အခန်း ၂၁၈
Vol. 22 Ch. 218
အခန်း(၂၁၈) အစီအစဉ်အတိုင်း ဖြစ်မလာခြင်း
စတုတ္ထမင်းသား က ပြုံးလိုက်သည်။ သူတို့နှစ်ယောက် ပြောနေသော အသံမှာ သူတို့နှစ်ယောက်သာ ကြားနိုင်လောက်အထိ တိုးသည်။
ထို့ကြောင့် အပြန်အလှန် ဓားရေးလှံရေး ပြနေကြသည်ကို သူတို့နှစ်ယောက်သာ နားလည်နိုင်ပြီး အခြားလူများကတော့ ရိပ်မိနိုင်မည် မဟုတ်ချေ။
စတုတ္ထမင်းသား က ကျန်းမင်းသားကို သံသဝင်သကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီး ပြန်လှည့်သွားလိုက်လေသည်။ ဘေးနားရှိ ကျန်းမင်းသား ၏ ရင်ထဲတွင်တော့ အနည်းငယ် ထိတ်လန့်သွားရ၏။
နတ်ပူဇော်ပွဲ အခမ်းအနား ပြီးဆုံးသွားချိန်တွင် အရှင်မင်းကြီး၏ နေ့ရက်ပေါင်းများစွာ စိုးရိမ်ပူပန်နေမှုများမှာ နောက်ဆုံးတွင်တော့ အဆုံးသတ်သွားခဲ့လေပြီ။
ပြည်သူများ၏ လေးစားမှုနှင့် ကောင်းကင်ဘုံ၏ ချစ်ခင်နှစ်သက်မှုကို မြင်တွေ့ရသောအခါ မည်သူကများ မကျေမနပ် ဖြစ်နိုင်ပါမည်နည်း။
ထို့ကြောင့် အလွန် ဝမ်းသာပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။
"စတုတ္ထဦးရီးတော်… ဒီည နွေရာသီအပန်းဖြေနန်းတော် မှာ ညစာစားပွဲ လုပ်မယ်… ဒီကိစ္စကို ခမ်းခမ်းနားနား ဖြစ်အောင် စီစဉ်လိုက်ပါ"
"ဟုတ်ကဲ့ပါ… ဒီအမတ် နားလည်ပါပြီ"
ဘေးတွင် လျစ်လျူရှုခံထားရသော ကျန်းမင်းသား မှာ ဒီလိုကိစ္စမျိုးကို အသားကျနေပြီ ဖြစ်သည်။
စတုတ္ထမင်းသား ရှိနေသရွေ့ သူဆိုသည့် အမတ်ချုပ်ကြီး မှာ အလှပြရုပ်တု တစ်ခုလိုပင် ဖြစ်နေတော့၏။
အရှင်မင်းကြီးက သူ့ကို အလုပ်ခိုင်းရန်မပြောနှင့် အကြည့်တစ်ချက် ပိုကြည့်ရန်ပင် ခဲယဉ်းလှသည်။
လင်ကွေ့ဖေး သည် ကျန်းမင်းသား ၏ မျက်နှာထားကို မြင်သောအခါ ဤအခွင့်အရေးကို အသုံးချကာ ရှေ့တိုး၍ လျှောက်တင်လိုက်လေ၏။
"အရှင်မင်းကြီး… ဒီညစာစားပွဲ ကိစ္စကို ကျွန်တော်မျိုးမ တာဝန်ယူလို့ ရမလား… ကျွန်တော်မျိုးမ မောင်းမဆောင်ကို အုပ်ချုပ်လာတာ နှစ်အတော်ကြာပြီဆိုတော့ ဒီလောက် ကိစ္စသေးသေးလေးကို အဆင်ပြေချောမွေ့အောင် လုပ်ပေးနိုင်ပါတယ်… စတုတ္ထဦးရီးတော် ကိုလည်း အနားပေးရဦးမှာပေါ့… သူက အသက်ကြီးပြီဆိုတော့ ဒီခရီးတစ်လျှောက်လုံး လိုက်ပါစောင့်ရှောက်ရတာ အရမ်း ပင်ပန်းနေလောက်ပြီ"
ခရီးတစ်လျှောက်လုံး ပင်ပန်းလာခဲ့သည်ဟု ပြောလိုက်ချိန်တွင် စတုတ္ထမင်းသား က နှိမ့်ချစွာဖြင့် စကားတစ်ခွန်း ဝင်ပြောလိုက်သည်။
"မပင်ပန်းပါဘူး"
