← Chapters

အခန်း ၈၅၈

Vol. 62 Ch. 858

အခန်း ၈၅၈

Vol. 62 Ch. 858

အခန်း ၈၅၈ - လွတ်မြောက်ခြင်း

ကောင်းကင်တောင်ပိုင်းလောက၏ ဒုန်းယွီပြည်ထောင်တွင် 'နင်ပြည်နယ်' ဟု အမည်ရသော သေးငယ်သည့် ပြည်နယ်တစ်ခု ရှိပြီး ၎င်းသည် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး တည်ရှိရာ ချန်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်ဟူသော အချက်မှလွဲ၍ ထူးခြားမှု မရှိလှပေ။

နင်ပြည်နယ်နှင့် ချန်းပြည်နယ်ကို ရှည်လျားလှသော တောင်တန်းကြီးတစ်ခုက ခြားနားထားပြီး ၎င်းပြည်နယ်၏ နယ်မြေအများစုမှာ သဲကန္တာရများသာ ဖြစ်ကြကာ သစ်ပင်ပန်းမန်များနှင့် မြစ်ချောင်းများကိုမူ ကျိုးတိုကျဲတဲသာ တွေ့မြင်နိုင်သည်။ ထို့အပြင် ဤနေရာ၌ စိတ်ဝိညာဉ်ကြောများမှာလည်း အလွန်တရာ ပါးလျလှသဖြင့် ကျင့်ကြံသူမိသားစု အနည်းငယ်သာလျှင် အခြေချ နေထိုင်ကြ၏။ သို့သော်လည်း နယ်မြေလုယူရန် ကြိုးစားမည့် မည်သည့် အင်အားကြီးဂိုဏ်းစုမျှ မရှိသဖြင့် အလွန်ပင် လွတ်လပ်အေးချမ်းလှပေသည်။

နင်ပြည်နယ်၏ အနောက်တောင်ဘက်တွင် ဝိညာဉ်အကြေးခွံတောင်တန်းဟု အမည်ရသည့် တောင်တန်းတစ်ခု ရှိပြီး ၎င်းနေရာ၌ စိတ်ဝိညာဉ်ကြောများထဲမှ တစ်ခု တည်ရှိလေသည်။ ထိုတောင်တန်းတစ်ခုလုံးမှာ ငါးကီလိုမီတာ မျှသာ ကျယ်ဝန်းပြီး ၎င်း၏ စိတ်ဝိညာဉ်ကြောမှာမူ ငါးကီလိုမီတာ မျှသာ ရှည်လျားပေသည်။

ဝိညာဉ်အကြေးခွံတောင်တန်း၏ အမြင့်ဆုံး တောင်ထိပ်နှင့် ၎င်း၏ ဘေးတဖက်တစ်ချက်ရှိ တောင်ငယ်နှစ်လုံးပေါ်တွင် ကျင့်ကြံသူအချို့မှာ အခြေချ နေထိုင်နေကြရခြင်း ဖြစ်၏။ ဤနယ်မြေကျဉ်းလေးကို အခြေခံ၍ ထိုတောင်ထွတ်သုံးခုအား ကျင့်ကြံသူမိသားစု သုံးစုဖြစ်ကြသော ဟွမ်မျိုးနွယ်စု၊ လီမျိုးနွယ်စု နှင့် ဝမ်မျိုးနွယ်စု တို့က အသီးသီး ခွဲဝေ ထိန်းချုပ်ထားကြသည်။

ဤမိသားစုများအားလုံးမှာ သေးငယ်ပြီး ခုမှ စတင်တည်ထောင်ခါစ မိသားစုများသာ ဖြစ်ကြ၏။ သူတို့ထဲတွင် အင်အားအကြီးဆုံးဖြစ်သော ဟွမ်မျိုးနွယ်စု ၌ပင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများဆုံးမှ နှစ်ဦးသာ ရှိပေသည်။ ၎င်းတို့၏ တပည့်များမှာလည်း ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပြီး အများစုမှာ စတုတ္ထအဆင့်မျှသာ ရှိကြသေး၏။ စိတ်ဝိညာဉ်ရင်းမြစ် ကင်းမဲ့ကြသော မျိုးနွယ်စုဝင် ထောင်ပေါင်းများစွာမှာမူ ဝိညာဉ်အကြေးခွံတောင်တန်း၏ အနီးဝန်းကျင်၌သာ အခြေချ နေထိုင်ကြရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိကြချေ။

