အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀) သူ၏ သရုပ်မှန်က ဘာလဲ
"ဖြောင်း..."
ချန်ဖုန်းက နောက်တစ်ယောက်ကို လက်သီးဖြင့် ထိုးချလိုက်ရာ ထိုသူမှာ လွင့်စင်သွားလေ၏။
တစ်ဖက်လူ၏ လက်ထဲမှ တုတ်မှာ သူ၏ မာကျောသော လက်သီးကြောင့် နှစ်ပိုင်းကျိုးသွားခဲ့ပေသည်။ မြေပြင်ပေါ်တွင် လဲကျနေပြီး နာကျင်စွာ ညည်းတွားနေသော လူအုပ်ကြီးကို ကြည့်ရင်း ယခုလေးတင် ပြေးတက်လာသော သူဌေးပေါင်မှာ ရုတ်တရက် အနည်းငယ် ကြောက်လန့်သွားခဲ့လေ၏။
တကယ်တော့ သူဌေးပေါင်သည် ကိုယ်ခံပညာ အလွန်ကောင်းမွန်ပြီး ကျားနက်ထက်ပင် အနည်းငယ် သာလွန်ပေသည်။ သို့တိုင်အောင်ပင် ချန်ဖုန်းကဲ့သို့ လူတစ်ရာကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သူ မရှိချေ။
အထူးသဖြင့် ကျားနက်က နတ်မင်းကြီးလေးပါးကို ဦးဆောင်ကာ ချန်ဖုန်း၏ နောက်မှ ထွက်ပြေးနေသော လက်အောက်ငယ်သားများကို ရှင်းလင်းနေသည်ကို မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားထဲ၌ မလုံခြုံမှုများ တစ်ဖန် မြင့်တက်လာခဲ့ပြန်သည်။
"ချီးပဲ... သူ့ကို ချကြစမ်း..."
သူဌေးပေါင်က အံကိုကြိတ်လိုက်ပြီး ပြင်းထန်သော အငွေ့အသက်များ ထုတ်လွှတ်လိုက်၏။သူက ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးဝင်သွားလေသည်။
ထိုအခိုက်အတန့်တွင်ပင်…ချန်ဖုန်းက ခေါင်းကို ရုတ်တရက် မော့လိုက်ရာ သူ၏ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူဌေးပေါင်ထံသို့ ကျရောက်သွားပေ၏။
ချက်ချင်းဆိုသလိုပင်
သူ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး ထိုနေရာမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
သူက အရမ်းမြန်လွန်းလှသဖြင့် သူဌေးပေါင်မှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ အားပြင်းသော လက်သီးတစ်ချက်ကြောင့် လွင့်စင်သွားရလေ၏။
"ဖူး..."
သူဌေးပေါင်သည် သွေးတစ်ပွက်ကို ရုတ်တရက် ထွေးထုတ်လိုက်ရပေသည်။
သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့၏။
သူ၏ လက်အောက်ငယ်သားများမှာလည်း ထိုနည်းတူစွာ အံ့အားသင့်နေကြလေသည်။
သူတို့၏ အနိုင်မခံအရှုံးမပေးနိုင်သော ခေါင်းဆောင်က လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားသည်တဲ့လား။
ပြိုင်ဘက်က အရမ်း သန်မာလွန်းနေပေသည်။
"သူဌေးပေါင်... ပြေးတော့..."
"သူဌေးပေါင်... ကျားနက် နဲ့ သူ့လူတွေက စစ်ကူတွေ ရောက်လာပြီ... ငါတို့ သူတို့ကို မနိုင်နိုင်ဘူး... သူဌေး အရင်ပုန်းနေတာ ပိုကောင်းမယ်..."
"သူဌေးပေါင်... နောက်ပေါက်ကနေ ထွက်သွား..."
သူဌေးပေါင်၏ လက်အောက်ငယ်သား အချို့က သူ့ကို အိမ်ထဲသို့ ပြန်ဆွဲခေါ်သွားကြလေ၏။
"သောက်ပဲ..."
