အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) သခင်လေးချန်... ခင်ဗျားလား
"အံ့သြဖွယ်ရာ... လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်က သူ့ရဲ့စွမ်းရည်တွေကို ထုတ်ပြပြီး အရုပ်ကောက်စက်ကို ပြောင်သလင်းခါအောင် လုပ်ပစ်မယ်လို့ ပြောနေတယ်..."
"အံ့သြဖွယ်ရာ... ချစ်သူကောင်မလေးကို ရယ်မောစေဖို့အတွက် အမျိုးသားတစ်ယောက်က အရုပ်ကောက်စွမ်းရည်ကို ထုတ်ပြလိုက်ရာ အရုပ်တွေ တောင်လိုပုံသွားခဲ့တယ်..."
ဝေးပေါ် (Weibo) ပေါ်တွင် ပို့စ်များ ပြန့်နှံ့သွားခဲ့၏။
ဆယ်မိနစ်ပင်မကြာလိုက်ချေ၊ ဝေးပေါ်တွင် ရေပန်းအစားဆုံး ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့လေပြီ။
ချန်ဖုန်းသည် လူမှုကွန်ရက်ပေါ်တွင် ထပ်မံ၍ နာမည်ကြီးလာခဲ့ပြန်ပေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ…
အခြားသူများ ရိုက်ကူးထားသော ဗီဒီယိုများမှာ ဘေးဘက်နှင့် နောက်ကျောဘက်မှသာ ဖြစ်ပြီး အဓိက အာရုံစိုက်ထားသည်မှာ အရုပ်ကောက်စက်အပေါ်တွင်သာ ဖြစ်၏။ သူ့ကို သေချာမသိသူများအဖို့ ချက်ချင်း မှတ်မိရန် ခက်ခဲပေလိမ့်မည်။
ဗီဒီယိုထဲတွင် မည်သည့်နေရာ သို့မဟုတ် မည်သည့်ထောင့်မှဖြစ်စေ ချန်ဖုန်းသည် အရုပ်ကို တစ်ကြိမ်တည်းဖြင့် ကောက်ယူနိုင်ခဲ့လေသည်။
လူအများစုအတွက် အရုပ်ကောက်စက် ကစားခြင်းမှာ ကံတရားအပေါ် မူတည်နေပေ၏။သူ့အတွက်မူ စက်ရုပ်လက်တံ ကျဆင်းလာမည့် အနေအထားနှင့် အချိန်ကို တိကျစွာ တွက်ချက်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။
သူသည် အရုပ်တစ်ရုပ်စီကို မတူညီသော နည်းလမ်းများဖြင့် ကောက်ယူနေပုံရသည်။
အချို့သော အချိန်များတွင် အကြွေစေ့တစ်စေ့ဖြင့် အရုပ်တစ်ရုပ် ကောက်ယူနိုင်ပြီး တစ်ခါတစ်လေ အကြွေစေ့တစ်စေ့ဖြင့် အရုပ်နှစ်ရုပ် ကောက်ယူနိုင်လေ၏။သူက တကယ်ကို သူ့ရဲ့စွမ်းရည်တွေကို ထုတ်ပြနေခဲ့ခြင်း ဖြစ်ပေသည်။
ဗီဒီယိုထဲမှ ကြည့်လျှင်ပင် လူတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားသွားစေခဲ့၏။မြင်ကွင်းရှိ လေထုမှာလည်း အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းနေခဲ့သည်။
"ဝိုး... ဒီလူက အရမ်းမိုက်တာပဲ... အရုပ်ကောက်စက် ကစားတဲ့နည်းလမ်းတွေ ဒီလောက်အများကြီး ရှိတယ်ဆိုတာ ငါ တစ်ခါမှ မသိခဲ့ဘူး..."
"အသေအချာပဲ... ဒီနေ့ ငါ တကယ်ကို အသစ်အဆန်းတွေ သင်ယူလိုက်ရပြီ..."
"မိုက်တယ် မိုက်တယ်... ခဏနေရင် သူ့ဆီမှာ တပည့်သွားခံရမယ်... တကယ်လို့ ဒီစွမ်းရည်ကိုသာ တတ်သွားရင် ရည်းစားမရမှာကို စိတ်ပူစရာ မလိုတော့ဘူး..."
