← Chapters

အခန်း ၈၅၉

Vol. 62 Ch. 859

အခန်း ၈၅၉

Vol. 62 Ch. 859

အခန်း ၈၅၉ : ကောင်းကင်တောင်ပိုင်းမှ မိစ္ဆာကောင်

ဟွမ်ယွန်းမင် နှင့် ကျန်ကျင့်ကြံသူများသည် ဟန်လိကို ရိုသေသမှုဖြင့် အာရုံစိုက် စိုက်ကြည့်နေကြစဉ် သူတို့၏ မျက်လုံးများမှာ ရေကန်ငယ်ရှိရာဘက်သို့ မသိစိတ်အရ လှည့်ကြည့်မိသွားကြ၏။

ဟန်လိသည် တစ်ဝက်ခန့် ပြည့်နေသော ဝိညာဉ်စမ်းရေတွင်း ထဲသို့ ပြုတ်ကျသွားခဲ့ပြီးနောက် ၎င်းထဲရှိ စမ်းရေအများစုမှာ ဘေးဘီဝဲယာသို့ ပြန့်ကျဲသွားခဲ့သဖြင့် ယခုအခါတွင်မူ အောက်ခြေ၌ ပါးလွှာသော ရေလွှာတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

ထိုအဘိုးအို သုံးဦးမှာ ဤသည်ကို မြင်ရသောအခါ ရင်ထဲ၌ အလွန်ပင် နှမြောတသ ဖြစ်သွားကြသော်လည်း အားလုံး ဘေးဒုက္ခနှင့် မကြုံတွေ့ရစေရန်အတွက် ခန့်မှန်းရခက်သော သည်ကျင့်ကြံသူလူငယ်၏ ရှေ့တွင် မချိပြုံးလေးများကိုသာ ဟန်လုပ် ပြုံးပြထားရသည်။

ဟန်လိသည် စမ်းရေများကို ချက်ချင်း အငွေ့ပျံသွားစေခဲ့သည့် ထိုခဏ၌ စမ်းရေ၏ ထူးဆန်းသော ရနံ့ကို ရရှိခဲ့သည်။ သို့ဖြစ်၍ သူသည် အတွေးထဲ နစ်မြောနေရင်းကနေ ၎င်းစမ်းရေကို သေသေချာချာ တစ်ချက် ကြည့်ရှုလိုက်မိ၏။

ဟန်လိ၏ သာမန်ကာလျှံကာ ကြည့်လိုက်သော ထိုအကြည့်ကြောင့် အဘိုးအို သုံးဦး၏ ရင်ထဲ၌ အလွန်ပင် ထိတ်လန့်ပူပန်သွားကြသည်။ သူတို့ သုံးဦးမှာ ဤဝိညာဉ်စမ်းရေတွင်းကို နှစ်ပေါင်းများစွာကြာအောင် ကာကွယ်စောင့်ရှောက်လာခဲ့ကြခြင်း ဖြစ်၏။ အကယ်၍ ဤကျင့်ကြံသူကြီးကသာ ၎င်းကို သဘောကျသွားခဲ့မည်ဆိုလျှင် သူတို့အနေဖြင့် မည်သည့်ခုခံမှုမျှ မပြုလုပ်ဘဲ သူ့ထံသို့သာ လိုလိုလားလား ပေးအပ်လိုက်ရုံမှတစ်ပါး အခြားမရှိချေ။

ဟန်လိသည် သူ၏အကြည့်ကို စမ်းရေတွင်းထံမှ ပြန်ရုတ်သိမ်းလိုက်ပြီး ၎င်းကို များစွာ အာရုံမစိုက်တော့ပေ။ ထို့နောက် သူက ထိုအဘိုးအို သုံးဦးဘက်သို့ လှည့်ကာ ဆိုလိုက်၏။ “ကျုပ် လောကထဲကနေ ကင်းကွာနေခဲ့တာ အတော်လေး ကြာသွားခဲ့ပြီဆိုတော့ လတ်တလော ကောင်းကင်တောင်ပိုင်း ရဲ့ အခြေအနေတွေကို သိပ်ပြီး မသိတော့ဘူး။ တာအိုရောင်းရင်းတို့ အနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ကျုပ်ကို ပြောပြပေးနိုင်မလား”

