← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း(၂၁၇) နတ်ပူဇော်ပွဲ အခမ်းအနား

ဤပစ္စည်းကို ရှာဖွေတွေ့ရှိခဲ့သူမှာ ပထမသခင်ကြီးသုန် ဖြစ်ပြီး အားသာချက်ကို သိရှိသွားသူမှာ ပထမသခင်ကြီးလင် ဖြစ်ပေသည်။

အကယ်၍ ဤ ထူးဆန်းသော မြင်ကွင်း၏ အမှန်တရားကို ဖော်ထုတ်လိုက်လျှင် ပထမဆုံး ထိခိုက်နစ်နာရမည့်သူများမှာ သုန်မိသားစုနှင့် လင်မိသားစု၏ ပထမမိသားစုတို့ပင် ဖြစ်မည်။

ပထမမိသားစုမှာ အိမ်ခွဲထွက်သွားပြီးဖြစ်ရာ အမတ်ချုပ်အိမ်တော် အနေဖြင့် ဤအပြစ်များကို တာဝန်ယူဖြေရှင်းပေးမည် မဟုတ်သည်မှာ သေချာလှ၏။

အရှင်မင်းကြီးသာ နောက်ကွယ်မှ အကြောင်းရင်းများကို သေချာမစုံစမ်းဘဲ နေလိုက်ပါက ထိုအပြစ်များအားလုံးကို ထမ်းပိုးရမည်မှာ သုန်မိသားစုနှင့် လင်မိသားစု၏ ပထမမိသားစုတို့ပင် ဖြစ်သွားပေလိမ့်မည်။

ဤကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကြောင့် သူတို့မှာ မသေလျှင်တောင် အရေခွံတစ်ထပ် ဆုတ်ခံရသကဲ့သို့ နာကျင်ရမည်မှာ အသေအချာပင်။

ကျန်းမင်းသားအိမ်တော် ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သော ကျန်းမင်းသား ပီပီ သူ၏ အကြံအစည်များက အလွန်နက်နဲလှပြီး သူတို့ကို ဒုက္ခပေးနိုင်မည့် အခွင့်အရေး တစ်ခုလေးကိုမျှ အလွတ်ပေးမည် မဟုတ်ချေ။

ထိုအကြောင်းကို တွေးမိသည်နှင့် လင်ရှင်းကျစ် သည် ချက်ချင်းပင် ဒူးထောက်ချလိုက်ကာ စတုတ္ထမင်းသား အား သစ္စာရှိစွာဖြင့် လျှောက်တင်လိုက်လေ၏။

"မင်းသား ကိုယ်တိုင် သေချာ စဉ်းစားကြည့်ပါ… ဒီကိစ္စက ကျွန်တော်မျိုးတို့ ပထမမိသားစုနဲ့ရော ဘိုးဘိုးရဲ့ သုန်မိသားစုနဲ့ပါ လုံးဝ ပတ်သက်မှု မရှိပါဘူး… တစ်ချက်ကြည့်လိုက်တာနဲ့ ဒါက ကျန်းမင်းသား တမင်သက်သက် နောက်ကွယ်ကနေ အကွက်ဆင်ထားတာဆိုတာ သိသာလွန်းနေပါတယ်"

စတုတ္ထမင်းသား မှာ အ သူ တစ်ယောက် မဟုတ်ပေ။ လင်မိသားစု၏ ပထမမိသားစုနှင့် သုန်မိသားစုတို့တွင် ဤကဲ့သို့ အကြံမျိုး ရှိလျှင်တောင် လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။

ထိုက်ဆန်းတောင် ခြေရင်းတွင် ဤမျှများပြားလှသော ကျောက်သလင်းများကို စီစဉ်ချထားရန် ဆိုသည်မှာ လွယ်ကူလှသော ကိစ္စ မဟုတ်ပေ။

သို့သော် ဤမျှ ကြီးမားလှသော ဟာကွက်ကြီးကို ကျန်းမင်းသား အနေဖြင့် မစဉ်းစားမိဘဲ နေမည် မဟုတ်ချေ။

