ငွေရောင်လ၏ လေသံတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားသည်။ “ဒါဆိုရင် ကျမတို့ ဒီမှာပဲ တစ်သက်လုံး ပိတ်မိနေရမှာလား။ ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်ဖို့ဆိုတာ နတ်အသွင်ပြောင်းလဲခြင်းအဆင့် ရောက်ရှိပြီးသား ကျင့်ကြံသူတွေပဲ လုပ်နိုင်တာလေ”
ဟန်လိသည် ထိုစကားကို ကြားရသောအခါ သူ၏မျက်မှောင်မှာ ပို၍ပင် ရှုံ့တွသွား၏။ ရုတ်တရက် သူ၏ မျက်လုံးများအတွင်း၌ အလင်းရောင်တစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားပြီး ဟင်းလင်းပြင်၏ နံရံတစ်ခုဆီသို့ လျှောက်လှမ်းသွားသည်။ ငွေရောင်လကမူ ဇဝေဇဝါဖြင့် ကြည့်နေမိပြီးမှ သူ၏နောက်သို့ အနီးကပ် လိုက်ပါလာခဲ့၏။
ဟန်လိသည် နံရံနှင့် ပေသုံးဆယ်ခန့်အကွာသို့ ရောက်ရှိလာသောအခါ စကားတစ်လုံးမျှ ထပ်မဆိုဘဲ သူ၏ အင်္ကျီလက်အိုးကို ခါယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းများနှင့်အတူ ဓားဆယ်လက်ခန့် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် မန္တာန်တံဆိပ်အချို့ဖြင့် ဓားများကို ရိုက်ခတ်လိုက်ရာ ၎င်းတို့မှာ သူ၏ဦးခေါင်းထက်တွင် ပေတစ်ဆယ်ခန့် ရှည်လျားသော ရွှေရောင်ဓားကြီးတစ်စင်းအဖြစ် ပေါင်းစည်းသွားကြ၏။
သူသည် လက်ညှိုးဖြင့် ထိုဓားကြီးထံ ညွှန်ပြလိုက်၏။ မိုးခြိမ်းသံကြီးနှင့်အတူ ဓားကြီးထံမှ ရွှေရောင် လျှပ်စီးတန်းများ ပေါက်ကွဲထွက်လာပြီး နံရံဆီသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။
သူသည် ပါးစပ်ကို ဖွင့်ကာ ခရမ်းရောင်မီးတောက် တစ်စွန်းတစ်စကိုပါ ထွေးထုတ်လိုက်ပြန်ရာ ၎င်းမှာ ဓားကြီး၏ ကိုယ်ထည်ပေါ်သို့ ကျရောက်သွားချေ၏။ ခရမ်းရောင်မီးတောက်များနှင့် ရွှေရောင်အလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု ရောထွေးယှက်တင်သွားကြပြီး မိုးကြိုးသံများ အဆက်မပြတ် မြည်ဟီးလာသဖြင့် ၎င်း၏စွမ်းအားမှာ အဆပေါင်းများစွာ မြင့်တက်လာသည်။
ဟန်လိက ခပ်တိုးတိုး မာန်သွင်းအော်ဟစ်လိုက်ရာ ကြီးမားလှသော ဓားကြီးမှာ လေထဲတွင် အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာပြီး ခရမ်းရွှေရောင် အလင်းတန်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ နံရံကို ရက်စက်စွာဖြင့် ခုတ်ချလိုက်၏။ ဗုန်းခနဲ မြည်ဟီးသံကြီးနှင့်အတူ စူးရှလှသော အလင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။
