← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း(၂၁၅) ထိုက်ဆန်းတောင်မှ ထူးဆန်းသော မြင်ကွင်း

ထိုစကားကြောင့် ချင်လျိုမှာ ပြောစရာ ပျောက်သွားပြီး ပါးစပ်ပိတ်ကာ ဆက်လက်ပြုစုနေရတော့၏။

လင်ကွေ့ဖေး အဝတ်အစားကို မြန်မြန်လဲပြီးပါက အရှင်မင်းကြီးရှေ့တွင် မျက်နှာသွားလုပ်ရန် ပို၍ မြန်ဆန်ပေမည်။

သူမတို့နှစ်ယောက် ပြင်ဆင်ပြီးသည့်အချိန်တွင်တော့ အရှင်မင်းကြီး ရှိရာ ခြံဝင်းထဲသို့ လူများ မရှိကြတော့ချေ။

"မယ်မယ် နောက်ကျသွားတယ်… အရှင်မင်းကြီး အခုလေးတင် အပြင်ထွက်သွားတာ"

"ဘာ အရှင်မင်းကြီး အခုမှ သတိရတာကို နင်တို့က အပြင်ပေးထွက်လိုက်တယ်ပေါ့… အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်သာ တစ်ခုခုဖြစ်သွားရင် ဒီအရှင်မက နင်တို့ကို အသေသတ်ပစ်မယ်…"

ယခုအချိန်တွင်မူ သူမက ကွေ့ဖေးတစ်ယောက်၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ပြနေပြီး အရှင်မင်းကြီးအပေါ် စိုးရိမ်ပူပန်နေမှုများကိုလည်း ဖုံးကွယ်မထားခဲ့ပေ။

မိန်းမစိုးလေးမှာ အရှင်မင်းကြီးရှေ့တော်မှောက်သို့ ရောက်လာသည်မှာ မကြာသေးသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို မည်သို့လျှင် မြင်ဖူးပါမည်နည်း။ သူသည် တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး အသံတစ်သံမျှပင် ထပ်မထွက်ရဲတော့ချေ။

သူက ဤမျှ နှိမ့်ချကြောက်ရွံ့နေသည်ကို မြင်သောအခါ လင်ကွေ့ဖေးမှာလည်း အနည်းငယ် နေရခက်သွားသည်။ ထို့ကြောင့် မျက်နှာထား တင်းတင်းဖြင့် မေးလိုက်လေသည်။

"အရှင်မင်းကြီး ဘယ်ဘက်ကို ထွက်သွားတာလဲ"

"ဒီအစေခံ…ဒီအစေခံ မသိပါဘူး ဒါပေမဲ့ သုန်ကုန်းကုန်းနဲ့ စတုတ္ထမင်းသားတို့ရော လိုက်သွားကြတယ်ဆိုတော့ သိပ်ဝေးဝေးတော့ သွားမှာမဟုတ်လောက်ပါဘူး"

"ဟွန့် အသုံးမကျတဲ့ကောင်"

ထိုသို့ပြောပြီးနောက် သူမသည် ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာပြီး အရှင်မင်းကြီး သွားနိုင်လောက်မည့် နေရာများဆီသို့ ဦးတည်သွားလိုက်၏။ မူလနေရာတွင် မိန်းမစိုးလေး တစ်ယောက်သာ ဒူးထောက်ကျန်ရစ်ခဲ့ပြီး နဖူးမှ ချွေးများကို သုတ်လိုက်ရရှာသည်။

အရှင်မင်းကြီးရှေ့တွင် ခစားရသည့် အလုပ်က တကယ်ကို လွယ်ကူလှသည် မဟုတ်ပေ။

ထိုအကြောင်းကို တွေးမိရင်း သူက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကာ မတ်တပ်ရပ်ပြီး မိမိ လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်နေတော့၏။

အရှင်မင်းကြီးမှာ အဖျားကျသွားပြီးနောက် ခံတွင်းမပျက်တော့ချေ။ တစ်ဝကြီး စားသောက်ပြီးနောက်တွင်တော့ ခွန်အားအများစု ပြန်လည် ပြည့်ဝလာခဲ့လေပြီ။ အပြင်သို့ ထွက်လာရခြင်းမှာလည်း စတုတ္ထမင်းသား၏ သတိပေးစကားကြောင့်ပင် ဖြစ်သည်။

