အခန်း ၈၆၄
Vol. 62 Ch. 864
အခန်း ၈၆၄ - ဖိတ်ကြားလွှာ
ဟန်လိသည် မူပိုင်လင်းကို စိုက်ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"မင်းက ကာမအနှစ်သာရပညာရပ်ကို ကျင့်ကြံနေတဲ့အတွက်ကြောင့် အဆုံးသတ်အထိ မင်းရဲ့ အနှစ်သာရကို ထိန်းသိမ်းထားရမယ်။ မဟုတ်ရင် မင်းရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန် အချည်းနှီး ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် မင်း အမြုတေဖွဲ့စည်းခြင်းအဆင့် နောက်ဆုံးအဆင့် မရောက်မချင်း မင်းရဲ့ ချစ်သူရည်းစားဇာတ်လမ်းတွေ ရှိလာမှာကို ငါ ခွင့်မပြုဘူး။ အဲ့ဒီအချိန်အထိတော့ ငါတို့ဆက်ဆံရေးကို ဒီအတိုင်းပဲ ထားရှိကြတာပေါ့။ ဒါပေမဲ့ မင်းက ငါ့ကို အမြုတေဖွဲ့စည်းခြင်းအဆင့် နောက်ဆုံးအဆင့် ရောက်အောင် ကူညီပေးနိုင်မယ်ဆိုရင်တော့ မင်းကို အမြုတေဖွဲ့စည်းနိုင်အောင် ငါ အစွမ်းကုန် ကူညီပေးမယ်လို့ ဒီနေရာမှာ ကတိပေးတယ်။ မင်းရဲ့နောက်ကွယ်မှာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ယောက် ရှိနေမယ်ဆိုရင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိပါဘူး။"
ဟန်လိ၏ စကားမှာ ဟန်ဆောင်ပြောခြင်း မဟုတ်ပေ။ သူသာ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ပါက ရွက်လွှာကိုးခုဂျင်းဆင်းနှင့် ပေါင်းစပ်ရန် အဆင့်ရှစ် နတ်ဆိုးပဲ့တင်သံမြက်ကို ပိုမိုစုဆောင်းနိုင်မည်ဖြစ်ပြီး စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်သို့ ရောက်စေမည့် ဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်မည်ဖြစ်သည်။ သူသာ ထိုအဆင့်သို့ ရောက်သွားပါက အဆင့်ရှစ်နတ်ဆိုးသားရဲကို သိပ်ပြီး ကြောက်စရာ မလိုတော့ပေ။
မူပိုင်လင်းသည် ခေါင်းကို ငုံ့၍ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းမော့ကာ ဟန်လိကို မေးလိုက်သည်။ "သခင်... ကာမအနှစ်သာရပညာရပ်မှာ ကျင့်ကြံရတာ အရမ်းနှေးကွေးတာမျိုး ဒါမှမဟုတ် ဆိုးကျိုးတွေ များနေတာမျိုး ရှိပါသလား"
"မရှိပါဘူး" ဟန်လိက ချက်ချင်းပင် ပြန်ဖြေသည်။ "ဒီနည်းလမ်းက ထိပ်တန်းကျင့်စဉ်တွေလောက် မမြန်ပေမဲ့ သာမန်ကျင့်စဉ်တွေထက်တော့ ပိုမြန်ပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့... တိုက်ခိုက်ရေးမှာ နည်းနည်း ခက်ခဲနိုင်တာပဲ ရှိတယ်"