အရှင်မင်းကြီးမှာ လှေကားထစ်ပေါ်တွင် ရပ်ကာ လူအများကို အပေါ်စီးမှ ကြည့်နေလေ၏။
လင်ကွေ့ဖေး ၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်များကိုတော့ မြင်တွေ့လိုက်ရသည်။
တစ်ခုခုကို စဉ်းစားမိသွားပြီး နှုတ်ခမ်းထောင့်ကို ကွေးကာ ပြုံးရင်း ပြောလိုက်လေ၏။
"ကွေ့ဖေး ပြောတာ ယုတ္တိရှိတယ်… ဒါဆို ဦးရီးတော် ကို ဒုက္ခမပေးတော့ဘူး… မင်းပဲ သွားစီစဉ်လိုက်တော့"
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"
ဤအချိန်တွင် လင်ကွေ့ဖေး အနေဖြင့် မည်သည့် ပင်ပန်းမှုကိုမျှ မကြောက်ရွံ့တော့ပေ။
သူမအတွက်တော့ ဤကဲ့သို့သော "ပင်ပန်းမှု" မျိုး များများလာလေ ပိုကောင်းလေပင် ဖြစ်သည်။
မဟုတ်လျှင် သူမ၏ ဤခရီးစဉ်မှာ အဓိပ္ပါယ်မဲ့နေသကဲ့သို့ ဖြစ်သွားမည် မဟုတ်လား။
ခရီးသွားခြင်းနှင့် နေမကောင်းစဉ်က ပြုစုခြင်းမှလွဲ၍ အခြား ဘာမျှ မရှိခဲ့ချေ။
အကယ်၍ ဤကိစ္စကို နန်းတော်ထဲရှိ ယီဖေး သာ သိသွားပါက ထိုင်လှောင်နေမည်သာ။
ထို့ကြောင့် စိတ်ထဲတွင် အလွန် ဝမ်းသာပျော်ရွှင်သွားပြီး ညစာစားပွဲ ကိစ္စကို ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူ ဖြေရှင်းရန် ထွက်သွားလေတော့သည်။
သို့သော် ကျန်းမင်းသား ၏ ပျက်ယွင်းလာသော မျက်နှာထားကိုတော့ သတိမထားမိခဲ့ချေ။
နွေရာသီအပန်းဖြေနန်းတော် သို့ ပြန်ရောက်ပြီးနောက် ကျန်းမင်းသား က သူ၏ ကိုယ်ရံတော်ကို ခေါ်လိုက်လေသည်။
"သွား… ယန်တာ့ထို ရဲ့ ကိစ္စကို သွားစုံစမ်းချေ… ဒီအရှင် ရဲ့ အစီအစဉ်ကိုတောင် ဖျက်ဆီးရဲတယ်ပေါ့… အသက်ရှင်ရတာ ပျင်းနေပုံရတယ်"
"ဟုတ်ကဲ့ပါ"
သူပြောနေသော ယန်တာ့ထို ဆိုသည်မှာ နတ်ပူဇော်ပွဲ အခမ်းအနားတွင် ထူးဆန်းသော မြင်ကွင်း၏ လျှို့ဝှက်ချက်ကို မတော်တဆ တွေ့ရှိသွားရမည့်သူပင် ဖြစ်၏။
သို့သော် သူက တစ်နေကုန် စောင့်ကြည့်နေခဲ့သော်လည်း မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရချေ။
သူ၏ လအတော်ကြာ ပင်ပန်းခံ စီစဉ်ခဲ့မှုများမှာ အလဟဿ ဖြစ်သွားခဲ့ရသည်။
အရှင်မင်းကြီး အပျော်ဆုံး အချိန်တွင် ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ရမည်ပင်။
ဧကရာဇ်တစ်ပါး၏ မျက်နှာကို အိုးမဲသုတ်သလို ဖြစ်သွားစေမည်မှာ သေချာလှပြီး အပြင်းအထန် ဒေါသထွက်လာမည် ဖြစ်သည်။
ဆွဲသွင်းခံရမည့် ရွှီမိသားစု၊ လင်မိသားစု၏ ပထမမိသားစု၊ သုန်မိသားစု၊ ထို့ပြင် စတုတ္ထမင်းသား အပါအဝင် ဤဆက်တိုက် ပြစ်ဒဏ်ချမှတ်မှုများမှာ ပို၍ ကြီးလေးသွားပေလိမ့်မည်။
