အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) ရှယ်ယာများ ပြန်လည်ရယူခြင်း
မကြာမီမှာပင် ယွင်ထင်သည် ၎င်းတို့၏ ရှယ်ယာလွှဲပြောင်းမှု လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။
လက်ရှိတွင် ရှယ်ယာရှင် ငါးဦးအနက် တစ်ဦးစီသည် ရှယ်ယာ ၁ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားပြီး ရှန်ကျွင်းက ၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပေ၏။ ဘာပဲဖြစ်ဖြစ် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီကို ရှန်ကျွင်းက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူက ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားသောကြောင့် ရှယ်ယာအနည်းငယ် ပိုမိုပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ယွင်ထင်က ခဏတာ တုံ့ဆိုင်းနေပြီးနောက် ညင်သာစွာ ပြောဆိုလိုက်၏။
"ကျွန်မရဲ့ ရှယ်ယာတချို့ကိုလည်း ရှင့်ဆီ လွှဲပြောင်းပေးပါ့မယ်... ဘာပဲဖြစ်ဖြစ် ကုမ္ပဏီအတွက် ကျွန်မက သိပ်အများကြီး မကူညီခဲ့ရတော့ ဒီရှယ်ယာတွေနဲ့ မတန်ဘူးလို့ ခံစားရတယ်... ဒါ့အပြင် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီရဲ့ တိုးတက်မှု အလားအလာအရ အနာဂတ်မှာ ပိုပြီးတော့ အာရုံစိုက်ခံရမှာ သေချာတယ်... ဒါက အစပဲ ရှိသေးတယ်... နောက်ပိုင်းကျရင် ကုမ္ပဏီရဲ့ ရှယ်ယာတွေကို လိုချင်တဲ့ လူအမျိုးမျိုး ပေါ်လာဦးမှာပဲ... ရှင့်ဆီမှာ ထားတာက ပိုလုံခြုံမယ်လို့ ကျွန်မ ထင်တယ်..."
"ကောင်းပြီလေ..."
ချန်ဖုန်းက မငြင်းဆန်ခဲ့ချေ။
ရှယ်ယာအချို့ကို ပြန်လည်ဝယ်ယူရန် သူ မူလကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
အရာအားလုံး ပြီးစီးသွားပြီးနောက် ယွင်ထင်က ရှယ်ယာ ၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ချန်ဖုန်းက ၈၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားခဲ့လေပြီ။ ဆိုလိုသည်မှာ ပထမသုံးလပတ်အတွင်း ကုမ္ပဏီက ယွမ် ဘီလီယံ ၁၀ အမြတ်ရရှိပါက သူတစ်ဦးတည်းက ယွမ် ၈.၉ ဘီလီယံကို ရရှိမည် ဖြစ်ပေ၏။
ထို့အပြင် ဟိုင်ထျန်ဉာဏ်ရည်တု၏ အနာဂတ် ထုတ်လုပ်နိုင်စွမ်းအရ တစ်လလျှင် ထုတ်ကုန် အလုံးရေ တစ်သန်း ထုတ်လုပ်ရန်မှာ လုံးဝ ဖြစ်နိုင်ချေရှိသည်။ ထုတ်ကုန်တစ်ခုလျှင် အမြတ်ငွေ ၁၀,၀၀၀ ဟု ယူဆပါက ကုမ္ပဏီသည် တစ်လလျှင် ယွမ် ဘီလီယံ ၁၀ အမြတ်ရရှိနိုင်ပေသည်။ ဒါဆို တစ်နှစ်ကို ယွမ် ၁၂၀ ဘီလီယံတောင် ဖြစ်သွားမည်။
ချန်ဖုန်း ဘာမှလုပ်စရာ မလိုဘဲ တစ်နှစ်အတွင်း ဘီလီယံနာ တစ်ယောက် ဖြစ်လာနိုင်ပေ၏။
ထို့အပြင် အခြားသော စီးပွားရေးလုပ်ငန်းများလည်း ရှိနေသေးသည်။ တရုတ်နိုင်ငံ၏ အချမ်းသာဆုံးသူများ စာရင်းတွင် သေချာပေါက် ပါဝင်လာနိုင်ပေသည်။
"ဥက္ကဋ္ဌယွင်... ရှယ်ယာရှင်တွေဆီ ဖုန်းဆက်တဲ့သူရဲ့ နောက်ခံကို စုံစမ်းဖို့ အချိန်နည်းနည်းလောက် ရှာပေးပါဦး..."
