အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း(၂၁၁) ဈာပနာ ပြင်ဆင်ခြင်း
ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ အဖေမှာ စိတ်သက်သာရာရသွားခြင်းမရှိဘဲ မိမိကိုယ်ကိုယ် ပို၍ပင် အပြစ်တင်မိသွားလေ၏။
"မဟုတ်ဘူး မဟုတ်ဘူး... မင်းကြောင့် မဟုတ်ရပါဘူး... ငါလို အသုံးမကျတဲ့ အဖေကြောင့်... မင်းတို့ ညီအစ်ကိုနှစ်ယောက်လုံး ဒုက္ခရောက်ရတာပါ"
အဟွတ် အဟွတ်…
စကားပြောရင်း စိတ်လောနေသဖြင့် အဖေဖြစ်သူမှာ အပြင်းအထန် ချောင်းဆိုးလာတော့သည်။ ချောင်းဆိုးမှာ ရပ်မသွားတော့ဘဲ သွေးစများပင် ပါလာတော့၏။
ချင်ကုန်းကုန်း၏ ရင်ထဲတွင် အလွန်နာကျင်သွားရပြီး အသက်ကယ်ရန် မတတ်နိုင်တော့မှန်း သိလိုက်လေသည်။ သူက ဖခင်ဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေ၏။
"အဖေ့ကို အပြစ်မတင်ပါဘူး... အဖေ့ကို အပြစ်မတင်ပါဘူး... အားလုံးက အဲဒီ ချိုက်အမျိုးသမီးကြောင့်ပါ... သူသာ မရှိရင် ညီလေးလည်း..."
ထိုသို့ပြောရင်း ချင်ကုန်းကုန်းမှာ အသံထွက်ကာ ရှိုက်ငိုနေမိပေသည်။ ကုတင်ပေါ်ရှိ သူ၏ အဖေမှာလည်း မျက်ရည်များ ဆက်တိုက် စီးကျနေတော့၏။
သားအကြီးဆုံး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း သူသည် သူ၏ နောင်တတရားများ အားလုံးကို မေ့ပစ်လိုက်ကာ နောက်ဆုံးစကားတစ်ခွန်းကို ပြောလိုက်လေသည်။
"မင်းညီလေးကို... သေချာ ဂရုစိုက်ပေးပါ..."
စကားပင် ဆုံးအောင် မပြောနိုင်လိုက်ဘဲ သူသည် မျက်လုံးမှိတ်သွားကာ သေဆုံးသွားခဲ့လေပြီ။
ချင်ကုန်းကုန်းသည် အဖေဖြစ်သူ ဤသို့ သေသွားသည်ကို မျက်စိရှေ့တွင် မြင်လိုက်ရသဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
"ဒုတိယသခင်ကြီးသုန်... ဒုတိယသခင်ကြီးသုန်"
ဒုတိယသခင်ကြီးသုန်က တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး အသက်ရှူခြင်း ရှိမရှိ နှာခေါင်းဝကို စမ်းသပ်ကြည့်လိုက်လေသည်။ ထို့နောက် အနည်းငယ် တိုးလျှသော လေသံဖြင့် ပြောလိုက်၏။
"စိတ်မကောင်းပါဘူး"
ဤအချိန်တွင်တော့ ချင်ကုန်းကုန်း၏ နောက်ဆုံး မျှော်လင့်ချက်လေးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။ သူက ငိုရာမှ ရယ်လိုက် ရယ်ရာမှ ငိုလိုက် ဖြစ်နေလေသည်။ သူ၏ ဖြတ်သန်းခဲ့ရသော ဘဝတစ်ဝက်ကို ပြောပြမည်ဆိုလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။ ဆင်းရဲဒုက္ခဆိုသည်မှာ ကံဆိုးသူများကိုသာ ရွေးချယ်တတ်သည်မှာ အမှန်ပင်။ ထိုအကြောင်းများကို တွေးမိသောအခါ နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နာကျင်မှုများအားလုံး ပေါက်ကွဲထွက်လာပြီး ကုတင်ဘေးတွင် မှောက်ကျကာ မအောင့်အည်းနိုင်တော့ဘဲ အော်ဟစ်ငိုကြွေးနေတော့သည်။