"ဟုတ်တယ်... ကောင်မလေးတွေကို လိုက်ဖို့ ပိုက်ဆံမရှိရင် အရုပ်လေးတွေ သုံးကြတာပေါ့... မိန်းကလေးတွေက အရုပ်ကောက်စက် ကစားရတာ ကြိုက်ကြတယ် မဟုတ်လား... ယွမ်တစ်ရာဆိုရင် တစ်နေ့လုံး ကစားလို့ရတယ်..."
"ဟားဟား... ဒီအရုပ်ကောက်စက် သူဌေးကတော့ ငိုရတော့မှာပဲ... အရုပ်တစ်ရုပ်ရဲ့ လက်ကားဈေးက အနည်းဆုံး ယွမ်သုံးလေးကျပ်လောက် ရှိတယ်လေ... တကယ်လို့ အခုကောက်နေတဲ့ ကောင်လေးတာ အကုန်လုံးကို ကောက်ယူသွားနိုင်ရင် ယွမ်ရှစ်ရာ ကိုးရာလောက် ရှုံးသွားမှာပဲ..."
"ဟားဟား... ဒီလိုမျိုး နေ့တိုင်း လာလုပ်နေရင် သူဌေးက ဆိုင်ပိတ်သွားရလိမ့်မယ်..."
ထိုအချိန်၌…ချန်ဖုန်းသည် လျင်မြန်တိကျသော လှုပ်ရှားမှုများဖြင့် ဆက်တိုက် ကစားလိုက်ရာ အရုပ်နှစ်ရုပ်သည် ထွက်ပေါက်မှ တိုက်ရိုက် ပြုတ်ကျလာခဲ့ပေ၏။
ယွင်ထင်သည် ယင်းကိုကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့်
ခုန်ပေါက်ကခုန်နေခဲ့သည်။
သူမ၏ရှေ့တွင် အိတ်ကြီးနှစ်လုံး ရှိနေပြီဖြစ်ပြီး ဒုတိယအိတ်မှာလည်း ပြည့်လုနီးပါး ဖြစ်နေချေပြီ။
မိန်းကလေးအချို့က လိုချင်သည်ဟု ပြောသောကြောင့် သူမက အရုပ်အချို့ကိုပင် ပေးလိုက်သေး၏။
၎င်းမှာ ရိုးရှင်းသော အရုပ်ကောက်စက် ကစားနည်းတစ်ခုသာဖြစ်ပြီး ကုန်ကျစရိတ်လည်း သိပ်မများသော်လည်း ၎င်းသည် ယွင်ထင်၏ ဘဝတွင် အပျော်ရွှင်ဆုံးနှင့် အသက်တောင့်သက်သာအရှိဆုံး အခိုက်အတန့်လေးတစ်ခု ဖြစ်ပေသည်။
ချန်ဖုန်းသည်လည်း အနည်းငယ် ခံစားသွားရလေ၏။မိန်းမတွေက တကယ်ကို ကွာခြားကြတာပဲ။
သူ၏ ရည်းစားဟောင်း ရှန်ချင်နှင့် တွဲခဲ့စဉ်က သူမသည် အဆင့်မြင့် စားသောက်ဆိုင်များသို့ သွားကာ တံဆိပ်အကောင်းစား လက်ကိုင်အိတ်များ ဝယ်ပေးမှသာ ပျော်ရွှင်လေ့ရှိခဲ့သည်။
ယခုအခါတွင်မူ…သူ ယွမ်သုံးရာသာ သုံးလိုက်ရသော်လည်း ယွင်ထင်က အလွန် ပျော်ရွှင်နေခဲ့ပေ၏။
ရှန်ယန်းယန်းဆိုလျှင်ပင် လမ်းဘေးတွင် ယွမ်ဆယ်ဂဏန်းခန့်မျှဖြင့် အသားကင် စားခဲ့ရချိန်၌ အလွန် ပျော်ရွှင်နေခဲ့သေးသည်။
ချန်ဖုန်းက အရုပ်ကောက်စက်များကို တစ်ချက်ကြည့်လိုက်ရာ စက်ရှစ်လုံးကို ပြောင်သလင်းခါအောင် လုပ်ပစ်ပြီးပြီ ဖြစ်လေ၏။
သူက အခြားစက်တစ်ခု ပြောင်းရန် ပြင်လိုက်ချိန်မှာပင် ထိပ်ပြောင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဒေါသတကြီးဖြင့် သူ၏ရှေ့တွင် ရုတ်တရက် လာပိတ်ရပ်လိုက်သည်။
"ရပ်လိုက်စမ်း... ရပ်လိုက်စမ်း... မင်းက သူများစီးပွားရေးကို လာဖျက်ဆီးနေတာလားကွ…
ဒါ ဘာသဘောလဲ..."