ဤမိသားစု သုံးစုမှာ အချင်းချင်း နီးကပ်စွာ တည်ရှိနေကြရုံတင်မကဘဲ သူတို့ကြားက ဆက်ဆံရေးမှာလည်း အလွန်ပင် ရင်းနှီးချစ်ခင်ကြပေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ဤမိသားစု သုံးစုမှ တပည့်များစွာမှာ အချင်းချင်း အိမ်ထောင်ပြုခဲ့ကြသဖြင့် ပိုမိုနက်နဲသော သံယောဇဉ်အနှောင်အဖွဲ့များ ဖြစ်တည်နေခဲ့ပြီ ဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးက သေသေချာချာ စူးစမ်းလေ့လာကြည့်မည်ဆိုလျှင် ဝိညာဉ်အကြေးခွံတောင်တန်း၏ စိတ်ဝိညာဉ်စွမ်းအားမှာ ပါးလျလှသော်လည်း အဓိကတောင်ထိပ်၏ အထက်တွင် အမည်မသိ စိတ်ဝိညာဉ်စမ်းရေတွင်းတစ်ခု တည်ရှိနေမှန်း သိရှိနိုင်ပေလိမ့်မည်။

၎င်းစမ်းရေတွင်းမှာ ဝိညာဉ်စမ်းရေတွင်းသစ်ပင် ကဲ့သို့ ရှားပါးလှသော ရတနာများနှင့် ယှဉ်နိုင်စွမ်း မရှိသော်ငြားလည်း ၎င်း၏ ဆန်းကြယ်လှသော အသုံးဝင်ပုံမှာ အံ့မခန်းလှပေ။ ၎င်းမှ ထွက်ပေါ်လာသော စမ်းရေများကို ဆေးပင်များနှင့် ရောစပ်လိုက်မည်ဆိုလျှင် ဝိညာဉ်လက်ဖက်ရည်ကြမ်းတစ်ခုကို ဖော်စပ်နိုင်ပြီး ၎င်းသည် ချီစုဆောင်းခြင်း ဆဋ္ဌမအဆင့်နှင့် အောက်၌ ရှိသော တပည့်များ၏ ရိုးတွင်းခြင်ဆီများကို သန့်စင်ပေးနိုင်စွမ်း ရှိသဖြင့် သူတို့၏ အနာဂတ်ကျင့်ကြံခြင်းခရီးလမ်းအတွက် များစွာ အထောက်အကူ ဖြစ်စေသည်။ ဤမိသားစု သုံးစုမှာ ဤနေရာသည် ကျင့်ကြံရန်အတွက် မကောင်းမှန်း သိကြသော်လည်း ဤစမ်းရေတွင်းကြောင့်သာ တွန့်ဆုတ်တွေဝေလျက် ဆက်လက်နေထိုင်နေကြခြင်း ဖြစ်၏။

၎င်းစိတ်ဝိညာဉ်စမ်းရေတွင်းမှာ ဆန်းကြယ်လှသော အာနိသင် ရှိသော်ငြားလည်း တစ်နှစ်ပတ်လုံးတွင် ရက်အနည်းငယ်မျှသာ စမ်းရေများ စိမ့်ထွက်တတ်သဖြင့် မိသားစု သုံးစုလုံး အသုံးပြုရန်အတွက် လုံးဝ လုံလောက်ခြင်း မရှိချေ။ ထို့ကြောင့် မိသားစုများ၏ အကြီးအကဲများက တိုင်ပင်ဆွေးနွေးပြီးနောက် ၎င်းစမ်းရေတွင်းကို ပိတ်လှောင်ထားရန်နှင့် ဆယ်နှစ်ပြည့်မှ တစ်ကြိမ်သာ ဖွင့်လှစ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။

ဆယ်နှစ်တာကာလပတ်လုံး စုဆောင်းထားသော စမ်းရေပမာဏမှာ မိသားစု သုံးစုလုံး တစ်ကြိမ်စာ စိတ်ကြိုက်အသုံးပြုရန်အတွက် လုံလောက်သည်။ ထို့ကြောင့် ၎င်းတို့သည် ဆယ်နှစ်မှ တစ်ကြိမ်သာ တပည့်သစ်များကို လက်ခံကြပြီး စမ်းရေများကို အလဟဿ ဖြုန်းတီးပစ်ခြင်း မရှိကြချေ။

