← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း(၂၁၃) ကလဲ့စား ချေခြင်း

ယခုဆိုလျှင် နှစ်ပေါင်းနှစ်ဆယ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ သူ ဘာမှ မတတ်နိုင်တော့ပေ။

ညီဖြစ်သူ နန်းတော်ထဲသို့ ရောင်းစားခံရချိန်က သူ အလွန် မုန်းတီးခဲ့ရ၏။

အဖေ၏ ရောဂါဝေဒနာက သူတို့ မိသားစုတစ်စုလုံးကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပြီး အမေမှာလည်း အလုပ်ဒဏ်ကြောင့် သေဆုံးခဲ့ရသလို သူနှင့် သူ၏ညီလေးမှာလည်း အနာဂတ် ပျောက်ဆုံးခဲ့ရသည်ကို နာကြည်းမိသည်။

စောစောစီးစီး သေဆုံးသွားပြီး ငရဲပြည်တွင် အမေ့အား တောင်းပန်ချင်စိတ်ပင် ပေါက်ခဲ့မိချေ၏။

ထို့ကြောင့် ဤနှစ်များအတွင်း သူသည် အိမ်နှင့် သိပ်ပြီး အဆက်အသွယ် မလုပ်ဘဲ နေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် အဖေ အသက်ငင်ကာ ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို ကြားသောအခါ ငယ်ဘဝ အမှတ်တရများစွာက သူ၏ ရင်ထဲတွင် တဖန် ပြန်လည် သတိရလာခဲ့တော့၏။

အကယ်၍ ရွေးချယ်ခွင့်သာ ရှိမည်ဆိုလျှင် အဖေကလည်း ဤကဲ့သို့ လေဖြတ်နေသည့် ဘဝမျိုးကို မည်သို့လျှင် လိုလားပါမည်နည်း။

မိမိကိုယ်တိုင်လည်း သေမလို ရှင်မလို ဖြစ်နေပြီး မိသားစုကိုပါ ဒုက္ခတွင်းထဲသို့ ဆွဲချသကဲ့သို့ ဖြစ်နေခဲ့သည်။

ရောဂါဝေဒနာ၏ နှိပ်စက်မှုကို ခံရလွန်းသဖြင့် သေဖို့ပင် သတ္တိမရှိတော့ပေ။

ဆီမီးခွက်ထဲမှ ဆီများ တဖြည်းဖြည်း ခန်းခြောက်သွားသကဲ့သို့ နေ့ရက်တိုင်းကို ဖြတ်သန်းနေရပြီး နောက်ဆုံး ဆီခန်း၍ မီးငြိမ်းသွားရသည်အထိပင် ဖြစ်သည်။

အဖေဖြစ်သူမှာလည်း ထိုကဲ့သို့ပင် ဖြစ်ခဲ့ရလေ၏။

"အဖေ မရှိတော့ဘူးဆိုတော့ နန်းတော်အပြင်ဘက်က ကိစ္စတွေက ကျွန်တော်တို့ ညီအစ်ကိုနဲ့ ဘာမှ မပတ်သက်တော့ပါဘူး… ဒါပေမဲ့ အဲဒီချိုက်အမျိုးသမီးကတော့ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရမှ ဖြစ်မယ်… သူက ဘာမလို့ အမေချန်ထားခဲ့တဲ့ စုဆောင်းငွေတွေကို အကုန်သုံးပစ်ရတာလဲ… သူက ဘာမလို့ ကျွန်တော့်ညီကို ရောင်းစားရတာလဲ… ဘာလို့များ အဖေ့အပေါ် ဒီလောက် ရက်စက်နိုင်ရတာလဲ"

သူ၏ ဆက်တိုက် မေးခွန်းထုတ်မှုများမှာ လင်ဝမ်ယိအား ပြန်လည် ဖြေကြားစေလိုခြင်း မဟုတ်ဘဲ နာကျင်ကြေကွဲမှုကြောင့် ထွက်ပေါ်လာသော အော်ဟစ်သံတစ်ရပ်သာ ဖြစ်ပေသည်။

