အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း (၁၁၃) အရုပ်ကောက်စက်များကို ပြောင်သလင်းခါအောင် လုပ်ပစ်ခြင်း
သူ၏စကားကို ကြားသောအခါ ဘေးတွင် အရုပ်ကပ်စက် ကစားနေသော စုံတွဲက ရယ်မောလျက် ပြောဆိုလိုက်ကြ၏။
"ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ... ဒီအရုပ်ကောက်စက်က ကောက်ရတာ အဲဒီလောက် မလွယ်ဘူး... ငါ ဆယ်ခါလောက် ကြိုးစားတာတောင် ဘာမှမရသေးဘူး..."
"ဟုတ်တယ်... ငါ့ကောင်လေးဆိုရင် ယွမ် ငါးဆယ်လောက်တောင် ကုန်နေပြီ... ဒီလိုဖြစ်မယ်မှန်း သိရင် အရုပ်တစ်ရုပ် တိုက်ရိုက် သွားဝယ်လိုက်တာကမှ ကောင်းဦးမယ်..."
ဘေးရှိ မိန်းကလေးမှာလည်း အလွန် ဒေါသထွက်နေပေသည်။
တချို့ စီးပွားရေးသမားတွေက ပိုက်ဆံရဖို့အတွက် ဒီလိုမျိုး လုပ်လေ့ရှိကြတယ်လေ။ အရုပ်ကောက်စက်များ အားလုံးမှာ ပရိုဂရမ် ရေးဆွဲထားခြင်းဖြစ်ပြီး ကျွမ်းကျင်မှု မရှိပါက အရုပ်တစ်ခု ရရန် ကြိုးစားလျှင်ပင် ငွေအများအပြား ဆုံးရှုံးရဦးမည် ဖြစ်ပေ၏။
ချန်ဖုန်းက ပြုံးလိုက်သော်လည်း ရှင်းပြမနေခဲ့ချေ။ ယွင်ထင်၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေပေသည်။
သူမ လိုချင်သည်မှာ ကစားရသည့် အဖြစ်အပျက်လေးတစ်ခုသာ ဖြစ်သည်။ ပိုက်ဆံရှုံးသွားတော့ရော ဘာဖြစ်လဲ။ သူမရော ချန်ဖုန်းပါ ထိုငွေအနည်းငယ်ကို လိုအပ်နေသူများ မဟုတ်ချေ။ သူ့အနေဖြင့် သူမကို အရုပ်တစ်ရုပ် ရအောင် ယူပေးနိုင်သရွေ့ သူမ အလွန် ပျော်ရွှင်နေမည် ဖြစ်ပေ၏။
"ရှင် အရင်စကောက်လိုက်... အိတ်ကို နောက်မှ ကျွန်မ သွားရှာလိုက်မယ်..."
"အိုကေ..."
ထိန်းချုပ်မှုများကို အကဲစမ်းရန်အတွက် ချန်ဖုန်းသည် ဂိမ်းအကြွေစေ့ တစ်စေ့ကို စမ်းသပ်ထည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင်။ အရုပ်ကောက်စက်၏ စက်ရုပ်လက်တံ အပေါ်သို့ မြောက်တက်သွားသည်နှင့် တစ်ပြိုင်နက် အရုပ်လေးက အောက်သို့ ပြုတ်ကျသွားခဲ့လေ၏။
"တွေ့လား... ငါပြောသားပဲ ကောက်လို့မရပါဘူးဆို... မင်း ကောက်တဲ့အချိန်ကျရင် စက်ရုပ်လက်တံကို ရှေ့နောက် နည်းနည်း လွှဲပေးသင့်တယ်... အဲဒါက အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများစေတယ်လေ..."
ဘေးရှိ ကောင်လေးက ခေါင်းခါလိုက်ပြီး ယွင်ထင်အား တစ်ချက် ထပ်ကြည့်ကာ ပြောလိုက်သည်။
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဘေးရှိ ချစ်သူကောင်မလေးက မျက်မှောင်ကြုတ်သွားခဲ့၏။ သူမက သူ၏ လက်မောင်းကို တိတ်တဆိတ် ဆွဲလိမ်လိုက်ပြီး ဒေါသထွက်ချင်ယောင်ဆောင်ကာ တီးတိုးပြောလိုက်သည်။
"နင်က ဘာလို့ သူ့ရင်ဘတ်ကို စိုက်ကြည့်နေတာလဲ... ငါ့ရင်ဘတ်က သေးလွန်းတယ်လို့ ထင်နေတာလား... ငါက သူ့လောက် မလှဘူးလို့ ထင်နေတာလား..."