ဤမိသားစု သုံးစုမှာ ဤမပြောပလောက်သော ဝိညာဉ်စမ်းရေတွင်းလေးကိုသာ အတူတကွ ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်နေကြရပြီး သူတို့၏ လူငယ်တပည့်လေးများ အသုံးပြုနိုင်ရန်အတွက် ဆယ်နှစ်ပြည့်မှ တစ်ကြိမ်သာ ဖွင့်လှစ်ကြခြင်း ဖြစ်၏။

တနေ့တွင် ဝိညာဉ်အကြေးခွံတောင်တန်း၏ အမြင့်ဆုံး တောင်ထိပ်ပေါ်၌ စမ်းရေတွင်း ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပနေကြပေသည်။ ဆယ်ပေခန့် မြင့်မားသော အနက်ရောင် ကျောက်ဆောင်နံရံကြီးတစ်ခု၏ ရှေ့တွင် မိသားစုတစ်ခုစီမှ လာကြသော လူငယ်တပည့် ဆယ်ယောက်စီမှာ အစီအစဉ်တကျ တန်းစီရပ်နေကြ၏။ သူတို့အားလုံးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုနေကြရုံတင်မကဘဲ သူတို့၏ မျက်နှာများထက်တွင် ပျော်ရွှင်ရိပ်များ ပြည့်နှက်နေတော့သည်။

ထိုတပည့်များထဲတွင် အသက်အကြီးဆုံးသူမှာ ဆယ့်ကိုးနှစ်ဝန်းကျင် ရှိပြီး အငယ်ဆုံးမှာ ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်အရွယ်မျှသာ ရှိကြသေး၏။ ဤလူငယ်ကျင့်ကြံသူလေးများထဲတွင် အစွမ်းအထက်ဆုံးသူမှာ ချီစုဆောင်းခြင်း စတုတ္ထအဆင့်မျှသာ ရှိပြီး အများစုမှာမူ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်မျှသာ ရှိကြသေးသည်။

သူတို့အားလုံး၏ အရှေ့ဆုံးတွင် အသက်ကြီးရင့်လှသော ကျင့်ကြံသူ ဆယ်ယောက်ဝန်းကျင် ရပ်နေကြပြီး သူတို့မှာ ချီစုဆောင်းခြင်း အဆင့်တစ်ဆယ်နှင့် အထက်တွင် ရှိကြသူများ ဖြစ်၏။ သူတို့အားလုံး၏ အလယ်ဗဟိုတွင်မူ အဘိုးအို သုံးဦး မတ်တပ်ရပ်နေကြပြီး နှစ်ဦးမှာ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြကာ ကျန်တစ်ဦးမှာမူ အခြေခံတည်ဆောက်ခြင်း အလယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

ထိုကျင့်ကြံသူ ဆယ်ယောက်ဝန်းကျင်မှာ ကျောက်ဆောင်နံရံကြီး၏ ရှေ့တွင် မန္တာန်အလံကိုယ်စီကို ကိုင်ဆောင်ထားကြပြီး စမ်းရေတွင်းကို ပိတ်လှောင်ထားသော မန္တာန်အစီအရင်ကို ဖြည်ဖျက်ရန်အတွက် ဂါထာမန္တာန်များကို မနားတမ်း ရွတ်ဆိုနေကြ၏။ ကျောက်ဆောင်နံရံပေါ်တွင် ချိပ်ပိတ်အတားအဆီး အဆောင်လက်ဖွဲ့ ရှစ်ခုကို ကပ်ထားပြီး ၎င်းတို့တစ်ခုစီမှ အရောင်စုံအလင်းတန်းများ တဖျတ်ဖျတ် လင်းလက်နေကြပေသည်။

ထိုအဘိုးအို သုံးဦး၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံသူ ဆယ်ယောက်ဝန်းကျင်မှာ သူတို့၏ ဂါထာမန္တာန်များကို ပိုမို၍ မြန်ဆန်စွာ ရွတ်ဆိုလိုက်ကြပြီးနောက် ကျန်အဘိုးအိုများမှာလည်း သူတို့၏ မန္တာန်အလံများကို မြှောက်တင်လိုက်ကြတော့၏။