ဟန်လိက လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို အလျင်အမြန် ပြုလုပ်လိုက်ရာ အလင်းတန်းမှာ သူ၏ရှေ့သို့ ပြန်လည်ပျံသန်းလာခဲ့၏။ စူးရှသောအလင်းများ ပျောက်ကွယ်သွားသောအခါ ၎င်းမှာ မူလဓားကြီးအသွင်အတိုင်း ပြန်လည် မြင်တွေ့လိုက်ရသည်။
အလင်းရောင်များ တဖြည်းဖြည်း မှိန်ဖျော့သွားသောအခါ ဟန်လိသည် မျက်လုံးများကို မှေး၍ နံရံကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။
သူ၏အနောက်တွင် ရပ်နေသော ငွေရောင်လ၏ မျက်နှာတွင်မူ စိတ်ပျက်လက်ပျက် ဖြစ်သွားသော အမူအရာ ပေါ်လာသည်။ အကြောင်းမှာ ထိုပြင်းထန်လှသော ခုတ်ပိုင်းချက်အောက်တွင်ပင် နံရံပေါ်၌ ဘာခြစ်ရာရာတစ်ခုမျှ ကျန်ရစ်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်၏။
ဤသည်ကို မြင်ရသောအခါ ဟန်လိ၏ မျက်လုံးများမှာ တုန်လှုပ်သွားပြီး စဉ်းစားခန်း ဝင်သွားသည်။
“ဟားဟား... ကောင်လေး... မင်း အိပ်မက်မက်နေတာတင် မကဘူး၊ တကယ့်ကို စိတ်ကူးယဉ်နေတာပဲ” ဝိညာဉ်သွေဖယ်ခြင်းအရှင် က ပျင်းရိပျင်းတွဲလေသံဖြင့် ဆိုလိုက်၏။
“အိုး... ဒါဆိုရင် စီနီယာက ဒီကနေ ထွက်ခွာနိုင်မယ့် နည်းလမ်းကို သိနေတာပေါ့။ ကျေးဇူးပြုပြီး ကျုပ်ကို လမ်းညွှန်ပေးပါဦးဗျာ” ဟန်လိသည် ဒေါသထွက်သွားခြင်းမရှိဘဲ စိတ်လှုပ်ရှားစွာဖြင့်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။
ဝိညာဉ်သွေဖယ်ခြင်းအရှင်က လှောင်ပြုံးပြုံးလိုက်ပြီး ဆိုသည်။ “မင်းက ဒီကနေ ထွက်ချင်တယ်ဆိုရင် အရင်ဆုံး မင်း ဒီနေရာကို ဘယ်လို ရောက်လာခဲ့လဲဆိုတာကို စဉ်းစားရလိမ့်မယ်။ မင်းနဲ့ ရှေးဟောင်းမိစ္ဆာတို့ တိုက်ခိုက်လိုက်တဲ့ တိုက်ပွဲတစ်ခုတည်းကြောင့်ပဲ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး မင်းကို ဒီကို ခေါ်ဆောင်လာခဲ့တယ်လို့ တကယ်ပဲ ယုံကြည်နေတာလား”
“စီနီယာ ဆိုလိုတာက...” ဟန်လိက အံ့အားသင့်သွားပြီး မသေချာမရေရာဟန်ဖြင့် ထပ်မံ မေးမြန်းလိုက်၏။