သူဌေးပေါင်က စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ပြေးတော့သည်။
ကျားနက်နှင့် သူ၏လူများသည် ကြိုတင်ပြင်ဆင်လာခဲ့ကြောင်း ရှင်းလင်းနေပြီး ယခုအချိန်မှာ တိုက်ရိုက်ရင်ဆိုင်ရန် အချိန်မဟုတ်ကြောင်း သေချာပေ၏။
သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ...ပြည်နယ်မြို့တော်မှ သခင်လေးယွီ ရှင်းလင်းချင်နေသော ချန်ဖုန်းဆိုသူမှာ သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီး ကျားနက်နှင့်ပင် အလွန် ရင်းနှီးနေခြင်း ဖြစ်ပေသည်။စဉ်းစားနေရန်ပင် မလိုတော့ချေ။ဖောင်းဇီ သေချာပေါက် အလွဲလွဲအချော်ချော် လုပ်ခဲ့တာပဲ…
"ချီးပဲ..."
"သခင်လေးယွီ ဆိုတဲ့ကောင်က အလကားကောင်ပဲ... ငါ့ကို သတင်းအမှားတွေ ပေးတယ်…”
တစ်ဖက်လူက ဤမျှ အစွမ်းထက်မှန်း သူသာ သိခဲ့ပါက သူတို့ကို လုံးဝ ရန်စရဲမည် မဟုတ်ချေ။ ယခုအခါတွင်မူ နောင်တရရန် နောက်ကျနေခဲ့ပြီ ဖြစ်၏။
"သူဌေးပေါင်... ဒီတံခါးက အထူးမှာယူထားတဲ့ နှစ်ထပ်ကျည်ကာတံခါးပါ... သူ လုံးဝ ဝင်လာလို့ မရပါဘူး..."
"ဟုတ်တယ် သူဌေးပေါင်... နောက်ပေါက်ကနေ အရင်ထွက်သွားလို့ ရတယ်..."
မည်သူကမျှ စကားပြော၍ မပြီးဆုံးမီမှာပင် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပေသည်။၎င်းတို့က မယုံနိုင်လောက်အောင် ခိုင်မာသည်ဟု ယူဆထားသော တံခါးကြီးသည် ကြီးမားလှသော အင်အားဖြင့် ရိုက်ခတ်ခံလိုက်ရပြီး တံခါးဘောင်တစ်ခုလုံး လွင့်စင်သွားခဲ့လေ၏။
ချက်ချင်းဆိုသလိုပင် ချန်ဖုန်းက ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့သည်။
သူ၏နောက်တွင် ကျားနက်က လူတစ်စုနှင့်အတူ အနီးကပ် လိုက်ပါလာခဲ့ပေ၏။
ဤမြင်ကွင်းက လူတိုင်းကို အံ့သြထိတ်လန့်စွာ လေပူများ ရှိုက်သွင်းသွားစေခဲ့သည်။သူဌေးပေါင်သည် ရေခဲတိုက်ထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရလေ၏။
ထိုအချိန်၌ ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို သူ တွေ့ရှိသွားခဲ့ပေသည်။
ချန်ဖုန်း ဝင်လာပြီးနောက် သူက ကုလားထိုင်တစ်လုံးကို ချက်ချင်းရှာ၍ ထိုင်လိုက်ပြီး သူ၏နောက်မှ ကျားနက်နှင့် နတ်မင်းကြီးလေးပါးက ချန်ဖုန်း၏ နောက်ကျောတွင် ရပ်နေကြခြင်းပင်။
အဓိကနှင့် သာမဏကို ရှင်းလင်းစွာ ခွဲခြားထားပေ၏။ ဩဇာကြီးမားပြီး မောက်မာသော ကျားနက်သည် အခြားသူတစ်ဦး၏ နောက်တွင် နေရန် တကယ်ပင် ဆန္ဒရှိနေပြီး အလွန် ရိုသေလေးစားနေခဲ့သည်။
ဤသည်က ချန်ဖုန်းမှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း ပြသရန် လုံလောက်နေပေ၏။အကယ်၍ တိုက်ခိုက်ရေးစွမ်းရည် သက်သက်သာဆိုပါက ကျားနက်အား ဤမျှ နာခံစေရန် မဖြစ်နိုင်ချေ။
တစ်ဖက်လူတွင် သေချာပေါက် အခြားသော နောက်ခံတစ်ခုခု ရှိနေရမည်။
သူဌေးပေါင်၏ စိတ်ပျက်နေသော အမူအရာကို မြင်တွေ့ရချိန်တွင် ကျားနက်က အားရပါးရ ရယ်မောလိုက်လေသည်။
"သူဌေးပေါင်... မင်းက တကယ်ကို သတ္တိကောင်းတာပဲ... သခင်လေးချန် ကိုများ ပြဿနာလာရှာရဲတယ်..."