ခဏအကြာတွင် အဘိုးအို သုံးဦးမှာ သူတို့၏ လက်တစ်ဖက်စီကို ပြိုင်တူ မြှောက်တင်လိုက်ကြပြီး မန္တာန်တံဆိပ်တစ်ခုစီကို ထုတ်လွှတ်လိုက်ရာ ကျောက်ဆောင်နံရံကြီးတစ်ခုလုံး အလင်းတန်းများဖြင့် လွှမ်းခြုံသွားပြီး ၎င်းပေါ်တွင် ကပ်ထားသော အဆောင်လက်ဖွဲ့များမှာလည်း လွတ်ထွက်သွားကြတော့သည်။

ထိုအခိုက်အတန့်တွင် ကျောက်စိမ်းသေတ္တာများကို ကိုင်ဆောင်ထားသော တပည့်ငယ်လေးများမှာ အလျင်အမြန် ရှေ့သို့ တိုးဝင်လာကြပြီး ထိုဝိညာဉ်အဆောင်လက်ဖွဲ့များကို သေသေချာချာ သိမ်းဆည်းလိုက်ကြပြီးနောက် ချက်ချင်းပင် နောက်သို့ ပြန်ဆုတ်သွားကြ၏။ ဤအတားအဆီး အဆောင်လက်ဖွဲ့များမှာ သေးငယ်သော မိသားစုများအတွက် အလွန်တရာ ရှားပါးလှသော ရတနာများ ဖြစ်ကြသဖြင့် သူတို့သည် ဆုံးရှုံးပျက်စီးသွားမှာကို မလိုလားကြပေ။

ကျောက်ဆောင်နံရံပေါ်တွင် ကာကွယ်ထားသော အတားအဆီး အဆောင်လက်ဖွဲ့များ မရှိတော့သည့်အခါ ၎င်းထံမှ စူးရှသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ပြင်းထန်စွာ တုန်ခါလာတော့သည်။ အရှေ့ဆုံးတွင် ရပ်နေသော အဘိုးအို သုံးဦးမှာ သူတို့၏ မန္တာန်အလံများကို ပြိုင်တူ ဝှေ့ယမ်းလိုက်ကြရာ အလံထိပ်များမှ အလင်းမျှင်တန်းများ ထိုးထွက်သွားပြီး အဖြူရောင်အလင်းတန်းများအတွင်းသို့ စိမ့်ဝင် ပျောက်ကွယ်သွားကြ၏။

ကျောက်ဆောင်နံရံကြီးမှာ အပြင်းအထန် တုန်ခါလာပြီး မြေပြင်တစ်ခုလုံးပါ လှုပ်ခါသွားတော့သည်။ ထို့နောက် ကျောက်ဆောင်နံရံကြီးမှာ အလယ်တည့်တည့်မှနေ၍ နှစ်ခြမ်းကွဲသွားပြီး ပေတစ်ရာခန့် ကျယ်ဝန်းသော အဟတစ်ခု ပေါ်လာခဲ့ချေပြီ။

မိသားစု သုံးစုလုံးမှ လူငယ်တပည့်လေးများမှာ သူတို့၏ မျက်လုံးများကို ပြူးကျယ်လျက် အတွင်း၌ မည်သည့်အရာ ရှိနေမလဲဆိုသည်ကို သေသေချာချာ စူးစိုက်ကြည့်ရှုနေကြတော့၏။

မိသားစု သုံးစုလုံးမှာ ဤဝိညာဉ်စမ်းရေတွင်းကို အဖိုးတန်ရတနာတစ်ခုအဖြစ် သတ်မှတ်ထားကြသဖြင့် သာမန်တပည့်တစ်ဦးအနေဖြင့် သူတို့၏ သက်တမ်းတစ်ခုလုံးတွင် ဤဝိညာဉ်စမ်းရေတွင်းကို မျက်မြင်တွေ့ခွင့်ရဖို့မှာ တစ်ကြိမ်မျှသာ ရှိသဖြင့် မည်သူမျှ လက်လွှတ်မခံချင်ကြတာ သဘာဝပင် ဖြစ်ချေသည်။ သို့သော်လည်း အမှန်အတိုင်း ပြောရမည်ဆိုလျှင် ထိုကလေးငယ်တိုင်းမှာ ဤဝိညာဉ်စမ်းရေတွင်း၏ ပုံပန်းသဏ္ဌာန်ကို ရှင်းလင်းစွာ ပြောပြနိုင်ကြပါသည်။

