← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း(၂၂၀) ထောင်ချောက်ဆင်ခြင်း

ပြီးတော့ သူမ စောစောက ကျိန်တွယ်သစ္စာဆိုထားခဲ့သည် မဟုတ်လား။

အကယ်၍ ယခုအချိန်တွင် အရှင်မင်းကြီးက သူမအား ထပ်ပြီး ကျိန်ဆိုခိုင်းပါက သူမ သေချာပေါက် တုံ့ဆိုင်းသွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ မိဖုရားခေါင်ကြီးရွှီ ၏ ကိစ္စတွင် သူမကလည်း အနည်းနှင့်အများတော့ ပါဝင်ခဲ့သည် မဟုတ်လား။

ထို့ပြင် ပထမမင်းသား ၏ ကိစ္စလည်း…။

လူတစ်ယောက်၏ စိတ်ဓာတ်များ ပြိုကျသွားသည်နှင့် တစ်ပြိုင်နက် ဟာကွက်များစွာ ထွက်ပေါ်လာတတ်ပေသည်။

အရှင်မင်းကြီး စောင့်ဆိုင်းနေသည်မှာ ဤအခိုက်အတန့်ကိုပင် ဖြစ်၏။

နန်းတွင်းနိုင်ငံရေးတွင် ကျင်လည်လာခဲ့သော ကျန်းမင်းသားနှင့် နှိုင်းယှဉ်ပါက လင်ကွေ့ဖေးကို အရင် အသုံးချလိုက်သည်က ပို၍ မြန်ဆန်ပေသည်။

လင်ကွေ့ဖေး၏ အပြုအမူ အားလုံးကို အရှင်မင်းကြီးက မျက်လုံးထဲတွင် အကုန် မြင်တွေ့နေရလေ၏။

ပို၍ ရှင်းလင်းစွာ မြင်ရလေလေ ရင်ထဲတွင် ပို၍ အေးစက်လာလေလေ ဖြစ်သည်။

မိဖုရားခေါင်ကြီးရွှီ သေဆုံးရခြင်းမှာ ကြည့်ရသည်မှာ ရွှီမိသားစု၏ စွပ်စွဲမှု သက်သက် မဟုတ်နိုင်တော့ချေ။

သို့သော် ဤကိစ္စ၏ နောက်ကွယ်တွင် လူမည်မျှ ပါဝင်ပတ်သက်နေသေးသနည်း ဆိုသည်ကိုတော့ မသိရသေးပေ။

သူမအပေါ်မှ အကြည့်များကို ရုပ်သိမ်းလိုက်ပြီးနောက် ကျန်းမင်းသားဘက်သို့ ထပ်မံ ကြည့်လိုက်လေသည်။ ဤတစ်ကြိမ်တွင်တော့ သူ၏ မျက်ဝန်းများထဲ၌ ဧကရာဇ်တစ်ပါး၏ သံသယကင်းရှင်းမှုနှင့် သံမဏိလို ရက်စက်မှုများ ပြည့်နှက်နေ၏။

သို့သော် ကျန်းမင်းသား ဆိုသည်မှာလည်း လွယ်လွယ်နှင့် အရှုံးပေးမည့်သူ မဟုတ်ချေ။

"အရှင်မင်းကြီး မိန့်တော်မူတာ မှန်ပါတယ်… တစ်ယောက်ယောက်ကများ လက်ရှိ မိဖုရားခေါင်ကြီး နဲ့ မင်းသားကိုပါ လုပ်ကြံရဲတယ်ဆိုရင်… သူက တကယ်ကို သတ်ပစ်သင့်ပါတယ်… သေချာပေါက် အသေးစိတ် စုံစမ်းစစ်ဆေးရပါမယ်… လူကောင်းတွေကိုတော့ မတရား မစွပ်စွဲမိပါစေနဲ့"