သူတို့ ယခုရောက်နေသော နေရာမှာ ထိုက်ဆန်းတောင် နှင့် သိပ်မဝေးတော့ဘဲ ထိုထူးဆန်းသည့် မြင်ကွင်း ဆိုသည်ကိုလည်း ခပ်ရေးရေး မြင်တွေ့နေရပြီ ဖြစ်၏။

အရှင်မင်းကြီးက ဤနေရာအထိ လာခဲ့ရခြင်းမှာ ဤ ထူးဆန်သော မြင်ကွင်း အတွက်သာ ဖြစ်ပြီး ခရီးပန်းမည်ကို မစိုးရိမ်ပေ။ ထို့ကြောင့် ယခုအချိန်တွင် မထိန်းချုပ်နိုင်တော့ချေ။

ထိုက်ဆန်းတောင် ဆိုသည်မှာ ပုံမှန်အားဖြင့် တာ့ဝေ့ပြည် တော်ဝင်မိသားစု၏ နတ်ပူဇော်ပွဲများ ကျင်းပရာ နေရာ ဖြစ်၏။ သုံးနှစ်လျှင် တစ်ကြိမ် ခမ်းနားကြီးကျယ်သော နတ်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပလေ့ရှိသည်။ ပထမအချက်မှာ တာ့ဝေ့ပြည် ၏ တောင့်တင်းခိုင်မာသော နိုင်ငံတော်အင်အားကို ပြသရန် ဖြစ်ပြီး ဒုတိယအချက်မှာ လက်ရှိ အရှင်မင်းကြီး အနေဖြင့် မိမိ၏ စွမ်းဆောင်ရည်များကို ဖော်ပြရန်ပင် ဖြစ်ပေသည်။

ထို့ကြောင့် မည်သည့်ခေတ်က တာ့ဝေ့ပြည် ဧကရာဇ်မဆို ဤကိစ္စကို အထူးတလည် ပြင်ဆင်တတ်ကြသည်။

ထိုက်ဆန်းတောင် ၏ အထွတ်အထိပ်တွင် ထိုက်ကျူဧကရာဇ် ချန်ရစ်ခဲ့သော ကြေးနီဖလားကြီး တစ်ခု ရှိပြီး နတ်ပူဇော်ပွဲတိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လေ့ရှိ၏။ ကျန်းမင်းသား ပြောခဲ့သော ထူးဆန်းသော မြင်ကွင်း ဆိုသည်မှာ ထိုက်ဆန်းတောင် တစ်ဝိုက်တွင် ရစ်သိုင်းနေပြီး ထိုကြေးနီဖလားကြီး ဘေးပတ်လည်မှ ဖြာထွက်နေသော ရောင်စုံတိမ်တိုက် များကြောင့်ပင် ဖြစ်ပေသည်။

ဤကဲ့သို့သော အရာမျိုး ယခင်က တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။ ကောင်းကင်ဘုံက ချီးမြှင့်လိုက်သော ဆုလာဘ်တစ်ခုဟု ဆိုလျှင်လည်း မမှားနိုင်ပေ။

အမြင့်ပိုင်း တစ်နေရာတွင် ရပ်ကာ ထိုက်ဆန်းတောင် ကို အဝေးမှ လှမ်းကြည့်လိုက်ကြသည်။ တကယ်ပင် မူလက တိမ်မြူများ ဖုံးလွှမ်းနေသင့်သော တောင်တန်းကြီးမှာ ယခုအချိန်တွင် အလွန် ရှင်းလင်းပြတ်သားစွာ ပေါ်လွင်နေလေ၏။ တောင်ပေါ်မှ ထွက်ပေါ်နေသော အလင်းရောင်များက လူတိုင်း၏ မျက်စိထဲသို့ ဝင်ရောက်လာတော့သည်။

အရှင်မင်းကြီး စိတ်မလှုပ်ရှားဘူး ဆိုလျှင် လုံးဝ လိမ်ညာရာ ကျပေလိမ့်မည်။ သူ နန်းတက်လာသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ရှိပြီဖြစ်ပြီး ယခုအချိန်က အားအင်အပြည့်ဝဆုံး အချိန်လည်း ဖြစ်၏။ ယခုကဲ့သို့ ထူးဆန်းသော မြင်ကွင်းမျိုး ပေါ်ထွက်လာခြင်းက သူသည် ခေတ်တစ်ခေတ်၏ အမြော်အမြင်ရှိသော မင်းကောင်းမင်းမြတ် တစ်ပါးဖြစ်ကြောင်း တစ်လောကလုံးကို ပြောပြနေခြင်း မဟုတ်လား။