"စိတ်မပူပါနဲ့... စုံစမ်းနေပါပြီ..."
ယွင်ထင်က ညင်သာစွာ ပြောဆိုလိုက်၏။
ထို့နောက် သူမက ချန်ဖုန်းအား ကြည့်ကာ နှုတ်ခမ်းဆူလျက် ပြောလိုက်သည်။
"သူဌေး... ဒီနေ့ ရှယ်ယာတွေ အများကြီး ပြန်ဝယ်လိုက်တာဆိုတော့ အောင်ပွဲခံတဲ့အနေနဲ့ ကျွန်မကို ထမင်းတစ်နပ်လောက်တော့
ကျွေးသင့်တယ်လေ..."
"ကျွန်တော်က ကျွေးရဦးမှာလား..."
ချန်ဖုန်းက သူမကို ထူးဆန်းစွာ ကြည့်လိုက်၏။
"လူအများကြီးက ခင်ဗျားကို လိုက်နေကြပြီး ထမင်းကျွေးချင်နေကြတယ်လို့ ကြားတယ်... ကျွန်တော်ကျွေးမယ့် တစ်နပ်ကိုပဲ လိုနေသေးလို့လား..."
"အဲဒီလူတွေ အကုန်လုံးက ရုပ်ဆိုးပြီး ကြည့်မကောင်းတဲ့သူတွေချည်းပဲ... ရှင်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ..."
ယွင်ထင်က တခစ်ခစ် ရယ်မောလိုက်သည်။ သူမက သူ့ကို ကားဆီသို့ တိုက်ရိုက် ဆွဲခေါ်သွားကာ ပြောလိုက်၏။
"လာပါ... တော်တော်လေး ကောင်းတဲ့ နေရာတစ်ခုကို ကျွန်မ သိတယ်... ဒီနေ့တော့ ရှင့်အစီအစဉ်ပဲနော်..."
မကြာမီမှာပင် ၎င်းတို့နှစ်ဦးသည် စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိသွားကြသည်။ ယွင်ထင် ဤနေရာတွင် မကြာခဏ စားလေ့ရှိပုံရပြီး သူမသည် VIP အသင်းဝင် တစ်ဦး ဖြစ်ပေ၏။ သူမက ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး အလွန် ကျက်သရေရှိသော ဟန်ပန်ရှိလေသည်။ ထိုင်ခုံတွင် ထိုင်၍ စကားပြောနေစဉ် သူမ အနည်းငယ် ရှေ့သို့ ကိုင်းညွတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ သူများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့ပြီး လူတိုင်းကို
တံတွေးမျိုချသွားစေခဲ့၏။
ယွင်ထင်သည် ဤအရာကို အသားကျနေပြီ ဖြစ်ပုံရပေသည်။ သူမက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
"တစ်ခါတလေကျရင်
ခန္ဓာကိုယ်အချိုးအစား အရမ်းကောင်းလွန်းတာကလည်း ပြဿနာတစ်ခုပဲ..."
"မိန်းကလေး အများစုက ခင်ဗျားလို ခန္ဓာကိုယ်မျိုး ရဖို့ဆိုရင် သေရမယ်ဆိုရင်တောင် သဘောတူကြလိမ့်မယ်..."
ချန်ဖုန်းက ရယ်မောလိုက်ပြီး နောက်တစ်ကြိမ် ထပ်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
"မိန်းကလေး တော်တော်များများက သူတို့ရဲ့ ခန္ဓာကိုယ် ပိုပြည့်ဖြိုးလာအောင် ခွဲစိတ်ပြုပြင်ဖို့ ပိုက်ဆံတွေ အကုန်ခံကြတယ်လို့ ကြားဖူးတယ်... ဥက္ကဋ္ဌယွင်... ခင်ဗျားကတော့ ဗိုက်ဝနေတဲ့လူက ဆာလောင်နေတဲ့လူရဲ့ ဆာလောင်မှုကို နားမလည်နိုင်ဘူးဆိုသလို ဖြစ်နေပြီ..."