အကယ်၍ ယခုအချိန်တွင် သူ၏ လက်ထဲ၌ ဓားတစ်လက်သာ ရှိနေပြီး လူသတ်ခြင်းသည် ဥပဒေနှင့် မငြိစွန်းဘူးဆိုလျှင် သူသည် ထိုချိုက်အမျိုးသမီးကို ချက်ချင်းပင် ဓားဖြင့် ထိုးသတ်ကာ သူ၏ညီနှင့် အဖေအတွက် လက်စားချေလိုက်မည်သာ ဖြစ်၏။

သို့သော် သူ ထိုသို့ လုပ်၍ မရပေ။

နန်းတော်ထဲမှ မိန်းမစိုးများသည် မည်မျှပင် တက်ကြွနေပါစေ နန်းတော်အပြင်ဘက်တွင်မူ မည်သည့် အခြေခံအင်အားမျှ မရှိကြချေ။

ချင်အန်းသည်လည်း အာဏာရှင် မိန်းမစိုးဆိုးကြီး တစ်ယောက် မဟုတ်သဖြင့် နန်းတွင်းအမတ်များနှင့် အဆက်အသွယ် ရှိမည် မဟုတ်သည်ချေ။

အကယ်၍ သူက လူသတ်သမား ငှားရမ်းချင်လျှင်ပင် ကြားပွဲစား ရှိမှသာ အဆင်ပြေမည် ဖြစ်သည်။

ထို့ကြောင့် စဉ်းစားကြည့်ပြီးနောက် သူသည် လင်ဝမ်ယိကိုသာ အားကိုးရန် ဆုံးဖြတ်လိုက်တော့၏။

သုန်မိသားစုသည် အပြင်ဘက်တွင် ရာထူးကြီးမားသူများ မဟုတ်သော်လည်း နယ်မှ ရောက်လာသော စိတ်ထားယုတ်မာသည့် မုဆိုးမတစ်ယောက်ကို ရင်ဆိုင်ရန်မှာ သိပ်ခက်ခဲမည့် ကိစ္စတော့ မဟုတ်နိုင်ပေ။

ထို့ကြောင့် ချင်အန်းက ထပ်မံ၍ ခေါင်းအကြိမ်ကြိမ် ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဒီအစေခံကို သခင်မလေး တစ်ခုလောက် ကူညီပေးပါ… အဲဒီချိုက်အမျိုးသမီးကို ရှင်းလင်းပေးပါ… ဒီအစေခံက သေတဲ့အထိ ကျေးဇူးဆပ်သွားပါ့မယ်… နောက်ဆိုရင် သခင်မလေး ခိုင်းတဲ့အတိုင်း အကုန်လုပ်ပါ့မယ်…"

သူ နန်းတွင်း ဝင်လာသည်မှာ ဤမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မည်သည့်ကိစ္စမျိုးတွင်မျှ မပါဝင်ခဲ့ဖူးချေ။

ပထမအချက်မှာ မောင်းမဆောင်တွင် အရှုပ်အရှင်းကင်းမှသာ အသက်ရှည်ရှည် နေနိုင်မည်ဖြစ်ပြီး ဒုတိယအချက်မှာ ကောင်းမွန်သော သခင်မျိုးကို ရှာမတွေ့ခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ လင်ဝမ်ယိအပေါ် ထားရှိသော သူ၏ ယုံကြည်မှုက သူ့ကို အန္တရာယ်ကြားမှ စွန့်စားရဲအောင် တွန်းအားပေးနေလေ၏။

ယနေ့ လင်ဝမ်ယိက ဤကိစ္စကို လက်မခံဘူးဆိုလျှင်တောင် လင်ဝမ်ယိက သူ့ကို သစ္စာဖောက်ပြီး ဤအကြောင်းကို အပြင်သို့ ထုတ်ပြောမည်ကို မဟုတ်သည်ကို သူယုံကြည်သည်။

လင်ဝမ်ယိတွင် ဤကဲ့သို့သော စိတ်ဓာတ်မျိုး မရှိပေ။

ဧကရာဇ် ယွီဝမ်ဟုန် ပင်လျှင် ရှောင်လွှဲ၍ မရနိုင်ခဲ့ရာ သူလို အစေခံတစ်ယောက်အတွက်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

လင်ဝမ်ယိက ထိုစကားများကို ကြားသောအခါ မတ်တပ်ရပ်၍ ချင်အန်းကို အသာအယာ တွဲထူလိုက်လေသည်။