"ကျန်းမင်းသား ရဲ့ စကားက တကယ်ကို ယုတ္တိရှိတယ်… ဒါဆိုလည်း ဒီကိစ္စကို မင်းကိုပဲ တာဝန်ယူခိုင်းလိုက်တော့မယ်"

ကျန်းမင်းသား ပြန်မဖြေနိုင်မီမှာပင် စတုတ္ထမင်းသား ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။

"ဦးရီးတော် ကိုလည်း ဒုက္ခပေးရဦးမယ်ထင်တယ်… မနက်ဖြန် မနက်စောစော မြို့တော်ကို ပြန်ဖို့ စီစဉ်လိုက်ပါ… နန်းတော်ထဲမှာ အလုပ်တွေ များနေပြီဆိုတော့ ကိုယ်တော် ပြန်ပြီး ဖြေရှင်းရဦးမယ်"

"ဟုတ်ကဲ့ပါ… ဒီအမတ် နားလည်ပါပြီ"

အစကတော့ ကျန်းမင်းသားက ဘာမှ ရိုးရှင်းသည်ဟု ထင်ခဲ့သော်လည်း ယခုအချိန်တွင်မူ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရလေသည်။

အစောကမှ သူ့ကို မိဖုရားခေါင်ကြီးရွှီ လုပ်ကြံခံရနိုင်သည့် ကိစ္စအား စုံစမ်းရန် တာဝန်ပေးခဲ့ပြီး အဘယ်ကြောင့် ယခု စတုတ္ထမင်းသားကို မြို့တော်ပြန်ရန် အမိန့်ပေးရသနည်း။

မေးရန် ပြင်လိုက်စဉ်မှာပင် အရှင်မင်းကြီးက မည်သည့် ခံစားချက်မျှ မပါဝင်သော လေသံဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရ၏။

"မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်သွားပြီးကတည်းက ရွှီမိသားစု က တုန်းကျိုး ကို ပြန်သွားခဲ့ကြတာဆိုတော့… ကျန်းမင်းသား အနေနဲ့ ဒီကိစ္စကို အစကနေ သေချာ စုံစမ်းချင်တယ်ဆိုရင်… ထိုက်ဆန်းတောင် နဲ့ တုန်းကျိုး မှာပဲ နေခဲ့တာ ပိုကောင်းမယ်… ကိုယ်တော် အရင်က ရခဲ့တဲ့ ရလဒ်မျိုးတွေကို ထပ်ပြီး မကြားချင်တော့ဘူး… မဖော်ထုတ်နိုင်သရွေ့တော့… ကျန်းမင်းသား ပဲ နည်းလမ်းပေါင်းစုံနဲ့ ကူညီပေးပါဦး"

ဤစကားတစ်ခွန်းက ကျန်းမင်းသားကို ချောင်ပိတ်လိုက်သကဲ့သို့ပင်။

အစကနေ ဟုတ်လား။

အသေးစိတ် စုံစမ်းရမယ် ဟုတ်လား။

ဤအဓိပ္ပါယ်က ရလဒ်တစ်ခုခု ထွက်မလာသရွေ့ ပြန်ခွင့်မရှိဘူးဆိုတဲ့ သဘောလား။

ကျန်းမင်းသား မှာ ဤထိုက်ဆန်းတောင် ခရီးစဉ်တွင် နဂိုကြိုတင် စီစဉ်ထားသော ထောင်ချောက်ထဲသို့ လူများစွာကို ကျရောက်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် ကိုယ်ပြန်ခံရမည်ဟု လုံးဝ ထင်မထားခဲ့ပေ။

သူက တုန်းကျိုး နှင့် ထိုက်ဆန်းတောင် တွင် နေခဲ့ပြီး ဘာလုပ်ရမည်နည်း။

ဤသည်က မိဖုရားခေါင်ကြီးရွှီ နှင့် ရွှီမိသားစု၏ ကိစ္စကို အကြောင်းပြကာ သူ့ကို ချောင်ထိုးခြင်း မဟုတ်လား။