ထို့ကြောင့် သေချာပေါက် ဆွဲသွင်းခံရမည့် အခြားသူများ ရှိနေဦးမည်မှာ အသေအချာပင်။

အဖြစ်နိုင်ဆုံးဟု ထင်ရသူမှာ အငြိုးအတေးများ ရှိနေသော ရွှီမိသားစု ပင် ဖြစ်ပေသည်။

ရွှီမိသားစု နှင့် လင်မိသားစုမှ ပထမမိသားစာ ထို့ပြင် သုန်မိသားစု တို့ ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲရန် အကြောင်းပြချက်ကို ပြင်ဆင်ထားလေသည်။

တစ်ဖက်က ကျောက်သလင်းများ ထောက်ပံ့ပေးပြီး အခြားတစ်ဖက်က ထိုက်ဆန်းတောင် ခြေရင်းတွင် စီစဉ်ချထားရန် တာဝန်ယူသည်ဟု ဆိုရမည်။

ဤသို့ဆိုလျှင်တော့ အကြောင်းအကျိုး ဆီလျော်သွားပေလိမ့်မည်။

ဤအကြံအစည်ဖြင့် လင်မိသားစု၏ ပထမမိသားစုကို ရွှံ့နွံထဲသို့ ဆွဲချနိုင်ရုံသာမက ရွှီမိသားစု ၏ ကျန်နေသော အင်အားစုများကိုပါ တစ်ပါတည်း ရှင်းလင်းပစ်နိုင်မည် ဖြစ်၏။

ထူးဆန်းသော မြင်ကွင်းကို အတုအယောင် ဖန်တီးကာ အရှင်မင်းကြီးအား လှည့်စားခြင်းပင်။

ဤကဲ့သို့သော ပြစ်မှုမျိုးကို ကျူးလွန်ပါက ဆွေစဉ်မျိုးဆက် ကိုးဆက်တိုင် သေဒဏ်ပေးခံရမည်မှာ သေချာလှသည်။

သူလို စတုတ္ထမင်းသား ပင်လျှင် ပေါ့ဆမှုဆိုသည့် အပြစ်ကို ခံရနိုင်ခြေ ရှိပေသည်။

ကျန်းမင်းသား ကတော့ ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင်ကို ပစ်ချနိုင်ခဲ့သည်ပင်။

"ကြည့်ရတာ ကျန်းမင်းသား က အရှင်မင်းကြီး နတ်ပူဇော်ပွဲ လုပ်နေတဲ့အချိန်မှာ ဒီကျောကလင်းကိစ္စကို ပေါ်လာအောင် လုပ်ပြီး ဒီထူးဆန်းတဲ့ မြင်ကွင်း ကိစ္စကို လူပုံအလယ်မှာ ဖော်ထုတ်ဖို့ပဲ… ပြီးရင် ရွှီမိသားစု ကို အရင်ဆွဲသွင်းမယ်… အဲဒီကနေတစ်ဆင့် သုန်မိသားစုနဲ့ မင်းတို့ လင်မိသားစုရဲ့ ပထမမိသားစုကိုပါ ဆက်ပြီး အပြစ်ပုံချမယ်… နောက်ဆုံး ရှင်းလင်းခံရမယ့်သူကတော့ ဒီအရှင်ပဲ"

လင်ရှင်းကျစ် သည်လည်း လှည့်ဖျားတတ်သူများစွာကို မြင်တွေ့ဖူးသူ ဖြစ်လေသည်။

သို့သော် ယခုအချိန်တွင်တော့ သူ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများ ပျံလာသည်ဟု ခံစားလိုက်ရ၏။

အကယ်၍ သူသာ သွမ့်ဝူပွဲတော် တွင် အခွင့်အရေး မရခဲ့လျှင် စတုတ္ထမင်းသား ၏ ကိုယ်ရံတော်တပ်ဖွဲ့ထဲသို့ ရောက်လာမည် မဟုတ်သလို အရှင်မင်းကြီးနှင့်အတူ ဤ ထူးဆန်းသော မြင်ကွင်းကိုလည်း မြင်တွေ့ခွင့်ရမည် မဟုတ်ချေ။

