အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း(၂၁၆) အတုအယောင် ဖန်းတီးထားခြင်း
ဤစည်းကမ်းမှာ ဘိုးဘေးများ ချမှတ်ထားခဲ့ခြင်း ဖြစ်သဖြင့် အရှင်မင်းကြီးလည်း မငြင်းဆန်ခဲ့ချေ။
ရေချိုးသန့်စင်ပြီး သက်သတ်လွတ် စားသုံးခြင်းက သူ့အတွက်တော့ ခံနိုင်ရည်မရှိလောက်အောင် ခက်ခဲသော ကိစ္စ မဟုတ်ပေ။ ဤအခွင့်အရေးကို အသုံးချကာ သူလည်း ရက်အနည်းငယ်ခန့် စိတ်အေးလက်အေး အနားယူနိုင်မည် ဖြစ်၏။ ပို၍ ကောင်းသည်မှာ စကားများလွန်းသော လင်ကွေ့ဖေး ကို ရှောင်ရှားနိုင်ခြင်းပင် ဖြစ်သည်။
အခမ်းအနားမှူး ချင်ဟွိုင် ၏ လမ်းပြမှုဖြင့် အရှင်မင်းကြီးက အနားယူရန် ပင်မနန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် ထွက်သွားလေတော့သည်။ အရှင်မင်းကြီး၏ လုံခြုံရေးကို တာဝန်ယူထားရသော စတုတ္ထမင်းသား နှင့် ကိုယ်ရံတော် တစ်စုကလည်း အနောက်မှ လိုက်ပါသွားကြသည်။
ကျန်းမင်းသား နှင့် လင်ကွေ့ဖေး တို့သာ ကျန်ရစ်ခဲ့ပြီး အခြားခြံဝင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။
ဤနေရာရှိ ခြံဝင်းကို လင်ကွေ့ဖေး ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်သွားပြီးနောက်ပိုင်း အရှင်မင်းကြီးနှင့်အတူ ထိုက်ဆန်းတောင် သို့ နတ်ပူဇော်ရန် အတူလာခွင့်ရဖို့ သူမ မရေမတွက်နိုင်အောင် စိတ်ကူးယဉ် မျှော်လင့်ခဲ့ဖူးသည်။ ဤသို့ဆိုလျှင် သူမ၏ အနာဂတ် မိဖုရားခေါင်ကြီး နေရာမှာ ပို၍ ခိုင်မာသွားမည် မဟုတ်လား။
ဝမ်းနည်းစရာမှာ ဤတစ်ကြိမ်မှာ လာခွင့်ရခဲ့သော်လည်း နေထိုင်ရသည်မှာ မိဖုရားခေါင်ကြီး နေထိုင်ရမည့် နန်းဆောင် မဟုတ်ခဲ့ချေ။ ထို့ကြောင့် ရေချိုးသန့်စင်ခြင်း သက်သတ်လွတ်စားခြင်း စသည်တို့ကို သူမ လိုက်နာရန် မလိုအပ်ပေ။
ကျန်းမင်းသား က သူမ၏ မပျော်ရွှင်သော အမူအရာကို ကြည့်ရင်း ဘေးလူများကို ရှောင်ထွက်သွားစေပြီးမှ ပြောလိုက်လေ၏။
"မယ်မယ် စိတ်မလောပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် အရှင်မင်းကြီးနဲ့အတူ လိုက်ပါခွင့်ရတာ မယ်မယ် တစ်ယောက်တည်းပဲလေ… ဒါက အကြီးမားဆုံး အခွင့်အရေးပါပဲ…"
"ဒါပေမဲ့ အရှင်မင်းကြီးက ငါ့အပေါ် အရင်ကလို မဟုတ်တော့ဘူး… ဘိုးဘိုးမသိလို့ပါ ဒီတစ်ခေါက် ခရီးထွက်လာတာ နှစ်လနီးပါး ရှိနေပြီ… အရှင်မင်းကြီးက ငါ့ကို အနီးကပ် ပြုစုခွင့် တစ်ခါမှ မပေးသေးဘူး… ဒါက အကျယ်ချုပ် ချခံရတာနဲ့ ဘာများကွာခြားလို့လဲ…"