"ငါ မကြည့်ပါဘူး..."
ကောင်လေးက အကြည့်လွှဲသွားခဲ့သည်။
"နင် ကြည့်တယ်... ကြည့်တယ်..."
ကောင်မလေးက ပို၍ပို၍ ဒေါသထွက်လာလေ၏။
အကယ်၍ အပြင်လူများရှေ့တွင် လှောင်ပြောင်စရာ မဖြစ်ချင်ပါက သူမ ယခုချက်ချင်း ပြဿနာရှာမိမည် ဖြစ်ပေသည်။
“ငါ ဂရုမစိုက်ဘူး... နင် ငါ့အတွက် အရုပ်တစ်ရုပ် ရအောင်ယူပေးရမယ်... မဟုတ်ရင် နင်နဲ့ လမ်းခွဲမယ်…”
"ငါ..."
ကောင်လေးမှာလည်း အလွန် စိတ်မကောင်း ဖြစ်သွားရ၏။
ထိုအမျိုးသမီးက တကယ်ကို လှပပြီး ကောင်းမွန်သော အငွေ့အသက် ရှိပေသည်။ သူ ခိုးကြည့်လိုက်ရုံလေးကိုပင် သူ၏ကောင်မလေးက မိသွားခဲ့ခြင်း ဖြစ်၏။
‘မဖြစ်ဘူး... တကယ်လို့ ငါသာ အရုပ်မရရင် ငါ့ကောင်မလေးက တကယ်ကြီး လမ်းခွဲသွားလိမ့်မယ်…’ဟုတွေးကာ သူက အလျင်အမြန် သွားရောက်ကာ ဂိမ်းအကြွေစေ့ နှစ်ရာ ထပ်မံလဲလှယ်လိုက်လေသည်။
ထိုအချိန်၌ ချန်ဖုန်းသည် ကစားနည်းကို အကျွမ်းတဝင် ဖြစ်နေခဲ့လေပြီ။
[ ဒင်... ပိုင်ရှင်ထံတွင် အရုပ်ကောက်စွမ်းရည် ကင်းမဲ့နေကြောင်း တွေ့ရှိရပါတယ်... ဆရာသခင်အဆင့် အရုပ်ကောက်စွမ်းရည်ကို လဲလှယ်ချင်ပါသလား…]
"လဲလှယ်မယ်..."
[ ဒင်... ဆရာသခင်အဆင့် အရုပ်ကပ်စွမ်းရည်ကို အောင်မြင်စွာ လဲလှယ်ပြီးပါပြီ... စနစ်ပွိုင့် ၁၀ ကို နုတ်ယူလိုက်ပါပြီ…]
[ ပိုင်ရှင်၏ လက်ရှိ ကျန်ရှိသော စနစ်ပွိုင့်များ - ၄၄၀၅၃ ]
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။ ယခုအခါ သူ့တွင် စနစ်ပွိုင့်များစွာ ရှိနေပြီဖြစ်ရာ သူ အလိုရှိသလို စွမ်းရည်များကို လဲလှယ်နိုင်ပေသည်။ လေဟာနယ်ထဲရှိ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်ကို လက်ချောင်းဖြင့် နှိပ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရုပ်ကောက်စက် ကစားခြင်း စွမ်းရည်များကို သူ ကျွမ်းကျင်သွားခဲ့လေ၏။
နောက်တစ်စက္ကန့်တွင် သူက ဂိမ်းအကြွေစေ့ တစ်စေ့ကို ထည့်လိုက်သည်။ စက်ရုပ်လက်တံက တုန်ခါသွားပြီးနောက် အရုပ်တစ်ရုပ်ကို ဖမ်းဆုပ်လိုက်လေ၏။ အရုပ်ပြုတ်ကျသွားမည်ဟု လူတိုင်း ထင်မှတ်နေချိန်မှာပင် စက်ရုပ်လက်တံက ၎င်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားပြီး ထွက်ပေါက်ထဲသို့ ချပေးလိုက်ပေသည်။
"အား... ရပြီ... ရပြီ..."