ဤထူးဆန်းသော မြင်ကွင်းကို မမြင်တွေ့ရပါက အတိတ်က အဖြစ်အပျက်များကိုလည်း ပြန်လည် ဆက်စပ်တွေးတောမိမည် မဟုတ်ပေ။

အတိတ်ကို ပြန်လည် မဆက်စပ်ခဲ့ပါက ကျန်းမင်းသား ၏ ဤကဲ့သို့ ဆက်တိုက် ထိုးနှက်လာမည့် ရိုက်ချက်များ ကျရောက်လာချိန်တွင် သူတို့အနေဖြင့် ခုခံကာကွယ်နိုင်စွမ်းပင် ရှိမည် မဟုတ်ချေ။

မိသားစု တစ်ခုလုံး ပျက်စီးပြုန်းတီးသွားနိုင်ပေသည်။

ထိုအကြောင်းကို တွေးမိသည်နှင့် အလွန်အမင်း နာကြည်းမုန်းတီးမိတော့၏။

အစကတော့ မင်းသမီးရုံခန့် ကို ရက်စက်ယုတ်မာသည်ဟု ထင်ခဲ့သော်လည်း ယခုတော့ ဤကျန်းမင်းသား ကသာ အယုတ်မာဆုံး ဖြစ်နေလေသည်။

အကွက်မရွှေ့လျှင်သာ နေမည် အကွက်ရွှေ့လိုက်သည်နှင့် သေလမ်းသာ ရှိတော့သည်ပင်။

"ဒါဆို မင်းသား… အခုအချိန်မှာ ကျွန်တော်မျိုး ဘာလုပ်သင့်လဲ"

"ကျောက်သလင်းကိစ္စ ပေါ်အောင် လုပ်မယ့်သူကို အရင်ရှာရမယ်… တိုင်ကြားမယ့်သူ မရှိရင် ဒီထူးဆန်းတဲ့မြင်ကွင်း ဆိုတာ အစစ်အမှန် ဖြစ်သွားမှာပဲ… ဒီကိစ္စ ပြီးသွားတဲ့အခါမှ ဒီအရှင် ကိုယ်တိုင် အရှင်မင်းကြီးကို သွားပြီး ရှင်းပြလိုက်မယ်"

"ဟုတ်ကဲ့ပါ… ကျွန်တော်မျိုး နားလည်ပါပြီ"

တဖြည်းဖြည်း ကြည်လင်လာသော ကောင်းကင်ကြီးကို တစ်ချက် ကြည့်လိုက်သော်လည်း စတုတ္ထမင်းသား တို့၏ မျက်နှာပေါ်တွင်မူ မုန်တိုင်းမလာမီ ကြိုတင်ပြင်ဆင်ထားရသည့် လေးနက်သော အမူအရာများ ရှိနေလေသည်။

ခုနစ်ရက်တာ ရေချိုးသန့်စင်ပြီး သက်သတ်လွတ်စားသုံးခြင်း အချိန်ကာလမှာ လျှပ်တစ်ပြက်အတွင်း ကုန်လွန်သွားခဲ့လေပြီ။

အရှင်မင်းကြီးမှာ အနက်ရောင်နှင့် ရွှေရောင် ရောစပ်ထားသော နဂါးဝတ်ရုံကို ဆင်မြန်းထားပြီး ဧကရာဇ်တစ်ပါး၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ပြသနေ၏။

မျက်နှာထားမှာ လေးနက်တည်ကြည်ပြီး သဒ္ဓါတရား အပြည့်နှင့် တောင်ခြေမှနေ၍ တောင်ထိပ်သို့ တစ်လှမ်းချင်း ဖြည်းဖြည်းမှန်မှန် တက်လှမ်းသွားလေသည်။

ဤသည်မှာ တာ့ဝေ့ပြည် မှ ဆင်းသက်လာသော စည်းကမ်းချက်ပင် ဖြစ်သည်။

နတ်ပူဇော်ပွဲ ပြုလုပ်မည်ဖြစ်ရာ လမ်းလျှောက်ပြီးသာ တက်ရောက်ရမည် ဖြစ်၏။

ယခုအခါ မိဖုရားခေါင်ကြီး နေရာမှာ လစ်လပ်နေသဖြင့် တောင်ထိပ်သို့ တက်ရောက်သူမှာ အရှင်မင်းကြီး တစ်ဦးတည်းသာ ရှိလေသည်။