ထို့နောက် လေးလေးနက်နက် ပြောလိုက်၏။

"ချင်ကုန်းကုန်း စိတ်ချပါ… ဒီကိစ္စကို ဘိုးဘိုးကို အကူအညီတောင်းပြီး လုပ်ခိုင်းလိုက်ပါ့မယ်… ဒါပေမဲ့ သုန်မိသားစုက ယင်းထျန်စီရင်စုတရားသူကြီး မဟုတ်ဘူးလေ… အဲ့လို အာဏာက သုန်မိသားစု လက်ထဲမှာ မရှိဘူး… ဒါပေမဲ့ လူဆိုးတွေ ခံရမယ့် ပြစ်ဒဏ်ကိုတော့ သေချာပေါက် ရှောင်လွှဲလို့ မရစေရဘူး… ကုန်းကုန်း ပြောသလို အဲဒီချိုက်အမျိုးသမီးက တကယ်ပဲ အဲဒီလောက် ရက်စက်တယ်ဆိုရင် သူ့ ဝဋ်လည်မှာ သေချာပေါက်ပါပဲ…"

လင်ဝမ်ယိက ချိုက်အမျိုးသမီးကို သတ်ပစ်မည်ဟု ချင်အန်းအား တစ်ထစ်ချ ကတိမပေးခဲ့ပေ။

ဤသည်မှာ သူမ၏ အမြဲတမ်း သတိထားတတ်သော အကျင့်ပင် ဖြစ်သည်။

ကိစ္စရပ်များကို အလုံးစုံ စုံစမ်းစစ်ဆေးမှု မပြုလုပ်ရသေးဘဲ မိမိသဘောဖြင့် ဆုံးဖြတ်ချက်ချကာ အသက်တစ်ချောင်းကို အဆုံးစီရင်လိုက်ခြင်းမှာ မသင့်တော်ချေ။

သို့သော် အရာအားလုံးကို သေချာ စုံစမ်းပြီးသွားပါက ဥပဒေအရ မည်သို့ အပြစ်ပေးရမည်ဆိုသည်ကို ဥပဒေအတိုင်းသာ ဆောင်ရွက်ရမည် ဖြစ်သည်။

ဤအချက်ကိုလည်း သူမက ချင်အန်းအား ရှင်းလင်းစွာ ပြောပြခဲ့လေ၏။

ချင်အန်းက ခေါင်းညိတ်လိုက်သည်။ မုန်းတီးသည်က တစ်ပိုင်းဖြစ်သော်လည်း သူက သုန်မိသားစုအား လူသတ်သမား ငှားရမ်းသူများဟူသော နာမည်ဆိုးကိုတော့ အလကားနေရင်း မရစေချင်ပေ။

ထို့ကြောင့် သူက လေးလေးနက်နက် ထပ်မံ ဦးညွှတ်လိုက်ပြီးမှ ထွက်ခွာသွားတော့သည်။

ထွက်သွားချိန်တွင် သူက ခေါင်းကို ငုံ့ထားခဲ့၏။

မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ၏ မျက်ဝန်းနီရဲနေသည်ကို အမြင်မခံခဲ့သလို လင်ဝမ်ယိအတွက်လည်း ပြဿနာ မဖြစ်စေချင်ပေ။

ရှောင်လုကျစ်ရောက်လာပြီး ရှေ့တိုးကာ သူ့ကို စကားအနည်းငယ် ပြောချင်သော်လည်း သူက လက်ပြကာ တားမြစ်လိုက်လေသည်။

ညီဖြစ်သူကို ဤကိစ္စများကို မသိစေချင်ဘဲ အေးချမ်းစွာ နေထိုင်သွားစေချင်သည်သာ။

အခြားသော ဆင်းရဲဒုက္ခများ အားလုံးကို အစ်ကိုဖြစ်သူ သူကသာ တာဝန်ယူ ခံစားသွားမည် ဖြစ်ပေသည်။

ရှောင်လုကျစ်က ခေါင်းကို ပွတ်ရင်း ဘာမှ မသင်္ကာဖြစ်မနေခဲ့ပေ။

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ချင်ကုန်းကုန်း ဒီရက်ပိုင်း စိတ်မကြည်ဘူး ဖြစ်နေတယ်… သူ့အနား သိပ်မကပ်တာ ကောင်းမယ်…"