ထိုမိန်းမပျိုသည် ဟန်လိကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။ "အဲ့လိုဆိုရင်လည်း သခင်ရဲ့ စီမံချက်အတိုင်းပဲ လုပ်ပါမယ်။ သခင်ရဲ့ အကူအညီမပါဘဲနဲ့ ကျွန်မအနေနဲ့ အမြုတေဖွဲ့စည်းဖို့ဆိုတာ အလွန်ခက်ခဲမှန်း ကျွန်မ သိပါတယ်။ စဦးစိတ်ဝိညာဉ်အဆင့် ဆိုတာကတော့ ပြောစရာတောင် မလိုပါဘူး"
"မင်း သဘောတူလို့ ငါ ဝမ်းသာပါတယ်။ ငါတို့ အတူတူရှိနေခဲ့တာ ကြာပြီဆိုတော့ ငါ့ရဲ့ စိတ်နေစရိုက်တွေကို မင်း သိပြီးသား ဖြစ်မှာပါ။ မင်းက ငါ့ရဲ့ ကိုယ်လုပ်တော်ပဲ ဖြစ်ပေမဲ့ မင်းကို ငါ အတင်းအကျပ် မလုပ်ပါဘူး။ အမြုတေဖွဲ့စည်းဖို့အတွက် စိတ်ကို ပြင်ဆင်ထားပါ။ အချိန်တန်ရင် ဝိညာဉ်ဆေးလုံးကို ငါ ပေးပါ့မယ်" ဟန်လိသည် ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားသည့်အလား အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။
သူမသည် နှုတ်ဆက်ကာ ပြတ်သားသော အသံဖြင့် ဆိုသည်။ “သခင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးကို သိတတ်တဲ့သူတွေဟာ အဆတစ်ထောင် ပြန်ဆပ်ရမယ်ဆိုတဲ့အချက်ကို ကျွန်မ သိပါတယ်။ ကျွန်မရဲ့ အသက်နဲ့ ပြန်ဆပ်ပါ့မယ်"
မူပိုင်လင်းသည် ကိုယ်ကျိုးအတွက် စိုးရိမ်နေခြင်းမရှိဘဲ ဟန်လိနှင့်အတူ ရှိနေရန် စိတ်ဆုံးဖြတ်လိုက်ခြင်းမှာ ထင်ရှားသည်။ ဟန်လိမှာ ကောင်းကင်တောင်ပိုင်းဒေသ၏ မဟာကျင့်ကြံသူသုံးဦး အဆင့်ရှိသော စွမ်းအားမျိုး ပိုင်ဆိုင်ထားပြီး သူမကိုလည်း ကောင်းမွန်စွာ ဆက်ဆံသည်။ ထိုကဲ့သို့သော အခွင့်အရေးမျိုး နောက်တစ်ကြိမ် ထပ်မလာနိုင်တော့မှန်း သူမ သိသည်။
ဟန်လိသည် သူမကို ယခင်ကတည်းကပင် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြောင်းလည်း သူမ နားလည်သည်။ ဟန်လိပေးသော ဆေးလုံးများသာ မရှိပါက သူမသည် အခြေခံတည်ဆောက်ခြင်းအလယ်အလတ်အဆင့်တွင်သာ ရှိနေမည်ဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်လာမည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် ဟန်လိ၏ စည်းကမ်းချက်များကို မတွန့်ဆုတ်ဘဲ သဘောတူလိုက်ခြင်း ဖြစ်သည်။
ဟန်လိ၏ ရိုးသားပွင့်လင်းသော စကားများကြောင့် သူတို့၏ ဆက်ဆံရေးမှာ ပိုမိုနီးကပ်သွားခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက်တွင် ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းနှင့် ပတ်သက်သော သူမ၏ မေးခွန်းများကို သေချာ ဖြေပေးလိုက်သည်။ မူပိုင်လင်းသည် ဤအခွင့်အရေးမှာ အလွန်ရှားပါးကြောင်း သိရှိသဖြင့် ဟန်လိ၏ လမ်းညွှန်ချက်များကို သေချာ မှတ်သားထားလိုက်သည်။