လင်ကွေ့ဖေး သည် အဝေးမှ အခမ်းအနား ကျင်းပနေသော အရှင်မင်းကြီးအား လှမ်းကြည့်လိုက်ရာ သူ၏ ဘေးနားတွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိနေသည်ကို တွေ့လိုက်ရ၏။

သူမ၏ စိတ်ထဲတွင် ထိုအာဏာနေရာအတွက် တောင့်တမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

သို့သော် သူမ၏ အနောက်တွင် ရပ်နေသော ကျန်းမင်းသား ၏ မျက်နှာပေါ်မှ မရရအောင် ယူမည်ဆိုသည့် အမူအရာကိုတော့ သူမ သတိမထားမိခဲ့ချေ။

အကယ်၍ ဤအချိန်သည် သူမ ဘဝ၏ နောက်ဆုံးသော အထွတ်အထိပ် အချိန်ဖြစ်မည်ကို သူမသာ သိခဲ့မည်ဆိုပါက မည်သို့များ ခံစားရမည် မသိနိုင်တော့ပေ။

ထိုက်ဆန်းတောင် ၏ ထိပ်တွင် အရာအားလုံးကို ခမ်းနားကြီးကျယ်ပြီး လေးနက်တည်ကြည်စွာ ပြင်ဆင်ထားလေသည်။

အရှေ့တောင်ဘက်တွင် နွားသူငယ်ကို မီးပူဇော်ပြီး အနောက်တောင်ဘက်တွင် မီးအိမ်များကို ချိတ်ဆွဲထား၏။

ယခုအချိန်တွင် ထိုက်ဆန်းတောင် တစ်ခုလုံး တိမ်တိုက်များ ရစ်သိုင်းနေပြီး မီးခိုးငွေ့များနှင့် ပေါင်းစပ်သွားသောအခါ အဝေးမှ ကြည့်လိုက်လျှင် လူတိုင်း ရင်ထဲ၌ လေးစားကြည်ညိုစိတ်များ ဖြစ်ပေါ်လာစေသည်။

နတ်မင်းများကို ကြိုဆိုခြင်း၊ ပိုးထည်နှင့် ကျောက်စိမ်းများကို ပူဇော်ခြင်း၊ ယဇ်ကောင်များကို ဆက်သခြင်း စသည်တို့ကို ပြုလုပ်ကြသည်။

အဆင့်အလိုက် အစီအစဉ်တကျ ပြုလုပ်ပြီး အနည်းငယ်မျှပင် မပေါ့ဆရဲကြပေ။

"ပထမအကြိမ် ပူဇော်ပွဲ စတင်ပါ"

"ဒုတိယအကြိမ် ပူဇော်ပွဲ စတင်ပါ"

"နောက်ဆုံးအကြိမ် ပူဇော်ပွဲ စတင်ပါ"

အခမ်းအနားမှူး ချင်ဟွိုင် ၏ အသံက ထိုက်ဆန်းတောင် ထိပ်တစ်ခုလုံးသို့ ဟိန်းထွက်သွားပြီး အရှင်မင်းကြီးမှာ အထက်တွင်ရှိသော ကောင်းကင်ဘုံ အရှင်သခင်ကို ဒူးထောက် ရှိခိုးလိုက်လေသည်။

နံ့သာတိုင် ပူဇော်ပြီးနောက် တာ့ဝေ့ပြည် ၏ ဘိုးဘေးဘီဘင်များ၏ နတ်ကွန်းရှေ့သို့ သွားရောက်ကာ နံ့သာတိုင် ထပ်မံ ပူဇော်ပြီး ရှိခိုးကန်တော့ရ၏။

ထို့နောက် မူလနေရာသို့ ပြန်လာကာ နတ်ဒေဝါအပေါင်းကို ဒူးသုံးကြိမ်ထောက်ကာ ကိုးကြိမ် ဦးချသည့် ဓလေ့ကို ပြုလုပ်လေသည်။