သူ ဘယ်လိုလုပ်ပြီး သဘောတူနိုင်မည်နည်း။

ထို့ကြောင့် ပြောလိုက်လေသည်။

"ဒီအမတ် က စတုတ္ထမင်းသား လောက် မကျွမ်းကျင်ပါဘူး… ဒီလို ကိစ္စဟောင်းတွေကို စုံစမ်းရမယ်ဆိုရင် ဟာကွက်တွေ ရှိသွားမှာ စိုးရိမ်မိပါတယ်… အဲဒီအစား…"

သူက ပြဿနာအားလုံးကို စတုတ္ထမင်းသား အပေါ်သို့ ပုံချချင်နေခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ အစောပိုင်းကတည်းက အားလုံးကို ရှင်းလင်းပြီးပြီ ဖြစ်သည်။

ထို့ကြောင့် စတုတ္ထမင်းသား စုံစမ်းမည်ဆိုလျှင်တောင် ဘာမှ ထွက်လာမည် မဟုတ်ကြောင်းကို သူ အာမခံရဲသဖြင့် ဤစကားကို ပြောလိုက်ခြင်းပင်။

စတုတ္ထမင်းသား ငြင်းဆန်ရန်ပင် အချိန်မရလိုက်မီ အရှင်မင်းကြီးက ပြောလိုက်လေသည်။

"အင်း… ကျန်းမင်းသား ပြောတာလည်း တကယ်ကို ယုတ္တိရှိပါတယ်… ဒါပေမဲ့ ကိုယ်တော့်ကို ကာကွယ်ပေးမယ့်သူလည်း လျော့လို့ မဖြစ်ဘူးလေ… ဒါဆို လင်ကွေ့ဖေး ကိုပဲ နေခဲ့ခိုင်းလိုက်တော့မယ်… သူ့ရဲ့ လက်ရှိ ရာထူးနဲ့ဆိုရင် ကိုယ်တော့်ကိုယ်စား ဒီကိစ္စကို ကြီးကြပ်ဖို့ လုံလောက်ပါတယ်… ဒီ နွေရာသီအပန်းဖြေနန်းတော် နဲ့ တုန်းကျိုး က ဆယ်မိုင်ကျော်ကျော်ပဲ ဝေးတာဆိုတော့… လင်ကွေ့ဖေး ကို ဒီမှာပဲ နေခဲ့ခိုင်းလိုက်မယ်… ကျန်းမင်းသား အားလုံးကို သေချာ စုံစမ်းပြီးတဲ့အခါကျမှ နန်းတော်ကို အတူတူ ပြန်လာခဲ့ကြပေါ့"

ဘာ…

လင်ကွေ့ဖေး မှာ သစ်သားရုပ်တု တစ်ခုလို မှင်သက်သွားပြီး အရှင်မင်းကြီးက သူမအား ထိုက်ဆန်းတောင် ရှိ နွေရာသီအပန်းဖြေနန်းတော် တွင် နေခဲ့ခိုင်းမည်ကို လုံးဝ မယုံကြည်နိုင် ဖြစ်သွားရလေသည်။

သူမကို ဟုတ်လား။

တာ့ဝေ့ပြည် ၏ ဂုဏ်ကျက်သရေရှိလှသော ကွေ့ဖေးမယ်မယ် ကိုလေ။

နွေရာသီအပန်းဖြေနန်းတော် တွင် နေခဲ့ရမည် ဟုတ်လား။

ဤသည်က ယောင်ထိုင်စံအိမ် တွင် အကျယ်ချုပ်ချခံရခြင်းထက် အများကြီး ပို၍ ဆိုးရွားလှပေသည်။

အရှင်မင်းကြီးကိုယ်စား ဤကိစ္စကို ကြီးကြပ်ပေးရသည်ဟု ပြောသော်လည်း သူမအား နန်းတော်ထဲမှ နှင်ထုတ်လိုက်ခြင်းနှင့် ဘာကွာခြားမည်နည်း။