ယွင်ထင် ခဏတာ မှင်တက်သွားပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်၏။
သူမသည် ကလေးမလေး တစ်ယောက်လို ပျော်ရွှင်နေခဲ့သည်။ သူမက ချန်ဖုန်း၏ ပါးကိုပင် ဖြတ်ခနဲ နမ်းလိုက်သေး၏။
ချန်ဖုန်းမှာတော့ လုံးလုံးလျားလျား အံ့အားသင့်သွားရပေသည်။ ဘုရားရေ... နှုတ်တောင်မဆက်ဘဲ ငါ့ကို နမ်းသွားတယ်... ငါ့ကို တာဝန်ယူခိုင်းမလို့များလား...
နစ်နာသူတစ်ယောက်ကဲ့သို့ဖြစ်နေသော သူ၏ စိတ်မကောင်းဖြစ်နေသည့် မျက်နှာအမူအရာကို မြင်ချိန်တွင် ယွင်ထင် ပြိုလဲလုနီးပါး ဖြစ်သွားခဲ့၏။
‘ဒီကောင် ချန်ဖုန်း...တကယ် အရှက်မရှိတာပဲ...မသိရင် ငါကပဲ သူ့ကိုအခွင့်အရေးယူလိုက်သလို… နစ်နာသွားတဲ့ မျက်နှာကြီးနဲ့…’
"ကျွန်မကို ဘာတွေ ကြည့်နေတာလဲ... မြန်မြန် ဆက်ကောက်လေ..."
ယွင်ထင်က စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်သည်။
"ကောက်မယ်... ကောက်မယ်..."
ချန်ဖုန်းက သူမနှင့် မငြင်းခုံတော့ဘဲ နောက်ထပ် ဂိမ်းအကြွေစေ့ တစ်စေ့ကို ထည့်လိုက်၏။ ချက်ချင်းဆိုသလိုပင် အရုပ်တစ်ရုပ် ပြုတ်ကျလာခဲ့သည်။
ဘုရားရေ...
ဘေးရှိ ကောင်လေးမှာ လုံးလုံးလျားလျား မှင်တက်သွားခဲ့ပေ၏။ ပထမအကြိမ်က ကံကောင်းခြင်းဆိုရင် ဒုတိယအကြိမ်ကိုတော့ ကံကောင်းခြင်းလို့ သတ်မှတ်လို့ မရနိုင်တော့ဘူး မဟုတ်လား…
"ကြည့်စမ်း... သူများတွေကတော့ ကောက်လို့ရသွားပြီ... နှစ်ရုပ်တောင် ရသွားတာ..."
မိန်းကလေးက သူမ၏ချစ်သူအား အနည်းငယ် မကျေမနပ် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
ဤအချိန်၌ ချန်ဖုန်းက အကြွေစေ့ တစ်စေ့ထည့်တိုင်း အရုပ်တစ်ရုပ်ကို ရရှိနေခဲ့လေ၏။ ငါးမိနစ်ပင် မကြာလိုက်ချေ။ သူက အရုပ် အခုနှစ်ဆယ်ကို ကောက်ယူပြီးနေပြီ ဖြစ်သည်။
ယွင်ထင်က အရုပ်များကို လက်နှစ်ဖက်ဖြင့် မပွေ့ထားနိုင်တော့သဖြင့် အနီးနားရှိ ဆိုင်တစ်ဆိုင်သို့ သွားကာ အရုပ်များထည့်ရန် အိတ်ကြီးတစ်လုံး ဝယ်ယူခဲ့ရပေ၏။
ထိုအချိန်၌ ဖြတ်သွားဖြတ်လာသူများက စုရုံးလာကြပြီး အများစုမှာ စုံတွဲများ ဖြစ်ကြလေသည်။
"ဝိုး... အချစ်... ကြည့်စမ်း... သူက အရုပ်တွေ အများကြီး ရထားတာပဲ... ငါလည်း လိုချင်တယ်... ငါလည်း လိုချင်တယ်..."