ဤအခမ်းအနားများ အားလုံး ပြီးဆုံးသွားချိန်တွင်တော့ ကောင်းကင်ယံမှ အလင်းရောင်များ ဖြာကျလာတော့သည်။

ထို ကောင်းမြတ်သော နိမိတ်အလင်းရောင် များကလည်း တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်၏။

လူများ အားလုံး တပြိုင်နက် ဒူးထောက် ရှိခိုးလိုက်ကြပြီး နှုတ်မှလည်း သဒ္ဓါတရား အပြည့်ဖြင့် ရေရွတ်နေကြသည်။

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

ဒူးထောက် ရှိခိုးနေကြသော လက်အောက်ခံ အမတ်များနှင့် မိမိရှေ့ရှိ ကောင်းမြတ်သော နိမိတ်အလင်းရောင် ကို ကြည့်ရင်း အရှင်မင်းကြီး၏ တစ်ကမ္ဘာလုံးကို ကြီးစိုးလိုသော ရည်မှန်းချက်ကြီးမှာ ဤအချိန်တွင် အပြည့်အဝ အုပ်စိုးလာတော့သည်။

တစ်ခဏတာမျှ သူ၏ ဦးနှောက်ထဲတွင် အိမ်နီးချင်း နိုင်ငံများကို တိုက်ခိုက်ပြီး တစ်ကမ္ဘာလုံးကို တစ်အုပ်စုတည်း ဖြစ်အောင် သိမ်းပိုက်ရန် အတွေးများပင် ပေါ်လာခဲ့လေ၏။

သို့သော် မင်းကောင်းမင်းမြတ် တစ်ပါး၏ ဆင်ခြင်တုံတရားက သူ့ကို အသိပြန်ဝင်လာစေသည်။

အရာအားလုံးကို ဖြည်းဖြည်းချင်း အစီအစဉ်တကျ လုပ်ဆောင်မှသာ အဆင်ပြေမည် ဖြစ်ပေသည်။

"အမတ်မင်းတို့ ထကြပါ"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

ကျန်းမင်းသား မတ်တပ်ရပ်လိုက်ချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များ၌ အပြုံးတစ်ချက် ကပ်ငြိနေပြီး သူစောင့်ဆိုင်းနေသည်မှာ ဤအချိန်အခါပင် ဖြစ်လေသည်။

ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ အကြည့်များက မလှမ်းမကမ်းတွင် ရပ်နေသော လူတစ်ယောက်ဆီသို့ ကျရောက်သွား၏။

ထိုသူ စကားစပြောတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ထိုလူမှာ ဘာမှ မသိသလို ရပ်နေပြီး ခေါင်းကို အနည်းငယ် ငုံ့ကာ အလွန် သဒ္ဓါတရား ရှိနေသည့်ပုံ ပေါက်နေသည်ကို တွေ့လိုက်ရသည်။

မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ကျန်းမင်းသား မှာ အနည်းငယ် စိတ်မရှည်တော့ချေ။

နောက်ကွယ်တွင် ဖြစ်လာမည့် ကိစ္စများ အားလုံးကို စီစဉ်ထားပြီးဖြစ်ရာ ထိုသူ စတင်လှုပ်ရှားမည့် အချိန်ကိုသာ စောင့်နေရခြင်း ဖြစ်သည်။

အဘယ်ကြောင့် ယခုအထိ လှုပ်ရှားမှု မရှိသေးပါသနည်း။

ပူဇော်ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

နတ်မင်းများကို ပြန်လည် ပို့ဆောင်လိုက်သည်။

မီးရှို့ပူဇော်ခြင်းကို ကြည့်ရှုကြသည်။

အခမ်းအနားများ အားလုံး တဖြည်းဖြည်းချင်း ပြီးဆုံးသွားသည်အထိ ထိုလူမှာ မူလနေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေဆဲပင် ဖြစ်၏။

ကျန်းမင်းသား မှာ အလွန် ဒေါသထွက်သွားသဖြင့် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရသည်။

ဘာကြောင့်ပါနည်း။

ဤလူ၏ အားနည်းချက်က မိမိလက်ထဲတွင် ရှိနေသေးသည်ကို ဤမျှ ဗြောင်ကျကျ အလုပ်မလုပ်ဘဲ နေရဲသလား။