လင်ကွေ့ဖေး ၏ ရင်ထဲတွင် ခံစားရခက်နေခြင်းမှာ လောဘကြီးလွန်းသောကြောင့်ပင် ဖြစ်သည်။ လောကကြီးတွင် အမြင့်မြတ်ဆုံးသော မိဖုရားခေါင်ကြီး နေရာကိုလည်း လိုချင်သလို အရှင်မင်းကြီး၏ တုနှိုင်းမဲ့ မျက်နှာသာပေးမှုနှင့် ကြင်နာယုယမှုကိုလည်း လိုချင်နေမိ၏။ လောကရှိ ကောင်းမွန်သောအရာ မှန်သမျှကို သူမ တစ်ယောက်တည်း သိမ်းပိုက်ထားချင်နေပုံပင်။
ကျန်းမင်းသား မှာ နှစ်ရက်ခန့် အနားယူလိုက်ရသဖြင့် ဦးနှောက်မှာ ပို၍ ကြည်လင်လာခဲ့လေပြီ။ သူက နှစ်သိမ့်လိုက်လေသည်။
"မယ်မယ့်စကားက မှားနေပြီ… အမြင့်မြတ်ဆုံး ပလ္လင်ပေါ်ကို တက်ချင်မှတော့ စွန့်လွှတ်သင့်တာကို သေချာပေါက် စွန့်လွှတ်ရမှာပေါ့… နန်းတော်ထဲကနေ စတုတ္ထမင်းသားလေး ဘေးကင်းကင်းနဲ့ မွေးဖွားလာတယ်ဆိုပြီး သတင်းပို့လာတယ် မဟုတ်လား… အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ဒီမှာ လာခေါင်းခဲနေမယ့်အစား အဲဒီ စတုတ္ထမင်းသားလေး ကို မယ်မယ့်ရဲ့ ရင်ခွင်ထဲ ရောက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားတာကမှ ပိုပြီး အရေးကြီးတဲ့ ကိစ္စပါ…"
မည်သို့ပင်ဆိုစေ မိဖုရားခေါင်ကြီး နေရာဆိုသည်မှာ မိမိဘေးတွင် မင်းသားတစ်ပါးမျှ မရှိလျှင် ရာထူးနှင့် လက်တွေ့ ကိုက်ညီမည် မဟုတ်ပေ။ ဤအချက်ကြောင့် ယီဖေး က အလွန် ကြီးမားသော အားသာချက် ရှိနေပေသည်။
ထို့ကြောင့် ကျန်းမင်းသား ၏ အမြင်တွင် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုမှာ အသုံးမဝင်ချေ။ အမှန်တကယ် မင်းသားတစ်ပါး ရှိမှသာ လင်ကွေ့ဖေး ၏ တစ်သက်တာ စည်းစိမ်ချမ်းသာနှင့် သူတို့ ကျန်းမင်းသားအိမ်တော် ၏ ဂုဏ်ကျက်သရေကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
သူ ဤသို့ တိုက်တွန်းနှစ်သိမ့်လိုက်သောအခါ လင်ကွေ့ဖေး မှာလည်း အတော်လေး အသိဝင်လာတော့၏။ ထို့ကြောင့် မိမိကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ တစ်ချက် ရယ်မောလိုက်သည်။
"ဒီအရှင်မက အသက်သာ ကြီးလာတယ် ဉာဏ်ကတော့ အရင်ကလို ပွင့်လင်းမြင်သာမှု မရှိတော့ဘူး ဘိုးဘိုးပြောတာ မှန်ပါတယ်"
"ကွေ့ဖေးမယ်မယ် က နှိမ့်ချလွန်းနေပါပြီ မယ်မယ်က ကိစ္စတွေထဲမှာ ကိုယ်တိုင် ပါဝင်နေတော့ နည်းနည်း သတိမထားမိရုံပါ"
"အင်း ဒါဆိုရင်လည်း စိတ်ကို ပြန်စုစည်းရမယ်… နတ်ပူဇော်ပွဲ အခမ်းအနား ပြီးတာနဲ့ ရှန်းကျင်းမြို့တော် ကို ချက်ချင်းပြန်ပြီး စတုတ္ထမင်းသားလေး ကို အပိုင်သိမ်းနိုင်ဖို့က အရေးတကြီး လုပ်ရမယ့် ကိစ္စပဲ"
"မယ်မယ် ပြောတာ မှန်ပါတယ်"