သူသည် ချင်အန်း၏ ဘေးတွင် နေလာခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ရာ မည်သည့်အချိန်တွင် အနားကပ်၍ရပြီး မည်သည့်အချိန်တွင် ဝေးဝေးရှောင်ရမည်ကို အလိုလို သိရှိနေပြီ ဖြစ်သည်။

ထိုညက လင်ဝမ်ယိမှာ အတိတ်က အဖြစ်အပျက်များကို သိရှိပြီးနောက် အိပ်မပျော်နိုင် ဖြစ်နေရပြန်၏။

လောကကြီးရှိ ဆင်းရဲဒုက္ခများမှာ တစ်ခုထက်တစ်ခု ပို၍ ဆိုးရွားလှပေသည်။

အစကတော့ သူတို့ ပထမသခင်ကြီးသုန် မိသားစု ဖြတ်သန်းရသော ဘဝက ကျပ်တည်းနေပြီဟု ထင်ခဲ့မိသည်။

သို့သော် အောက်ခြေရှိ လူများနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် အနည်းဆုံးတော့ သူတို့မှာ စားဝတ်နေရေး ပူပန်စရာ မရှိဘဲ နွေးထွေးသော မိသားစုဝင်များ၏ အဖော်ပြုမှုလည်း ရှိနေသေးသည်။

ပြည်သူတွေကြားမှာတော့။

သားသမီးများကို ရောင်းစားရသည့် အခြေအနေများမှာ မကြာခဏ တွေ့နေရပြီး အချုပ်အားဖြင့် ပြောရလျှင် ဆင်းရဲနွမ်းပါးမှုကြောင့်သာ ဖြစ်ပေသည်။

မဟုတ်လျှင် မည်သူက မိမိ၏ သွေးသားအရင်းအချာများနှင့် ခွဲခွာလိုပါမည်နည်း။

ထိုအကြောင်းကို တွေးမိသောအခါ သူမ သက်ပြင်းချမိတော့သည်။

အပြင်ဘက်တွင် စောင့်နေသော ရှအန်းက ထိုအသံကို ကြားသောအခါ တိတ်တဆိတ် ဝင်လာခဲ့လေ၏။

မီးအိမ်မထွန်းဘဲ လရောင်အလင်းဖြင့် မေးလိုက်သည်။

"သခင်မလေး မအိပ်သေးဘူးလား"

"အင်း"

"စိတ်ထဲမှာ တစ်ခုခုများ ရှိနေလို့လား"

လင်ဝမ်ယိက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရှအန်းကို မေးလိုက်လေသည်။

"နင့်အိမ်က လူတွေ အားလုံး အဆင်ပြေကြရဲ့လား"

လင်ဝမ်ယိ၏ ရုတ်တရက် အမေးကြောင့် သူမ အနည်းငယ် ကြောင်သွားသော်လည်း အေးဆေးစွာပင် ပြန်ဖြေလိုက်၏။

"အဆင်ပြေပါတယ် အဆင်ပြေပါတယ်… ဟိုတစ်ခေါက် ဒုတိယသခင်မ နန်းတွင်း ဝင်လာတုန်းကတောင် ဒီအစေခံနဲ့ ချွမ်ချီကို အိမ်က ကိစ္စတွေ သက်သက် လာပြောပြသွားသေးတယ်… ဒီအစေခံတို့ကို စိတ်ချလက်ချနဲ့ သခင်မလေးကို ပြုစုဖို့ပဲ ပြောသွားတာပါ…"

ထိုသို့ပြောပြီးနောက် သူမဘာသာ ပြုံးလိုက်လေသည်။

"ပြောရရင် ဒီအစေခံက တကယ် ကံကောင်းတာပါ… အရင်တုန်းက သုန်မိသားစုရဲ့ အစေခံဖြစ်ခဲ့ရပြီး အခုတော့ သခင်မလေး ဘေးမှာ ပြုစုခွင့် ရလာတာဆိုတော့ အစွမ်းကုန် ကြိုးစားပေးရမှာပေါ့…"

လင်ဝမ်ယိ အလွန် ဝမ်းသာကြည်နူးသွားရသော်လည်း မည်သူကများ မွေးကတည်းက အစေခံ ဖြစ်ချင်မည်နည်းဟု သူမ တွေးမိလိုက်သည်။

သို့သော် ယခုအချိန်တွင် သူမ၌ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် နည်းလမ်း မရှိသေးသဖြင့် သူတို့အပေါ် တတ်နိုင်သမျှ ပို၍ ကောင်းမွန်အောင် ဆက်ဆံပေးရန်သာ တတ်နိုင်တော့သည်။