ရင်ထဲမှ ဒေါသမီးများကို ဖြေဖျောက်ရန် မသင့်ဖြစ်နေချိန်တွင် စတုတ္ထမင်းသား က သူ၏ ဘေးနားသို့ ရုတ်တရက် ရောက်လာကာ ပြောလိုက်လေသည်။

"ဆယ်လပိုင်းရဲ့ လေက အေးစက်နေတာပဲ… အထူးသဖြင့် ထိုက်ဆန်းတောင် ထိပ်မှာဆိုတော့ ဒီအရှင်တောင် နည်းနည်း အရိုးထဲထိ စိမ့်နေသလို ခံစားရတယ်… ကျန်းမင်းသား ကတော့ ခန္ဓာကိုယ် တကယ် ကောင်းတာပဲ… မျက်နှာတွေ နီရဲပြီး အပူတက်နေတဲ့ ပုံစံမျိုးတောင် ဖြစ်နေသေးတယ်"

သူ၏ စကားကို ကြားပြီးနောက် ကျန်းမင်းသား ၏ မျက်ဝန်းများ အနည်းငယ် နက်ရှိုင်းသွားလေ၏။

"စတုတ္ထမင်းသား က စစ်တိုက်နေကျ လူတစ်ယောက်ဆိုတော့ ဒီလောက် အအေးဒဏ်လေးက စတုတ္ထမင်းသားအတွက် မပြောစလောက်လေးပါပဲ "

"ကျန်းမင်းသား မြှောက်ပြောနေပါပြီ… ဒီလေဒီမိုးကိုတော့ မကြောက်ပါဘူး… ကြောက်ရမှာက လူစိတ်ကိုပါပဲ… အကယ်၍ တခြားအကြံအစည်တွေများ ရှိနေမယ်ဆိုရင်တော့ ကာကွယ်ဖို့ တကယ် ခက်ခဲမှာပဲ"

စတုတ္ထမင်းသား မှာ သူနှင့် အမြဲတမ်း အဆင်မပြေသူ ဖြစ်သဖြင့် တစ်ခါတစ်ရံ ဤသို့ ခနဲ့တဲ့တဲ့ စကားများ ပြောဆိုခြင်းက သဘာဝကျလှပေသည်။

သို့သော် ယနေ့ ဤစကားကို ပြောလိုက်ချိန်တွင်တော့ ကျန်းမင်းသား အနေဖြင့် မတွေးဘဲ မနေနိုင်တော့ချေ။

သေချာ စီစဉ်ထားသမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားရခြင်းမှာ စတုတ္ထမင်းသား သိသွားခြင်းကြောင့်များလား။

သို့သော် ဤမျှ များပြားလှသော လူတွေထဲမှ သူ ရွေးချယ်ထားသော လူကို မည်သို့များ တစ်ယောက်ချင်း လိုက်လံ ရှာဖွေနိုင်ခဲ့ပါသနည်း။

မည်မျှပင် စဉ်းစားစေကာမူ အဖြေရှာမရခဲ့ပေ။

သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူကမျှ အလွယ်တကူ လျှိုဝှက်ချက် အပေါ်ခံမည် မဟုတ်သလို သူတစ်ပါး လက်ထဲသို့ အားနည်းချက်ကို ပေးအပ်မည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းမင်းသား က ပြုံးလိုက်ပြီး ပြောလိုက်လေ၏။

"အရှင်မင်းကြီးက အလွန် ထက်မြက်ပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့သူမလို့ ကောင်းကင်ဘုံကတောင် ချစ်ခင်နှစ်သက်ပြီး ငါတို့ တာဝေ့ပြည် ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကောင်းမြတ်တဲ့ နိမိတ်အလင်းရောင်တွေ ချပေးလိုက်တာလေ… စတုတ္ထမင်းသား ရဲ့ စကားက နည်းနည်းတော့ စိုးရိမ်စိတ် လွန်ကဲနေသလိုပဲ… ဒီလိုအချိန်မျိုးမှာ ဘယ်သူကများ အရှင်မင်းကြီးကို ဒုက္ခပေးရဲမှာလဲ"

All Chapters