သူတို့နှစ်ဦး အပြန်အလှန် စကားပြောရင်း အားလုံးကို ရှင်းလင်းပြတ်သားစွာ စီစဉ်လိုက်ကြလေသည်။ ထိုအချိန်တွင် အရှင်မင်းကြီးမှာလည်း ပင်မနန်းဆောင်သို့ ဝင်ရောက်ကာ ရေချိုးသန့်စင်ပြီး သက်သတ်လွတ် စတင် စားသုံးနေပြီ ဖြစ်ပြီး နိုင်ငံရေး ကိစ္စများကိုလည်း ခုနစ်ရက်တာ လျစ်လျူရှုထားတော့သည်။
လင်ရှင်းကျစ် ၏ စိတ်ထဲတွင် ကိစ္စတစ်ခုကို စိုးရိမ်နေသော်လည်း ပြောသင့်မပြောသင့် မဝေခွဲနိုင် ဖြစ်နေ၏။ နောက်ဆုံးတွင်တော့ စတုတ္ထမင်းသား ကို သွားရှာကာ သူ့၏စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများကို ဖွင့်ဟပြောဆိုလိုက်တော့သည်။
"ဘာ မင်းဆိုလိုတာက ဒီထူးဆန်းတဲ့ မြင်ကွင်းက လူလုပ်ထားတာဆိုတဲ့ သဘောလား"
"ကျွန်တော်မျိုး အတိအကျ အာမမခံရဲပေမယ့် တစ်ခုခုတော့ မှားနေတယ်လို့ ခံစားရတယ်… ငယ်ငယ်တုန်းက အိမ်မှာ အဖေက ကျောက်သလင်းတွေ သုံးပြီး ဒီလို ထူးဆန်းတဲ့ မြင်ကွင်းမျိုး ဖန်တီးတာကို မြင်ဖူးတယ်… ဒါကြောင့် သံသယဝင်မိတာပါ…"
သူ၏ အသံမှာ တိုးလွန်းသဖြင့် သူတို့နှစ်ယောက်သာ ကြားနိုင်ပေသည်။ သို့သော် စတုတ္ထမင်းသား ကို အလွန် အံ့ဩသွားစေခဲ့၏။
ဤ ထူးဆန်းသော မြင်ကွင်းကို ကျန်းမင်းသားအိမ်တော် က စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ထို့ကြောင့်သာ လင်ကွေ့ဖေး အကျယ်ချုပ်မှ လွတ်မြောက်လာပြီး တောက်လျှောက် ကူညီပေးနေခဲ့တာလားဟု စတုတ္ထမင်းသား တွေးမိသည်။ ထိုအရာက အတုအယောင် ဖန်တီးထားခြင်း ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ ထိုသို့ဆိုလျှင် ဤမျှလောက် အလုပ်ရှုပ်ခံနေရခြင်းများက အရှင်မင်းကြီးကို လှည့်စားနေခြင်း မဟုတ်လား။
အကယ်၍သာ အတုအယောင် ဖြစ်နေပါက အရှင်မင်းကြီး အပြင်းအထန် ဒေါသထွက်ပေလိမ့်မည်။ သို့သော် လင်ရှင်းကျစ် ၏ ခန့်မှန်းချက်သာ မှားယွင်းသွားပါက သူလည်း အသက်အန္တရာယ် ရှိလာနိုင်သည်။ ထို့ကြောင့် ပေါ့ပေါ့ဆဆ မလုပ်ရဲချေ။
"မင်းမှာ သေချာမှု ဘယ်လောက်ရှိလဲ"
"ငါးဆယ်ရာခိုင်နှုန်းပါ"
ဒါဆို တစ်ဝက်စီ ဖြစ်နေတာပေါ့။
စတုတ္ထမင်းသား ၏ မျက်နှာထားမှာ လေးနက်သွားပြီး စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။ အရှင်မင်းကြီးက ဤထူးဆန်းသော မြင်ကွင်းကို မည်မျှ အလေးထားကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်။ မဟုတ်လျှင် သတင်းကြားသည်နှင့် ချက်ချင်း ခရီးထွက်လာမည် မဟုတ်ပေ။