မင်ရော့ ကိုပင် ပြန်မခေါ်နိုင်သေးဘဲ ကိုယ်တိုင်ပါ နန်းတော်ထဲ ပြန်ခွင့် မရတော့ပေ။

သူမ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မည်နည်း။

"မဖြစ်ပါဘူး အရှင်မင်းကြီး… မဖြစ်ပါဘူး"

သူမ နွေရာသီအပန်းဖြေနန်းတော် တွင် မနေခဲ့နိုင်ကြောင်း အကြောင်းပြချက်များကို ပြောရန် ပြင်လိုက်လေ၏။

သို့သော် အရှင်မင်းကြီး၏ လက်ထဲတွင် ရုတ်တရက် ထူးဆန်းသော ပစ္စည်းတစ်ခု ကိုင်နေသည်ကို မြင်လိုက်ရသည်။

သူမက ဘာမှန်း မသိသော်လည်း ကျန်းမင်းသား မှာမူ မြင်လိုက်သည်နှင့် ချွေးစေးများပင် ပျံလာတော့သည်။

တံတွေးမျိုချရန်ပင် မေ့လျော့သွားပြီး အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရ၏။

သေဆုံးနေပြီဖြစ်သော ယန်တာ့ထို ကို ခေါင်းငုံ့ကာ တစ်ချက် ကြည့်လိုက်မိသည်။

တကယ်တော့ စောစောက စကားများ အားလုံးသည် အရှင်မင်းကြီးက သူတို့ကို တမင်သက်သက် အကွက်ဆင်ကာ ခြောက်လှန့်ခဲ့ခြင်းပင် ဖြစ်သည်။

လင်ကွေ့ဖေး ကို ထိတ်လန့်သွားအောင် လုပ်ပြီး မိဖုရားခေါင်ကြီးရွှီ ၏ ကိစ္စကို အသုံးချကာ သူတို့ကို နေခဲ့စေရန် ဖိအားပေးခဲ့သည်။ ထို့နောက် ကျောက်သလင်းကို အသုံးချကာ သူ၏ ပါးစပ်ကို ပိတ်ပစ်ခဲ့ခြင်း ဖြစ်၏။

ဤအစီအစဉ်များက ကျန်းမင်းသားအား အလွန် ခက်ခဲသော အခြေအနေသို့ ရောက်သွားစေသည်။

ကျောက်သလင်း က အရှင်မင်းကြီး လက်ထဲတွင် ရှိနေသည်ဆိုမှတော့ ထိုက်ဆန်းတောင် ၏ ထူးဆန်းသော မြင်ကွင်း ကိစ္စကို အရှင်မင်းကြီး သိရှိသွားပြီ ဆိုသည့် သဘောပင်။

သို့သော် နောက်ကွယ်တွင် ပါဝင်ပတ်သက်နေသော ကိစ္စများကိုရော သူ မည်မျှအထိ ရိပ်မိသွားပြီနည်း။

ကျန်းမင်းသား လည်း သေချာ မသိတော့ပေ။ သို့သော် အရှင်မင်းကြီးက ထိုကျောက်သလင်းကို ထုတ်ပြလိုက်ချိန်တွင် သူ၏ လမ်းများ အကုန် ပိတ်ဆို့သွားပြီဖြစ်ကြောင်းကိုတော့ သူ သိလိုက်လေ၏။

ထို့ကြောင့် ရုန်းကန်နေဆဲဖြစ်သော လင်ကွေ့ဖေး ကို တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်း ဒူးထောက်ကာ လျှောက်တင်လိုက်တော့သည်။

"ဒီအမတ် နဲ့ မယ်မယ် က အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို လုံးဝ အလဟဿ မဖြစ်စေရပါဘူး… မိဖုရားခေါင်ကြီးရွှီ သေဆုံးရတဲ့ အဖြစ်မှန်ကို သေချာပေါက် ဖော်ထုတ်ပေးပါ့မယ်"

