← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း(၂၁၂) အမှန်တရားများအား ပြောပြလာခြင်း

"ကုန်းကုန်း ပြောတဲ့ ကိစ္စက ဘာများလဲ"

"ရှောင်လုကျစ်က... ရှောင်လုကျစ်က ဒီအစေခံရဲ့ ညီအရင်းပါ"

"ဘာ"

ထိုစကားကို ကြားလိုက်ရသောအခါ လင်ဝမ်ယိလည်း အလွန် အံ့ဩသွားရလေသည်။ သူတို့နှစ်ယောက်ကို ညီအစ်ကိုလို မထင်ရဘဲ ချင်ကုန်းကုန်းက ရှောင်လုကျစ်ကို ညီလေး တစ်ယောက်လို ဂရုစိုက်ပေးနေသည်ဟုသာ သူမ ထင်မှတ်ထားခဲ့သည်။ ဤကဲ့သို့ အခြေအနေမျိုး ဖြစ်နေမည်ဟု လုံးဝ ထင်မထားခဲ့ပေ။

ဤကိစ္စ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေမည်ဟု သူမထင်ခဲ့သည်။ ချင်ကုန်းကုန်းက အတိတ်က အကြောင်းများကို ပြောပြလာတော့သည်။

"ဒီအစေခံတို့ မိသားစုက အရင်ကတည်းက ဆင်းရဲနွမ်းပါးခဲ့ပါတယ်... အဖေ့ကျန်းမာရေးကလည်း သိပ်မကောင်းတော့... အမေကပဲ အပြင်မှာ အလုပ်ကြမ်းလုပ်ပြီး တစ်မိသားစုလုံးကို ရှာကျွေးခဲ့ရတာ... ဒါပေမဲ့ ညီလေး မွေးတဲ့နှစ်မှာပဲ အဖေ့ရောဂါက ပိုဆိုးလာခဲ့တယ်... ဒါကြောင့် တခြားနည်းလမ်း မရှိတော့ဘဲ... အဖေ့ကို ဆေးကုပေးနိုင်ဖို့ ကျွန်တော်ကိုယ်တိုင် အလုပ် လုပ်ဖို့ထွက်လာခဲ့ပါတယ်... အဖေ ဆေးကုဖို့ ပိုက်ဆံရအောင်လို့ပါ"

"အစကတော့ အထက်တန်းစား အိမ်ကြီးရှင်တွေဆီမှာ အစေခံ သွားလုပ်ရမယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ အဲ့လိုမဟုတ်ခဲ့ဘဲ နန်းတော်ထဲကို အပို့ခံလိုက်ရပြီး... ဒီအစေခံရဲ့ မျှော်လင့်ချက်တွေ အကုန် ပျောက်ကွယ်သွားခဲ့ရတယ်"

"အိမ်က မိဘတွေ စိတ်ဆင်းရဲမှာ စိုးလို့ အဆက်အသွယ် ဖြတ်လိုက်တယ်... ဒီတစ်သက် မိသားစုနဲ့ ထပ်ပြီး ပတ်သက်ရဦးမယ်လို့ မထင်ခဲ့ဘူး... ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ"

ထိုစကားကို ပြောလိုက်ချိန်တွင် ချင်ကုန်းကုန်းမှာ အံကိုကြိတ်ထားလေသည်။ သူ၏ စကားကြောင့် လင်ဝမ်ယိပင် မျက်မှောင်ကြုတ်သွားရ၏။

မည်သို့သော အခြေအနေမျိုးကများ မိသားစု တစ်ခုလုံး အဆက်အသွယ်ပြတ်သွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကလေးကို နန်းတော်ထဲသို့ ပို့လိုက်ရပါသနည်း။ သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။

"မိန်းမစိုး အသစ်လေးတွေထဲမှာ ရှောင်လုကျစ်ကို ပါလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... သူ ရောက်လာတုန်းက အသက် ခြောက်နှစ်ပဲ ရှိသေးတယ်... ခြောက်နှစ်တဲ့လေ... သူ့ဘဝလည်း ဒီအစေခံလိုပဲ... နောက်ထပ် မျှော်လင့်ချက် မရှိတော့ဘူး"