ချန်ဖုန်းမှာလည်း အနည်းငယ် မှင်တက်သွားခဲ့၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို စိတ်မရှည်စွာ တွန်းဖယ်လိုက်သည်။
"ဒီအရုပ်ကောက်စက်တွေက ငါ့ဟာတွေပဲ... မင်းက ဒီလိုမျိုး ဆက်တိုက် ကောက်ယူနေရင် ငါက ဘယ်လိုလုပ် ပိုက်ဆံရှာရတော့မှာလဲ... မင်းဘာသာမင်း အရုပ်ဘယ်နှစ်ရုပ် ကောက်ယူထားလဲဆိုတာ ရေတွက်ကြည့်ပြီး အရုပ်တစ်ရုပ်ကို ယွမ်လေးကျပ်စီ ငါ့ကို ပြန်လျော်ပေး..."
ဤစကားများ ထွက်ပေါ်လာချိန်တွင်
ဘေးနားရှိ လူများမှာ ချက်ချင်းပင် ဒေါသထွက်သွားကြလေ၏။
"တောက်ပဲ... ဒီသူဌေးက အရှက်မရှိတာပဲ... ကောင်လေးက သူ့စွမ်းရည်နဲ့ သူ ကောက်ထားတာကို မင်းကို ဘာလို့ ပိုက်ဆံပြန်လျော်ပေးရမှာလဲ..."
"ဟုတ်တယ်... အရင်က ငါ အရုပ်တစ်ရုပ်ရဖို့ ယွမ်တစ်ရာလောက် သုံးခဲ့ရတုန်းကတော့ မင်းက ဘာလို့ ပိုက်ဆံပြန်မလျော်ပေးခဲ့တာလဲ..."
"စီးပွားရေးသမားတွေက အဲဒီလိုပဲ... အမြတ်ပဲလိုချင်ပြီး အရှုံးမခံချင်ကြဘူး... တကယ်လို့ သူတို့တစ်ပြားလေးရှုံးသွားရင်တောင် မင်းကို သေတဲ့အထိ တိုက်ခိုက်ကြလိမ့်မယ်..."
"သူဌေးက ဒီလောက် အရှက်မရှိမှန်း သိရင် ငါ ဒီမှာ အရုပ်ကောက်စက် လာကစားမှာ မဟုတ်ဘူး... ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်..."
လူအုပ်ကြီး၏ စကားများကို ကြားချိန်တွင်
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားပြီး သူက ဟောက်လိုက်၏။
"မင်းတို့က အဲဒီလောက် စွမ်းဆောင်နိုင်တယ်ဆိုရင် ငါ့ဆီလာမကောက်နဲ့လေ... ဒီအရုပ်တွေက ငါ့ဟာတွေပဲ... ငါ ဘယ်လောက်လျော်ခိုင်းလျော်ခိုင်း မင်းတို့ လျော်ရမှာပဲ..."
"တကယ်လို့ ငါက မလျော်ပေးဘူးဆိုရင်ရော..."
ချန်ဖုန်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့ပေသည်။
ဘေးတွင်ရပ်နေသော ယွင်ထင်ကလည်း ခါးထောက်ကာ ဒေါသတကြီး နှာမှုတ်လိုက်၏။
" ဒီလို စီးပွားရေးလုပ်တာမျိုးကို ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... ကျွန်မတို့က ကျွန်မတို့စွမ်းရည်နဲ့ ရအောင် ယူခဲ့တာ... ပိုက်ဆံတစ်ပြားမှ ထပ်မပေးနိုင်ဘူး..."
"အခုလိုမျိုး ဆုံးရှုံးမှာကြောက်နေလို့ ဒီလို စီးပွားရေးမျိုး မလုပ်နိုင်ရင် မလုပ်နဲ့လေ..."
"မင်း... မင်းတို့တွေ..."
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသထွက်လွန်းသဖြင့် ခုန်ပေါက်နေခဲ့သည်။
"မင်းတို့ကို ငါ ပြောလိုက်မယ်... ငါက ဒီမှာ အဆက်အသွယ်တွေ ရှိတယ်... တကယ်လို့ မင်းတို့ ပိုက်ဆံမပေးဘူးဆိုရင် ဘယ်သူမှ ဒီကနေ ထွက်သွားလို့ မရဘူး..."
