အခန်း ၁၉၀
Vol. 19 Ch. 190
Chapter 190
~
အခန်း ၁၉၀ : အဲ့တာ ငါ့ယောကျ်ား
~
ရှာကျူးက သေချာ စဉ်းစားလိုက်ပြီး တကယ် ဖြစ်နိုင်ခြေ ရှိသည်ဟု ခံစားလိုက်ရသည် ။
သူ ယခင်က ချိန်းတွေ့မှုများစွာ ပြုလုပ်ခဲ့ဖူး၏ ။ ခြံဝင်းတစ်ခုလုံးတွင် သူလောက် ချိန်းတွေ့ဖူးသူ မရှိဟု ဆိုလျှင် မှားမည်မထင် ။
သို့သော် ထိုမိန်းကလေးများ၏ ရုပ်ရည်က သာမန်မျှသာ ဖြစ်ပြီး ရှာကျူး၏ အလှအပဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီခဲ့ပေ ။
ရှာကျူးက ချောမောလှပသော မိန်းကလေးများကိုသာ နှစ်သက်သည် ။ စာပေတတ်မြောက်ခြင်းက ဒုတိယနေရာ၌သာ ရှိနေ၏ ။ မော်ရှောင်ဖန်း က အသား နည်းနည်း မည်းပြီး ပိန်နေသော်လည်း ယန်လောင်အာ ပြောသလိုဆိုလျှင် သူမက သူ ချိန်းတွေ့ဖူးသမျှထဲတွင် အလှဆုံး ဖြစ်သည်မှာ အမှန်ပင် ။
သူမ၏ တစ်ခုတည်းသော အားနည်းချက်မှာ ကျေးလက်ဒေသတွင် မှတ်ပုံတင်ထားခြင်း ဖြစ်သည် ။ သို့သော် သူအတွက်မူ အဲ့ဒါက ပြဿနာ မဟုတ်ပေ ။ သူကဲ့သို့ စက်ရုံ စာဖိုမှူးခေါင်းဆောင်က လောက်ငှအောင် မကျွေးနိုင်ဘဲ နေပါမည်လော ။ ပါးစပ်တစ်ပေါက် နှစ်ပေါက် ပိုကျွေးရုံမျှဖြင့် ဖိအား များများစားစား မရှိနိုင်ပေ ။
ထိုသို့ တွေးမိလိုက်သောအခါ ရှာကျူးက ရှက်ရွံ့စွာဖြင့် ယွီလီ ကို ပြောလိုက်သည် ။
" ဘယ်လိုလဲ... ငါတို့ စမ်းကြည့်ကြမလား.. "
" ဟုတ်ပြီ.. ကျွန်မ သူ့ကို အခုချက်ချင်း သွားပြောလိုက်မယ်.. "
ရှာကျူး သဘောတူလိုက်ပြီ ဖြစ်သဖြင့် ယွီလီ ၏ ရင်ထဲတွင် ဝန်ထုပ်ဝန်ပိုးတစ်ခု ပေါ့သွားသလို ခံစားရသည် ။ သူမက အပြုံးတစ်ခုဖြင့် မော်ရှောင်ဖန်း ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည် ။
မော်ရှောင်ဖန်း သည် ခြံဝင်း၏ ထောင့်တစ်ခုတွင် ကျောက်တုံးထိုင်ခုံပေါ်၌ ထိုင်ကာ အဝတ်ဟောင်း တစ်ခုကို ပြင်ချုပ်နေသည် ။ ဤသည်မှာ လမ်းရုံးမှ ပေးထားသော အလုပ်ဖြစ်၍ သူတို့ ဝမ်းစာအတွက် ရှာဖွေနိုင်သည် ။
" ရှောင်ဖန်း.. ညီမလေးအတွက် သတင်းကောင်း ရှိတယ်.. "
ယွီလီက စိတ်လှုပ်ရှားသော အသံလေးဖြင့် သူမဆီ လျှောက်သွားလိုက်သည် ။
မော်ရှောင်ဖန်း က ခေါင်းမော့ကြည့်လိုက်ပြီး ယွီလီ ဖြစ်ကြောင်း သိသဖြင့် ချုပ်နေသည်ကို ချကာ အနည်းငယ် ပြုံးပြလိုက်သည် ။
" အစ်မ.. ဘာသတင်းလဲ.. "
ယွီလီက သူတို့ကို အမြဲတမ်း ကြင်နာပြီး နူးညံ့စွာ ပြောဆိုတတ်သဖြင့် မော်ရှောင်ဖန်း ကဲ့သို့သော မိန်းကလေးများ အားလုံးက သူမကို အလွန် ချစ်ခင်ကြသည် ။
ယွီလီက သူမဘေးတွင် ထိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် ။