ဟန်လိသည် ဝိညာဉ်စမ်းရေတွင်းအပေါ် စိတ်ဝင်စားမှု မရှိသည်ကို မြင်လိုက်ရသောအခါ ဟွမ်ယွန်းမင် သည် များစွာ စိတ်အေးသွားပြီး ရိုသေသမှုဖြင့် ပြန်လည် ဖြေကြားလိုက်၏။ “ဒါပေါ့... ကျနော်တို့ ပြောပြနိုင်ပါတယ် စီနီယာ။ တကယ်လို့ စီနီယာ အနေနဲ့ စိတ်ထဲ မထားဘူးဆိုရင် ကျနော်တို့ရဲ့ ဧည့်ခန်းဆောင်ထဲမှာ လက်ဖက်ရည်ကြမ်း သောက်ရင်း ကျနော် ရှင်းပြပါရစေ။ စီနီယာ သိချင်တဲ့ မေးခွန်းမှန်သမျှကို ကျနော် သိသလောက် အကုန်လုံး ဖြေကြားပေးပါ့မယ်”

သူ့ဘေးတွင် ရပ်နေသော အဘိုးအိုနှစ်ဦးလုံးမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

ဟန်လိသည် အဝေးတွင် ရပ်နေကြသော လူငယ်ကျင့်ကြံသူလေးအချို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ ခေါင်းညိတ်ပြလိုက်၏။ “ကောင်းပြီလေ... ကျုပ် မေးချင်တာတွေလည်း အများကြီး ရှိနေတာဆိုတော့ ခင်ဗျားတို့ သုံးယောက်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

“ဒုက္ခများရတယ် ဟုတ်လား... မဟုတ်တာ... စီနီယာလို အစွမ်းထက်လှတဲ့ အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးကို ကြိုဆိုခွင့်ရတာဟာ ကျနော်တို့ ဟွမ်မျိုးနွယ်စုအတွက် ကြီးမားလှတဲ့ ဂုဏ်သရေတစ်ခုပါပဲ” ဟွမ်ယွန်းမင်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ပြုံးလျက် ပြန်လည် တုံ့ပြန်လိုက်သည်။ ထို့နောက် သူသည် သူ၏ တပည့်ငယ်အချို့ကို ချက်ချင်း အမိန့်ပေးကာ ပြင်ဆင်စရာရှိတာ ကြိုပြင်ဆင်ခိုင်းလိုက်သည်။ ၎င်းနောက်တွင်မူ သူကိုယ်တိုင် ရှေ့ကနေ ဦးဆောင်ကာ တောင်အလယ်ပိုင်းတွင် ရှိသော အဆောက်အဦငယ်တစ်ခုဆီသို့ ဟန်လိကို ခေါ်ဆောင်လာခဲ့တော့သည်။

ကျန်ရှိသော အဘိုးအိုနှစ်ဦးမှာလည်း သူတို့၏ မိသားစုဝင်များကို သေချာစွာ မှာကြားခဲ့ပြီးနောက် ထိုအဆောက်အဦငယ်ဆီသို့ အလျင်အမြန် လိုက်ပါလာခဲ့ကြသည်။

“ခင်ဗျားတို့ မိသားစု သုံးစုလုံးက ဒီမှာပဲ အတူတူ နေကြတာလား... တကယ့်ကို ကြုံခဲလှတဲ့ ကိစ္စပဲ” လမ်းခရီးတွင် ဟန်လိသည် ထိုအဘိုးအို သုံးဦး၏ အခြေအနေများနှင့် ပတ်သက်၍ မေးခွန်းအချို့ကို မေးမြန်းကြည့်လိုက်ရာ အတော်လေး အံ့အားသင့်သွားမိ၏။

ဟွမ်ယွန်းမင်က ခါးသီးစွာ ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။ “စီနီယာကလည်း စနောက်နေပြန်ပါပြီ။ ကျနော်တို့က အခြား အခြေချ နေထိုင်ဖို့ နေရာမရှိလို့သာ ဒီမှာပဲ ပိတ်မိနေကြရတာပါ”

ဟန်လိသည် စူးစမ်းချင်သော မျက်နှာပေးဖြင့် ထပ်မံ မေးမြန်းလိုက်၏။ “ကျုပ် ကြည့်ရသလောက်တော့ ခင်ဗျားတို့ မိသားစုတွေထဲက လူငယ်တပည့်လေးတွေရဲ့ ပါရမီအရည်အသွေးက မဆိုးလှပါဘူး။ သူတို့ကို ကျင့်ကြံခြင်းလောကရဲ့ အင်အားကြီးဂိုဏ်းကြီးတွေဆီ ဘာလို့ သွားပြီး မအပ်နှံကြတာလဲ။ သူတို့အနေနဲ့ ဂိုဏ်းရဲ့ တိုက်ရိုက်တပည့်တွေ မဖြစ်လာနိုင်ရင်တောင်မှ အပြင်ဂိုဏ်းတပည့်တစ်ယောက်အဖြစ်တော့ ကျိန်းသေပေါက် ဝင်ရောက်နိုင်တာပဲ မဟုတ်လား”