“ဒါက အင်မတန် ရိုးရှင်းပါတယ်။ ဒီဟင်းလင်းပြင် အကြွင်းအကျန်ဟာ မူလခန္ဓာကိုယ်ကနေ ကွဲထွက်သွားခဲ့ပြီးကတည်းက သီသီလေးမျှသာ ဆက်လက် တည်ရှိနေနိုင်ခဲ့တာ။ နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီးတဲ့နောက်မှာ ၎င်းဟာ ပျက်စီးပြိုလဲလုနီးပါး အခြေအနေကို ရောက်နေခဲ့ပြီ။ မင်းကိုယ်တိုင်လည်း မြင်ခဲ့ရတဲ့အတိုင်း မင်း နံရံကို တိုက်ခိုက်လိုက်တဲ့ တိုက်ချက်တစ်ခုတည်းနဲ့တင် ဒီဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားခဲ့ရတယ်လေ။ ဒါ့အပြင် ကျုပ် ဖတ်ဖူးခဲ့တဲ့ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် နံရံရဲ့ အဝါရောင် အသွင်သဏ္ဌာန်ဟာ ဒီဟင်းလင်းပြင်နေရာလွတ် လုံးဝ မတည်ငြိမ်ဘူးဆိုတာကို ပြသနေတာပဲ။ ဖြစ်နိုင်တာက မင်းတို့နှစ်ယောက် တိုက်ခိုက်လိုက်တဲ့ တိုက်ချက်ဟာ သေမျိုးလောကနဲ့ ချိတ်ဆက်ထားတဲ့ ဒီဟင်းလင်းပြင်ရဲ့ အားအနည်းဆုံး ချက်ကောင်းနေရာကို သွားပြီး ထိမှန်သွားခဲ့တာ ဖြစ်ရမယ်၊ အဲ့ဒီကနေမှတစ်ဆင့် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပွင့်သွားပြီး မင်းကို ဒီကို ဆွဲခေါ်လာခဲ့တာပေါ့”
“အားအနည်းဆုံး ချက်ကောင်းနေရာ ဟုတ်လား... ကျုပ်နဲ့ ငွေရောင်လတို့ နံရံတွေအားလုံးကို သေသေချာချာ ရှာဖွေကြည့်ပြီးပြီလေ၊ ဘာထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ပါဘူး”
ဝိညာဉ်သွေဖယ်ခြင်းအရှင်က နှာခေါင်းရှုံ့လိုက်ပြီး ဆိုလိုက်၏။ “ကောင်လေး... ဒီဟင်းလင်းပြင်ရဲ့ အားအနည်းဆုံး ချက်ကောင်းနေရာက နံရံတွေပေါ်မှာ ရှိမနေဘူးကွ။ ဖြစ်နိုင်တာက လေထုထဲက တစ်နေရာရာမှာ ရှိနေမှာပေါ့။ ဒါ့အပြင် ဟင်းလင်းပြင်အက်ကြောင်းရဲ့ မတည်ငြိမ်မှုကြောင့် အဲ့ဒီချက်ကောင်းနေရာဟာ တစ်နေရာတည်းမှာ ငြိမ်မနေဘဲ အမြဲတမ်း ရွေ့လျားနေဖို့ များတယ်။ မင်းသာ သေသေချာချာ ရှာဖွေမယ်ဆိုရင် ရှာတွေ့ဖို့ သိပ်ပြီး မခက်ခဲလှပါဘူး”
“လေထုထဲက တစ်နေရာရာမှာ ဟုတ်လား...” ဟန်လိသည် ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်ရ၏။ သူ၏ ကျင့်ကြံမှုအဆင့်မှာ ဟင်းလင်းပြင်နေရာလွတ်များ၏ နက်နဲမှုကို နားလည်နိုင်ရန် လုံလောက်ခြင်း မရှိသေးသဖြင့် သူ၏ ဗဟုသုတမှာ ဝိညာဉ်သွေဖယ်ခြင်းအရှင်ကို ယှဉ်နိုင်စွမ်း မရှိချေ။ သို့ဖြစ်၍ သူသည် စကားအပို ဆက်မပြောဘဲ ချက်ချင်းပင် စတင် ရှာဖွေသည်။