ဤအခြေနေသို့ ရောက်သောအခါ အမြဲတမ်း တည်ငြိမ်စွာ နေတတ်သော ချင်ကုန်းကုန်းပင် မအောင့်နိုင်တော့ဘဲ မျက်ရည်များ စီးကျလာတော့သည်။ အဆက်အသွယ်ပြတ်သည် မပြတ်သည်ထက် သူ နားမလည်နိုင်သည်က မိမိ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို အဘယ်ကြောင့် ညီဖြစ်သူအား ထပ်မံ ခံစားစေရသနည်း ဆိုသည်ပင်။ မိဘများက သူတို့ကို ဤလောကတွင် ကျွန်အဖြစ် နေထိုင်စေရန်အတွက်သာ မွေးဖွားလာခဲ့သလား။

လင်ဝမ်ယိက ချင်အန်းကို စိုးရိမ်တကြီး ကြည့်လိုက်ရာ ချင်အန်းကလည်း သခင်မလေးရှေ့တွင် ဤသို့ ဝမ်းနည်းပူဆွေးနေခြင်းမှာ မသင့်တော်ကြောင်း သတိပြုမိသွားလေသည်။ ထို့ကြောင့် မျက်ရည်များကို သုတ်ကာ ပြောလိုက်၏။

"သခင်မလေး စိတ်မရှိပါနဲ့... ဒီအစေခံက တကယ်ကို... ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်သွားတယ်"

"ချင်ကုန်းကုန်း ရင်ထဲမှာ ခံစားနေရရင်... ရင်ဖွင့်လိုက်တာက ကောင်းပါတယ်"

ထိုသို့ပြောပြီးနောက် လင်ဝမ်ယိက ဆက်လက်၍ နှစ်သိမ့်ပေးလိုက်သည်။

"ရှောင်လုကျစ်က သနားစရာကောင်းပါတယ်... ဒါပေမဲ့ သူ ငါ့နန်းဆောင်ထဲမှာ ရှိနေသရွေ့... ငါ သူ့ကို ကာကွယ်ပေးမှာပါ... သူ အဲဒီ ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ မပါရအောင် ငါ သေချာ ဂရုစိုက်ပေးပါ့မယ်"

လင်ဝမ်ယိ လုပ်ပေးနိုင်သည်မှာ ဤမျှသာ ရှိလေသည်။ ရှောင်လုကျစ်က ချင်အန်း၏ ညီအရင်း မဟုတ်ဘဲ မိဘမဲ့ ကလေးတစ်ယောက်ဆိုလျှင်တောင်.သူသာ သူမအပေါ် သစ္စာရှိလျှင် သူမက သူတို့ကို သေချာပေါက် ကာကွယ်ပေးမည်သာ။ ရွေ့ယန်စံအိမ် ရှိ အစေခံများ အားလုံးကိုလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

ချင်အန်းက လင်ဝမ်ယိကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ ဤသည်မှာ သူ ရှောင်လုကျစ်ကို သည်နေရာသို့ မဖြစ်မနေ ပို့ဆောင်ခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်၏။ သူကိုယ်တိုင် နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားလာခဲ့ရာ မည်သို့သော အခြေအနေမျိုးကို မကြုံဖူးဘဲ နေမည်နည်း။ လူကောင်းလား လူဆိုးလား ဆိုသည်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် အလိုလို သိမြင်နိုင်ပေသည်။ ထို့ကြောင့် လင်ဝမ်ယိသည် အစကတည်းက သူ ရွေးချယ်ခဲ့သော သူဖြစ်ပြီး သူ၏ ဆုံးဖြတ်ချက်မှာ မမှားယွင်းကြောင်း အမှန်တကယ် သက်သေပြနိုင်ခဲ့လေပြီ။

ထို့ကြောင့် သူက လေးလေးနက်နက် ဦးညွှတ်ဂါရဝပြုလိုက်ပြီးနောက် အမုန်းတရားများ ရောယှက်နေသော လေသံဖြင့် ပြန်ပြောလိုက်သည်။