“စီနီယာ သိချင်မှ သိပါလိမ့်မယ်။ နင်ပြည်နယ် မှာ ကျင့်ကြံခြင်းဂိုဏ်းတွေ အများကြီး ရှိတယ်ဆိုပေမဲ့ ၎င်းဂိုဏ်းအများစုဟာ ကျင့်ကြံသူမိသားစုတွေဆီကနေပဲ တပည့်တွေကို ပုံမှန်လက်ခံတတ်ကြတာ ဒါမှမဟုတ် မိသားစုအချို့ကို သူတို့ရဲ့ လက်အောက်ခံအဖြစ် တိုက်ရိုက် ထိန်းချုပ်ထားတတ်ကြတာပါ။ ကျနော်တို့လို သေးငယ်လှတဲ့ မိသားစုလေးတွေကတော့ သူတို့ရဲ့ အာရုံစိုက်မှုကို ခံရဖို့အတွက် အရည်အချင်း မပြည့်မှီကြသေးပါဘူး”

“ဒါ့အပြင် ကျနော်တို့ မိသားစုထဲမှာ တကယ်ပဲ ထူးထူးချွန်ချွန် ပါရမီရှင်တပည့်လေးတွေ ပေါ်လာခဲ့ရင်တောင်မှ သူတို့ကို ဂိုဏ်းတွေထဲ ဝင်ရောက်ဖို့ ကျနော် မရဲဝံ့ပါဘူး။ သူတို့က မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ အရှိန်အဝါကို မြှင့်တင်ပေးဖို့အတွက် မိသားစုအတွင်းမှာပဲ ဆက်ပြီး ရှိနေပေးဖို့ လိုအပ်တာမို့ပါ” ဟွမ်ယွန်းမင်သည် အကူအညီမဲ့သော မျက်နှာပေးဖြင့် ဟန်လိကို သေသေချာချာ ရှင်းပြလိုက်၏။

ဤမိသားစုအကြီးအကဲများအနေဖြင့်သာ အင်အားကြီးဂိုဏ်းကြီးများသို့ ဝင်ရောက်ခဲ့ကြမည်ဆိုလျှင် သူတို့၏ ခုလက်ရှိ ကျင့်ကြံမှုထက် များစွာ ပိုမိုမြင့်မားလာနိုင်သော်လည်း ၎င်းသည် သူတို့၏ မိသားစုများကို လုံးဝ စွန့်ပစ်လိုက်ရသလို ဖြစ်သွားပြီး အကူအညီမဲ့သွားစေမည် မဟုတ်လား။

ဟန်လိသည် မျက်တောင်ခတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ သူတို့သည် အဆောက်အအုံများ ရှိရာသို့ ရောက်ရှိလာကြပြီ ဖြစ်သဖြင့် ထိုကိစ္စကို ဆက်လက်၍ မပြောတော့ပေ။

ဟွမ်ယွန်းမင်သည် ဟန်လိကို အမြင့်ဆုံး အဆောက်အအုံအတွင်းသို့ ခေါ်ဆောင်လာခဲ့ပေသည်။

ခဏအကြာတွင် သူတို့သည် အဆောက်အဦငယ်၏ ဝင်ပေါက်သို့ ရောက်ရှိလာကြရာ ထိုနေရာတွင် အမျိုးသမီးတပည့်ငယ်လေး နှစ်တန်းမှာ သူတို့ကို ရိုသေသမှုဖြင့် ဆီးကြိုစောင့်ဆိုင်းနေကြ၏။

မိသားစုအကြီးအကဲ သုံးဦးမှာ ဟန်လိကို အဆောက်အအုံအတွင်းသို့ ခေါ်ဆောင်လာခဲ့စဉ် ဟွမ်ယွန်းမင်က ဆိုလိုက်သည်။ “စီနီယာ... ကျေးဇူးပြုပြီး အထဲဝင်ပါ။ ကျနော်တို့ရဲ့ ဝိညာဉ်အကြေးခွံတောင်တန်း ကနေ စိတ်ဝိညာဉ်ဆေးပင်တွေ ဒါမှမဟုတ် သစ်သီးတွေ မထွက်ပေါ်နိုင်ဘူးဆိုပေမဲ့ မဆိုးလှတဲ့ လက်ဖက်ရည်ကြမ်းတော့ ရှိပါတယ် ခင်ဗျာ။ စီနီယာ သောက်ဖို့အတွက်တော့ လုံလောက်ပါတယ်”

