အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) သေချင်နေတဲ့သူ ရှိနေတာလား
ချန်ဖုန်းအနေဖြင့် ရှယ်ယာအချို့ကို ပြန်လည်ရယူရန် စဉ်းစားထားခဲ့သော်လည်း သူ၏အကြံအစည်မှာ
အလကားရယူရန်မဟုတ်ဘဲ ငွေဖြင့် ပြန်လည်ဝယ်ယူရန်သာ ဖြစ်ပေ၏။
"လူကြီးမင်းတို့... ရှယ်ယာကိစ္စကို ခဏလောက် ဘေးဖယ်ထားလိုက်ကြရအောင်... ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေကို အရင်ဆုံး ပြောပြပါရစေ..."
ချန်ဖုန်းက ပြုံးရင်း ပြောလိုက်သည်။
သူတို့က မိမိကို ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကုမ္ပဏီ၏ တိကျသော အသေးစိတ်အချက်အလက်များကိုတော့ သူတို့အား ပြောပြသင့်ပေသည်။ နောင်မှ နောင်တမရစေရန်ပင်။
"လက်ဖက်ရည်သောက်ဖို့ နေရာတစ်ခုခု သွားရှာကြတာပေါ့... ဒီနေရာက စကားပြောဖို့ မကောင်းဘူး..."
လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။ ကျောင်းဆိုသည်မှာ သေချာပေါက် စကားပြောရန် နေရာမဟုတ်သလို ဤကိစ္စကိုလည်း စကားအနည်းငယ်ဖြင့် ရှင်းပြ၍ မရနိုင်ချေ။
ချန်ဖုန်းသည် သူ၏ လမ်ဘော်ဂီနီ ဗီနီနိုကို မောင်းနှင်ကာ ကျောင်းထဲမှ တိုက်ရိုက် ထွက်ခွာလာခဲ့သည်။ ယွင်ထင်ကလည်း ချန်ဖုန်း၏ ကားထဲတွင်ပဲ လိုက်ပါလာ၏။
သူမ၏ ကောင်းမွန်လွန်းလှသော ခန္ဓာကိုယ်အချိုးအစားကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုင်ခုံခါးပတ်က အလယ်တွင် တစ်ဆို့နေပြီး သူမ၏ ရင်ဘတ်ကို အနည်းငယ် ကျပ်နေစေသည်။
"ကျွတ်... တကယ် ဒုက္ခပေးတာပဲ..."
"ဟင်..."
ချန်ဖုန်း၏ နှုတ်ခမ်းများ အလိုအလျောက် တွန့်ကွေးသွားခဲ့၏။
‘မင်းက ကိုယ့်ကိုယ်ကိုယ် တစ်ယောက်တည်းရှိနေတယ်လို့များ တွေးထားတာလားဟ…’ ဟုတွေးရင်း သူမကိုကြည့်လိုက်သည်။
သူ၏အကြည့်ကို သတိပြုမိသွားသဖြင့် ယွင်ထင် မျက်နှာအနည်းငယ် နီမြန်းသွားပြီးနောက် တခစ်ခစ်ရယ်မောကာ ပြောလိုက်ပေသည်။
"မောင်လေး... ဘာတွေ ကြည့်နေတာလဲ... ကားမောင်းတာကိုပဲ အာရုံစိုက်စမ်းပါ..."
"ဥက္ကဋ္ဌယွင်... ခင်ဗျားက ဘယ်လိုကားမျိုးကို အာရုံစိုက်စေချင်တာလဲ..."
"ဖယ်စမ်းပါ... ငါ့ကို လာမနောက်နဲ့..."