ဆောင်းဦးပွဲတော် ကိုပင် နန်းတော်ထဲ၌ မကျင်းပနိုင်တော့သည်အထိပင် ဖြစ်သည်။ အကယ်၍ ဤကိစ္စကို ကျန်းမင်းသားအိမ်တော် က အတုအယောင် ဖန်တီးထားခြင်း သိသွားပါက ဒေါသထွက်လာပြီး လူများစွာကိုပါ အပြစ်ပေးလိမ့်မည်။
ခဏစဉ်းစားပြီးနောက် သူ့ကို ပြောလိုက်လေ၏။
"မင်းရဲ့ မျက်နှာကို သေချာ ဖုံးကွယ်ပြီး ထိုက်ဆန်းတောင် အောက်ကို လူခေါ်သွားပြီး သွားစစ်ဆေးကြည့်… ရုတ်တရက် အခြေအနေ တစ်ခုခုနဲ့ ကြုံလာရင် လက်လွတ်စပယ် မလုပ်နဲ့… သတင်းကို ပြန်ယူလာဖို့ပဲ…"
"ဟုတ်ကဲ့ ကျွန်တော်မျိုး နားလည်ပါပြီ"
စတုတ္ထမင်းသား ၏ စစ်တပ်ထဲတွင် အရည်အချင်းရှိသူများစွာ ရှိပြီး ဤကိုယ်ရံတော်တပ်ဖွဲ့မှာ ပို၍ပင် ထူးချွန်ကြလေသည်။ ထို့ကြောင့် ရုပ်သွင်ဖုံးကွယ်ခြင်းများကို သူတို့အားလုံး သင်ကြားခဲ့ဖူးကြ၏။
ထိုည မှောင်မိုက်နေချိန်တွင် လင်ရှင်းကျစ် နှင့် ကျန်းဟွမ့်ချင်း အပြင် အခြားလူနှစ်ယောက်အပါ နွေရာသီအပန်းဖြေနန်းတော် မှ တိတ်တဆိတ် ထွက်ခွာသွားကြပြီး ထိုက်ဆန်းတောင် ခြေရင်းဆီသို့ တန်းတန်းမတ်မတ် သွားကြလေတော့သည်။
သူတို့မှာ အချိန်သိပ်များများ မရှိပေ။ အထူးသဖြင့် လင်ရှင်းကျစ် မှာ လင်ကွေ့ဖေးနှင့် သိနေသူ ဖြစ်သဖြင့် မိုးမလင်းမီ ပြန်ရောက်ရမည်ဖြစ်သည်။ မဟုတ်လျှင် လင်ကွေ့ဖေး သိသွားပါက သူတို့၏ ကြိုးစားမှုများအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
ဤတစ်ညက အထူးတလည် ရှည်လျားနေသယောင်ပင်။ စတုတ္ထမင်းသား ၏ အခန်းတွင်းမှ မီးရောင်မှာ မိုးလင်းခါနီးအချိန်အထိ ငြိမ်းမသွားခဲ့ချေ။ ထိုအချိန်မှသာ အပြင်ဘက်မှ လှုပ်ရှားသံ အချို့ကို ကြားလိုက်ရလေသည်။
"ဘယ်သူလဲ"
တံခါးကို တွန်းဖွင့်ကာ ဝင်လာသူများမှာ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော လင်ရှင်းကျစ် တို့ပင် ဖြစ်လေသည်။ ဆယ်လပိုင်း၏ ရာသီဥတုမှာ အေးစက်နေပြီဖြစ်ပြီး သူတို့မှာ ညတွင်းချင်း ခရီးနှင်ခဲ့ရသဖြင့် မည်မျှပင် အပြင်းအထန် လှုပ်ရှားခဲ့ရပါစေ ယခုအချိန်တွင်တော့ အအေးဓာတ်များကို ခံစားနေရပြီ ဖြစ်၏။
သို့သော် ဤမျှလောက် အအေးဓာတ်လေးကို စတုတ္ထမင်းသား က ဂရုမစိုက်အားပေ။ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
"အခြေအနေ ဘယ်လိုလဲ"
လင်ရှင်းကျစ် က ရင်ခွင်ထဲမှ အနက်ရောင်အဝတ်စဖြင့် ထုပ်ထားသော ကျောက်သလင်း အတုံးငယ်လေး တစ်တုံးကို အသာအယာ ထုတ်ယူလိုက်သည်။ သိပ်မကြီးသော်လည်း အလွန် တောက်ပနေလေ၏။
ဤပစ္စည်းကို မြင်လိုက်သည်နှင့် စတုတ္ထမင်းသား ၏ မျက်နှာထားမှာ ပို၍ လေးနက်တည်ကြည်သွားတော့သည်။