နေ့တစ်ဝက်ခန့်ကြာပြီးနောက် မူပိုင်လင်းသည် အကျိုးကျေးဇူးများစွာ ရရှိသွားသည်ဟု ခံစားရကာ ပြန်လည် ထွက်ခွာသွားသည်။ ဟန်လိသည် သူမကို မတားဆီးဘဲ သတိပေးစကားအချို့ ပြောလိုက်သည်။ ထို့နောက် ငွေရောင်လကို သူမကို အပြင်သို့ လိုက်ပို့ခိုင်းလိုက်သည်။
ငွေရောင်လ ပြန်ရောက်လာသည့်အခါ ဟန်လိသည် ထိုင်ခုံတွင် ထိုင်ကာ သတ္တမီးလျှံယပ်တောင် သန့်စင်နည်းကို ရေးထားသည့် ကျောက်စိမ်းပြားကို ဖတ်နေသည်။
ငွေရောင်လသည် ဟန်လိ၏ ဘေးသို့ လျှောက်လာပြီး မေးလိုက်သည်။ "သခင်... သူမကို အမြုတေဖွဲ့စည်းခြင်းအဆင့် အထိ ရောက်အောင် တကယ် ကူညီပေးမှာလား"
ဟန်လိသည် ကျောက်စိမ်းပြားမှ စိတ်ကို ခွာလိုက်ပြီး မျက်ခုံးကို ပင့်ကာ မေးသည်။ "ဘာလို့လဲ... တစ်ခုခု မှားနေလို့လား"
ငွေရောင်လသည် တွေဝေသွားပြီးမှ မေးသည်။
"မဟုတ်ပါဘူး… သခင်က ဒီလို ခက်ခဲတဲ့ လမ်းကို လျှောက်မယ့်အစား အခြား အမြုတေဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကိုပဲ ကိုယ်လုပ်တော်အဖြစ် ခေါ်လိုက်ပါတော့လား။ ဘာလို့များ ဒီမိန်းကလေးကို ဒီလောက်ထိ ဂရုစိုက်နေရတာလဲ"
"ဘာရယ်မဟုတ်ပါဘူး။ ငါ သူမကို သိတာ နှစ်ပေါင်းများစွာ ကြာပြီ၊ သူမရဲ့ စရိုက်က သွန်သင်ပေးဖို့ ထိုက်တန်ပါတယ်။ သူမက ငါ့ရဲ့ အနာဂတ်မှာ ဖြစ်လာမယ့် အတားအဆီးတွေကို ဖြေရှင်းဖို့အတွက် တစ်ခုတည်းသော ရည်ရွယ်ချက်နဲ့ ခေါ်ထားတာ မဟုတ်ပါဘူး။ သူမကို စွမ်းဆောင်ရည်ရှိတဲ့ လက်အောက်ခံတစ်ယောက်အဖြစ် ငါ လေ့ကျင့်ပေးချင်တာပါ။ ငါ တံခါးပိတ် ကျင့်ကြံတဲ့အခါ ငါ့ကိစ္စတွေကို စိတ်ချရတဲ့သူတစ်ယောက် လိုအပ်တယ်။ ငါက မျောလွင့်တိမ်တိုက်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်တဲ့အတွက် ဂိုဏ်းကိစ္စတွေကို လုံးဝ မေ့ထားလို့ မရဘူး။ ဝမ်အာက ဂိုဏ်းကိစ္စတွေကို မလုပ်ချင်တဲ့သူ။ ဒါပေမဲ့ သူမကတော့ ကွဲပြားတယ်။ သူမက ကျင့်ကြံခြင်းကိုပဲ အဆက်မပြတ် ရှာဖွေနေတဲ့သူ မဟုတ်ဘူး။ တစ်ဆင့်ရောက်ရင် ကျေနပ်သွားမယ့်သူမျိုး။ ဒါကြောင့် သူမက ငါ့ကိုယ်စား ဂိုဏ်းကိစ္စတွေကို ကိုင်တွယ်ဖို့ အသင့်တော်ဆုံးပဲ"