"သခင်လေးချန် က ဘယ်သူလဲဆိုတာ မင်း သိလား..."
"အစ်ကိုကျားနက်... ကျေးဇူးပြုပြီး ရှင်းပြပါဦး..."
သူဌေးပေါင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
တစ်ဖက်လူ၏ အမှတ်အသားက မည်သို့ပင်ဖြစ်စေကာမူ ယနေ့တွင် သူ အရှုံးပေးရမည် ဖြစ်ပေသည်။
ကျားနက်က ရယ်မောလိုက်သည်။
"သခင်လေးချန် ရဲ့ အဆင့်အတန်းက အရမ်းမြင့်လွန်းတော့ မင်း သိစရာ မလိုပါဘူး... သူက မင်း ရန်စလို့ရတဲ့သူ မဟုတ်ဘူးဆိုတာကိုပဲ နားလည်ထားရမယ်... ပြည်နယ်မြို့တော်က သခင်လေးယွီ ဆိုတာတောင် သခင်လေးချန် ရဲ့ ရှေ့မှာ အလကားကောင်ပဲ..."
သူဌေးပေါင်၏ နှလုံးသား တစ်ချက်ခုန်သွားခဲ့၏။သခင်လေးယွီ၏ နောက်ခံအကြောင်းကို ကျားနက် သိလောက်သော်လည်း ဤကဲ့သို့သော စကားမျိုးကို သူ ပြောရဲသေးသည်။
ဤအရာက တွေးကြည့်ရုံဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းလှပေ၏။
"အော်... ဟုတ်သားပဲ... မင်းကို ပြောဖို့ မေ့သွားတဲ့ ကိစ္စတစ်ခု ရှိသေးတယ်..."
ကျားနက်က သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောဆိုလိုက်သည်။
"မင်းရဲ့ လက်အောက်ခံ ဖောင်းဇီ က ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဘာလို့ နံရိုးတွေ ကျိုးသွားလဲဆိုတာ မင်း သိလား..."
"ဟင်..."
ဤကိစ္စနှင့် ပတ်သက်၍ သူဌေးပေါင်မှာ အမြဲတမ်း ဇဝေဇဝါ ဖြစ်နေခဲ့ပေ၏။
"အဲဒါက သခင်လေးချန် က ဖောင်းဇီ ကို ပြဿနာရှာဖို့ မင်းလွှတ်မယ်ဆိုတာ သိနေလို့ မင်းကို ကြိုတင်သတိပေးတဲ့အနေနဲ့ သူ့နံရိုးနှစ်ချောင်းကို တစ်ရက်တည်း ချိုးပစ်ဖို့ ညီအစ်ကိုတွေကို အမိန့်ပေးခဲ့တာပဲ..."
“ဖောင်းဇီ ဆိုတဲ့ကောင်ကလည်း
နံရိုးဆယ်ချောင်းကျော်လောက် ကျိုးသင့်တာ... ဒါပေမဲ့ အဲဒီကောင်က အရမ်း ကောက်ကျစ်တယ်လေ...သူက ထွက်ပြေးပြီး ရက်အတော်ကြာအောင် ပုန်းနေလို့ ဘေးအန္တရာယ်ကနေ လွတ်သွားတာပေါ့…”
ကျားနက်က ဤစကားကို အလွန် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။
သို့သော် ၎င်းက သူဌေးပေါင်ကို မိုးကြိုးပစ်ချလိုက်သည့်အလား ဖြစ်သွားစေခဲ့၏။သူ၏ တည်ငြိမ်မှုများ ချက်ချင်း ပျောက်ကွယ်သွားရလေသည်။
သူ၏အကြည့်များက ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ချန်ဖုန်းထံသို့ ရုတ်တရက် ရောက်ရှိသွားပြီး အချိန်အကြာကြီး ငြိမ်သက်မသွားနိုင်ခဲ့ချေ။
"ကြောက်စရာပဲ..."