ဒုတိယသခင်ကြီးသုန်မှာ ဘေးတွင် ရပ်နေရုံမှလွဲ၍ ဘာမှ မကူညီပေးနိုင်ခဲ့ပေ။ ချင်ကုန်းကုန်း ငိုကြွေးပြီးနောက် စိတ်သက်သာရာရသွားစေရန်သာ မျှော်လင့်နေမိလေ၏။ ၁၅ မိနစ်ကြာပြီးနောက်မှသာ ချင်ကုန်းကုန်း၏ ငိုသံများ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ သူက အဖေဖြစ်သူကို နောက်ဆုံးအကြိမ် ကြည့်ရှုလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ဒုတိယသခင်ကြီးသုန်ကို လှည့်၍ ပြောလိုက်လေသည်။
"ဒီအစေခံနဲ့အတူ လိုက်လာပေးတဲ့အတွက် ဒုတိယသခင်ကြီးကို ကျေးဇူးတင်ပါတယ်... အခုတော့ အဖေလည်း မရှိတော့ဘူးဆိုတော့... နန်းတော်အပြင်ဘက်က သံယောဇဉ်တွေ အကုန်လုံး လုံးဝ ပြတ်တောက်သွားပါပြီ"
ဒုတိယသခင်ကြီးသုန်က လူတစ်ယောက်ကို မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိသော်လည်း သူပြောလိုက်သော စကားများမှာတော့ တကယ်ကို လေးလေးနက်နက် ရှိလှပေသည်။
"မင်းအဖေက သေခါနီးအချိန်အထိ မင်းကို မှတ်မိနေသေးတာဆိုတော့... သူ့ရင်ထဲမှာ မင်းက အရမ်း အရေးပါတဲ့လူ ဖြစ်မယ်... မဟုတ်ရင် လေဖြတ်နေတဲ့သူက စကားကို ဒီလောက် ရှင်းရှင်းလင်းလင်း ပြောနိုင်ဖို့ဆိုတာ တော်တော် ခဲယဉ်းတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ချင်ကုန်းကုန်းမှာ ဝမ်းသာကြည်နူးရမည်လား သို့မဟုတ် မတရားသော လောကကြီးကိုသာ နာကြည်းရမည်လား ကို မသိတော့ချေ။ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း ကြည်လင်လာတော့၏။
"ဒီအစေခံ အပြင်ထွက်လာတုန်းက မိန်းမစိုး တစ်ယောက်ပဲ ခေါ်လာခဲ့တာဆိုတော့... အဖေ့ကို သင်္ဂြိုဟ်ဖို့ လူအင်အား မလောက်မှာ စိုးရိမ်မိတယ်... ဒုတိယသခင်ကြီးသုန်ပဲ ကူညီပြီး... အဖေ့အလောင်းကို သင်္ဂြိုဟ်ပေးဖို့ သုန်မိသားစုအိမ်တော်က လူနည်းနည်းလောက် ငှားပေးပါ"
ပြောရင်းနှင့် သူက မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်လေသည်။ နန်းတော်ထဲတွင် ရာထူးအဆင့်ရှိသော မိန်းမစိုးတစ်ယောက် က နန်းတော်ပြင်ပမှ အာဏာမရှိသော သမားတော်တစ်ယောက်ကို ဒူးထောက်လိုက်ခြင်းပင်။ ဒုတိယသခင်ကြီးသုန် အနေဖြင့် ထိုသို့ အပြုအမူကို လက်မခံရဲသဖြင့် သူ့ကို ချက်ချင်း တွဲထူကာ ပြောလိုက်လေ၏။