ဟန်လိ ပြောပြီးနောက် အနည်းငယ် ရပ်လိုက်သည်။ "အဓိက အချက်က ကာမအနှစ်သာရပညာရပ်မှာ အမျိုးသမီးရဲ့ သဘောတူညီမှုက အရေးကြီးတယ်။ ငါသာ ကြေးကြီးကြီး မပေးရင် သာမန် အမျိုးသမီး ကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်စဉ်ကို စွန့်လွှတ်ပြီး သူတို့ မသိတဲ့ ကျင့်စဉ်ကို လိုက်ကျင့်ပေးဖို့ မဖြစ်နိုင်ဘူး။ မူပိုင်လင်းကို ငါ ကူညီပေးခဲ့တဲ့အတွက်ကြောင့် သူမက မငြင်းဆန်မှာ သေချာတယ်။ သူမကို အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ ရအောင် ငါ ကူညီပေးမှာက သူမအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ"
ဟန်လိ သက်ပြင်းချလိုက်ပြီးနောက် ကျောက်စိမ်းပြားမှာ သူ့လက်ထဲမှ ပျောက်ကွယ်သွားသည်။
ငွေရောင်လသည် ခေါင်းကို စောင်းကာ ချိုမြိန်စွာ ပြုံးသည်။ "အဲ့လိုဆိုရင်လည်း ရှင်းသွားတာပေါ့။ ကျွန်မက အများကြီး မတွေးတတ်ခဲ့ဘူး"
"နင်လည်း သိပ်ပြီး အပျင်းတတ်မနေနဲ့ဦးနော်…ကြိုးစားကျင့်ကြံဦး"
ဟန်လိသည် ငွေရောင်လကို ပြုံး၍ ပြောလိုက်၏။
"ငါ စဦးစိတ်ဝိညာဉ်အလယ်အလတ်အဆင့်ကို ရောက်သွားပြီဆိုတော့ ငါ တံခါးပိတ် ကျင့်ကြံဖို့ ပြင်ဆင်ရတော့မယ်။ ကောင်းကင်ရေခဲမီးတောက်ကို နောက်ဆုံးအဆင့်အထိ သန့်စင်ဖို့လိုတယ်။ ပြီးရင် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ဖွင့်နိုင်မယ့် နည်းလမ်းကို ရှာရမယ်။ ဒီအချိန်အတွင်းမှာ လှိုဏ်ဂူအိမ်ကို နင်ပဲ စောင့်ရှောက်ရမယ်"
ငွေရောင်လသည် ထိုစကားကို ကြားပြီး ဝမ်းသာသွားသည်။ "သခင် ကောင်းကင်ရေခဲမီးတောက်ကို နောက်ဆုံးအဆင့်အထိ သန့်စင်နိုင်တော့မှာလား။ ဒီကိစ္စက တကယ့်ကို ဂုဏ်ယူစရာပါပဲ"
"အင်း... ဒါကို ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ဖွင့်ဖို့ ပထမဆုံး ခြေလှမ်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ တခြား ဘာတွေ လိုအပ်သေးလဲဆိုတာ ငါ မသိသေးဘူး။ ဒါပေမဲ့ အခုတော့ လုံလောက်ပါပြီ၊ ငါ ပင်ပန်းနေပြီ"
ဟန်လိသည် ထရပ်ကာ အိပ်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
ငွေရောင်လသည် ဟန်လိ ထွက်သွားသည်ကို ကြည့်ပြီးနောက် ခဏလောက် စဉ်းစားကာ ထွက်ခွာသွားသည်။