အခြားမည်သူမျှ မရှိချိန်တွင် ယွင်ထင်သည် သူ့ကို သူဌေးတစ်ယောက်ကဲ့သို့ မဆက်ဆံချေ။ သူမက ထိုင်ခုံကို နောက်သို့ အနည်းငယ် ဆွဲလှဲလိုက်လေ၏။
သက်တောင့်သက်သာ မှီချလိုက်ပြီးနောက်…
သူမက ဆက်ပြောလိုက်သည်။
"တကယ်တော့ နင့်ရဲ့ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ဗီဒီယိုလေး နာမည်ကြီးသွားပြီးတဲ့နောက်မှာ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီက တောက်ပတဲ့ အနာဂတ်ရှိတယ်ဆိုတာကို လူတိုင်း မြင်တွေ့ခဲ့ရတာပဲလေ..."
“ရှယ်ယာရှင်တွေက အစပိုင်းမှာ အတော်လေး ပျော်ရွှင်နေခဲ့ကြတာပေါ့ ဒါပေမယ့် သူတို့ ရုတ်တရတ် ဖုန်းတစ်ကော လက်ခံရရှိပြီးနောက် တစ်ခုခုကိုစိုးရိမ်နေပုံရတယ်…”
“နောက်တော့ သူတို့က ငါ့ဆီကို တိုက်ရိုက်လာပြီး သူတို့ရဲ့ ရှယ်ယာအချို့ကို နင့်ဆီ လွှဲပြောင်းပေးချင်တယ်လို့ ပြောကြတာပဲ…”
“ဘယ်သူ့ဆီက ဖုန်းများလဲ…”
ချန်ဖုန်းမှာ အလွန် သိချင်သွား၏။
အမြတ်ထွက်နေသော စီးပွားရေးကိုပင် စွန့်လွှတ်လိုက်စေနိုင်သည့် ဖုန်းခေါ်ဆိုမှုမျိုးက မည်သို့သော ဖုန်းခေါ်ဆိုမှုမျိုး ဖြစ်နိုင်မည်နည်း။
"ငါလည်း မသိဘူး... သူတို့က မပြောဘူးလေ... ခဏနေ သူတို့ကို မေးကြည့်ရင် သိရမှာပေါ့..."
ယွင်ထင်က သက်ပြင်းချလိုက်သည်။ ပို၍ သက်တောင့်သက်သာ ရှိစေရန် သူမက လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ထားလိုက်၏။
"ဒီကိစ္စက သိပ်ရိုးရှင်းမှာ မဟုတ်ဘူး..."
ချန်ဖုန်းက ဘာမှဆက်မပြောတော့ချေ။
မကြာမီမှာပင် ၎င်းတို့အုပ်စုသည် လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိသွားကြသည်။
နေရာတစ်ခုရှာ၍ ထိုင်လိုက်ပြီးနောက် ချန်ဖုန်းက ပြောဆိုလိုက်၏။
"ဒီကိစ္စကို ဥက္ကဋ္ဌရှန် နဲ့ အစောကတည်းက ကျွန်တော် ဆွေးနွေးထားပြီးပါပြီ... လက်ရှိ ကျွန်တော်တို့ ထုတ်လုပ်နေတဲ့ ဉာဏ်ရည်တု စမတ်ဖုန်းနာရီက ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ လုပ်ဆောင်ချက် ပါဝင်ရုံတင်မကဘူး... တိကျတဲ့ နေရာပြစနစ်၊ ဉာဏ်ရည်တု အသံစနစ်၊ မျက်နှာမှတ်မိမှုစနစ် စတာတွေလည်း ပါဝင်ပါတယ်... သူ့မှာ လုပ်ဆောင်ချက်တွေ အများကြီးပါဝင်ပြီး လက်ရှိ သတ်မှတ်ထားတဲ့ ဈေးနှုန်းက ယွမ် ၁၅,၀၀၀ ဝန်းကျင်ပါ..."
"ဒီလောက် ဈေးပေါတာလား..."