ဟန်လိသည် သူတို့နောက်မှ လိုက်ပါဝင်ရောက်လာခဲ့၏။ ဧည့်ခန်းဆောင်မှာ ကြီးမားလှခြင်း မရှိဘဲ ပေသုံးရာ ဝန်းကျင်ခန့်သာ ကျယ်ဝန်းသော်လည်း သေးငယ်သော မိသားစုတစ်ခုအတွက်ဆိုလျှင်မူ လုံလောက်သည်ထက် ပိုပေသည်။

သူတို့အားလုံး၏ ရိုသေလေးစားလှသော အကြည့်များအောက်တွင် ဟန်လိသည် တည်ငြိမ်စွာဖြင့်ပင် ထိုင်ခုံတစ်ခုပေါ်၌ ဝင်ထိုင်လိုက်သော်လည်း ထိုအဘိုးအို သုံးဦးမှာမူ မတ်တပ်ရပ်လျက်သာ ဆက်ရှိနေကြ၏။ သူတို့သည် ဟန်လိနှင့် တန်းတူအဆင့်တွင် မထိုင်ဝံ့ကြချေ။ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ များစွာ နိမ့်ကျလွန်းလှသဖြင့် ဟန်လိသည်လည်း ယဉ်ကျေးမှုအရ အတင်းအကြပ် ဝင်ထိုင်ခိုင်းရန်အတွက် အလုပ်ရှုပ်မခံတော့ပေ။

ထိုအခိုက်အတန့်တွင် ချောမောလှပသော အမျိုးသမီးတပည့်လေးတစ်ဦးမှာ လက်ဖက်ရည်ကြမ်းဗန်းကို သယ်ဆောင်လာခဲ့ပြီး ဟန်လိ၏ ရှေ့တွင် လက်ဖက်ရည်ခွက်ကို တရိုတသေ ချထားပေးလိုက်ပြီးနောက် သတိထားလျက် နောက်သို့ ပြန်ဆုတ်သွားတော့သည်။

ဟန်လိသည် လက်ဖက်ရည်ခွက်ကို ပေါ့ပေါ့ပါးပါး ကိုင်မြှောက်လိုက်ပြီး တစ်ငုံမျှ မြည်းစမ်းကြည့်လိုက်၏။ လက်ဖက်ရည်မှာ အစပိုင်းတွင် ခါးသက်သက် ခံစားရသော်လည်း ခဏအကြာတွင်မူ ထူးဆန်းသော ရနံ့များမှာ သူ၏ ပါးစပ်တစ်ခုလုံးတွင် ပျံ့နှံ့သွားတော့သည်။ “မဆိုးပါဘူး... တကယ့်ကို ရှားပါးလှတဲ့ လက်ဖက်ရည်ကြမ်းပဲ” ဟန်လိ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ချီးကျူးစကားတစ်ခွန်းကို ဆိုလိုက်၏။

“စီနီယာ့ရဲ့ ကျင့်ကြံမှုက မခန့်မှန်းနိုင်လောက်အောင် နက်နဲလှပေမဲ့ စီနီယာ့ရဲ့ မျက်နှာကတော့ ကျနော်တို့အတွက် အတော်လေး စိမ်းနေပါတယ် ခင်။ စီနီယာက ဒုန်းယွီပြည်ထောင်က ကျင့်ကြံသူတစ်ဦး မဟုတ်ဘူးလား မသိဘူး”

အဘိုးအိုသုံးဦးထဲမှ တစ်ဦးဖြစ်သူ ခပ်ဖိုင့်ဖိုင့် အဘိုးအိုက မေးမြန်းလိုက်၏။

“ဟုတ်တယ်... ကျုပ်က ဒီက မဟုတ်ပါဘူး။ ခင်ဗျားတို့ စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ ကျုပ် မေးတာတွေကို ဖြေပြီးတာနဲ့ ချက်ချင်းပဲ ပြန်ထွက်သွားမှာပါ။ ဒီမှာနေပြီး ခင်ဗျားတို့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်ပါဘူး”

ဟန်လိသည် သူ၏ နာမည်ရင်းကို ထုတ်ပြောရန် ရည်ရွယ်ချက် မရှိချေ။ သူသည် ထိုခပ်ဖိုင့်ဖိုင့် အဘိုးအိုကို တစ်ချက် ကြည့်လိုက်ပြီး ဆန်းကြယ်စွာ ပြုံးပြလိုက်ရုံသာ ပြုလုပ်လိုက်သည်။