ညတစ်ည တိတ်တဆိတ် ကုန်ဆုံးသွားသည်။ နောက်တစ်နေ့တွင် ဟန်လိ နိုးလာသည့်အခါ ငွေရောင်လက စီနီယာအစ်ကိုချန်းနှင့်လုလောတို့ ရောက်နေကြောင်း သတင်းပို့လာသည်။ ဟန်လိသည် ချက်ချင်းပင် အဆင်သင့်ပြင်ကာ အတားအဆီးများကို ဖယ်ရှားခိုင်းပြီး သူတို့ကို ကြိုဆိုရန် လှိုဏ်ဂူဝသို့ သွားလိုက်သည်။
ထိုနှစ်ယောက်သည် အပြင်တွင် စောင့်ဆိုင်းနေကြပြီး ဟန်လိက ပြုံး၍ ကြိုဆိုလိုက်သည်။
သူတို့သုံးယောက်သည် လှိုဏ်ဂူအတွင်း ခန်းမ၌ ထိုင်လိုက်ကြသည်။ စီနီယာအစ်ကိုချန်းသည် တောင်းပန်သော လေသံဖြင့် ဆိုသည်။ "ငါတို့…ညီလေးဟန်လိရဲ့ အနားယူချိန်မှာ မနှောက်ယှက်ချင်ပါဘူး။ ဒါပေမဲ့ ကိစ္စက အရေးကြီးလွန်းလို့ အခုလို ရောက်လာရတာပါ"
"စီနီယာအစ်ကိုတို့… အားနာစရာ မလိုပါဘူး" ဟန်လိက ပြုံး၍ ပေါ့ပါးစွာ ပြောလိုက်သည်။ "ကျင့်ကြံသူတွေက နည်းနည်းလေး အနားယူလိုက်ရင် အားအင်တွေ ပြန်ရလာတာပါပဲ။ ကျုပ်အတွက် ဘာအနှောက်အယှက်မှ မဖြစ်စေပါဘူး"
"အဲ့လိုဆိုရင်လည်း ငါတို့ စိတ်သက်သာရာ ရပါပြီ။ တိုက်ရိုက်ပြောရရင်တော့ ရှေးဟောင်းဓားဂိုဏ်းနဲ့ အနာဂတ်ခန့်မှန်းခြင်းခန်းမတို့က ညီလေးဟန်လိ ဂိုဏ်းကို ပြန်ရောက်နေတယ်ဆိုတဲ့ သတင်းကို ကြားလို့ ငါတို့နဲ့ တွေ့ဆုံချင်နေကြတယ်။ ဂျူနီယာညီလေးဟန်လိက ငါတို့ မျောလွင့်တိမ်တိုက်ဂိုဏ်းမှာ ရှိနေတာ ကြာပြီဆိုပေမဲ့ သူတို့နဲ့ မတွေ့ရသေးဘူး။ ဒါက ဂိုဏ်းသုံးဂိုဏ်းရဲ့ ဆက်ဆံရေးကို ပိုကောင်းစေဖို့အတွက် တွေ့ဆုံဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။ ဒါနဲ့ ဆက်စပ်ပြီး မနက်ဖြန်မှာ ကျင်းပမယ့် မှော်ရတနာတစ်မျိုးရဲ့ သခင်အသိအမှတ်ပြုခြင်း အခမ်းအနားကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်"
"သခင်အသိအမှတ်ပြုခြင်း အခမ်းအနားတဲ့လား"
ဟန်လိက စိတ်ဝင်တစား မေးလိုက်မိသည်။
"အနာဂတ်ခန့်မှန်းခြင်းခန်းမက ရတနာ သန့်စင်ရာမှာ နာမည်ကြီးတယ်လို့ ကြားဖူးတယ်။ သူတို့က တက်ရောက်စေချင်တယ်ဆိုရင် ဒီရတနာက သာမန်ထက် ပိုထူးခြားမှာ သေချာတယ်"
"ဖိတ်ကြားလွှာမှာတော့ ထည့်မပြောထားပေမဲ့ ဒီရတနာရဲ့ သခင်က အနာဂတ်ခန့်မှန်းခြင်းခန်းမရဲ့ တပည့်ငယ်တစ်ယောက်ပါ။ သူ့ရဲ့ ပါရမီက အလွန်ထူးခြားပြီး နှစ်တစ်ရာအတွင်းမှာတင် အမြုတေဖွဲ့စည်းနိုင်ခဲ့တယ်လို့ ကြားရတယ်။ သူတို့ဂိုဏ်းက ဒီတပည့်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားနေတယ်"
လုလောသည် စကားပြောရင်း ရွှေရောင်စာလုံးများဖြင့် ရေးထားသည့် စာကို ဟန်လိထံ ပေးလိုက်သည်။