သို့သော် ယခုအခါတွင်တော့ ထိုအစီအစဉ်များ အားလုံး ပျက်စီးသွားခဲ့လေပြီ။
ယခုအချိန်တွင် သူကိုယ်တိုင် သွားရောက် ဖော်ထုတ်မည် ဆိုလျှင်တောင် အကျိုးသက်ရောက်မှုက အများကြီး လျော့ကျသွားမည် ဖြစ်၏။
နောင်တစ်ချိန်မှ ဤကိစ္စကို ပြန်ပြောလျှင်တော့ အဓိပ္ပာယိမရှိတော့ချေ။
ထို့ကြောင့် ဒေါသထွက်လွန်းသဖြင့် နှလုံးခုန်မြန်နေပြီး ထိုလူကို ချက်ချင်း ဆွဲခေါ်လာကာ အပိုင်းရှစ်ပိုင်းလောက် ခုတ်ထစ်ပစ်ချင်စိတ်များ ပေါက်နေတော့သည်။
သို့သော် သူ သေချာ စုံစမ်းနေသည့် လူမှာ ယခုအခါ ခြေလက်များ အချည်ခံထားရပြီး ပါးစပ်များပါ စီးထားခံရကာ အရှင်မင်းကြီး၏ ရှေ့မှောက်တွင် ဒူးထောက်နေရသည်ကို သူ မသိရှာပေ။
ဘေးတွင် ရပ်နေသူမှာ ဤကိစ္စကို ဖော်ထုတ်ခဲ့သော စတုတ္ထမင်းသား ပင် ဖြစ်လေသည်။
"လင်ရှင်းကျစ် က အရင်ကတည်းက အဲဒီ ကျောက်သလင်း ကို ပြန်ယူလာခဲ့တာပါ… အရှင်မင်းကြီး ကြည့်ရှုတော်မူပါ… ဒီပစ္စည်းကြောင့်ပဲ ထူးဆန်းတဲ့မြင်ကွင်း တွေ ဖြစ်ပေါ်လာရတာပါ"
စတုတ္ထမင်းသား ဤစကားကို ပြောလိုက်ချိန်တွင် အရှင်မင်းကြီး၏ ရင်ခုန်သံများမှာ ကျယ်လောင်သည်အထိ ဖြစ်သွားရသည်။
ဤကိစ္စကို ဖော်ထုတ်လိုက်ခြင်းက အရှင်မင်းကြီးမှာ လူတွေ၏ လှည့်စားခြင်းကို ခံခဲ့ရကြောင်း အသိပေးခြင်း မဟုတ်လား။
လေးလေးနက်နက် စဉ်းစားပြီးနောက် ခြေတစ်လှမ်းဦးကာ ကြိုတင် လျှောက်တင်လိုက်သည်က ပိုကောင်းမည်ဟု ခံစားလိုက်ရသည်။
အနည်းဆုံးတော့ သူတို့လူစု၏ သံသယကို ရှင်းလင်းပစ်နိုင်ခဲ့သည် မဟုတ်လား။
အပြစ်များဟာ ကျန်းမင်းသားဆီသို့သာ ဦးတည်နေတော့သည်။
အရှင်မင်းကြီး၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ မရှိသော်လည်း မျက်ခုံးများ လှုပ်နေသည်ကိုသာ မမြင်မိပါက သူ ဒေါသထွက်နေကြောင်းကို ဘေးလူများ သိနိုင်မည် မဟုတ်ပေ။
သုန်ယွီကျုံး က အနောက်သို့ ဖြည်းဖြည်းချင်း ခြေနှစ်လှမ်းခန့် ဆုတ်လိုက်လေသည်။
ဤကဲ့သို့သော အချိန်မျိုးတွင် မိမိကိုယ်ကိုယ် ကာကွယ်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
ခဏအကြာတွင် အရှင်မင်းကြီး ပြောလိုက်လေသည်။
"ဒီလောက် သေးငယ်တဲ့ ကျောက်သလင်း အတုံးလေး တစ်တုံးက ထူးဆန်းတဲ့မြင်ကွင်း ကို ဖန်တီးနိုင်တယ် ဟုတ်လား… လင်ရှင်းကျစ် က ပေါက်ကရတွေ ပြောနေတာတော့ မဟုတ်ပါဘူးနော်"
သူ၏ စကားသံမှာ အလွန် တည်ငြိမ်လွန်းသဖြင့် သူက ဤကိစ္စကို မယုံကြည်ဘူးလားဟုပင် လူများကို ထင်မှတ်သွားစေနိုင်သည်။