"ဒီတစ်ခါတော့ ငါ တကယ်ကို သွားပြီနဲ့တူပါတယ်..."
ဖောင်းဇီ နံရိုးကျိုးသွားတာ အနည်းဆုံး တစ်ပတ်လောက် ရှိနေပြီ... ပြီးတော့ ဖောင်းဇီ ကို ချန်ဖုန်းဆီ ပြဿနာသွားရှာဖို့ တာဝန်ပေးတာက ဒီနေ့မှလေ...ဆိုလိုသည်မှာ…
သခင်လေးချန် က ဒီကိစ္စ ဖြစ်လာမယ်ဆိုတာကို လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက သိနေခဲ့တာလား...
ပြီးတော့ သူက ဖောင်းဇီ ကို ငါလွှတ်မယ်ဆိုတာကိုပါ တိတိကျကျ တွက်ချက်နိုင်ခဲ့တာလား...
"ချီးပဲ..."
သူဌေးပေါင်၏ အတွင်းစိတ်၌ အကြောက်တရားများ ရုတ်တရက် မြင့်တက်လာခဲ့ပေ၏။ဒါက ဘယ်လို စွမ်းရည်မျိုးလဲ...
ထိုအချိန်၌…ချန်ဖုန်းက လက်ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"သူဌေးပေါင် မဟုတ်လား... ငါတို့အချင်းချင်း ဘာရန်ငြိုးမှ မရှိခဲ့ပါဘူး... ဒါပေမဲ့ ဒီနေ့ မင်းက ငါ့ကို ရှင်းဖို့ လူလွှတ်လိုက်တာဆိုတော့ ငါ့ကို ရှင်းပြချက်တစ်ခုခု ပေးရမယ် မဟုတ်ဘူးလား..."
"ချန်... သခင်လေးချန်..."
သူဌေးပေါင်မှာ အလွန် ကြောက်ရွံ့လွန်းသဖြင့် သူ၏ ကျောပြင်တစ်ခုလုံး အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းသွားခဲ့လေ၏။
"ဒီနေ့ ကျွန်တော် အရှုံးပေးပါတယ်... ကျွန်တော်တို့အချင်းချင်း တကယ်ကို ရန်ငြိုးမရှိပါဘူး... ကျွန်တော်က တခြားတစ်ယောက်ရဲ့ အလုပ်ကို လုပ်ပေးရုံ သက်သက်ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ထွက်ပေါက်တစ်ခုလောက် ပေးပါ..."
"ထွက်ပေါက် ဟုတ်လား..."
ချန်ဖုန်းက မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောဆိုလိုက်သည်။
"ရတာပေါ့... ပြည်နယ်မြို့တော်က သခင်လေးယွီ က ငါ့ကို ပညာပေးဖို့ မင်းကို ခိုင်းခဲ့တာ မဟုတ်ဘူးလား... အဲဒီတော့ မင်းက သူ့ကို ပြန်ပြီး ပညာပေးလိုက်လေ..."
"ပြီးတော့ သခင်လေးယွီ ရဲ့ အချက်အလက် အပြည့်အစုံကို ငါ့အတွက် ပြင်ဆင်ထားပေး... သူ နေ့တိုင်း ဘယ်အရောင် အတွင်းခံဝတ်လဲ ဆိုတဲ့အထိ အသေးစိတ်ကျကျ လိုချင်တယ်..."
"တကယ်လို့ ဒီနှစ်ခုကို လုပ်နိုင်ရင် အတိတ်က ကိစ္စတွေကို ငါတို့ မေ့ပစ်လိုက်ကြတာပေါ့..."
"ဒါ..."