ဟန်လိသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံကို ဟင်းလင်းပြင်တစ်ခုလုံးသို့ ဖြန့်ကြက်ကာ နေရာလွတ် တစ်လက်မချင်းစီကို သေချာစွာ စူးစမ်းလိုက်၏။ ဆယ့်ငါးမိနစ်လောက် အချိန်ကြာမြင့်ပြီးနောက် သူ ရှာဖွေနေသော ပစ်မှတ်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိလိုက်ပြီ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ လင်းလက်သွားပြီး ဟင်းလင်းပြင်၏ ဗဟိုချက်တွင် ရှိသော ကျောက်တဲအိမ်လေးအတွင်းသို့ ပျံသန်းဝင်ရောက်သွား၏။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများအတွင်းသို့ ဝိညာဉ်စွမ်းအားများ ပို့လွှတ်ကာ ပေခြောက်ဆယ်ခန့် မြင့်မားသော လေထုထဲက တစ်နေရာကို စိုက်ကြည့်လိုက်သည်။
ထိုနေရာမှာ အပေါ်ယံကြည့်လျှင် ဗလာဖြစ်နေသော်လည်း ဟန်လိ၏ မျက်စိထဲတွင်မူ မထင်မရှား မိုးပြာရောင် အလင်းစက်လေးတစ်ခုကို မြင်တွေ့လိုက်ရ၏။ ၎င်းမှာ ဆန်စေ့အရွယ်ခန့်သာ ရှိသော်လည်း ၎င်းထံမှ သီသီလေးမျှ စိမ့်ထွက်နေသော စိတ်ဝိညာဉ်ချီ လှိုင်းဂယက်များကိုမူ သူ ကောင်းစွာ ခံစားမိနေသည်။
ဟန်လိသည် များစွာ ဝမ်းမြောက်သွားပြီး ခဏမျှ စဉ်းစားကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကြက်သွေးရောင် ဓားငယ်တစ်လက် သူ၏လက်ထဲတွင် ပေါ်လာ၏။
“မင်း... မင်းက အဲ့ဒီဓားကို သုံးဖို့ ကြံနေတာလား...” ဝိညာဉ်သွေဖယ်ခြင်းအရှင်၏ လေသံမှာ ထူးဆန်းစွာဖြင့် ထွက်ပေါ်လာသည်။
“ဟုတ်တယ်... ကျုပ်ကိုယ်ပိုင် မှော်ရတနာတွေရဲ့ တိုက်ချက်တစ်ခုတည်းနဲ့တင် ဒီချက်ကောင်းနေရာကို ဖောက်ထွက်ဖို့ မလုံလောက်မှန်း ကျုပ် ကောင်းကောင်း သိထားပြီးသားပါ။ အဖျက်စွမ်းအား အရာမှာ ကျုပ်ဆီမှာရှိတဲ့ သွေးမိစ္ဆာဓားက အစွမ်းထက်ဆုံးမို့ ဒါကို သုံးပြီး ကျုပ် တစ်ချက်လောက် စမ်းကြည့်ချင်တယ်”
ဝိညာဉ်သွေဖယ်ခြင်းအရှင်က နှာမှုတ်လျက် ဆိုလိုက်၏။ “ကျုပ် မင်းကို အလဟဿ အားအင်မဖြုန်းဖို့ အကြံပေးပါရစေ။ အတိတ်တုန်းက မင်း အသွင်ပြောင်းလိုက်တဲ့ စွမ်းအားနဲ့ ရှေးဟောင်းမိစ္ဆာတို့ ပူးပေါင်းတိုက်ခိုက်လိုက်လို့သာ ဟင်းလင်းပြင်အက်ကြောင်း ပွင့်သွားခဲ့တာလေ။ အခု မင်းတစ်ယောက်တည်းနဲ့ အဲ့ဒီလိုမျိုး အစွမ်းမျိုး ထွက်လာနိုင်ဦးမယ်လို့ ထင်နေတာလား။ မင်းအတွက် တစ်ခုတည်းသော ရွေးချယ်မှုက စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို အမြန်ဆုံး ရောက်အောင် ကျင့်ကြံပြီးမှသာ ရတနာအဆောင်တွေနဲ့ သွေးမိစ္ဆာဓားကို ပူးပေါင်းသုံးပြီး အားအနည်းဆုံး ချက်ကောင်းနေရာကို ဖောက်ထွက်ဖို့ပဲ ရှိတယ်”