ဘေးတွင် ရပ်နေသော ယွင်ထင်မှာ ခဏတာ မှင်တက်သွားခဲ့သည်။
လက်ရှိ သူမတို့အသုံးပြုနေသော အကောင်းဆုံး မိုဘိုင်းဖုန်းများပင်လျှင် ယွမ်တစ်သောင်းကျော် တန်ဖိုးရှိပေ၏။
ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာသည် လက်ရှိနည်းပညာထက် ဆယ်စုနှစ်များစွာ ရှေ့ပြေးနေသော နည်းပညာဖြစ်သည်။ ၎င်းတွင် မိုဘိုင်းဖုန်းတစ်လုံး၏ လုပ်ဆောင်ချက် အားလုံးလည်း ပါဝင်ပေသည်။
ယုတ္တိကျကျ တွေးကြည့်လျှင် အနည်းဆုံး ယွမ်သောင်းဂဏန်း အနည်းငယ်ခန့် တန်ဖိုးရှိသင့်သည် မဟုတ်လော။
ချန်ဖုန်းက လက်ကိုဝှေ့ယမ်းလျက် ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ ရည်မှန်းချက်က လူတိုင်း တတ်နိုင်တဲ့ ဈေးနှုန်းဖြစ်ဖို့ပါပဲ... တကယ်လို့ ဈေးအရမ်းကြီးနေရင် ခင်ဗျားရဲ့ထုတ်ကုန်က ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိရှိ အောက်ခြေလူတန်းစားတွေက ဝယ်နိုင်မှာ မဟုတ်ဘူးလေ... ဒါ့အပြင် ဒီစမတ်နာရီရဲ့ ကုန်ကျစရိတ်က မမြင့်ပါဘူး... တန်ဖိုးအရှိဆုံး အစိတ်အပိုင်းက ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ပဲလေ... ကျွန်တော့်မှာ နည်းပညာရှိတယ်... ပြီးတော့ ဒီငွေလေး နည်းနည်းကိုလည်း ကျွန်တော် ဂရုမစိုက်ဘူး... ရောင်းဈေး ၁၅,၀၀၀ နဲ့ဆိုရင် ထုတ်ကုန်တစ်ခုကို အနည်းဆုံး အမြတ်ငွေ ၁၀,၀၀၀ လောက် ရနိုင်တယ်... ပထမ ထုတ်လုပ်မှုလိုင်းကနေ အလုံးရေ တစ်သန်းလောက် ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားတယ်... ခင်ဗျားတို့ ဘယ်လောက် အမြတ်ရနိုင်မလဲဆိုတာ တွက်ကြည့်လို့ ရပါတယ်..."
ရှယ်ယာရှင်အချို့က တွက်ချက်ရန် ဂဏန်းပေါင်းစက်များ ထုတ်ယူတော့မည့်ဆဲဆဲတွင် ယွင်ထင်က တိုက်ရိုက် ပြောဆိုလိုက်၏။
"တွက်နေစရာ မလိုပါဘူး... ကျွန်မတို့ ယွမ် ဘီလီယံ ၁၀ လောက် အမြတ်ရနိုင်တယ်..."
ရွှီ...
ဤစကားများ ထွက်ပေါ်လာချိန်တွင် ရှယ်ယာရှင်များအားလုံး အံ့အားသင့်စွာဖြင့် လေပူများ ရှိုက်သွင်းလိုက်မိကြလေသည်။ ဒါက တကယ်ကို မယုံနိုင်လောက်အောင် အမြတ်အစွန်း များပြားတာပဲ။
ဤထုတ်ကုန် အလုံးရေ တစ်သန်းကို ပထမ သုံးလပတ်အတွင်း ထုတ်လုပ်ရန် စီစဉ်ထားခြင်း ဖြစ်ပေ၏။ အနာဂတ်တွင် ထုတ်လုပ်မှုက တိုးလာရန်သာ ရှိသည်။
ဘုရားရေ...