"ချင်ကုန်းကုန်း စိတ်မလောပါနဲ့... သုန်မိသားစုအိမ်တော်မှာ အစေခံတွေ အများကြီး ရှိပါတယ်... ဒါပေမဲ့ အလောင်းပြင်ဆင်တဲ့ ကိစ္စကိုတော့ သိပ်မကျွမ်းကျင်ကြဘူး... ဒီနားမှာ ကျွန်တော် သိတဲ့သူ တစ်ယောက် ရှိတယ်... သူက အလောင်းရုံမှာ အလုပ်လုပ်တာဆိုတော့ ဒီကိစ္စတွေကို ပိုပြီး နားလည်တယ်... ကျွန်တော် အခုပဲ သူ့ကို သွားခေါ်လိုက်ပါ့မယ်"
ချင်ကုန်းကုန်းမှာ နန်းတော်ထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် အပြင်ဘက်မှ ကိစ္စများကို သိရှိမှု နည်းပါးလှသည်။ အစကတော့ လူအင်အားရလျှင် ပြီးပြီဟုသာ ထင်ခဲ့သော်လည်း အစေခံများနှင့် မိန်းမစိုးများ မတူညီကြောင်းကို မေ့နေခဲ့၏။ သာမန် အစေခံများက လူသေများနှင့် ပတ်သက်သော ကိစ္စများကို ကိုင်တွယ်ရခဲလှသည်။ ထို့ကြောင့် သူက အနည်းငယ် အားနာသော လေသံဖြင့် ပြောလိုက်လေသည်။
"ဒီအစေခံက တဇွတ်ထိုးနိုင်လွန်းသွားတယ်... ဒုတိယသခင်ကြီး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"
ဒုတိယသခင်ကြီးသုန်က ခေါင်းညိတ်ပြပြီး လူသွားရှာလေတော့သည်။ ခဏအကြာတွင် လူလေးငါးယောက်ခန့် ခေါ်လာခဲ့၏။ ဦးဆောင်လာသူမှာ သူပြောခဲ့သော အလောင်းရုံမှ ရွှင်ကျားရှန်း ပင်ဖြစ်သည်။ သူ၏ အသက်အရွယ်မှာ အသက်လေးဆယ်ကျော်ခန့် ဖြစ်ပြီး တည်ကြည်လေးနက်သော မျက်နှာထားရှိကာ စကားပြောလည်း နည်းလှပေသည်။
သူက ချင်ကုန်းကုန်းကို မြင်လိုက်သည်နှင့် တစ်ချက်ကြည့်ရုံဖြင့် နန်းတော်ထဲမှ လာသူဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။ ချင်ကုန်းကုန်းကလည်း စကားအပို မပြောတော့ဘဲ ရှေ့သို့တိုးကာ ငွေတုံးတစ်တုံး ထုတ်၍ ရွှင်ကျားရှန်း ကို ကမ်းပေးလိုက်၏။
"အစ်ကိုကြီးကို ဒုက္ခပေးရတော့မယ်... အဖေ့အတွက် အခေါင်းကောင်းကောင်းလေး တစ်ခုရှာပြီး သေချာ သင်္ဂြိုဟ်ပေးပါ... ပြီးတော့ ဒီအိမ်ထဲက ပစ္စည်းတွေထဲမှာ... မီးရှို့လို့ရတာ အကုန်လုံးကို မီးရှို့ပစ်လိုက်ပါ... ထားထားလည်း အသုံးမဝင်တော့ပါဘူး"
"သခင်ကြီး စိတ်ချပါ... ကျွန်တော် သေချာ စီစဉ်ပေးပါ့မယ်"
ထို့နောက် သူက အနောက်မှ ပါလာသူများကို လက်ဝှေ့ယမ်းပြလိုက်ရာ ထိုသူများမှာ ချက်ချင်းပင် မျက်နှာတွင် အဝတ်စများ စည်းနှောင်လိုက်ကြလေသည်။ ပြီးနောက် အိမ်ထဲသို့ ဝင်ကာ ရှင်းလင်းရေး စတင်လုပ်ဆောင်ကြတော့၏။