ဟန်လိ၏ စိတ်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားရပြီး ထိတ်လန့်တကြား မေးမြန်းလိုက်မိ၏။ “စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို ရောက်အောင် ကျင့်ရမယ် ဟုတ်လား... ဒါက အချိန်တိုလေးအတွင်းမှာ လုပ်နိုင်တဲ့အရာ မဟုတ်ဘူးလေ။ ဒီနေရာမှာ စိတ်ဝိညာဉ်ချီတွေ ဘယ်လောက်ပဲ သိပ်သည်းနေပါစေဦး... ဆေးလုံးတွေရဲ့ အကူအညီနဲ့ဆိုရင်တောင် အနည်းဆုံး နှစ်ပေါင်းသုံးဆယ်လောက် ခါးစည်းကျင့်ကြံမှသာ ဖြစ်နိုင်လိမ့်မယ်”
ဝိညာဉ်သွေဖယ်ခြင်းအရှင်ကမူ သဘောမတူဟန်ဖြင့် နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။ “ဤဟင်းလင်းပြင် နေရာလွတ်ဟာ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်လောက်နဲ့တင် ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ မင်းက ဘာကို ဒီလောက်တောင် ကြောက်နေရတာလဲ။ တကယ်လို့ မင်းသာ ခင်ဗျားရဲ့ ပါရမီနဲ့ ပြင်ပလောကမှာ ကျင့်ကြံနေမယ်ဆိုရင် နှစ်ပေါင်းတစ်ရာ ကြာသွားရင်တောင် စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို ရောက်ချင်မှ ရောက်မှာ”
ဟန်လိ၏ မျက်နှာအမူအရာမှာ ချီတုံချတုံ ဖြစ်သွား၏။ သူ၏လက်ထဲတွင် ခရမ်းရောင်တိမ်တိုက်ဆေးလုံး ရှိနေလျှင်ပင် စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်ပေါင်းနှစ်ဆယ်ခန့် အချိန်ယူရဦးမည်ဖြစ်ပြီး အဲ့ဒီနောက်မှသာ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်မည့် အတားအဆီးကို စိန်ခေါ်နိုင်မည် ဖြစ်သည်။ ထို့အပြင် အဓိက ဆေးပင်တစ်မျိုးမှာ ပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်သဖြင့် သူသည် ၎င်းဆေးပင်အားလုံးကို ဤဥယျာဉ်အတွင်း၌သာ ကုန်စင်အောင် သန့်စင်ဖော်စပ်ရမည် ဖြစ်သည်။
ဤနေရာတွင် နှစ်ပေါင်းဆယ်ဂဏန်းခန့်ကြာအောင် ခါးစည်းကျင့်ကြံရမည့် ကိစ္စနှင့် ပတ်သက်၍ ဟန်လိအနေဖြင့် ကန့်ကွက်စရာ ဘာမှမရှိချေ။ ဤနေရာရှိ သိပ်သည်းလှသော စိတ်ဝိညာဉ်ချီမှာ သူ၏ လှိုဏ်ဂူနေအိမ်အတွင်းရှိ ဝိညာဉ်စမ်းရေတွင်းသစ်ပင် မှ ထွက်ပေါ်နေသော စွမ်းအားများထက်ပင် အဆပေါင်းများစွာ ပိုမိုသာလွန်နေသဖြင့် ဤသည်မှာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။