"တော်စမ်းပါ..."
ယွင်ထင်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်၏။
သူမက သူ့ကို ရှက်ရွံ့စွာ မျက်စောင်းထိုးလိုက်ပြီးနောက် သူမ၏ လက်ချောင်းဖြင့် သူ၏ခေါင်းကို ဖွဖွလေး ပုတ်လိုက်သည်။
"အဲဒါကို ဗိုက်ဝနေတဲ့လူက ဆာလောင်နေတဲ့လူရဲ့ ဆာလောင်မှုကို နားမလည်ဘူးလို့ ခေါ်တာလား... ရှင့်ရဲ့ သင်္ချာဆရာက ရှင့်ကို မြန်မာစာ သင်ပေးခဲ့တာလား..."
ထိုအချိန်မှသာ သူမ၏ ရှက်သွေးဖြာနေသော ဟန်ပန်မှာ အတော်လေး ချစ်စရာကောင်းနေသေးကြောင်း ချန်ဖုန်း သတိပြုမိသွားခဲ့သည်။
လူအများ၏ အမြင်တွင် လှပသော အမျိုးသမီး စီအီးအို တစ်ဦး လျင်မြန်ပြီး ပြတ်သားကာ အစွမ်းထက်သော အငွေ့အသက် ရှိသူ ဤသည်မှာ လူအများ မြင်တွေ့နေရသော ယွင်ထင်၏ ပုံရိပ်များပင် ဖြစ်ပေ၏။
သို့သော် သူမသည်လည်း မိန်းမတစ်ယောက်သာ ဖြစ်လေသည်။ အလုပ်အတွက် သူမ မဟုတ်သော သူတစ်ယောက်အဖြစ် ဟန်ဆောင်နေရသော်လည်း ဟန်ဆောင်မှုများ အားလုံးကို ဖယ်ချလိုက်သည်နှင့် တစ်ပြိုင်နက် သူမသည်လည်း အခြားသော မိန်းကလေးများနှင့် ဘာမှကွာခြားမှု မရှိချေ။
"ကောင်းပြီ... ရှင် မြည်းစမ်းကြည့်ဖို့ အိမ်ချက်ဟင်းလေးတွေ နည်းနည်းမှာပေးမယ်..."
ချန်ဖုန်းက သူမကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားသဖြင့် ယွင်ထင်သည် စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်ကာ ဟင်းအနည်းငယ် မှာယူရန် မီနူးကို ကောက်ကိုင်လိုက်၏။
စားသောက်ဆိုင်၏ ဝန်ဆောင်မှုမှာ အလွန် မြန်ဆန်လှပေသည်။ ဆယ့်ငါးမိနစ်ခန့်အကြာတွင် အစားအစာများ ရောက်ရှိလာခဲ့၏။
မြည်းစမ်းကြည့်ပြီးနောက် ချန်ဖုန်းက အနည်းငယ် အနေခက်စွာဖြင့် ပြောဆိုလိုက်သည်။
"ဟင်းက အရသာရှိပေမဲ့ ကျွန်တော် ချက်တာနဲ့ နည်းနည်းတော့ ကွာသေးတယ် မဟုတ်လား..."
"ဟုတ်သားပဲ..."