"ငါလည်း မင်းအတွက် ကောက်ပေးချင်ပါတယ်... ပြီးခဲ့တဲ့အကြိမ်က ယွမ် တစ်ရာတောင် ကုန်သွားတာ သုံးရုပ်ပဲ ရခဲ့တယ်... ဒီက စက်တွေက ကောက်ရတာ အရမ်းခက်တယ်ကွ... အဲဒီအစား မင်းအတွက် အရုပ်လေးတွေ ဝယ်ပေးရင် မကောင်းဘူးလား..."
"ဝယ်လာတဲ့ အရုပ်တွေက ပျော်ဖို့မှ မကောင်းတာ... ငါ ဂရုမစိုက်ဘူး... နင် ကောက်ပေးတာပဲ ငါလိုချင်တာ..."
အချို့သော အမျိုးသားများမှာလည်း မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့ကြပေ၏။
"ဘုရားရေ... အဲဒီကောင်လေး တကယ်ကို အံ့သြဖို့ကောင်းတာပဲ... အကြွေစေ့ တစ်စေ့သုံးတိုင်း အရုပ်တစ်ရုပ် ရနေတယ်... သူက ပရိုပဲကွ..."
"ဟုတ်တယ်... ဒီတစ်ခါတော့ ပိုင်ရှင် ရှုံးပြီပေါ့... ဟားဟား..."
"ဟွန့်... ဒီအရုပ်ကောက်စက် အတန်းက ငါတို့ဆီကနေ ပိုက်ဆံ ဘယ်လောက်တောင် လိမ်ယူသွားလဲမသိဘူး... ဒီနေ့တော့ ဒီကောင်လေးက ငါတို့အတွက် နောက်ဆုံးတော့ ကလဲ့စားချေပေးလိုက်ပြီ..."
လူများ ပို၍ပို၍ စုရုံးလာကာ စောင့်ကြည့်နေကြလေ၏။တစ်ဖက်မှာတော့ ချန်ဖုန်းက အရုပ်များ ပို၍ပို၍ ရရှိနေခဲ့သည်။ ကုန်တိုက်စင်္ကြံလမ်းရှိ ဤအတန်းတွင် အရုပ်ကောက်စက် ဆယ့်ငါးလုံးရှိပြီး စက်တိုင်းတွင် အရုပ်များ အပြည့်အမောက် ပါရှိနေပေသည်။
ဆယ်မိနစ်အကြာ သူသည် ဂိမ်းအကြွေစေ့ တစ်ရာလုံးကို အသုံးပြုပြီးသွားခဲ့လေပြီ။
ယွင်ထင်၏ ရှေ့တွင် အရုပ်များ အပြည့်ထည့်ထားသော အိတ်ကြီးတစ်လုံးရှိနေပြီး သူမ အလွန် ပျော်ရွှင်နေကာ ဝမ်းသာလွန်း၍ ခုန်ပေါက်လုနီးပါး ဖြစ်နေခဲ့၏။ ပန်းရောင်၊ အနီရောင်၊ အစိမ်းရောင်... အရောင်မျိုးစုံပင်။
မိန်းကလေး ဘယ်နှစ်ယောက်လောက် သူမကို အားကျနေမလဲဆိုတာ မသိနိုင်တော့ချေ။ ၎င်းတို့ကလည်း ချန်ဖုန်းကဲ့သို့သော ချစ်သူကောင်လေးမျိုးကို လိုချင်နေကြသည်။ သူ ချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ အရေးမကြီးပေ။ အနည်းဆုံးတော့ သူက အရုပ်တွေ အများကြီး ကောက်ပေးနိုင်တယ်လေ။
"ဟေး... သူ ဘာတွေ ရေတွက်နေတာလဲ..."
"ဘာရေတွက်ရမှာလဲ... ဒီအရုပ်ကောက်စက်တွေထဲမှာ အရုပ်ဘယ်နှစ်ရုပ် ကျန်သေးလဲဆိုတာကို ရေတွက်နေတာပေါ့... ပြီးရင် ဂိမ်းအကြွေစေ့တွေ သွားလဲမလို့လေ..."