"သခင်မလေးရဲ့ ကူညီစောင့်ရှောက်မှုအတွက် ဒီအစေခံ အရမ်း ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ညီလေးနဲ့ အဖေ့အတွက် လက်စားမချေနိုင်သရွေ့... ဒီအစေခံရဲ့ ရင်ထဲမှာ တစ်နေ့မှ အေးချမ်းမှာ မဟုတ်ပါဘူး... ဒါကြောင့် သခင်မလေးဆီကနေ နောက်ထပ် အကူအညီတစ်ခု တောင်းချင်ပါတယ်... ကိစ္စတွေ အကုန် ပြီးသွားတဲ့အခါ... ဒီအစေခံက သခင်မလေးရဲ့ ကျေးကျွန်ဖြစ်ပေးပါ့မယ်... ဓားတောင်ကို တက်ရတက်ရ မီးပင်လယ်ကို ဖြတ်ရဖြတ်ရ... လုံးဝ နောက်ဆုတ်မှာ မဟုတ်ပါဘူး"

သူ၏ စကားများမှာ အလွန် လေးနက်တည်ကြည်နေသဖြင့် လင်ဝမ်ယိပင် သူ ဘာကြောင့် ဤမျှလောက် မုန်းတီးနေရသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်သွားရသည်။

"ရှင်က ရှောင်လုကျစ်ကို နန်းတော်ထဲ ရောင်းစားခဲ့တဲ့သူကို ဒုက္ခပေးချင်တာလား"

"ဟုတ်ပါတယ်"

"သူက ဘယ်သူလဲ"

"အဖေ့ရဲ့ နောက်မယား ချိုက်အမျိုးသမီးပါပဲ"

နောက်မယား ဟုတ်လား...။ ဒါဆို ချင်အန်း နှင့် ရှောင်လုကျစ်တို့၏ မိခင်ကရော...။ သေသွားပြီလား...။

လင်ဝမ်ယိ၏ မျက်ဝန်းထဲမှ နားမလည်နိုင်မှုများကို မြင်လိုက်ရသကဲ့သို့ ချင်အန်းက စိတ်ရှည်လက်ရှည်ဖြင့် ဆက်ပြောလာလေသည်။

"ညီလေး နန်းတော်ထဲ ရောက်လာပြီးနောက်... ဒီအစေခံလည်း လူလွှတ်ပြီး နေရာအနှံ့ စုံစမ်းကြည့်ခဲ့တယ်... ခြောက်လလောက် ကြာမှ အိမ်ရဲ့ သတင်းကို ရခဲ့တာ... တကယ်တော့ ဒီအစေခံ နန်းတွင်း ရောက်ပြီး နှစ်နှစ်အကြာမှာပဲ... အမေက အလုပ်ဒဏ်တွေကြောင့် ဆုံးသွားခဲ့တယ်... အဲ့ဒီနောက် အဖေနဲ့ ညီလေး တို့က အမေချန်ထားခဲ့တဲ့ စုဆောင်းငွေလေး နည်းနည်းနဲ့ပဲ ရပ်တည်နေခဲ့ရတာပါ"

"အမေ ဆုံးပြီး ခြောက်လအကြာမှာ... နယ်ကနေ စစ်ဘေးရှောင်လာတဲ့ ချိုက်အမျိုးသမီးက အဖေ့ကို မျက်စိကျသွားတယ်... သူက သားတစ်ယောက် သမီးတစ်ယောက် ပါ မုဆိုးမဆိုတော့ နေစရာ နေရာမရှိဖြစ်နေတာလေ... ဒါကြောင့် အပြင်လူတွေ ရှေ့မှာ သဘောကောင်းချင်ယောင်ဆောင်ပြီး... အဖေနဲ့ ညီလေးကို နေ့တိုင်း လာပြုစုပေးခဲ့တယ်... အဲဒီတော့မှ သူတို့ သားအမိ သုံးယောက် အိမ်ပေါ် ရောက်လာတာပါ"

လင်ဝမ်ယိလည်း အကြမ်းဖျင်း နားလည်လာလေသည်။ သို့သော် သူမက စကားဖြတ်မပြောဘဲ ချင်အန်းကို ဆက်ပြောစေသည်။