ထို့ကြောင့် မျက်နှာပေါ်တွင် မပေါ်လွင်သော်ငြား မျက်ဝန်းထဲမှ တက်ကြွနေသော အရိပ်အယောင်များကတော့ ဖုံးဖိ၍မရအောင် ထွက်ပေါ်နေလေသည်။

ဘေးနားရှိ သုန်ယွီကျုံး က အံ့ဩဝမ်းသာစွာဖြင့် ချက်ချင်း ပြောလိုက်လေ၏။

"အရှင်မင်းကြီးရဲ့ ကြီးမြတ်တဲ့ စွမ်းဆောင်ရည်တွေကို ကောင်းကင်ဘုံကပါ သိသွားလို့ အခုလို ကောင်းမြတ်တဲ့ နိမိတ်လက္ခဏာတွေ ပေါ်လာတာပါ… ဒီအစေခံ အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ် ဝမ်းမြောက်ပါတယ် ကောင်းကင်ဘုံက ကျွန်တော်တို့ တာ့ဝေ့ပြည် ကို ကမ္ဘာတည်သရွေ့ အေးချမ်းသာယာအောင် သေချာပေါက် စောင့်ရှောက်ပေးမှာပါ"

"မင်းကတော့ စကားတတ်သားပဲ နန်းတော်ပြန်ရောက်ရင် ဆက်သထားတဲ့ ကျောက်စိမ်းဖြူ နှာဆေးဘူးကို မင်းကို ဆုချမယ်"

"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို အထူးတင်ရှိပါတယ်"

သုန်ယွီကျုံး မှာ ဝမ်းသာလွန်း၍ ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းနိုင်တော့ချေ။ သူ၏ ပျော်ရွှင်နေသော အမူအရာက အခြားတစ်ဖက်ရှိ စတုတ္ထမင်းသား ကိုပါ ကူးစက်သွားစေသည်။ ဤကဲ့သို့သော မြင်ကွင်းများအတွက်မူ သူက အနည်းငယ် ပို၍ တည်ငြိမ်နေနိုင်ပေ၏။

မည်သို့ပင်ဖြစ်စေ သူ၏ အမြင်တွင်တော့ ဤကောင်းမြတ်သော နိမိတ်များ ရှိနေသည်က ကောင်းမွန်သော်လည်း နိုင်ငံတော်ကို ကာကွယ်ရန်မှာ ခွန်အားကြီးမားသော စစ်သူကြီးများနှင့် အမြော်အမြင်ရှိသော စာပေအမတ်များ လိုအပ်နေဆဲပင် ဖြစ်သည်။ မဟုတ်လျှင် နောက်ထပ် နိမိတ်ကောင်း ရာပေါင်းများစွာ ပေါ်လာပါစေ အားလုံးက အတုအယောင်များသာ ဖြစ်သွားပေလိမ့်မည်။

သို့သော် ယခုအချိန်တွင်တော့ သူက စိတ်အနှောင့်အယှက်ဖြစ်စေမည့် စကားမျိုးကို ဝင်ပြောမည် မဟုတ်ချေ။

အရှင်မင်းကြီးက လက်နောက်ပစ်ကာ ထိုနေရာတွင် ရပ်နေပြီး သူ၏ တစ်ကိုယ်လုံးမှ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများ အပြည့်အဝ ထွက်ပေါ်နေလေသည်။ လင်ကွေ့ဖေး အဝေးမှ လျှောက်လာစဉ် ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူမ၏ စိတ်လှုပ်ရှားမှုများ ဖြစ်သွားခဲ့ရသည်။

"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ် အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

"ထလိုက်တော့"

ရင်ထဲရှိ ခံစားချက်များ ရုတ်တရက် အနှောင့်အယှက်ပေးခံလိုက်ရသဖြင့် အရှင်မင်းကြီးမှာ မနှစ်မြို့ဖြစ်သွားရ၏။ သို့သော် ရောက်လာသူမှာ လင်ကွေ့ဖေး ဖြစ်နေပြီး ဤနှစ်ရက်အတွင်း သူ သတိမလည်တလည် ဖြစ်နေချိန်တွင် သူမ၏ ဂရုတစိုက် ပြုစုပေးမှုများကို တွေးမိကာ လူအများရှေ့တွင် သူမအား ငေါက်ငမ်းရန်လည်း မသင့်တော်ဟု တွေးလိုက်ရသည်။