သို့သော်လည်း ဟန်လိကို တစ်ခုတည်းသော ပူပန်ကြောင့်ကြစေသည့် အချက်မှာ နန်းကုန်းဝမ် ၏ ခန္ဓာကိုယ်ပေါ်တွင် ချမှတ်ထားသော 'ဝိညာဉ်ချိပ်ပိတ်ခြင်းကျိန်စာ' ပင် ဖြစ်၏။ သူသည် ရှေးဟောင်းမီးတောက်ဖားပြုပ်၏ အတွင်းအမြုတေကို အသုံးပြု၍ ၎င်းကျိန်စာကို အမြန်ဆုံး ဖြည်ဖျက်ပေးချင်နေခြင်း ဖြစ်သည်။ သို့သော်လည်း နန်းကုန်းဝမ်ကိုယ်တိုင် ချန်ထားရစ်ခဲ့သော ကျောက်စိမ်းပြားမှတ်တမ်းများအရ သူမအနေဖြင့် ထိုကျိန်စာကို နှစ်ပေါင်းတစ်ရာကျော်ကြာအောင် ထိန်းထားနိုင်စွမ်း ရှိကြောင်း ပြောပြခဲ့ဖူးသည် မဟုတ်လား။ သို့ဖြစ်၍ သူ နှစ်ပေါင်းသုံးဆယ်ခန့် ကင်းကွာနေခဲ့လျှင်ပင် ကြီးမားသော ပြဿနာ ဖြစ်လာနိုင်စရာ မရှိချေ။
ခဏမျှ သေသေချာချာ တွက်ချက်ကြည့်ပြီးနောက် သူသည် ဤနေရာတွင် အချိန်အတော်ကြာအောင် ပိတ်မိနေမည် ဖြစ်ကြောင်းကို လက်ခံလိုက်ရသည်။ သူက ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ ကံကြမ္မာကိုသာ အသာတကြည် လက်ခံလိုက်၏။
ထို့နောက် သူသည် နှုတ်ခမ်းကို ကိုက်ကာ ဆုံးဖြတ်ချက် ချက်ချင်းချလျက် ဆိုလိုက်သည်။ “ငွေရောင်လ... ကျုပ်အတွက် ဆေးပင်တွေအားလုံးကို အမြန်ဆုံး ဆွတ်ခူးလိုက်။ လာမယ့်ရက်တွေမှာ ကျုပ်တို့ ဆေးဝါးတွေကိုပဲ အသည်းအသန် သန့်စင်ဖော်စပ်ကြရအောင်”
ဘေးမှနေ၍ သူတို့နှစ်ဦး၏ စကားဝိုင်းကို နားထောင်နေသော ငွေရောင်လမှာမူ ဤဥယျာဉ်မှတစ်ဆင့် အပြင်သို့ ပြန်လည်ထွက်ခွာနိုင်မည့် လမ်းကြောင်း အမှန်တကယ် ရှိနေကြောင်း သိလိုက်ရသဖြင့် များစွာ စိတ်အေးသွားသည်။ သူမသည် အတိတ်တုန်းက တစ်ကြိမ် ပိတ်မိဖူးခဲ့သဖြင့် ဤကဲ့သို့သော အိပ်မက်ဆိုးမျိုးကို နောက်တစ်ကြိမ် ထပ်မံ၍ မခံစားချင်ပေ။
သူမသည် ချိုသာစွာ ပြုံးလျက် အမိန့်ကို လက်ခံလိုက်ပြီး ဟန်လိ၏ လက်ထဲမှ ဆေးပုလင်းများနှင့် သေတ္တာများကို ဖမ်းယူကာ ဆေးဥယျာဉ်ရှိရာသို့ အလျင်အမြန် ပျံသန်းထွက်ခွာသွား၏။
ထို့နောက် ဟန်လိသည် ကျောက်တဲအိမ်လေး၏ အလယ်ဗဟိုတွင် တင်ပလ္လင်ခွေကာ ထိုင်လိုက်ပြီး ရှေးဟောင်းဆေးဖော်စပ်နည်းများ ပါဝင်သော ကျောက်စိမ်းပြားကို ထုတ်ယူလျက် ခရမ်းရောင်တိမ်တိုက်ဆေးလုံး သန့်စင်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို သေသေချာချာ စတင်ဖတ်ရှုနေသည်။ သူ၏လက်ထဲတွင် ရှိနေသော ရှေးဟောင်းဆေးပင် အရေအတွက်မှာ အကန့်အသတ် ရှိနေသဖြင့် သူသည် နည်းနည်းလေးမျှ ပေါ့ဆ၍ မဖြစ်ချေ။