ထိုအခါမှ ယွင်ထင် သတိရသွားလေ၏။
တစ်ဖက်လူ၏ ချက်ပြုတ်မှု စွမ်းရည်မှာ အတော်လေး ကောင်းမွန်ပေသည်။ ပြီးခဲ့သည့်အကြိမ် ဗီလာတွင် ချန်ဖုန်း ချက်ပြုတ်ခဲ့သော ဟင်းလျာများ အားလုံး ပြောင်သလင်းခါသွားခဲ့လေသည်။
သို့သော်လည်း ယခုအခါတွင် ယွင်ထင်သည် ဤအဖြစ်အပျက်လေးကို သဘောကျနှစ်သက်နေခဲ့၏။ သူမ၏ အဆင့်အတန်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမတွင် သူငယ်ချင်းဟူ၍ လုံးဝ မရှိခဲ့ချေ။ သူမ၏ လူမှုရေး အဆင့်အတန်းအရ အမျိုးသမီး အများစုမှာ သူမနှင့် လိုက်လျောညီထွေစွာ မပေါင်းသင်းနိုင်ကြပေ။
အမျိုးသားများအတွက်မူ အများစုမှာ သူမကို လိုက်နေကြသူများဖြစ်ပြီး အချို့က သူမ၏ ခန္ဓာကိုယ်ကိုပင် အလိုရှိနေကြသဖြင့် မိတ်ဆွေဖွဲ့ရန် မထိုက်တန်ကြချေ။
ဤသည်မှာ ယွင်ထင်တွင် သူငယ်ချင်းမရှိရခြင်း၏ အကြောင်းရင်းပင် ဖြစ်လေသည်။ သူမတွင် အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရှိသော်လည်း ထိုသူငယ်ချင်းမှာ ယခုအချိန်တွင် ပေ့ဟူ၌ လုံးဝ မရှိသဖြင့် တစ်ခါတစ်ရံ ယွင်ထင်သည် အတူတူ ထမင်းစားရန် လူတစ်ယောက်ကိုပင် ရှာမတွေ့နိုင်ခဲ့ချေ။
သူမ အလွန် အထီးကျန်နေခဲ့၏။ ယခုအချိန်အထိ ချန်ဖုန်းနှင့် အတူရှိနေရခြင်းက သူမကို အလွန် သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။
အလုပ်နှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ တွေးတောနေရန် မလိုသလို မည်သူ့ကိုမျှလည်း သတိထားနေရန် မလိုအပ်ချေ။ သူမ လိုချင်သလို နေနိုင်ပြီး ထမင်းစားချိန်တွင် သူမ၏ ပုံရိပ်အတွက်ပင် စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။ ဤသည်မှာ တကယ့်ကို သက်တောင့်သက်သာရှိသော အခြေအနေတစ်ခုပင် ဖြစ်၏။
သူမက ချန်ဖုန်းအား တစ်ချက်ကြည့်လိုက်ပြီး မသိစိတ်မှ နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်ကာ ပြောလိုက်သည်။
"ရည်းစား နောက်တစ်ယောက် ထပ်ထားဖို့ စိတ်ကူးမရှိဘူးလား..."
"ဘာ..."
ချန်ဖုန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။
နောက်တစ်ယောက် ထပ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။ လောလောဆယ် သူ့မှာ ရည်းစား တစ်ယောက်မှ ရှိမနေဘူး မဟုတ်လား။
"ဘာမှမဟုတ်ပါဘူး... ဘာမှမဟုတ်ဘူး..."
ယွင်ထင်က ခေါင်းကို အလျင်အမြန် ပြန်ငုံ့လိုက်ပြီး သူမ၏ မျက်နှာမှာ နီမြန်းနေခဲ့ပေ၏။
‘အမလေး...သွားပါပြီ...ရှက်လိုက်တာ…
ငါတော့ ဘယ်လိုစိတ်နဲ့များ ခုလိုပြောမိလိုက်တာပါလိမ့်…’
ထိုအချိန်၌ ချန်ဖုန်းက ရုတ်တရက် ပြောဆိုလိုက်သည်။
"အချိန်ရရင် ကျွန်တော်နဲ့အတူ ပြည်နယ်မြို့တော်ကို လိုက်ခဲ့ပါဦး... အဲဒီမှာ ကျွန်တော်ပိုင်တဲ့
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တစ်ခု ရှိတယ်... လုပ်ထုံးလုပ်နည်းတွေ လုပ်ဖို့နဲ့ အဲဒီနေရာနဲ့ ရင်းနှီးသွားအောင် ခင်ဗျားကို ခေါ်သွားပေးမယ်..."
"ဟင်..."
ယွင်ထင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။
ပြည်နယ်မြို့တော်... ကမ္ဘာ့ကုန်သွယ်ရေးစင်တာ... ဒီလူက နောက်ထပ် မိုးမျှော်တိုက်ကြီး တစ်လုံးကို ဘယ်အချိန်ကများ ဝယ်လိုက်တာလဲ... သို့သော် ပြည်နယ်မြို့တော်အကြောင်း ပြောလိုက်ချိန်တွင် သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့ပေသည်။
"ခင်ဗျားက ကျွန်တော် ငှားထားတဲ့ အဆင့်မြင့် အိမ်တော်ထိန်းလေ... ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး စီမံခန့်ခွဲမှုတွေကို လွှဲပြောင်းယူသင့်တယ် မဟုတ်လား... နေ့စဉ် လုပ်ငန်းဆောင်တာ တချို့ကို ခင်ဗျားဆီ လွှဲပေးထားမယ်..."