ထို့ကြောင့် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်ရတော့၏။

သနားစရာ လင်ကွေ့ဖေး မှာမူ အရှင်မင်းကြီး၏ မျက်ဝန်းထဲမှ စိတ်မရှည်မှု အရိပ်အယောင်များကို မမြင်ဘဲ ထပ်ပြောလိုက်လေသည်။

"အရှင်မင်းကြီး အခုလေးတင်မှ သတိရလာတာ ခန္ဓာကိုယ်က အားနည်းနေတုန်းပဲ ရှိဦးမှာ… စောစောလေး ပြန်နားလိုက်ပါ ကျွန်တော်မျိုးမ ပြုစုပေးပါ့မယ်…"

သုန်ယွီကျုံး က မျက်လွှာချကာ ဘာမှမသိချင်ယောင်ဆောင်နေသော်လည်း မျက်မှောင်အနည်းငယ် ကြုတ်နေမိသည်။

ဤကဲ့သို့ ဂရုစိုက်သော စကားမျိုးက သဘာဝကျသော်လည်း ဘယ်သူ့ကို ပြောတာလဲ ဘယ်နေရာမှာ ပြောတာလဲ ဆိုသည်ကိုတော့ ခွဲခြားသိမြင်ရမည် မဟုတ်လား။ ဤမျှ ကောင်းမွန်နေသော အချိန်အခါလေးကို သူမ၏ စကားနှစ်ခွန်း သုံးခွန်းဖြင့် အရာရာ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားရချေပြီ။

ကွေ့ဖေးမယ်မယ် က အရင်တုန်းက ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်ပါလျက်နဲ့ ဘာလို့များ ဒီရက်ပိုင်း အမြဲတမ်း အသုံးမဝင်တဲ့ ကိစ္စတွေချည်း လုပ်နေရတာလဲ။

သူမ၏ စကားကို ကြားလိုက်ရချိန်တွင် အရှင်မင်းကြီးမှာ မကျေနပ်မှုများက ဖြစ်ပေါ်လာလေပြီ။ လွန်ခဲ့သော တစ်စက္ကန့်ကမှ သူ၏ စွမ်းဆောင်ရည်များကို ကောင်းကင်ဘုံက ချစ်ခင်နှစ်သက်သဖြင့် စိတ်လှုပ်ရှားနေခဲ့ရသော်လည်း နောက်တစ်စက္ကန့်တွင်တော့ လင်ကွေ့ဖေး ၏ ပါးစပ်မှ အင်မတန် အားနည်းနေသော လူမမာ တစ်ယောက် ဖြစ်သွားခဲ့ရပြီ။

မည်သူ ကြားလျှင် သက်တောင့်သက်သာ ရှိပါမည်နည်း။

လင်ကွေ့ဖေး ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး အံ့ကြိတ်ကာ ဘာမှ ပြန်မပြောတော့ဘဲ ထိုနေရာမှ ထွက်ခွာသွားလေတော့၏။

လင်ကွေ့ဖေး မှာ သူမ လျစ်လျူရှုခံလိုက်ရသည်ကို မြင်သောအခါ မျက်နှာထား ပျက်ယွင်းသွားရသည်။ သို့သော် တစ်ဖက်လူက မည်မျှပင် အေးစက်နေပါစေ မိမိဘက်က အတင်း ကပ်ဖားရမည်သာ ဖြစ်ပေသည်။ မဟုတ်လျှင် ဤမျှ ကောင်းမွန်သော အခွင့်အရေးကြီးကို လက်လွတ်သွားပါက မည်သည့်အချိန်မှ အခြေအနေ ပြန်လည် ကောင်းမွန်လာမည်ကို မသိနိုင်တော့ပေ။

ထို့ကြောင့် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ကွေ့ဖေးတစ်ယောက်၏ ကျက်သရေရှိသော အမူအရာဖြင့် အရှင်မင်းကြီး၏ ခြေလှမ်းများနောက်သို့ အတူ လိုက်ပါသွားလေတော့သည်။ အနောက်မှ လိုက်ပါလာကြသော သုန်ယွီကျုံး နှင့် စတုတ္ထမင်းသား တို့ကလည်း ဘာမှ အပို မပြောခဲ့ကြပေ။