သို့သော် အရှင်မင်းကြီးကို နှစ်ပေါင်းများစွာ ပြုစုလာခဲ့သော သုန်ယွီကျုံး ကတော့ ကျန်းမင်းသား မှာ အပြစ်အကြီးကြီးလုပ်မိပြီဖြစ်ကြောင်းနှင့် ပါဝင်သူမှာလည်း သူတစ်ယောက်တည်း မဟုတ်ကြောင်း သိနေလေပြီ။
အရှင်မင်းကြီးက ပြောပြီးသည်နှင့် ကျောက်သလင်းတုံးကို အရှေ့တွင် ကြိုးတုပ်ခံထားသော လူ၏ ခြေထောက်ဘေးသို့ ပစ်ချလိုက်လေ၏။
ထို့နောက် အမိန့်ပေးလိုက်သည်။
"သူ့ ပါးစပ်ကိုစီးထားတာ ဖြေပေးလိုက်"
"ဟုတ်ကဲ့ပါ"
စတုတ္ထမင်းသား ဖြေပေးပြီးနောက် ထိုလူက အလျင်စလို အသနားခံတော့သည်။
"အရှင်မင်းကြီး အသက်ချမ်းသာပေးပါ… အသက်ချမ်းသာပေးပါ… ဒီကိစ္စတွေကို ဒီအစေခံ ဘာမှ မသိပါဘူး… တကယ် မသိပါဘူး"
"မင်း ဆိုလိုတာက ဒီအရှင် က မင်းကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချောက်ချနေတယ်ပေါ့"
စတုတ္ထမင်းသား က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူ့ကို ရိုက်သတ်တော့မည့် ပုံပေါက်နေလေ၏။
ယန်တာ့ထို မှာ ယခုအချိန်တွင်တော့ တကယ်ကို ကြောက်နေရလေသည်။
သူ တကယ်ပဲ ပြန်လည် ချေပရဲပါမည်လား။
သနားစရာ ကောင်းသည်မှာ သူ၏ အားနည်းချက်က ကျန်းမင်းသား လက်ထဲတွင် ရှိနေသေးပြီး ယခုအချိန်တွင် သစ္စာဖောက်လိုက်ပါက မိသားစု တစ်ခုလုံး အတူတူ သေရမည် မဟုတ်လား။
မြေကြီးပေါ်တွင် ဒူးထောက်ရင်း တစ်ကိုယ်လုံး ပျော့ခွေသွားတော့၏။
ထို့နောက် နန်းဆောင်ထဲရှိ တိုင်ကို တန်းတန်းမတ်မတ် ပြေးဆောင့်လိုက်လေသည်။
အားပြင်းလွန်းသဖြင့် ချက်ချင်းပင် သွေးများ ထွက်လာတော့သည်။
နောက်ဆုံးထွက်သက် စကားတစ်ခွန်းပင် မပြောနိုင်လိုက်ဘဲ အသက်ထွက်သွားခဲ့လေပြီ။
"တော်တော် ဆိုးလိုက်တာ"
ဤလူကို သူတို့ မနည်း ကြိုးစားပြီးမှ ဖမ်းမိခဲ့ခြင်း ဖြစ်ပေသည်။
လင်ရှင်းကျစ် က နတ်ပူဇော်ပွဲ အခမ်းအနားရှိ လူများအားလုံးကို ပြောင်းလဲလိုက်ရန် အကြံပြုခဲ့ပြီး ကျန်းမင်းသား ၏ အကြည့်များက မည်သူ့ဆီသို့ ကျရောက်နေသနည်း ဆိုသည်ကို စောင့်ကြည့်ပြီးမှသာ ယန်တာ့ထို ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
စကားတစ်ခွန်းမျှ မပြောလိုက်ရဘဲ ဤကဲ့သို့ သေဆုံးသွားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ကြိုးစားအားထုတ်ခဲ့သမျှ အားလုံး အလဟဿ ဖြစ်သွားရသည်မှာ အမှန်ပင်။
အရှင်မင်းကြီးက လက်နောက်ပစ်ကာ ရပ်နေပြီး မျက်မှောက်ရှိ အားလုံးကို ကြည့်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြောလိုက်လေ၏။