"အဲဒီ ချိုက်အမျိုးသမီးက မျက်နှာဖုံးချွတ်လိုက်ရင် မိစ္ဆာတစ်ကောင် ဖြစ်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ... အိမ်ပေါ်ရောက်ပြီး အမေချန်ထားခဲ့တဲ့ စုဆောင်းငွေတွေ ကုန်ခါနီးဖြစ်နေတာကို သိသွားတော့... သူ့ကလေးတွေကို ရှာကျွေးဖို့ ညီလေးကို နန်းတော်ထဲ လွှတ်ပြီး ရောင်းစားခဲ့တာပါ"

"ဒီအစေခံ လူလွှတ်ပြီး စုံစမ်းကြည့်ပြီးပါပြီ... အဲဒီ မိန်းမယုတ်က အစတုန်းက ညီလေးကို... နန်ဖုန်းအိမ်တော်ဆီကို ရောင်းစားခဲ့တာ... အဲဒီလိုလုပ်မှ ဈေးပိုရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လေ"

နန်ဖုန်းအိမ်တော် ဟုတ်လား...။ လင်ဝမ်ယိ အလွန် အံ့ဩသွားရတော့သည်။

ရှောင်လုကျစ်က ရုပ်ရည်သန့်စင်ပြီး နှုတ်ခမ်းနီနီ သွားဖြူဖြူလေးနှင့် အမှန်တကယ်ကို ချောမောလှပေသည်။ အကယ်၍ နန်ဖုန်းအိမ်တော် သို့သာ ရောက်သွားပါက ပြည့်တန်ဆာခေါင်း၏ ငွေတွင်းကြီး ဖြစ်သွားမည်မှာ အသေအချာပင်။

လူ့ကံကြမ္မာဆိုသည်မှာ တကယ်ကို အလှည့်အပြောင်း များလှပေသည်။ ရှောင်လုကျစ်၏ ကံကြမ္မာတွင် ကံဆိုးမှုများ ပါလာခဲ့ရာ နန်ဖုန်းအိမ်တော် မှ ရှောင်လွှဲနိုင်ခဲ့သော်လည်း နန်းတော်ထဲသို့ ရောက်လာခဲ့ရသည်။ ဤအခါတွင် လင်ဝမ်ယိ အနေဖြင့် သူ နန်ဖုန်းအိမ်တော် သို့ ရောက်သွားသည်က ကောင်းမည်လား၊၊ နန်းတွင်း ရောက်လာသည်က ပိုကောင်းမည်လား ဆိုသည်ကိုပင် မဝေခွဲနိုင်‌တော့ချေ။ သူ၏ ဆင်းရဲဒုက္ခများကို သိပြီး သက်ပြင်းချမိတော့သည်။

ချင်အန်းက လင်ဝမ်ယိ ဤသို့ ဖြစ်နေသည်မှာ ရှောင်လုကျစ်အတွက် ဝမ်းနည်းတသ ဖြစ်နေမှန်း သိသဖြင့် ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။

"အကုန်လုံးက အတိတ်က ကိစ္စတွေ ဖြစ်သွားပါပြီ... သခင်မလေးလည်း ဒီအစေခံတို့ရဲ့ နိမ့်ကျတဲ့ ဘဝတွေအတွက် စိတ်မကောင်းမဖြစ်ပါနဲ့... နန်းတွင်းဝင်ရတာ ဒုက္ခခံရတယ် ဆိုပေမဲ့... အနည်းဆုံးတော့ သခင်မလေးလို သခင်ကောင်း တစ်ယောက်နဲ့ တွေ့ရတာ... ရှောင်လုကျစ်ရဲ့ ကံကောင်းမှုပါပဲ"