"ဖယ်စမ်း..."
ချန်ဖုန်းက သူ့ကို ရိုက်ဖယ်လိုက်၏။
ယွင်ထင်က အရုပ်များစွာကို မကြိုက်ပါက ကောက်ယူပြီးနောက် ပြန်ပေးရန် သူ မူလကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ဒီသူဌေးက မိမိကို ခြိမ်းခြောက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ဒီလိုဆိုမှတော့ဆက်ကောက်တာပေါ့။
"ချီးပဲ..."
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် မြေပြင်မှ ထလာပြီး သူ၏မျက်နှာပေါ်တွင် မဲ့ရွဲ့နေသော အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့၏။
"မင်းတို့ကောင်တွေ စောင့်နေလိုက်... ဝူးယာ ကို အခုချက်ချင်း ဖုန်းဆက်ပြီး မင်းတို့ကို သတ်ခိုင်းမယ်..."
ဤစကားကို ကြားချိန်တွင် အနီးနားရှိ လူများမှာ အံ့သြတုန်လှုပ်စွာ အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့ကြသည်။
"ဒုက္ခပါပဲ... ဒီသူဌေးက ဝူးယာ ကို တကယ်သိနေတာလား..."
"ဝူးယာ က ဘယ်သူလဲ..."
"ဘယ်သူဖြစ်ရမှာလဲ... မြေအောက်ဂိုဏ်းခေါင်းဆောင် ကျားနက် ရဲ့ လက်အောက်ခံ နတ်မင်းကြီးလေးပါးထဲက တစ်ပါးလို့ နာမည်ကြီးတယ်လေ... သူ့လက်အောက်မှာ ညီအစ်ကို ရာချီရှိပြီး တကယ့်ကို ရက်စက်တဲ့သူပဲ..."
"သွားပါပြီ... သွားပါပြီ... ဒီကောင်လေးတော့ ဒုက္ခရောက်တော့မှာပဲ..."
အချို့လူများက ချန်ဖုန်းကို ဖြောင်းဖျရန် ကြိုးစားကြလေ၏။
ယခုချက်ချင်း ထွက်သွားရန်၊ ထိုသို့မဟုတ်ပါက ဝူးယာ ရောက်လာချိန်တွင် ထွက်သွားနိုင်မည် မဟုတ်ကြောင်း ပြောဆိုကြသည်။
"အရုပ်လေး နည်းနည်းအတွက်နဲ့ အဲဒီလူတွေကို စော်ကားစရာ မလိုပါဘူး..."
ချန်ဖုန်းကမူ တုန်လှုပ်ခြင်း
စိုးရိမ်ပူပန်နေခြင်း လုံးဝ မရှိပေ။
ဘေးတွင်ရပ်နေသော ယွင်ထင်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။
"ငါတို့ အရင်ထွက်သွားကြမလား..."
ချန်ဖုန်းသည် အလွန် စွမ်းဆောင်နိုင်သူဖြစ်ကြောင်း သူမ သိထားသော်လည်း ထိုဝူးယာ ဆိုသူမှာ ရန်စရန် မလွယ်ကူသူဖြစ်ပြီး အထူးသဖြင့် သူက ကျားနက်၏ လက်အောက်ခံ ဖြစ်နေသောကြောင့်ပင်။
"ရပါတယ်..."
ချန်ဖုန်းက ပြုံးလိုက်ပြီး သူ၏ အာရုံများကို အရုပ်ကောက်စက်အပေါ်၌သာ ဆက်လက်ထားရှိနေခဲ့သည်။
"ဘာလို့လဲ..."
ယွင်ထင်က သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
နောက်ပိုင်းတွင် တစ်ခုခု ဖြစ်လာနိုင်သည်ဟု တွေးမိသဖြင့် သူမက အကူအညီတောင်းရန် ဖုန်းခေါ်ဆိုလိုက်၏။ကျားနက်က သူမကို မျက်နှာသာ ပေးမည်လား ဆိုသည်ကိုတော့ သူမ မသိချေ။
အခြားတစ်ဖက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ဘေးတွင် ဖုန်းပြောပြီးသွားကာ ချန်ဖုန်းကို ဆိုးယုတ်သော အပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။
"ကောင်လေး မင်းတော့ ပြီးသွားပြီ... ငါ့ကိုများ စော်ကားရဲတယ်ပေါ့... မင်း နောင်တရစေရမယ်..."