"စတုတ္ထဦးရီးတော်… ရွှီမိသားစု ရဲ့ ကိစ္စ စုံစမ်းတာ ဘယ်လိုနေပြီလဲ"
"လောလောဆယ် သတင်းမရသေးပါဘူး"
ထူးဆန်းသော မြင်ကွင်းကို ဖန်တီးရခြင်း ရည်ရွယ်ချက်မှာ သူ့ကို နန်းတော်ပြင်ပသို့ ထွက်လာစေရန် လှည့်စားပြီးနောက် လင်ကွေ့ဖေး ကို အပြင်လွှတ်ပေးရန် သက်သက်သာ မဟုတ်နိုင်ပေ။
နောက်ကွယ်တွင် ဆွဲသွင်းခံရမည့် လူများစွာ ရှိနေဦးမည်မှာ သေချာလှသည်။
ဤ ထိုက်ဆန်းတောင် နှင့် တုန်းကျိုး မှာ အနီးဆုံး ဖြစ်လေသည်။
အကယ်၍ လှုပ်ရှားမှု တစ်ခုခု ရှိလာပါက တုန်းကျိုး မှ ရွှီမိသားစု မှာ ပထမဆုံး ပစ်မှတ် ဖြစ်သွားမည်ပင်။
"ကောင်းပြီလေ… သူတို့က ဒီထူးဆန်းတဲ့မြင်ကွင်း ကို အသုံးချပြီး အခြေအနေတွေ ပြန်အဆင်ပြေအောင် လုပ်ရုံတင်မကဘဲ တခြားလူတွေကိုပါ မတရား ဒုက္ခရောက်အောင် လုပ်ချင်နေမှတော့ သူတို့လုပ်ရပ်ရဲ့ ဆိုးကျိုးကို သူတို့ဘာသာ ခံစားကြပါစေတော့"
ထို့နောက် သုန်ယွီကျုံး ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။
"သွား… ကျန်းမင်းသား နဲ့ လင်ကွေ့ဖေး ကို ဒီကို ခေါ်လာချေ… ဒီလို ကောင်းမွန်တဲ့ ပြဇာတ်မျိုးမှာ ဇာတ်ဆောင်တွေ မရှိရင် သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းတော့ဘူး"
မျက်ဝန်းထဲတွင် အေးစက်မှုများ ပြည့်နှက်နေလေသည်။
အကယ်၍ လင်ကွေ့ဖေး သာ ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရပါက သတ်ပစ်မည်ဆိုလျှင်တောင် သူမ လာမည် မဟုတ်ချေ။
"အရှင်မင်းကြီးက ဒီအချိန်ကြီး ငါ့ကို ခေါ်ခိုင်းတာ သေချာပေါက် ညစာစားပွဲ အခြေအနေကို မေးချင်လို့ပဲ ဖြစ်ရမယ်… နင်တို့တွေ အကုန်လုံး သေချာ ပြင်ဆင်ပြီးပြီ မဟုတ်လား"
"မယ်မယ် စိတ်ချပါ"
"ဒါဆိုလည်း ပြီးတာပါပဲ"
ထို့ကြောင့် လှလှပပ ပြင်ဆင်လိုက်ပြီးနောက် ကျန်းမင်းသား ထက် ခြေတစ်လှမ်းစောကာ အရှင်မင်းကြီး အနားယူရာ အိပ်ဆောင်ထဲသို့ ရောက်ရှိသွားလေသည်။
မျက်နှာပေါ်မှ အပြုံးများပင် မပျောက်ကွယ်သေးမီ မျက်စိရှေ့တွင် သွေးများ ထွက်နေပြီး အသက်ထွက်နေပြီဖြစ်သော အလောင်းတစ်လောင်း မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။
လင်ကွေ့ဖေး မှာ အလွန် လန့်သွားသဖြင့် အော်ဟစ်လိုက်တော့သည်။
ဤအော်သံကြောင့် ကျန်းမင်းသား ကိုပါ လန့်သွားစေပြီး ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်သွားပြီဟုပင် ထင်မှတ်သွားလေ၏။