"ဘုရားရေ... သူက ဒီအရုပ်ကောက်စက်တွေ အကုန်လုံးကို တကယ်ကြီး ပြောင်သလင်းခါအောင် လုပ်ပစ်ဖို့ စီစဉ်နေတာလား..."
"တခြားဘယ်သူ့ကိုမှ မယုံပေမဲ့ ဒီကောင်လေးကတော့ သေချာပေါက် စွမ်းရည်ရှိတယ်ကွ... ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့... ဟားဟား..."
အမှန်တကယ်ပင် ရေတွက်ပြီးနောက် ချန်ဖုန်းက နောက်ထပ် ဂိမ်းအကြွေစေ့ နှစ်ရာကို ထပ်မံလဲလှယ်လိုက်လေ၏။
ယွင်ထင်က ပြည့်လုနီးပါး ဖြစ်နေသော အိတ်ကို တစ်ချက်ကြည့်လိုက်ပြီး ညင်သာစွာ ပြောဆိုလိုက်သည်။
"ဒီလောက်နဲ့ပဲ... ရပ်လိုက်ရင် ကောင်းမလား... ပြည့်လုနီးပါး ဖြစ်နေပြီလေ..."
"ရပါတယ်... ကားတစ်စီးလုံး ရှိနေတာ ဘာကြောက်စရာရှိလို့လဲ..."
ချန်ဖုန်းက ရယ်မောရင်း ပြောလိုက်၏။
မတတ်နိုင်ဘူးလေ ကောက်မဲ့ ကောက်တော့ အားရပါးရ ဖြစ်အောင် ကောက်ရတာပေါ့
ထို့နောက်…အကြွေစေ့များကို ဆက်လက်ထည့်သွင်းလိုက်သည်။
ဆူညံပွက်လောရိုက်မှုက ကြီးမားလွန်းလှသဖြင့် ပတ်ဝန်းကျင် ကုန်တိုက်ရှိ ဈေးဝယ်သူများ အားလုံးကို ဆွဲဆောင်သွားခဲ့ပေသည်။ အနီးနားရှိ ဆိုင်များမှ ဆိုင်ပိုင်ရှင်များပင် ဆူညံပွက်လောရိုက်မှုကို ကြည့်ရန် ထွက်လာခဲ့ကြ၏။
အလွှာလိုက် အလွှာလိုက် ဝိုင်းရံထားကြသည်။ အချို့လူများက ၎င်းတို့၏ ဖုန်းများဖြင့် ဓာတ်ပုံများပင် ရိုက်ကူးနေကြလေ၏။
ဤနေရာနှင့် မဝေးသော နေရာရှိ ကြီးမားသော ဂိမ်းဆိုင်ကြီးတစ်ခုအတွင်းသို့ ဝန်ထမ်းတစ်ဦး အလျင်အမြန် ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။
"သူဌေး... ပြဿနာကြီး တက်နေပြီ..."
"ဘာပြဿနာ တက်နိုင်မှာလဲ..."
ပြောင်နေသော ခေါင်းနှင့် သက်လတ်ပိုင်းအရွယ် သူဌေးက ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"ကုန်တိုက်မှာ... အဲဒီဘက်မှာ တစ်ယောက်ယောက်က အရုပ်ကောက်စက် ကစားနေတယ်..."
"အရုပ်ကောက်စက်လေး ကစားတာပဲ... ဘာအရေးကြီးလို့လဲ... လူတွေ များများကစားလေလေ ငါ
ပိုက်ဆံပိုရလေလေပဲ..."
"မဟုတ်ဘူး... အဲဒီလူက တကယ်ကို တော်တာ... သူက အကြွေစေ့ တစ်စေ့သုံးတိုင်း အရုပ်တစ်ရုပ်လောက် ရနေတာ... တချို့ဆိုရင် အကြွေစေ့ တစ်စေ့တည်းနဲ့ အရုပ်နှစ်ရုပ်တောင် ရသေးတယ်... သူက အရုပ်ကောက်စက်တွေကို ပြောင်သလင်းခါအောင် လုပ်ပစ်နေပြီ..."
"ချီးပဲ..."
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပေ၏။ သူက အလျင်အမြန် ထကာ ထိုနေရာသို့ ပြေးထွက်သွားတော့သည်။