သူဌေးပေါင်မှာ အလွန် အခက်တွေ့နေခဲ့ပေ၏။
ဒုတိယကိစ္စကို သူ လုပ်နိုင်သည်၊ ငွေအနည်းငယ် ပိုသုံးရန်သာ လိုအပ်ပေမည်။သို့သော် ပထမကိစ္စကတော့...အကယ်၍ သူသာ သခင်လေးယွီကို တကယ် ပညာပေးလိုက်ပါက တစ်ဖက်လူ၏ နောက်ကွယ်ရှိ စစ်ဘက်ဆိုင်ရာဌာနမှ ဆွေမျိုးဖြစ်သူက သူ့ကို အလွတ်ပေးမည် မဟုတ်ချေ။
"မင်းဘာသာမင်း ဆုံးဖြတ်လိုက်... တကယ်လို့ ဒီနှစ်ခုကို လုပ်နိုင်ရင် ပေ့ဟူ မှာ မင်းအတွက် နေရာတစ်ခု ရှိလိမ့်မယ်... မလုပ်နိုင်ဘူးဆိုရင်တော့ မင်းက ပေ့ဟူ မှာ မရှိသင့်တော့ဘူး..."
ဤသို့ပြောပြီးနောက် ချန်ဖုန်းသည် ဖြည်းညင်းစွာ ထွက်ခွာသွားတော့၏။
"ကျွန်တော်..."
သူဌေးပေါင် တုံ့ဆိုင်းနေခဲ့သည်။
ထိုအချိန်၌…ကျားနက်က သူ၏အနီးသို့ ဖြည်းညင်းစွာ လျှောက်လာပြီး တိုးတိုးလေး ပြောဆိုလိုက်၏။
"သူဌေးပေါင်... ငါတို့က သူငယ်ချင်းတွေ ဖြစ်လာတာ ကြာပါပြီ... ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် တိုက်ခိုက်လာခဲ့ပြီးတော့ ငါတို့အချင်းချင်း သံယောဇဉ်တောင် ရှိနေကြပြီ..."
"သခင်လေးချန် ရဲ့ စကားတွေကို သေချာစဉ်းစားဖို့ ငါ မျှော်လင့်နေတယ်... ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး အနာဂတ်မှာ သခင်လေးချန် အတွက် ငါတို့ အတူတူ အလုပ်လုပ်ကြတာပေါ့..."
ထိုသို့ပြောပြီးနောက်…သူက ရုတ်တရက် အနားသို့ ကပ်သွားကာ သူဌေးပေါင်၏ နားထဲသို့ တစ်စုံတစ်ရာ တီးတိုးပြောလိုက်လေ၏။
သူဌေးပေါင် တုန်ရီသွားခဲ့သည်။ထို့နောက်
လုံးလုံးလျားလျား ထိတ်လန့်သွားခဲ့ရပေပြီ။
ချန်ဖုန်းက တကယ်တော့…
လူတိုင်း ထွက်သွားပြီးနောက် သူ၏ လက်အောက်ငယ်သား တစ်ဦးက ပြောဆိုလိုက်၏။
"သူဌေးပေါင်... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ... ကျွန်တော်တို့ ကြိုတင်မပြင်ဆင်ထားမိလို့ ကျားနက် နဲ့ သူ့လူတွေရဲ့ ရုတ်တရက် တိုက်ခိုက်တာကို ခံလိုက်ရတယ်... အပြင်က ညီအစ်ကိုတွေ အကုန်လုံးကို စုလိုက်ရမလား..."
"မင်းအဘိုးတွေကို သွားစုလိုက်စမ်း..."
သူဌေးပေါင် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားပြီး ပြောဆိုလိုက်သည်။ "ဒါကို မှတ်ထား... အခုကစပြီး သခင်လေးချန် ကို တွေ့တာနဲ့ ရိုရိုသေသေ နှုတ်ဆက်ရမယ်... ဘယ်သူမှ သူ့ကို မစော်ကားရဘူး... ကြားလား..."
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."
"ပြီးတော့ ညီအစ်ကို အနည်းငယ်ကို ဒီည ပြည်နယ်မြို့တော်ကို သွားပြီး သခင်လေးယွီ ကို ပညာပေးဖို့ အခုချက်ချင်း စီစဉ်လိုက်..."
"ဟင်..."
"ဘာဟင်နေတာလဲ... မြန်မြန်သွားလုပ်စမ်း... ပြီးတာနဲ့ သူတို့ကို ပိုက်ဆံနည်းနည်းပေးပြီး ဒီညပဲ ထွက်သွားခိုင်းလိုက်..."
"နားလည်ပါပြီ..."