ဤသည်ကို ကြားရသောအခါ ဟွမ်ယွန်းမင် သည် အလန့်တကြား ဖြစ်သွားရပြီး မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲလျက် ဆိုလိုက်၏။ “စီနီယာကလည်း အားနာစရာတွေ ပြောနေပြန်ပါပြီ။ စီနီယာနဲ့ တွေ့ဆုံခွင့်ရတာဟာ ကျနော်တို့အတွက် ကံကောင်းလှတဲ့ ကိစ္စရပ်တစ်ခု ဖြစ်တာမို့ မလေးမစားနဲ့ နှင်ထုတ်ဖို့ မရဲဝံ့ပါဘူး”

ဟန်လိသည် ဟွမ်ယွန်းမင်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ “ကိစ္စမရှိပါဘူး။ ခင်ဗျားတို့လို အဆင့်နိမ့်ကျင့်ကြံသူတွေအနေနဲ့ ကျုပ်အပေါ် ဘယ်လောက်တောင် ကြောက်လန့်တုန်လှုပ်နေကြမလဲဆိုတာ ကျုပ် ကောင်းကောင်း နားလည်ပါတယ်။ ခင်ဗျားတို့သာ ကျုပ်မေးတာတွေကို စိတ်ကျေနပ်အောင် ဖြေကြားပေးနိုင်မယ်ဆိုရင် ကျုပ်အနေနဲ့ အကျိုးအမြတ်အချို့ ပြန်ပေးဖို့ စိတ်ကူးရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ ဆုံတွေ့ခဲ့ကြတာကို ရေစက်တစ်ခုလို့ သတ်မှတ်နိုင်တာပဲ မဟုတ်လား”

ဟွမ်ယွန်းမင်သည် ဤသည်ကို ကြားရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရပြီး ပိုမို၍ပင် ရိုသေလေးစားလှသော လေသံဖြင့် ဆိုလိုက်၏။ “စီနီယာ စိတ်ထဲမှာ သိချင်တာရှိရင် အားမနာဘဲ မေးနိုင်ပါတယ်။ ကျနော်တို့ မိသားစုက မကြီးမားဘူးဆိုပေမဲ့ သတင်းအချက်အလက်တွေကိုတော့ အတော်လေး မြန်မြန်ဆန်ဆန် ရရှိတတ်ပါတယ်။ ကျနော်တို့ရဲ့ အဖြေတွေက စီနီယာ့ကို ကျိန်းသေပေါက် စိတ်ကျေနပ်စေရပါမယ်”

ဟန်လိသည် ပြုံးလိုက်မိ၏။ အကယ်၍ သူက မည်သည့်ဆုလာဘ်မျှ မပေးခဲ့လျှင်ပင် သူတို့အနေဖြင့် သူ့ကို လိမ်ညာရဲကြမည် မဟုတ်ကြောင်း သူ ကောင်းစွာ တွက်ချက်ထားပြီး ဖြစ်သော်လည်း ၎င်းဆုလာဘ်ကြောင့် သူတို့သည် သူတို့ တတ်နိုင်သမျှ အစွမ်းကုန် သေသေချာချာ ဖြေကြားပေးကြလိမ့်မည် မဟုတ်ပါလား။ သူတို့သည် ပိုမိုတိကျသော အသေးစိတ် အချက်အလက်များကိုပါ ဦးအောင် ထုတ်ပြောပြကြပေလိမ့်မည်။

ဟန်လိသည် ထိုအဘိုးအိုသုံးဦးကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပင် ဆိုလိုက်၏။ “ခင်ဗျားတို့က ချန်းပြည်နယ်နဲ့ ဒီလောက်တောင် နီးနီးကပ်ကပ် ရှိနေမှတော့ ပြီးခဲ့တဲ့ အကြိမ်တုန်းက နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ပွင့်ခဲ့စဉ်က ဝင်ရောက်သွားခဲ့ကြတဲ့ ကျင့်ကြံသူတွေအကြောင်းကို အနည်းနဲ့အများတော့ သိထားကြမှာပေါ့။ အဲ့ဒီတုန်းက ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ကျုပ်ကို ပြောပြပေးနိုင်မလား”

“နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ဟုတ်လား... ဟုတ်ကဲ့... ကျနော်တို့ အဲ့ဒီအကြောင်းကို သိပါတယ် ” ဟွမ်ယွန်းမင်သည် ဟန်လိ၏ မေးခွန်းကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသော်လည်း ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်တော့သည်။