ကျောက်လှိုဏ်ဂူအတွင်း ပေတစ်ရာခန့် အနက်တွင် ရှိသော ကြီးမားလှသည့် အဖြူရောင်ကျောက်စိမ်းတုံးကြီးတစ်ခုကို ထွင်းထု၍ ဆယ်ပေခန့် ကျယ်ဝန်းသော ရေကန်ငယ်တစ်ခု ပြုလုပ်ထားခြင်း ဖြစ်၏။ တချက်ကြည့်လိုက်ရုံမျှဖြင့် ထိုကန်အတွင်း တစ်ဝက်ခန့် ပြည့်နှက်နေသော စမ်းရေများမှာ လုံးဝကို သန့်စင်ကြည်လင်နေသည်။ ၎င်းထံမှ ထွက်ပေါ်နေသော စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသည့် သင်းပျံ့လှသော ရနံ့များက ရှုရှိုက်မိသူတိုင်း၏ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ရှိစေရုံတင်မကဘဲ စိတ်ဝိညာဉ်ကိုပါ လန်းဆန်းသွားစေသည်။

လူငယ်တပည့်လေးများကြားမှ အုတ်အော်သောင်းနင်း ဖြစ်သွားကြသော်လည်း ဆံဖြူအဘိုးအိုတစ်ဘောက်က သူတို့ဘက် လှည့်၍ ခက်ထန်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သောအခါ ချက်ချင်းပင် ပြန်လည် ငြိမ်သက်သွားကြတော့၏။

ထိုသူမှာ ဟွမ်မျိုးနွယ်စု ၏ အကြီးအကဲ ဟွမ်ယွန်းမင် ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်း အလယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သူသည် ဝိညာဉ်အကြေးခွံတောင်တန်း၏ အစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ဦးဟု သတ်မှတ်နိုင်၏။ သူ၏ မိသားစုမှ တပည့်များသာမက ဝမ်မျိုးနွယ်စု နှင့် လီမျိုးနွယ်စု မှ တပည့်များကပါ သူ့ကို အလွန်ပင် လေးစားကြောက်ရွံ့ကြသည်။

သူ့ဘေးတွင် ရပ်နေသော မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက ဤသည်ကို မြင်သောအခါ မျက်လုံးများကို မှေးလျက် ကျေနပ်စွာဖြင့် ဆိုလိုက်၏။ “ဟားဟား... ညီအစ်ကိုဟွမ် ရဲ့ လွှမ်းမိုးမှုက တကယ်ပဲ ထိရောက်လှပေတယ်။ အဲ့ဒီ လူငယ်လေးတွေကို ချက်ချင်း နာခံသွားအောင် လုပ်နိုင်တာပဲ”

တတိယမြောက်ဖြစ်သော မိုးပြာရောင်ဝတ်စုံနှင့် အဘိုးအိုကလည်း အားကျသောလေသံဖြင့် ဖြည့်စွက်ပြောလိုက်သည်။

“ဒါပေါ့... ညီအစ်ကိုဟွမ် ရဲ့ ကျင့်ကြံမှုက အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်ကို ရောက်ရှိနေပြီပဲကို။ ဖြစ်နိုင်တာက သူ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်ကိုပါ ဆက်ပြီး တက်လှမ်းနိုင်ဦးမှာပါ”

ဟွမ်ယွန်းမင်က ခပ်တိုးတိုး ရယ်မောလိုက်၏။ “ညီငယ်တို့ကလည်း ကျုပ်ကို စနောက်နေပြန်ပါပြီ။ ကျုပ်ရဲ့ အသက်အရွယ်နဲ့ ကျင့်ကြံမှုအဆင့် တိုးတက်ဖို့ အခွင့်အရေး ရှိနေဦးမယ်ဆိုရင်တောင် ဒီအခွင့်အရေးကို ကျုပ်တို့ရဲ့ ဂျူနီယာလေးတွေကိုပဲ ပေးလိုက်ချင်ပါတယ်။ ကဲ... လာကြစို့... အဲ့ဒီကလေးတွေအတွက် ဝိညာဉ်လက်ဖက်ရည်ကြမ်းကို အမြန်ဆုံး ဖော်စပ်ပေးကြရအောင်။ ကြည့်ရတာ ဒီတစ်ခါ စမ်းရေပမာဏက အရင်တစ်ခေါက်တွေထက် ပိုပြီး များပြားနေသလိုပဲ။ ဒါက တကယ့်ကို ကောင်းမွန်တဲ့ ကိစ္စရပ်တစ်ခုပါပဲ”