ချင်အန်း အနေဖြင့် ဖခင်၏ နာရေးကိစ္စများ ပြီးစီးသည်အထိ နေချင်သော်လည်း သူ၏ ရာထူးတာဝန်များကြောင့် နန်းတော်အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ မနေနိုင်ခဲ့ပေ။ ဒုတိယသခင်ကြီးသုန်က သူ၏ အခြေအနေကို သိသဖြင့် ချက်ချင်းပင် ဝင်ပြောလိုက်လေသည်။
"စိတ်ချပါ... ဒီကိစ္စကို ရွှင်ညီလေးကို လွှဲထားလိုက်... သူ သေချာပေါက် အဆင်ပြေအောင် လုပ်ပေးလိမ့်မယ်... နောက်နေ့ကျမှ မင်း လာပြီး ကန်တော့ချင်တယ်ဆိုရင်... ငါ ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်"
ပြောရာတွင် သူ၏ ရာထူးဂုဏ်ပုဒ်ကို ရှောင်ရှားကာ ပြောဆိုလိုက်ခြင်းပင်။ နန်းတော်အပြင်ဘက်မှ ကိစ္စများ ဆောင်ရွက်ရာ၌ သတိထားရပေမည်။ ထိုကြောင့် ချင်ကုန်းကုန်းကလည်း အလွန် ကျေးဇူးတင်မိလေ၏။ သူက နောက်သို့ တစ်လှမ်းဆုတ်ကာ ခါးညွှတ်၍ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်ကိုပဲ ဒုက္ခပေးရတော့မယ်"
ဒုတိယသခင်ကြီးသုန်က ခေါင်းညိတ်လိုက်လေသည်။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ တူမဖြစ်သူ နန်းတော်ထဲတွင် အစောင့်အရှောက် အနည်းငယ် ပိုရစေရန်အတွက် ဤကိစ္စကို သေချာပေါက် ဆောင်ရွက်ပေးရမည်။
ကောင်းကင်ယံ တဖြည်းဖြည်း မှောင်မိုက်လာလေပြီ။ နန်းတော်တံခါး မပိတ်မီ ချင်ကုန်းကုန်းသည် နွေရာသီအပန်းဖြေနန်းတော် သို့ အမီ ပြန်ရောက်လာခဲ့၏။ အရင်ဆုံး အခန်းသို့ ပြန်ကာ တစ်ကိုယ်လုံးရှိ အညစ်အကြေးများကို ဆေးကြောသန့်စင်လိုက်လေသည်။ ထို့နောက် ပုံမှန် ဝတ်ဆင်နေကျ အဝတ်အစားများကို လဲလှယ်ပြီး ညတွင်းချင်းပင် ရွေ့ယန်စံအိမ် သို့ ထွက်လာခဲ့လေသည်။
အချို့သော ကိစ္စရပ်များမှာ ဆုံးဖြတ်ချက် ချပြီးသည်နှင့် အဆုံးထိတိုင် လုပ်ဆောင်ရမည် မဟုတ်ပါလား။
လင်ဝမ်ယိမှာ ချင်ကုန်းကုန်း ဤအချိန်ကြီး ရောက်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားရလေ၏။ နေ့ဝက်ဆိုသည့် အချိန်တိုလေးအတွင်း သူသည် တစ်နေရာရာတွင် နှိပ်စက်ခံရပြီး ပြန်လာသည့်ပုံစံ ပေါက်နေသည်။ မျက်နှာမှာ ဖြူဖျော့နေရုံသာမက ယခင်ကလို တက်ကြွမှုလည်း မရှိတော့ပေ။
"ချင်ကုန်းကုန်း... ရှင့်အဖေက"
"အဖေက ဒဏ်မခံနိုင်တော့ဘဲ... ဆုံးသွားပါပြီ"
"ဟူး... သဘာဝပါပဲလေ... ချင်ကုန်းကုန်းလည်း အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့"