ထို့နောက် သူသည် စိတ်ထဲမှ သက်ဆိုင်ရာ သတင်းအချက်အလက်များကို ပြန်လည် သတိရကာ တင်ပြလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်တုန်းက ကျင့်ကြံသူ အမြောက်အမြားဟာ ရတနာတွေကို ရှာဖွေဖို့အတွက် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး အတွင်းသို့ စုပြုံဝင်ရောက်သွားခဲ့ကြဖူးပါတယ်။ တစ္ဆေဝိညာဉ်ဂိုဏ်းက ချောက်ကမ်းပါးအတွင်းသို့ ဘေးကင်းကင်းနဲ့ ဝင်ရောက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာနဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ဝန်းကျင်ဟာ ရှေးဟောင်းကျင့်ကြံသူတွေရဲ့ ရတနာတွေကို ရှာဖွေဖို့အတွက် ဝင်ရောက်သွားခဲ့ကြတာပါ။

ဒါပေမဲ့လည်း နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးဟာ တကယ့်ကို အန္တရာယ်များလှပါတယ်။ ဝင်ရောက်သွားခဲ့ကြတဲ့ ကျင့်ကြံသူအများစုဟာ ၎င်းရဲ့ အပြင်ဘက် ပတ်ဝန်းကျင်မှာတင် ရှိနေကြတဲ့ တားမြစ်ချက်တွေနဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေကြောင့် အသက်ဆုံးရှုံးခဲ့ကြရတာပါ။ ကျင့်ကြံသူ ထက်ဝက်ကျော်လောက်သာ အသက်ရှင်လျက် ပြန်လည် ထွက်ခွာလာနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ပိုပြီး ကြောက်စရာကောင်းတာကတော့ တစ္ဆေဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူအဖွဲ့ဟာ ရှေးဟောင်းခေတ်က စဦးစိတ်ဝိညာဉ်တွေကိုပါ ဝါးမြိုနိုင်စွမ်း ရှိတဲ့ မိစ္ဆာအိုကြီး နှစ်ကောင်ကို တိတ်တဆိတ် ဖြေလွှတ်ပေးခဲ့မိတာကြောင့် တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် အသက်ဆုံးရှုံးခဲ့ရတာပါပဲ။ အဲ့မိစ္ဆာအိုကြီး နှစ်ကောင်ဟာ မယုံနိုင်လောက်အောင်ကို အစွမ်းထက်လှတယ်လို့ ဆိုပါတယ်။

ပြန်လည် လွတ်မြောက်လာခဲ့ကြတဲ့ ကျင့်ကြံသူတွေရဲ့ အဆိုအရ ချောက်ကမ်းပါး အနက်ပိုင်းသို့ ရောက်ရှိသွားခဲ့ကြတဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေဟာ အဲ့မိစ္ဆာကောင်တွေကို နှိမ်နင်းဖို့အတွက် အတူတကွ လက်တွဲပြီး တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ကြရတယ်လို့ ဆိုပါတယ်။ စီနီယာ ဝေဝူယာနဲ့ မောက်လန်နတ်ဘုရားစစ်သည်တော် တို့ကိုယ်တိုင် ပါဝင် တိုက်ခိုက်ခဲ့ကြတာတောင်မှ ၎င်းတို့ထဲက တစ်ကောင်ကိုသာ သုတ်သင်နိုင်ခဲ့ပြီး ကျန်တစ်ကောင်ကတော့ အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်တဲ့။

အဲ့တိုက်ပွဲအတွင်းမှာ ကျော်ကြားလှတဲ့ စီနီယာ အများအပြား အပါအဝင် ကျင့်ကြံသူ အမြောက်အမြား အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ ဒါပေမဲ့လည်း နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးဟာ ရှေးဟောင်းကျင့်ကြံသူတွေရဲ့ သင်္ချိုင်းတစ်ခု ဖြစ်တာနဲ့အညီ ၎င်းရဲံဂုဏ်သတင်းကတော့ ထိုက်တန်လှပါတယ်။ အသက်ရှင်လျက် ပြန်လည် လွတ်မြောက်လာနိုင်ခဲ့ကြတဲ့သူတွေဟာ အဖိုးတန်လှတဲ့ ရတနာတွေကို ရရှိခဲ့ကြတယ်လို့ ကျနော် ကြားဖူးပါတယ် ခင်ဗျာ။ အချို့ဆိုရင် သူတို့ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်တဲ့ ဆေးလုံးတွေ ဒါမှမဟုတ် သူတို့ရဲ့ ကျင့်ကြံမှုအတားအဆီးတွေကို ဖောက်ထွက်ပေးနိုင်တဲ့ ဆေးဝါးတွေကိုပါ ရှာဖွေတွေ့ရှိခဲ့ကြတာကြောင့် အဲ့ဒီတုန်းက ကျင့်ကြံခြင်းလောကတစ်ခုလုံး အကြီးအကျယ် လှုပ်ခတ်သွားခဲ့ရပါတယ်။