အခြားမိသားစုနှစ်စုမှာ ဟွမ်မျိုးနွယ်စုကို ယှဉ်နိုင်စွမ်း မရှိကြဘဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးစီသာ ပျိုးထောင်နိုင်ခဲ့ကြခြင်း ဖြစ်၏။ ထိုကျင့်ကြံသူနှစ်ဦးလုံးမှာ အကြီးအကဲဟွမ်နှင့် နှစ်ပေါင်းများစွာကြာအောင် ခင်မင်ခဲ့ကြဖူးသော မိတ်ဆွေဟောင်းများ ဖြစ်ကြပေသည်။

ထိုအဘိုးအိုနှစ်ဦးလုံးမှာ ပြုံးလိုက်ကြပြီး ထိုကိစ္စကို ဆက်လက်၍ မပြောကြတော့ဘဲ သတ်မှတ်ထားသော တပည့်များကို ရှေ့သို့ လှမ်းလာရန်နှင့် လက်ဖက်ရည်ကြမ်း ဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို စတင်ရန်အတွက် အမိန့်ပေးလိုက်ကြတော့၏။

မိသားစုတစ်ခုစီမှ တပည့်နှစ်ဦးစီ ရှေ့သို့ လှမ်းထွက်လိုက်ကြပြီး ရေကန်ငယ်ရှိရာသို့ တိုက်ရိုက် ဦးတည်လျှောက်လှမ်းသွားကြသည်။ သို့သော်လည်း သူတို့ ရေကန်နားသို့ မရောက်မီမှာပင် အံ့ဩမှင်သက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ရုတ်တရက် ဖြစ်ပွားလာတော့သည်။

ရေကန်၏ အထက် ပေသုံးဆယ်ခန့်အကွာတွင် ရုတ်တရက် မိုးခြိမ်းသံကြီးတစ်ခု ဟိန်းထွက်လာပြီး ရောင်စုံအလင်းတန်းများ ပြင်းထန်စွာ တဖျတ်ဖျတ် လင်းလက်လာပြီးနောက် အနက်ရောင်အလင်းလုံးတစ်ခု ထွက်ပေါ်လာချေ၏။ ၎င်းနက်မှောင်လှသော အလင်းလုံးကြီးထံမှ ထူးဆန်းသော အက်ကွဲသံများ ထွက်ပေါ်လာပြီး ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲလာကာ ဆယ်ပေခန့် ရှည်လျားသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ထို့နောက် ရောင်စုံအလင်းတန်းများကြားမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကျောက်စိမ်းရေကန်ငယ်အတွင်းသို့ တိုက်ရိုက် ပြုတ်ကျသွားလေတော့၏။

သည့်နောက်တွင်မူ ထိုဟင်းလင်းပြင်အက်ကြောင်းမှာ ဝေဝါးသွားပြီးနောက် ဘာသဲလွန်စတစ်ခုမျှ မကျန်ဘဲ ချက်ချင်းပင် ပြန်လည် ကွယ်ပျောက်သွားတော့သည်။

ထိုပုံရိပ်မှာ ရေကန်ထဲသို့ ပြုတ်ကျသွားချိန်တွင် အလန့်တကြား အော်ဟစ်လိုက်ပြီး ခပ်မြန်မြန်ပင် ပြန်လည် ထရပ်လိုက်၏။ ဤနေရာတွင် ရှိနေကြသော ကျင့်ကြံသူအားလုံးမှာ ဤမြင်ကွင်းကို ကြည့်ရင်း ထူးဆန်းအံ့ဩဖွယ်ကောင်းသော မျက်နှာပေးများ ဖြစ်ပေါ်ကုန်ကြသည်။

ကျင့်ကြံသူအားလုံး၏ ခေါင်းဆောင်ဖြစ်သူ ဟွမ်ယွန်းမင် သည်ပင်လျှင် လုံးဝ စကားမဆိုနိုင်ဘဲ မှင်သက်မိနေရုံမှတစ်ပါး အခြားမရှိတော့ချေ။