ဒီလိုနည်းနဲ့ဆိုရင် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘီလီယံဆယ်ဂဏန်းအထိ ရောက်ရှိသွားတော့မှာပေါ့။
ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။
"ခင်ဗျားတို့ တစ်ယောက်ချင်းစီက ဟိုင်ထျန် ဉာဏ်ရည်တု ရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားတယ်ဆိုတော့ နှစ်စဉ် အမြတ်ဝေစုအနေနဲ့ အနည်းဆုံး ယွမ် ၂ ဘီလီယံလောက် ရရှိမှာဖြစ်ပါတယ်... ရှယ်ယာတွေကို ကျွန်တော့်ဆီ တကယ်ပဲ ပြန်လွှဲပြောင်းပေးချင်တာ သေချာရဲ့လား..."
"ချန်လေး..."
မစ္စတာရှောင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
"ဦးလေးတို့ ရင်းနှီးမြှုပ်နှံတုန်းက စုစုပေါင်း ယွမ် ၂ ဘီလီယံ ထည့်ဝင်ခဲ့ကြတာဆိုတော့ တစ်ယောက်ကို သန်း ၃၀၀ အောက်ပဲ ရင်းနှီးထားတာလေ... မင်းက ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီကို သုညကနေ စတင်တည်ဆောက်ခဲ့တာဆိုတော့ ရှယ်ယာ ၅ ရာခိုင်နှုန်း ယူထားရတာက မင်းအတွက် တကယ်ကို မတရားပါဘူး... အထူးသဖြင့် အဓိကနည်းပညာတွေအတွက်ပေါ့... ဒီနေ့မွန်းလွဲပိုင်းက အဲဒီဖုန်းခေါ်ဆိုမှု မရှိခဲ့ရင်တောင် ဦးလေးတို့က ရှယ်ယာတချို့ကို မင်းဆီ ပြန်ပေးဖို့ ပြင်ဆင်ထားခဲ့တာပါ... ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ ကြိုးစားအားထုတ်မှုတွေလေ..."
ချန်ဖုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
"တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ..."
"ဟိုင်ထျန် ဉာဏ်ရည်တု ရဲ့ သက်ရောက်မှုက အရမ်းကြီးမားလွန်းတော့ ပြည်နယ်မြို့တော်က တချို့လူတွေက မျက်စိကျနေကြတယ်..."
မစ္စတာရှောင်က သက်ပြင်းချလျက် ဆက်ပြောလိုက်၏။
"လွန်ခဲ့တဲ့ တစ်နာရီလောက်က တစ်ယောက်ယောက်က ဦးလေးတို့ဆီ ဖုန်းဆက်ပြီး ရှယ်ယာတွေကို ဝယ်ချင်တယ်လို့ ပြောတယ်... သူတို့က ဩဇာအာဏာ အရမ်းကြီးတော့ ဦးလေးတို့က သူတို့ကို မစော်ကားရဲဘူးလေ..."
"ဟုတ်ပါတယ် ချန်လေး... ခုနက မင်း တွက်ပြသွားသလိုပဲ ငါတို့ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေနဲ့ဆိုရင် တစ်နှစ်ကို ယွမ် ၂ ဘီလီယံကျော်လောက် မြတ်နိုင်ပေမဲ့ တစ်ဖက်လူက ငါတို့ကို ဝယ်ယူဖို့အတွက် ယွမ် သန်း ၅၀၀ ပဲ ပေးချင်တာတဲ့လေ... ဒါက ဗြောင်ကျကျ ဓားပြတိုက်နေတာ မဟုတ်ဘူးလား..."