အဲ့နောက်ပိုင်းမှာ ကျင့်ကြံသူ အများအပြားဟာ မနာလိုအားကျမှုတွေ ဖြစ်ကုန်ပြီး အဲဟင်းလင်းပြင်အက်ကြောင်းတွေ နောက်တစ်ကြိမ် မတည်မငြိမ် ပြန်ဖြစ်လာခဲ့တာတောင် တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုပြီး နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ စွန့်စား ဝင်ရောက်သွားကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲ့ကျင့်ကြံသူတွေထဲက တစ်ယောက်မျှ ခုထိ ပြန်ထွက်လာနိုင်တာ မရှိသေးတာကြောင့် ကျန်တဲ့ ကျင့်ကြံသူတွေအားလုံး ကြောက်လန့်တုန်လှုပ်ကုန်ပြီး ဘယ်သူမှ ထပ်မဝင်ရဲကြတော့ပါဘူး။ အခုဆိုရင် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးဟာ ဘယ်သူမှ မဝင်ရဲကြတော့တဲ့ တားမြစ်နယ်မြေတစ်ခု ပြန်ဖြစ်သွားပါပြီဗျ”

“မင်း ပြောတာက... နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ကနေ လွတ်မြောက်သွားခဲ့တဲ့ မိစ္ဆာကောင်တစ်ကောင် ရှိနေသေးတယ် ဟုတ်လား... အဲ့မိစ္ဆာကောင်က ဘာတွေ ဆက်ပြီး လုပ်ဆောင်ခဲ့သေးလဲ”

ဟန်လိ၏ ရင်ထဲ၌ လေးလံသွားရပြီး မျက်နှာအမူအရာမှာလည်း ချက်ချင်းပင် ညိုမှောင်သွားတော့သည်။

“စီနီယာ မမေးရင်တောင်မှ ကျနော် အဲ့မိစ္ဆာကောင်အကြောင်းကို ဆက်ပြီး တင်ပြမလို့ပါ။ ဒီမိစ္ဆာကောင်ဟာ ကောင်းကင်တောင်ပိုင်း ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ကပ်ဘေးဒုက္ခတွေ ဖြစ်ပေါ်စေခဲ့တဲ့ တရားခံကြီး တစ်ဦးပါပဲ”

ဟွမ်ယွန်းမင်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားတော့၏။

ဟန်လိသည် မျက်မှောင်ကြုတ်လိုက်ပြီး စကားတစ်လုံးမျှ ထပ်မဆိုတော့ဘဲ သူ၏ စကားကိုသာ ဆက်လက် နားထောင်နေတော့သည်။

“အစတုန်းက အဲ့မိစ္ဆာကောင် လွတ်မြောက်သွားခဲ့စဉ်က အဆင့်မြင့် စီနီယာအချို့က မိစ္ဆာကောင်ဟာ ကျနော်တို့ရဲ့ လူသားလောကမှာ အချိန်အကြာကြီး ဆက်လက် မတည်ရှိနိုင်ဘဲ သိပ်မကြာခင် ၎င်း လာခဲ့တဲ့ လောကဆီကိုပဲ ပြန်လည် ထွက်ခွာသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒါ့ကြောင့် ဘယ်သူမှ ၎င်းကို သိပ်ပြီး အလေးအနက် မထားခဲ့ကြပေမဲ့ မိစ္ဆာကောင်ဟာ အဆင့်မြင့် ကျင့်ကြံသူတွေကို အကြောက်အလန့်ကင်းစွာနဲ့ ချောင်းမြောင်း တိုက်ခိုက်ပြီး သူတို့ရဲ့ စဦးစိတ်ဝိညာဉ်တွေကို ဝါးမြိုပြီး သူ့စွမ်းအားတွေကို ပြန်လည် ဖြည့်တင်းလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားခဲ့ကြပါဘူး။ နှစ်အနည်းငယ်အတွင်းမှာတင် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ခုနစ်ဦးအထိ ၎င်း လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး မိစ္ဆာကောင်ကလည်း သူ့လာခဲ့တဲ့ လောကဆီ ပြန်မသွားသေးပါဘူးဗျ”