ဟန်လိသည် စာကို ကြည့်ပြီး ပြုံးသည်။ "နှစ်တစ်ရာအတွင်း အမြုတေဖွဲ့စည်းနိုင်တယ်ဆိုရင် တကယ့်ကို ပါရမီရှင်ပါပဲ။ ကောင်းပါပြီ၊ မနက်ဖြန် ခင်ဗျားတို့နှစ်ယောက်နဲ့အတူ လိုက်လာခဲ့ပါ့မယ်။ ကျုပ်လည်း စိတ်ဝင်စားမိပါတယ်"
စီနီယာအစ်ကိုချန်းသည် ရယ်မောကာ ပြောသည်။ "ညီလေးဟန်…သွားမှာဆိုတော့လည်း ဝမ်းသာရပါတယ်။ ရှေးဟောင်းဓားဂိုဏ်းရဲ့ မဟာအကြီးအကဲ ကျင်းဝူဟန်လည်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတယ်လို့ ကြားရတယ်။ သူက အနှစ်ရှစ်ဆယ်လောက် တံခါးပိတ် ကျင့်ကြံနေခဲ့တာ။ သူ ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာ မသိရသေးဘူး"
"ရှေးဟောင်းဓားဂိုဏ်းရဲ့ မဟာအကြီးအကဲ"
ဟန်လိ အံ့ဩစွာ ဆိုလိုက်ပြီး သူ့ကို တွေ့ဆုံရတာ အန္တရာယ် မရှိနိုင်ဟု တွေးလိုက်သည်။ ထို့နောက် သူသည် စီနီယာအစ်ကိုချန်းကို သေချာကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
"စီနီယာအစ်ကိုချန်း… ကျုပ် စိတ်ဝိညာဉ်အာရုံနဲ့ ခင်ဗျားခန္ဓာကိုယ်ကို ခုလေးတင် ကြည့်ပြီးပြီ။ ခင်ဗျား နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးကနေ သက်တမ်းတိုး ဆေးလုံးတွေ မရခဲ့ဘူးလား" ဟန်လိက စိုးရိမ်တကြီး မေးလိုက်သည်။
ထိုအဘိုးအိုသည် ဟန်လိ၏ စကားကို ကြားသည့်အခါ ခါးသီးစွာ ပြုံးသည်။ "ငါ့ အခြေအနေကို ငါ သေချာ သိပါတယ်။ အများဆုံးမှ ငါ့ သက်တမ်းက ဆယ့်နှစ်နှစ်လောက်ပဲ ကျန်တော့တာ။ နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးမှာ ရတနာတွေ ရခဲ့ပေမဲ့ သက်တမ်းတိုး ဆေးလုံးတွေ မရခဲ့ပါဘူး။ ကျင့်ကြံသူတွေက 'မဟာတာအို' ကို မပြီးမြောက်နိုင်ရင် အသက်အရွယ်ကြီးရင့်ပြီး သေဆုံးသွားမှာပဲ။ ဒါအတွက် ဝမ်းနည်းစရာ မလိုပါဘူး။ အဲ့ဒီအချိန် ရောက်လာရင် ဂိုဏ်းကို ငါ့ညီတို့နှစ်ယောက် လက်ထဲ အပ်ခဲ့ရမှာပေါ့"
ထိုသို့ ပြောပြီးနောက် အဘိုးအို၏ အမူအရာမှာ တည်ငြိမ်သွားသည်။ သူသည် သူ၏ အဆုံးသတ်ကို လက်ခံရန် အသင့်ဖြစ်နေသည်။
(ဘာသာပြန်သူမှတ်ချက်။ ။ ရှေးဟောင်းဓားဂိုဏ်းနှင့် အနာဂတ်ခန့်မှန်းခြင်းခန်းမတို့သည် မျောလွင့်တိမ်တိုက်ဂိုဏ်းနှင့် အိမ်နီးနားချင်း မဟာမိတ်ဂိုဏ်းများ ဖြစ်ကြသည်။ သည်သုံးဂိုဏ်းလုံးမှာ အိပ်မက်တိမ်တိုက်တောင်တန်းတွင် နေရာပိုင်းဝေပြီး နေထိုင်ကြသည်။)