"ဘိုးဘိုး"

လင်ကွေ့ဖေး မှာ အလွန် စိုးရိမ်သွားသဖြင့် နှစ်ယောက်တည်း ရှိသည့် အချိန်မှသာ ခေါ်လေ့ရှိသော အခေါ်အဝေါ်ကိုပင် ရုတ်တရက် ထုတ်ခေါ်လိုက်မိလေသည်။

သာမန်အချိန်များတွင် လူအများရှေ့၌ သူတို့သည် အရှင်သခင်နှင့် လက်အောက်ငယ်သား နေရာကို သေချာ ခွဲခြားထားပြီး ကျန်းမင်းသား နှင့် ကွေ့ဖေးမယ်မယ် ဟုသာ ခေါ်ဝေါ်လေ့ရှိကြ၏။

"မယ်မယ်… ဒါက အရှင်မင်းကြီးက မယ်မယ့်ကို ယုံကြည်လို့ ပေးတဲ့ တာဝန်လေ… လုံးဝ ငြင်းဆန်လို့ မဖြစ်ပါဘူး"

သူ၏ လေသံထဲမှ ပြတ်သားမှုကြောင့် လင်ကွေ့ဖေး မှာ ဘာမှမပြောနိုင်တော့ချေ။

သူမအနေဖြင့် အရှက်အကြောက်ကို ဘေးဖယ်ထားလိုက်ပါက နန်းတော်သို့ ပြန်ရန် အတင်း တောင်းဆိုလျှင် ရနိုင်ပေသည်။

သို့သော် ထိုသို့ လုပ်လိုက်လျှင် သူမ အခွင့်အရေး မရှိတော့မည့်အပြင် ကျန်းမင်းသား ကိုပါ အပြင်းအထန် စိတ်ဆိုးမည်မှာ သေချာလှ၏။

ယခုအချိန်တွင် သူမ လုံးဝ နားမလည်နိုင်သည်မှာ အဘယ်ကြောင့် ကျန်းမင်းသား က ဤအမိန့်တော်ကို ဤမျှ ပြတ်သားစွာ လက်ခံလိုက်ရသနည်း ဆိုသည်ပင်။

သူမ နှလုံးခုန်သံများ မြန်လာပြီး မျက်ဝန်းထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေလေသည်။

ကျန်းမင်းသား ကတော့ သူမအား တည်ငြိမ်စေရန် အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ဆက်လက်၍ ဒူးထောက်နေလိုက်၏။

ဤကဲ့သို့သော အချိန်မျိုးတွင် အရှင်မင်းကြီးနှင့် ထိပ်တိုက် ရင်ဆိုင်ရန် သူ့တွင် ရာနှုန်းပြည့် သေချာမှု မရှိပေ။

စတုတ္ထမင်းသား ဆီတွင်လည်း အထူးလေ့ကျင့်ထားသော စစ်သည် ငါးထောင် ရှိနေလေသည်။

ဤသူများမှာ နေ့စဉ် လေ့ကျင့်နေသူများ ဖြစ်ပြီး သူမှာ ရှိသော ကိုယ်ရံတော်တပ်ဖွဲ့ထက် အများကြီး ပို၍ စွမ်းဆောင်ရည် မြင့်မားကြလေသည်။

ထို့ကြောင့် ဥနှင့် ကျောက်ခဲကို ပစ်ပေါက်သကဲ့သို့ မိုက်မဲသော လုပ်ရပ်မျိုးသည် သူ၏ အကြိုက် မဟုတ်ပေ။

နောင်တစ်ချိန်မှ အသေအချာ တစ်ချက်တည်းနှင့် ထိမိအောင် တိုက်ခိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။

ကျန်းမင်းသား မှာ သစ္စာရှိစွာ ဖြင့် ထိုက်ဆန်းတောင် တွင် နေခဲ့ကာ ဤကိစ္စကို ဖြေရှင်းရန် သဘောတူလိုက်သည်ကို မြင်သောအခါ စတုတ္ထမင်းသား ၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ထွက်ပေါ်လာလေ၏။