ထိုသို့တွေးမိပြီး သူမက ပြောလိုက်လေ၏။

"နင်လည်း အမြန်သွားနားတော့… ငါလည်း အိပ်တော့မယ်… မနက်ဖြန် ရှင်းစရာ ကိစ္စတွေ ရှိသေးတယ်…"

"အင်း ဒီအစေခံ အရင် ထွက်သွားပါ့မယ်"

ရှအန်း အိပ်ပျော်သွားသည်ကို မြင်ပြီးနောက် လင်ဝမ်ယိမှာ မည်မျှပင် အိပ်မပျော်ဖြစ်နေပါစေ အသံမထွက်တော့ဘဲ နေလိုက်သည်။

တစ်ညတာ ကုန်လွန်၍ မိုးလင်းသွားခဲ့ပြီ။

နေ့သစ်တစ်နေ့ စတင်နေပြီဖြစ်သည်။

သုန်သခင်ကြီးသည် လင်ဝမ်ယိ၏ စာကို ရရှိပြီးနောက် မျက်မှောင်ကြုတ်သွားလေ၏။

အိမ်ရှိ အခြားသူများနှင့် နှိုင်းယှဉ်လျှင် သူသည် ပြည်သူများ၏ ဆင်းရဲဒုက္ခများကို ပိုမို တွေ့ကြုံဖူးသူ ဖြစ်သည်။

ထို့ကြောင့် ချင်မိသားစု၏ နောက်မယားက ကလေးကို ရောင်းစားသည့် ကိစ္စနှင့် ပတ်သက်၍ လွန်သည်ဟု မထင်ပေ။

မိဘအရင်းများပင် အကြပ်အတည်းနှင့် ကြုံလာရသောအခါ ဤသို့သော လုပ်ရပ်များကို လုပ်တတ်ကြသေးရာ အခြားသူများကိုဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

သို့သော် ဤချိုက်အမျိုးသမီးကဲ့သို့ ရက်စက်သူမျိုးမှာ ရှားလှသည်။

ထို့ကြောင့် သူက ပြောလိုက်လေသည်။

"ပထမသခင်ကြီးသုန် မင်း လူလွှတ်ပြီး အဲဒီချိုက်အမျိုးသမီးကို သေချာ စောင့်ကြည့်ခိုင်းထား ချင်းအန်းရဲ့ အဖေ သင်္ဂြိုဟ်ပြီးတဲ့နောက် သူက တခြားလူတွေနဲ့ အဆက်အသွယ် ရှိမရှိ သေချာ ကြည့်ထားပါ"

"ဟုတ်ကဲ့ပါ"

ချိုက်အမျိုးသမီး၏ စရိုက်အရ ချင်မိသားစုထံမှ အခန်းသုံးခန်း ရလိုက်ရုံနှင့် သူတို့ သားအမိ သုံးယောက်အတွက် လုံလောက်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အိမ်က ကျဉ်းကျဉ်းလေးသာဖြစ်ပြီး ရောင်းစား၍ပင် မရနိုင်ဘဲ။

ထိုသို့ဆိုလျှင် သူတို့ သားအမိ သုံးယောက်က မည်သည့်နေရာသို့ သွားကြမည်နည်း။

ထို့ကြောင့် အဖြစ်နိုင်ဆုံးမှာ သူမသည် ချင်အန်း၏ အဖေကဲ့သို့သော နောက်ထပ် လူတစ်ယောက်ကို ပစ်မှတ်ထားလာနိုင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် သုန်မိသားစုက သူမကို သေချာ စောင့်ကြည့်နေပါက သူမ၏ အားနည်းချက်ကို ရှာတွေ့နိုင်လိမ့်မည်ပင်။

ထိုအချိန်ရောက်လျှင် ပြစ်မှုများအားလုံးကို ပေါင်း၍ အပြစ်ပေးလိုက်ပါက ဤချိုက်အမျိုးသမီး အလွတ်ရုန်းထွက်နိုင်ရန်ဆိုသည်မှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဘေးတွင် နားထောင်နေသော ဒုတိယသခင်ကြီးသုန်ကလည်း မှန်ကန်သည်ဟု တွေးလိုက်လေ၏။

All Chapters