"ကျွန်တော်မျိုး ခန့်မှန်းတာ မမှားပါဘူး… ဒီ ထိုက်ဆန်းတောင် ရဲ့ ထူးဆန်းတဲ့ မြင်ကွင်း ဆိုတာ ဒီကျောက်သလင်း တွေကနေ ဖြစ်လာတာပါ… ညဘက် နေရောင်မရှိတော့ ကျောက်သလင်းတွေက မလင်းနိုင်ဘူး… ဒါပေမဲ့ နေရောင်ခြည်သာ ကျရောက်လာရင် ထိန်းလင်းလာမှာပါ… ဒီ ထိုက်ဆန်းတောင် ရဲ့ မြေအောက်မှာ ကျောက်သလင်းတွေ အများကြီး ရှိနေပြီး အကုန်လုံး တပြိုင်နက်တည်း ရောင်ပြန်ဟပ်လာတော့ ကောင်းမြတ်တဲ့ နိမိတ်အလင်းရောင်လို ဖြစ်သွားတာပါ"
လင်ရှင်းကျစ် ၏ အဖြေကို ကြားပြီးနောက် စတုတ္ထမင်းသား တိတ်ဆိတ်သွားလေသည်။ ခဏအကြာတွင် ကျန်သုံးယောက်ကို လက်ဝှေ့ယမ်းကာ ထွက်သွားခိုင်းလိုက်၏။
"ပါးစပ်ကို လုံလုံပိတ်ထားကြ… သတင်းလေး နည်းနည်း ပေါက်ကြားသွားရင် မင်းတို့ကို ငါကိုယ်တိုင်သတ်မယ်…"
"ဟုတ်ကဲ့ပါ"
စတုတ္ထမင်းသား ၏ စစ်တပ်စည်းကမ်းမှာ တင်းကျပ်လှသဖြင့် ကိုယ်ရံတော်တပ်ဖွဲ့ထဲသို့ ရွေးချယ်ခံရသူများမှာ ပို၍ပင် ထူးချွန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျန်သုံးယောက်က လျှို့ဝှက်ချက်ကို ပေါက်ကြားစေမည်ကို သူ မစိုးရိမ်ပေ။
သို့သော် ကျန်းဟွမ့်ချင်း ကမူ စတုတ္ထမင်းသား က လင်ရှင်းကျစ် ကို မပြောသဖြင့် အနည်းငယ် စိုးရိမ်နေမိ၏။ စတုတ္ထမင်းသား က လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် လင်ရှင်းကျစ် ကို ပြဿနာရှာမည်ကို စိုးရိမ်နေခြင်းပင်။ သို့သော် သူ ဘာမှ မတတ်နိုင်သဖြင့် အခန်းထဲမှ ထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။
သူတို့အားလုံး ထွက်သွားပြီးနောက်မှသာ စတုတ္ထမင်းသား က တိုးတိုးလေး မေးလိုက်လေ၏။
"မင်း အရင်က မြင်ဖူးတဲ့ ကျောက်သလင်း က ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"
ဤစကားတစ်ခွန်းကြောင့် လင်ရှင်းကျစ် ရုတ်တရက် နားလည်သွားရလေသည်။ ဤကိစ္စ၏ နောက်ကွယ်တွင် ဤမျှ ကြီးမားလှသော ထောင်ချောက်ကြီး တစ်ခု ရှိနေခဲ့သည်ကိုး။
ဒုတိယသခင်ကြီးလင် မိသားစု၊ မင်းသမီးရုံခန့် နဲ့ ကျန်းမင်းသားအိမ်တော် တို့ တကယ်ကို ခေါင်းစားခံခဲ့ရတာပဲ။
ထို့ကြောင့် အံကိုကြိတ်ကာ ပြောလိုက်လေသည်။
"မင်းသားကို လျှောက်တင်ပါတယ်… ကျွန်တော်မျိုးရဲ့ ဘိုးဘိုးဆီကနေ ရခဲ့တာပါ… အဲဒီတုန်းက ကျွန်တော်မျိုးရဲ့ ပထမဦးလေးက အနောက်ဘက်ဒေသ ကို ဆေးဘက်ဝင်အပင်တွေ သွားရှာရင်း ဒီပစ္စည်းကို ရှာတွေ့ခဲ့တာပါ… အစက ဘာအတွက် သုံးရမှန်း မသိပေမယ့် အဖေက ဒီကျောက်သလင်းရဲ့ အားသာချက်ကို တွေ့ရှိသွားခဲ့တာပါ…"