“အဲ့အခါမှသာ ကျင့်ကြံသူတွေအားလုံးဟာ ဒီမိစ္ဆာကောင် ဒီလောကမှာ လျှို့ဝှက်အတတ်ပညာတစ်ခု သုံးပြီး နေထိုင်နေမှန်း သဘောပေါက်သွားကြတာ။ အဲ့လို ကပ်ဘေးကြီးတစ်ခု ဖြစ်ပြီးတဲ့နောက် ကောင်းကင်တောင်ပိုင်းလောကရဲ့ မဟာကျင့်ကြံသူသုံးဦးနဲ့ စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတွေ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး မိစ္ဆာကောင်ကို အမဲလိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မိစ္ဆာကောင်က အင်မတန် ကောက်ကျစ်ဉာဏ်များတာမို့ ဒီအုပ်စုနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်နိုင်ခဲ့ပါတယ်။ ဒီကောင်က ကျင့်ကြံသူတစ်ဦးချင်းစီကိုပဲ ချောင်းမြောင်း ရွေးချယ် သတ်ဖြတ်ခဲ့တာပါ။”

“ဒီမိစ္ဆာကောင်က မောက်လန်တွေကိုပါ တိုက်ခိုက်ခဲ့ပါသေးတယ်။ မောက်လန်တွေဘက်ကလည်း ဒီကောင်ကို အမဲလိုက်ဖို့အတွက် သူတော်စင်နှစ်ဦးကို စေလွှတ်ခဲ့ပါတယ်။ အဲ့အချိန်ကစပြီး ဒီမိစ္ဆာကောင်ဟာ ကျင့်ကြံသူတွေနဲ့ မောက်လန်သူတော်စင်တို့ ပူးပေါင်း အမဲလိုက်မှုအောက်မှာ ထွက်မပြေးနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့အချိန်မှာ ဒီမိစ္ဆာကောင်က အတော်ကို ကြမ်းနေပါပြီ။ အဆင့်မြင့်ကျင့်ကြံသူတွေကို တိုက်ခိုက်ရုံသာမကတော့ဘဲ အဆင့်နိမ့်ကျင့်ကြံသူတွေကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။ နောက်ပိုင်းလတွေမှာဆို ဒီမိစ္ဆာကောင်ဟာ ကျင့်ကြံခြင်းမိသားစု ဒါဇင်ချီကို အစုလိုက်အပြုံလိုက်ကို သတ်ဖြတ်ခဲ့တာပါ။ အဲ့အချိန်မှာ သေအံဆဲဆဲဖြစ်နေတဲ့ မိစ္ဆာဂိုဏ်းက အကြီးအကဲတစ်ယောက်ဟာ မိစ္ဆာအပေါ်မှာ လျှို့ဝှက်ပညာရပ်တစ်ခု အသုံးပြုနိုင်ခဲ့တာကြောင့် အမဲလိုက်အဖွဲ့က ဒီကောင့်ကို ခြေရာခံနိုင်ခဲ့ပြီး ဖန်တုပြည်ထောင်မှာ ဝိုင်းပိတ်ဆို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော် ကြားတာကတော့ အဲ့မိစ္ဆာကောင်ရဲ့ ကျင့်ကြံမှုဟာ နတ်အသွင်ပြောင်းလဲခြင်းအဆင့်လောက်နီးပါးထိ ရောက်နေပြီဆိုလားပဲ။ မဟာကျင့်ကြံသူနှစ်ဦးနဲ့ မောက်လန်သူတော်စင်တစ်ဦးတို့က ဒီမိစ္ဆာကောင်နဲ့ တစ်နေကုန် အသည်းအသန်၊ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတာမို့ သူတို့တိုက်ပွဲဖြစ်တဲ့ ဝိညာဉ်ကျဆုံးခန်းတောင်တန်းဆို လွင်ပြင်တစ်ခု ဖြစ်သွားတဲ့အထိပါပဲ။ အခြားကျင့်ကြံသူတွေဆို ဒီတိုက်ပွဲမှာ ဝင်ပါနိုင်တဲ့အဆင့်တောင် မရှိခဲ့ကြပါဘူး”

ဤနေရာသို့ အရောက်တွင် ဟွမ်ယွန်းမင်သည် စကားစ ခဏရပ်၏။ သူ့မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကိုမူ မဖုံးကွယ်ထားနိုင်ဘဲ ရှိနေသည်။

All Chapters