အတိတ်က အချိန်တစ်ခုတွင် အရှင်မင်းကြီးမှာ ငယ်ရွယ်သေးသဖြင့် ဦးရီးတော် ၏ ကာကွယ်မှု လိုအပ်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ မည်မျှပင် ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီး ဖြစ်ပါစေ အရှင်မင်းကြီး၏ ရှေ့မှောက်တွင်တော့ အသာတကြည် အညံ့ခံရတော့သည်ပင်။

ရင်ထဲမှ အလိုအလျောက် ပေါ်ထွက်လာသော ဂုဏ်ယူစိတ်များကြောင့် သူ၏ မျက်ဝန်းများပင် အနည်းငယ် မျက်ရည်လည်လာတော့၏။

"စောစောက ကိုယ်တော် ခဏ အနားယူနေတုန်း… ခမည်းတော် က ကိုယ်တော့်ကို အိပ်မက်လာပေးတယ်… ဒီ ထိုက်ဆန်းတောင် ရဲ့ ထူးဆန်းတဲ့မြင်ကွင်း တွေက နောက်ထပ် ရက်အနည်းငယ် ကြာရင် တကယ့် အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး ထိုက်ဆန်းတောင် ခြေရင်းမှာ ဖြစ်ပေါ်လာလိမ့်မယ်တဲ့… ကျန်းမင်းသား က ဒီမှာ နေခဲ့ပြီး ကိစ္စတွေကို ဖြေရှင်းရမှာဆိုတော့… ဒီကိစ္စကိုပါ တစ်ပါတည်း သေချာ စီစဉ်ပေးလိုက်ပါ… အချိန်ကျရင် လူလွှတ်ပြီး နန်းတော်ကို ပို့လိုက်… ရှေးဟောင်းပညာရှိနန်းဆောင် ထဲမှာပဲ ပူဇော်ထားလိုက်မယ်… ဒါက ကောင်းကင်ဘုံက တာ့ဝေ့ပြည် ကို ချီးမြှင့်လိုက်တဲ့ ကောင်းမြတ်တဲ့ နိမိတ်အလင်းရောင်တွေပဲမလို့ နည်းနည်းလေးတောင် မပေါ့ဆစေနဲ့… နားလည်လား"

ထို့နောက် သုန်ယွီကျုံး ကို တစ်ချက် ကြည့်လိုက်ရာ သူက ရှေ့သို့ တိုးလာလေသည်။

အရှင်မင်းကြီးက ကျောက်သလင်းတုံးကို သူ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး သုန်ယွီကျုံး ကလည်း သဘောပေါက်သွားကာ ချက်ချင်းပင် ကျန်းမင်းသား ၏ ရှေ့သို့ ယူဆောင်သွားပေးလိုက်၏။

ကျန်းမင်းသား မှာ ထိုကျောက်သလင်းတုံးကို လှမ်းယူလိုက်ပြီး ရင်ထဲတွင် ခံစားချက်မျိုးစုံ ခံစားလိုက်ရလေသည်။

သူက အချိန်အတော်ကြာအောင် စီစဉ်ခဲ့ရသော်လည်း ဤကျောက်သလင်းတုံးများကို မူလအတိုင်း ပြန်တူးဖော်ကာ နန်းတော်သို့ ပြန်ပို့ပေးရဦးမည် ဖြစ်၏။

နောက်ဆုံးတွင်တော့ ထူးဆန်းသော မြင်ကွင်း ဆိုသည်မှာလည်း အစစ်အမှန် ဖြစ်သွားခဲ့ပြီး ကျောက်သလင်း ၏ အားသာ‌ချက်ကိုလည်း မည်သူမျှ သိခွင့်ရတော့မည် မဟုတ်ချေ။

All Chapters