၎င်းပုံရိပ်မှာ မိုးပြာရောင် ပညာရှိဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်ပေသည်။ သူသည်လည်း ရုတ်တရက်ကြီး ဤမျှများပြားလှသော ကျင့်ကြံသူများ၏ ရှေ့သို့ ရောက်ရှိလာရသဖြင့် အံ့ဩသွားမိ၏။ ထိုလူငယ်မှာ ခဏတာမျှ ဟန့်သွားမိသော်လည်း သူ၏ တည်ငြိမ်မှုကို ချက်ချင်း ပြန်လည် ရရှိသွားသည်။

သူ၏ခန္ဓာကိုယ်မှ မိုးပြာရောင်အလင်းတန်းများ လင်းလက်သွားပြီး စိုရွှဲနေသော ဝတ်စုံမှာ ချက်ချင်းပင် ခြောက်သွေ့သွားကာ ရေငွေ့များစွာ ထွက်ပေါ်လာချေ၏။

ဟန်လိသည် လေထုကို နင်းလျှောက်လျက် ရေမျက်နှာပြင်၏ အထက်တွင် ငြိမ်သက်စွာ ပျံဝဲနေသည်။ ထို့နောက် သူ၏အကြည့်မှာ ဤနေရာတွင် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးဖြစ်သော ဟွမ်ယွန်းမင် ထံသို့ ကျရောက်သွားပြီး မေးခွန်းထုတ်စရာမလိုသော အာဏာစွမ်းအား ပြည့်နှက်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။ “ဒါ ဘယ်နေရာလဲ... ကျုပ် ခုထိ ဒုန်းယွီပြည်ထောင် ထဲမှာပဲ ရှိနေတုန်းလား”

ဟွမ်ယွန်းမင်သည် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဟန်လိကို စမ်းသပ်ကြည့်ပြီးကတည်းက တစ်ဖက်လူ၏ ကျင့်ကြံမှုမှာ မခန့်မှန်းနိုင်လောက်အောင် နက်ရှိုင်းလှမှန်း သိရှိထားခဲ့ပြီး ဖြစ်၏။ ဤသည်က ထိုလူငယ်မှာ အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်မည်မှန်း ရှင်းလင်းစွာ သက်သေပြနေသည်။ သူသည် တစ်ဖက်လူကို စော်ကားမိသွားမှာကို အလွန်ပင် စိုးရိမ်ထိတ်လန့်သွားသဖြင့် ခန္ဓာကိုယ်ကို ညွတ်ကာ တရိုတသေဖြင့် ဂရုစိုက်၍ ပြန်လည် ဖြေကြားလိုက်၏။ “ဒါက ဒုန်းယွီပြည်ထောင်ရဲ့ နင်ပြည်နယ်ပါဗျ။ စီနီယာ့ရဲ့ ကြီးမြတ်လှတဲ့ အမည်နာမကို ကျနော်တို့ သိခွင့်ရမလား မသိဘူး”

ကျန်ရှိသော ကျင့်ကြံသူနှစ်ဦးလုံးမှာလည်း ဟန်လိ၏ ခန့်မှန်း၍မရနိုင်သော ကျင့်ကြံမှုအဆင့်ကို ခံစားမိကြသဖြင့် အလန့်တကြား ဖြစ်သွားကြရပြီး လေးစားသမှု ပြသသော အပြုံးများဖြင့် ခပ်မြန်မြန်ပင် အရိုအသေပြုလိုက်ကြတော့သည်။

ဟန်လိသည် မင်သက်သွားပြီး အနည်းငယ် အံ့ဩသွားဟန်ဖြင့် တီးတိုး ရေရွတ်လိုက်မိ၏။ “နင်ပြည်နယ် ဟုတ်လား...”

ထို့နောက် သူ၏ မျက်နှာတွင် တွေးတောဆင်ခြင်နေသော အမူအရာ ဖြစ်ပေါ်လာတော့သည်။

နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ့်ခုနစ်နှစ် အကြာတွင် ဟန်လိသည် နောက်ဆုံး၌ သာလွန်ဝိညာဉ်ဥယျာဉ်၏ အပျက်အစီးများထဲမှ အောင်မြင်စွာ လွတ်မြောက်လာနိုင်ခဲ့ပြီ ဖြစ်လေသည်။

All Chapters