ဆယ်မိနစ်ခန့် အကြာတွင်….
နတ်မင်းကြီးလေးပါးအနက် တစ်ပါးဖြစ်သော ဝူးယာ ဦးဆောင်သည့် လူတစ်စုသည် ၎င်းတို့ထံသို့ ဖြည်းညင်းစွာ လျှောက်လာကြပေ၏။သူ၏ နောက်တွင် လက်အောက်ငယ်သား ဆယ်ဂဏန်းခန့် ပါလာခဲ့သည်။
၎င်းတို့၏ ခြိမ်းခြောက်နေသော အမူအရာများကြောင့် ပတ်ဝန်းကျင်ရှိလူများမှာ လမ်းပိတ်မိမည်ကို စိုးရိမ်ကာ အဆက်မပြတ် ရှောင်ဖယ်နေကြရလေ၏။
"အစ်ကိုဝူးယာ... နောက်ဆုံးတော့ ရောက်လာပြီပေါ့..."
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အလျင်အမြန် ပြေးသွားကာ အိတ်ကပ်ထဲမှ စီးကရက်တစ်ဘူးကို ထုတ်၍ တစ်လိပ်ချင်းစီ ကမ်းပေးလိုက်သည်။
"အစ်ကိုဝူးယာ... အရှေ့က ကောင်လေးပဲ... သူ့ကို ပညာပေးမှ ရမယ်နော်..."
"ဒီကောင်လေးက တကယ်ကို ရိုင်းစိုင်းတာပဲ... အစ်ကို့နယ်မြေမှာ ပြဿနာလာရှာရဲတယ်... ဒါက အစ်ကို့ကို မလေးစားတာ မဟုတ်ဘူးလား..."
"အရုပ်ကောက်စက်လေး နည်းနည်းအတွက်ကို ဘာလို့ ဒီလောက် ပြဿနာကြီးအောင် လုပ်နေရတာလဲ..."
ဝူးယာ က တံတွေးမထွေးဘဲ မနေနိုင်ခဲ့ချေ။
အကယ်၍ ဤသူဌေးက သူ့ကို ယခင်က ပိုက်ဆံများ ပေးမထားခဲ့ပါက မည်သူက ကူညီရန် ဆန္ဒရှိမည်နည်း။ပျက်စီးနေသော အရုပ်ကောက်စက်လေးက ပိုက်ဆံဘယ်လောက်များ ရှာနိုင်မှာမို့လို့လဲ။
"ကောင်းပြီလေ... ငါရောက်နေပြီဆိုတော့ မင်းအတွက် ဒီကိစ္စကို ရှင်းပေးလိုက်မယ်..."
ဝူးယာ သည် ခေါင်းကိုမော့ကာ နှာခေါင်းကို ကောင်းကင်သို့ထောင်လျက် ရှေ့သို့ လျှောက်လာခဲ့သည်။
ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း သူ၏ အငွေ့အသက်များက ပိုမို အားကောင်းလာခဲ့၏။
နောက်တွင်ပါလာသော လက်အောက်ငယ်သားများကလည်း ချက်ချင်း လူစုခွဲလိုက်ပြီး ချန်ဖုန်းနှင့် ယွင်ထင်တို့ကို ဝိုင်းရံလိုက်ကြသည်။
"ကောင်လေး... မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်... မင်းအသက်ကို ကယ်ဖို့ ပိုက်ဆံပေးမလား... ဒါမှမဟုတ်..."
ဝူးယာ စကားပြော၍ မပြီးဆုံးမီမှာပင် သူ၏ရှေ့ရှိ လူမှာ အလွန် ရင်းနှီးနေပုံရကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။တစ်ဖက်လူက ကျောပေးထားသဖြင့် အစပိုင်းတွင် သူ မမှတ်မိခဲ့ချေ။
သူ လျှောက်သွားပြီး ချန်ဖုန်း၏ မျက်နှာကို မြင်လိုက်ရချိန်တွင် မိုးကြိုးပစ်ခံလိုက်ရသည့်အလား လုံးလုံးလျားလျား မှင်တက်သွားတော့၏။
ထို့နောက် နေရာမှာတင် အေးခဲသွားသည်။လုံးဝကို အံ့အားသင့် မှင်တက်သွားခဲ့ပေပြီ။
"သခင်လေးချန်... သခင်လေးချန်... ခင်ဗျားလား..."
—