ချန်ဖုန်းက သူမ၏ ထူးဆန်းမှုကို သတိမထားမိခဲ့ချေ။
"အော်... အချိန်တန်ရင် ကြည့်ကြသေးတာပေါ့..."
ယွင်ထင်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး သူမ ဘာတွေ တွေးနေသည်ကို မသိနိုင်ချေ။
တစ်နာရီခန့် အကြာတွင် သူတို့နှစ်ဦး ထမင်းစားပြီးသွားကာ ငွေရှင်းပြီး ထွက်ခွာလာခဲ့ကြ၏။ ယွင်ထင်သည် ပြန်ရန် အနည်းငယ် တွန့်ဆုတ်နေပုံရပြီး ချန်ဖုန်းကို လမ်းပေါ်တွင် ခဏတာ ဆွဲခေါ်သွားခဲ့သေးသည်။ ကုန်တိုက်စင်္ကြံလမ်းရှိ အရုပ်ကောက်စက် အတန်းကို မြင်လိုက်ရချိန်တွင် သူမ အလွန် စိတ်လှုပ်ရှားသွားပုံရပေ၏။
"ချန်ဖုန်း...ဟိုမှာ အရုပ်ကောက်စက် ရှိတယ် အဲ့ကိုသွားကြရအောင်..."
"ခင်ဗျားလို စီအီးအို တစ်ယောက်က အရုပ်ကောက်စက် ကစားရတာကို သဘောကျတယ်ပေါ့..."
ချန်ဖုန်းသည် ယနေ့ ယွင်ထင်၏ အပြုအမူများ ထူးဆန်းနေကြောင်း ပိုမိုခံစားလာရလေ၏။ ဒါက သူမပုံစံနဲ့ လုံးဝ မတူဘူးလေ။
ယွင်ထင်က လက်ပိုက်ကာ နှာမှုတ်လိုက်သည်။
"ဘယ် စီအီးအိုက အရုပ်ကောက်စက် မကစားရဘူးလို့ ပြောလဲ... စီအီးအို ကလည်း မိန်းကလေး တစ်ယောက်ပဲလေ... မိန်းကလေးတိုင်း အရုပ်ကောက်တာ ကစားရတာ ကြိုက်ကြတယ်..."
"ကောင်းပါပြီ... ကောင်းပါပြီ... ခင်ဗျားအတွက် ကျွန်တော် ကောက်ပေးပါ့မယ်..."
ရှန်ချင်နှင့် တွဲခဲ့စဉ်ကလည်း ချန်ဖုန်း အရုပ်ကောက်စက် ကစားဖူးပေ၏။ သို့သော် သူ၏ ရည်းစားဟောင်းမှာ အရုပ်များကို စိတ်မဝင်စားဘဲ တံဆိပ်အကောင်းစား လက်ကိုင်အိတ်များကိုသာ စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။
မကြာမီမှာပင် သူက ဂိမ်းကစားသည့် အကြွေစေ့ တစ်ရာ လဲလှယ်လိုက်သည်။ ဤနေရာရှိအရုပ်ကောက်စက်များမှာ
တစ်ကြိမ်ကစားလျှင် အကြွေစေ့ တစ်စေ့သာ ပေးရသဖြင့် အတော်လေး ဈေးပေါသည်ဟု ဆိုရမည်။ အချို့နေရာများတွင် တစ်ကြိမ်ကစားရန် အကြွေစေ့ သုံးစေ့ လိုအပ်ပေ၏။
ထိုအချိန်၌ ချန်ဖုန်းက ရုတ်တရက် သူမကို ကြည့်ကာ ပြုံးလိုက်သည်။
"အိတ်ကြီးကြီး တစ်လုံး သွားရှာချေ... ခဏနေရင် ဒီမှာရှိတဲ့ အရုပ်တွေ အကုန်လုံးကို ကျွန်တော် ကောက်ယူတော့မှာ..."
---