သို့သော် ကိုယ်ရံတော် အဖြစ် တာဝန်ယူထားသော လင်ရှင်းကျစ် ကတော့ မထွက်ခွာမီ ထို ကောင်းမြတ်သော နိမိတ်အလင်းရောင် ဆိုသည်ကို တစ်ချက် ထပ်ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ သူ၏ ဘေးနားရှိ ကျန်းဟွမ့်ချင်း ကလည်း လင်ရှင်းကျစ် ၏ အမူအရာကို မြင်သွားသည်။ သို့သော် အရှင်မင်းကြီးရှေ့တွင် ခစားနေရသဖြင့် အလွယ်တကူ ထုတ်မပြောရဲခြင်းသာ ဖြစ်သည်။

ထို့ကြောင့် စိတ်ထဲတွင်သာ မြိုသိပ်ထားလိုက်တော့၏။

အရှင်မင်းကြီး၏ ခန္ဓာကိုယ်မှာ ပြဿနာ မရှိတော့သဖြင့် ထိုက်ဆန်းတောင် သို့ ခရီးဆက်ရန်သာ အဓိက ဖြစ်တော့၏။ နန်းတော်မှ ထွက်လာသည်မှာ နှစ်လနီးပါး ရှိနေပြီဖြစ်ပြီး ဆယ်လပိုင်း အစ၌ ထိုက်ဆန်းတောင် အောက်ရှိ နွေရာသီအပန်းဖြေနန်းတော် သို့ ရောက်ရှိ အခြေချနိုင်ခဲ့ကြလေပြီ။

ဤနေရာတွင် နွေရာသီအပန်းဖြေနန်းတော် ကို တည်ဆောက်ထားခြင်းမှာ နတ်ပူဇော်ပွဲ ကျင်းပချိန်တွင် တော်ဝင်မိသားစုများ အသုံးပြုရန်အတွက်ပင် ဖြစ်၏။ ထို့ကြောင့် ခမ်းနားကြီးကျယ်ပြီး တော်ဝင်မိသားစု၏ အရှိန်အဝါကိုလည်း မပျောက်ကွယ်စေခဲ့ပေ။

ဤနေရာသို့ ရောက်သောအခါ လူတိုင်း ခေတ္တမျှ စိတ်အေးလက်အေး အနားယူနိုင်ကြပြီ ဖြစ်သည်။

ဒေသခံ အရာရှိများက ဤနေရာတွင် စောစောစီးစီး လာရောက် စောင့်ဆိုင်းနေကြလေ၏။ ဝေါယာဉ်များ ရောက်လာသည်ကို မြင်သောအခါ အားလုံး တပြိုင်နက် ဒူးထောက်ချလိုက်ကြပြီး အသက်တော် ရာကျော်ရှည်ပါစေဟု အော်ဟစ် ဆုတောင်းလိုက်ကြသည်။ သူတို့၏ သစ္စာရှိလှသော အမူအရာများကြောင့် စတုတ္ထမင်းသား ပင် မျက်ခုံးပင့်ကာ ကြည့်လိုက်မိပြီး တာ့ဝေ့ပြည် ၏ သစ္စာရှိ အစေခံများ ပါဟု တွေးလိုက်မိတော့သည်။

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

"အမတ်မင်းတို့ ထကြပါ"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

ဦးဆောင်လာသူမှာ ယခုတစ်ကြိမ် ထိုက်ဆန်းတောင် နတ်ပူဇော်ပွဲကို တာဝန်ယူရသော အခမ်းအနားမှူး ချင်ဟွိုင် ပင် ဖြစ်လေသည်။ အသက် ငါးဆယ်နီးပါး ရှိနေပြီဖြစ်ပြီး လူက ပိန်ပါးရုံသာမက ဤနေရာတွင် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုနေရသောကြောင့် သူ၏ ခန္ဓာကိုယ်တွင် နတ်စင်ရစေ့ကဲ့သို့ အငွေ့အသက်များပင် အနည်းငယ် ပိုနေသယောင် ရှိပေသည်။

သူက ချက်ချင်းပင် လျှောက်တင်လိုက်၏။

"အရှင်မင်းကြီး နတ်ပူဇော်ပွဲ အခမ်းအနားအတွက် အားလုံး ပြင်ဆင်ပြီးပါပြီ… ကျင်းပမဲ့ရက်ကို နောက်အပတ်လို့ သတ်မှတ်ထားပါတယ်… ဒီရက်ပိုင်းအတွင်း အရှင်မင်းကြီး အနေနဲ့ နေ့တိုင်း ရေချိုးသန့်စင်ပြီး သက်သတ်လွတ် စားသုံးပေးဖို့ တောင်းဆိုပါတယ်…"

"အင်း ကိုယ်တော် နားလည်ပြီ"

All Chapters