လင်ဝမ်ယိလည်း မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိတော့ချေ။ မိသားစုဝင် တစ်ဦး သေဆုံးသွားရသည့် အခြေအနေမျိုးကို သူမ တစ်ခါမျှ မကြုံဖူးသော်လည်း နှလုံးသားကို ဓားနှင့် ထိုးဆွခံရသကဲ့သို့ နာကျင်ရမည်ကိုတော့ သူမ နားလည်လေ၏။
အကယ်၍ အခြားသူ တစ်ယောက်သာ ဆိုပါက နေ့ရက်များစွာကြာသည့်တိုင် အော်ဟစ်ငိုကြွေးနေမိမည်သာ။ သို့သော် သူကတော့ ရင်ထဲမှ နာကျင်မှုများကို ကြိတ်မှိတ်သည်းခံကာ နန်းတော်ထဲတွင် ဆက်လက် တာဝန်ထမ်းဆောင်နေရသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။
လင်ဝမ်ယိ စကားမဆုံးသေးခင်မှာပင် ချင်ကုန်းကုန်းက မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်လေသည်။ သူ၏ လေးနက်တည်ကြည်နေသော အမူအရာကြောင့် လင်ဝမ်ယိပင် ရုတ်တရက် စိုးရိမ်ထိတ်လန့်သွားရ၏။
"ချင်ကုန်းကုန်း... အခု ဘာလုပ်တာလဲ"
ဒုတိယဦးလေးက အဖေဖြစ်သူကို ကယ်တင်ပေးနိုင်ခဲ့၍ ယခုလို ဒူးထောက်လိုက်ခြင်း ဆိုလျှင် လင်ဝမ်ယိ နားလည်ပေးနိုင်သေးသည်။ သို့သော် အသက်ပင် ဆုံးရှုံးသွားသည့် အခြေအနေတွင် ဒုတိယဦးလေးလည်း မကူညီပေးနိုင်ခဲ့မှန်း သိသာလှသဖြင့် သူ၏ ဤအပြုအမူကို လင်ဝမ်ယိ နားမလည်နိုင် ဖြစ်သွားရသည်။
အခန်းထဲတွင် လူနှစ်ယောက်တည်းသာ ရှိပြီး တစ်ယောက်က ထိုင်နေကာ တစ်ယောက်က ဒူးထောက်နေလေသည်။ တံခါးအပြင်ဘက်တွင် ရှအန်း က စောင့်နေပြီး ရှောင်လုကျစ် အပါအဝင် ကျန်လူများကိုတော့ ချိုးမင် က စောစောစီးစီး လွှတ်လိုက်လေပြီ။
ရှောင်လုကျစ်မှာ ယခုအချိန်အထိ သူ၏ဆရာ ရောက်လာပြီး ပြန်သွားခဲ့ကြောင်း၊ ထပ်ရောက်လာကြောင်းကို မသိရှာပေ။ ထို့ပြင် အဖေဖြစ်သူ ကွယ်လွန်သွားပြီ ဆိုသည်ကိုလည်း မသိသေးချေ။
"ကုန်းကုန်း အရင် ထပါဦး... ဘာကိစ္စရှိလဲဆိုတာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ"
လင်ဝမ်ယိက သူ အကူအညီတောင်းစရာ ရှိသေးသည်ဟု ခန့်မှန်းမိသဖြင့် ဤသို့ ပြောလိုက်ခြင်းပင်။ ချင်ကုန်းကုန်းကလည်း တကယ်ပင် ထိုရည်ရွယ်ချက် ရှိနေသဖြင့် လင်ဝမ်ယိကို ဦးညွှတ်ဂါရဝပြုကာ ပြောလိုက်လေသည်။
"ဒီအစေခံက သခင်မလေးကို ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခု ရှိပါတယ်... သခင်မလေး ခွင့်လွှတ်ပေးပါ"
ဖုံးကွယ်ထားတယ်...။ သူမ နန်းတွင်း ဝင်လာတာ လအနည်းငယ်သာ ရှိသေးသည်ကို ချင်အန်း က ဘာများ ဖုံးကွယ်စရာ ရှိနေပါသနည်း။ ထိုအချက်ကြောင့် လင်ဝမ်ယိ ပို၍ပင် နားမလည်နိုင် ဖြစ်သွားပြီး အံ့ဩစွာ မေးလိုက်တော့၏။