"ဟုတ်တယ်... ငါတို့လည်း မရောင်းချင်ပါဘူး... ဘာပဲဖြစ်ဖြစ် ဒီလောက် အမြတ်အစွန်းများတဲ့ လုပ်ငန်းကို ဘယ်သူကမှ အရူးလုပ်ပြီး ရောင်းမှာမဟုတ်ဘူး... ဒါပေမဲ့ တစ်ဖက်လူက တရားဝင်ရော တရားမဝင် လောကမှာပါ အဆက်အသွယ်တွေ ရှိနေတော့ ငါတို့အတွက် တော်တော်လေး အခက်တွေ့နေရတယ်…”
“အဲဒါနဲ့ ငါတို့ စဉ်းစားလိုက်တာက ရှယ်ယာတွေကို မင်းဆီ ပြန်ပေးပြီး ငါတို့အတွက် ၁ ရာခိုင်နှုန်းစီပဲ ချန်ထားရင် မကောင်းဘူးလားလို့... အဲဒီလိုဆိုရင် ရှယ်ယာပမာဏက အရမ်းနည်းသွားတော့ တစ်ဖက်လူကလည်း စိတ်ဝင်စားတော့မှာ မဟုတ်ဘူးလေ..."
ရှယ်ယာရှင်အချို့က ဝင်ရောက်ပြောဆိုလိုက်ကြသည်။ သို့သော် ၎င်းတို့အနေဖြင့် ရှယ်ယာ ၁ ရာခိုင်နှုန်းသာ ချန်ထားလျှင်ပင် တစ်နှစ်အတွင်း ငွေအမြောက်အမြား ရရှိနိုင်သေးပေ၏။
"ပြည်နယ်မြို့တော် ဟုတ်လား..."
ချန်ဖုန်းက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
ယခုကဲ့သို့ ပစ်မှတ်ထားခံရလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
ထို့နောက် သူက ယွင်ထင်အား ကြည့်ကာ မေးလိုက်၏။
"ဥက္ကဋ္ဌယွင်... ခင်ဗျားဆီကိုရော ရှယ်ယာလာဝယ်တဲ့သူ ရှိလား..."
"လောလောဆယ်တော့ မရှိသေးဘူး..."
ယွင်ထင်က ခေါင်းခါလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အနည်းငယ် ဒေါသထွက်နေပုံရပေသည်။
"ပြည်နယ်မြို့တော်မှာ တကယ်ကို အရှက်မရှိတဲ့သူ တချို့ ရှိနေတယ် မစ္စတာချန်... ရှယ်ယာတွေကို အဲဒီလူတွေ လက်ထဲ လုံးဝ အရောက်ခံလို့ မဖြစ်ဘူးနော်..."
"ကျွန်တော် သိပါတယ်..."
ချန်ဖုန်းက လေပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ယခုအခါ သူ့တွင် အစွမ်းထက်သော ကျောထောက်နောက်ခံများ ရှိနေပြီဖြစ်ရာ ပြည်နယ်မြို့တော်က သူ့အပေါ် မည်သို့ သက်ရောက်မှု ရှိနိုင်မည်နည်း။ မည်သို့ပင်ဆိုစေ သူ ဂရုမစိုက်ချေ။
"လူကြီးမင်းတို့... ဒီလိုဆိုမှတော့ ရှယ်ယာတွေကို ကျွန်တော် လက်ခံလိုက်ပါ့မယ်... ခင်ဗျားတို့ အခု ပြန်လို့ရပါပြီ... ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်... တကယ်လို့ သူတို့ ခင်ဗျားတို့ဆီ ထပ်ဖုန်းဆက်လာရင် ကျွန်တော့်ဆီ လာရှာဖို့သာ ပြောလိုက်ပါ..."
"မစ္စတာချန်... တစ်ဖက်လူရဲ့ အင်အားက..."
"ရပါတယ်... ကျွန်တော်ကလည်း အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ပါဘူး..."
ချန်ဖုန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့၏။
လက်ရှိတွင် ပေ့ဟူမြို့သည် သူ၏ နယ်မြေဖြစ်ပြီး ဤနေရာတွင် ပြဿနာလာရှာရဲသူ မည်သူမဆို ဒုက္ခကို ကိုယ်တိုင် ဖိတ်ခေါ်နေခြင်းပင် ဖြစ်ပေသည်။ မဟုတ်လို့ကတော့ သူတို့က သေချင်နေကြတာလား…
---