မဟုတ်လျှင် အနည်းငယ်မျှ အမှားလုပ်မိသည်နှင့် အပြင်းအထန် ရိုက်နှက်ဆဲဆိုတတ်သူမျိုးနှင့် သွားတွေ့ပါက ရှောင်လုကျစ် ခမျာ ပို၍ပင် ဆင်းရဲဒုက္ခခံစားရမည်မှာ သေချာလှသည်။ ကောင်းကင်ဘုံက တကယ်ကို မျက်စိမပါလေသလား။ ကောင်းမွန်စွာ နေထိုင်နေသော မိသားစု တစ်စုမှာ ဆင်းရဲဒုက္ခများ၏ ဖိစီးမှုကြောင့် ဤကဲ့သို့ အခြေအနေမျိုးသို့ ရောက်သွားရချေပြီ။

ထိုချိုက်အမျိုးသမီးကတော့ ယခုအခါ ကလေးများနှင့်အတူ သူတို့ ချင်မိသားစု၏ အိမ်ကြီးကို သိမ်းပိုက်ထားလေသည်။ သူမက မည်သို့များ ထိုက်တန်ပါမည်နည်း။ ထို့ကြောင့် သူ၏ မျက်ဝန်းထဲတွင် ဒေါသမီးများ တောက်လောင်လာပြန်၏။ သူက ဆက်ပြောလိုက်သည်။

"ညီလေးကို ရောင်းရတဲ့ ပိုက်ဆံနဲ့... သူက ကလေးတွေကို ခေါ်ပြီး နှစ်အတော်ကြာအောင် ကောင်းကောင်းစား ကောင်းကောင်းသောက် နေခဲ့ကြတာ... အစပိုင်းကတော့ ဘေးပတ်ဝန်းကျင်က လူတွေ အထင်သေးမှာစိုးလို့ အဖေ့ကို နည်းနည်းပါးပါး ပြုစုပေးသေးတယ်... နောက်ပိုင်းကျတော့ လုံးဝ ပစ်ထားလိုက်တော့တာပဲ... သူက ဘယ်လိုပဲဖြစ်ဖြစ် မုဆိုးမ ဖြစ်ဖူးပြီးသားဆိုတော့ ထပ်ဖြစ်မှာကိုလည်း ဂရုမစိုက်ဘူးလေ... ဒီအစေခံရဲ့ အဖေ့ကို လူလိုတောင် သဘောမထားဘဲ သူ့ဘာသာ သေချင်သေ ရှင်ချင်ရှင် ပစ်ထားခဲ့တာ"

"ပြောရရင်တော့... ဒီအစေခံက နန်းတော်ထဲမှာ တက်တက်ကြွကြွရှိတယ် ဆိုပေမဲ့... နန်းတွင်းစည်းကမ်းတွေက တင်းကျပ်လွန်းတော့... အပြင်ဘက်ကို လွယ်လွယ်ကူကူနဲ့ သိပ်မဆက်သွယ်ရဲဘူး... အကယ်၍ ရှောင်လုကျစ်ရဲ့ အတိတ်ဇာတ်ကြောင်းတွေ ပေါ်သွားပြီး... ဒီအစေခံရဲ့ ရန်သူတွေက သူ့ကို ဒုက္ခပေးမှာ စိုးရိမ်လို့ပါ"

"ဒါကြောင့် ဒီနှစ်နှစ်အတွင်းမှာ... ဒီအစေခံက ဘေးအိမ်က လူတွေဆီကို အစားအသောက်လေးတွေ မကြာခဏ ပို့ပေးပြီး... အဖေ့ကို သေချာလေး ဂရုစိုက်ပေးဖို့ အကူအညီ တောင်းခဲ့ရတာပါ"

"ဒါပေမဲ့ အဖေက ဒီအခြေအနေထိ ရောက်သွားမယ်လို့ ထင်မထားခဲ့ဘူး"

ပြောရင်းဆိုရင်း ချင်အန်း၏ ရင်ထဲမှ နာကျင်မှုများ တစ်ဖန် ပြန်လည် ပေါ်လာပြန်သည်။ သူ အိမ်မှ ထွက်ခွာလာချိန်က အသက် ဆယ်နှစ်ပင် မပြည့်သေးချေ။ သူ၏ မှတ်ဉာဏ်ထဲရှိ ဖခင်မှာ အမြဲတမ်း အိပ်ရာထဲ လဲနေခဲ့သည်ပင်။

All Chapters