" ရှောင်ဖန်း.. ငါ မင်းအတွက် ကောင်းတဲ့ မိသားစုတစ်ခု ရှာထားပေးတယ်.. ငါတို့ ခြံဝင်းထဲက လူငယ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တာ.. သူ့နာမည်က ဟဲယွီကျူး.. သူက သံမဏိစက်ရုံမှာ ခေါင်းဆောင် စားဖိုမှူး လေ... တစ်လကို ၃၅ ယွမ်နဲ့ ၅ မော့ ရတယ်..ပြီးတော့ သူ့မှာ ကိုယ်ပိုင်အိမ်လည်း ရှိတယ်.. အခြေအနေက တော်တော်ကောင်းတယ်.. ညီမလေး သဘောတူလား.. "
မော်ရှောင်ဖန်း က နားထောင်ရင်း အနည်းငယ် မည်းပြီး လှပသော သူမ၏ မျက်နှာလေး နီရဲသွားကာ ခေါင်းငုံ့ပြီး အဝတ်ထောင့်လေးကို ပွတ်ချေနေမိသည် ။ ငတ်မွတ်ခေါင်းပါးမှုမှ ထွက်ပြေးလာကြသူများအတွက် စီစဉ်ပေးမှုများကို သူမ ကြားဖူးသဖြင့် ရွေးချယ်စရာ မရှိကြောင်း နားလည်ထားပေသည် ။ ထို့ကြောင့် သူမက တိုးတိုးလေး မေးလိုက်သည် ။
" အစ်မ.. အဲ့ဒီလူက.. ဘယ်လိုပုံစံလဲ.. "
သူမ တိုက်ရိုက် ငြင်းဆိုခြင်း မရှိသဖြင့် ယွီလီ ဝမ်းသာသွားပြီး ခြံဝင်း၏ အခြားတစ်ဖက်မှ ပြတင်းပေါက်ကို လက်ညိုးထိုးပြလိုက်သည် ။
" ဟိုမှာ.. သူက ဟိုဘက်မှာ.. "
မော်ရှောင်ဖန်း က ယွီလီ ညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ ပြတင်းပေါက်တွင် ရပ်နေသော လူနှစ်ယောက်ကို မြင်လိုက်ရသည် ။
တစ်ယောက်က အရပ်ရှည်ပြီး ခန့်ညားကာ နောက်တစ်ယောက်က အသက် နည်းနည်း ပိုကြီးသည် ။ အသက်ပိုကြီးသူမှာ အဖော်လိုက်လာသော ဦးလေး ဖြစ်နိုင်ပေသည် ။
သူမက အရပ်ရှည်ပြီး ခန့်ညားသောသူအား သူမ၏ အိမ်ထောင်ဖက်ဟု အလိုလို ထင်မှတ်သွားပြီး သူမ၏ နှလုံးသားထဲတွင် ဝမ်းသာမှုများ ပြည့်နှက်သွားကာ မျက်နှာလေး နီရဲလာသည် ။ သူမ ဘဝတွင် ဤမျှ ချောမောသောသူကို တစ်ခါမှ မမြင်ဖူးခဲ့ပေ ။ သူမက ရှက်ရွံ့စွာ ခေါင်းငုံ့ပြီး...
" ညီမ အစ်မ ပြောတဲ့အတိုင်း နာခံပါ့မယ်.. "
ယွီလီက သူမ၏ အမူအရာကို ကြည့်ပြီး အနည်းငယ် ရှုပ်ထွေးသွားသည် ။
' ဘာလို့ ဒီကောင်မလေး ရုတ်တရက် ပိုပြီး ရှက်သွားတာလဲ ...'
သူမက မော်ရှောင်ဖန်း ကြည့်နေသောဘက်ကို လိုက်ကြည့်လိုက်ရာ ယန်ကျီဝမ် ကို ကြည့်နေမှန်း သိသွားသဖြင့် ချက်ချင်းပင် မျက်နှာမည်းမှောင်သွားပြီး အကူအညီမဲ့သော လေသံဖြင့်...
" ညီမလေး.. အဲ့ဒီ အရပ်ရှည် ခန့်ညားပြီး ချောတဲ့သူက ငါ့ယောကျ်ား.. သူ့ဘေးက မီးခိုးရောင် အဝတ်အစားနဲ့လူက ညီမလေး ချိန်းတွေ့ရမှာ.. "
မော်ရှောင်ဖန်း အံ့အားသင့်သွားပြီး သူမ၏ မျက်နှာမှ အရောင်များ ချက်ချင်း ပျောက်ကွယ်သွားကာ ရှက်ရွံ့မှုနှင့် စိတ်ပျက်မှုတို့ဖြင့် အစားထိုးခံလိုက်ရသည် ။ သူမက ခေါင်းငုံ့ပြီး အသံကို ပိုတိုးလိုက်သည် ။
" အို.. အဲ့လိုလား.. "
သူမ စိတ်ဓာတ်ကျသွားသည်ကို မြင်လျှင် ယွီလီ က အမြန် နှစ်သိမ့်ပေးလိုက်သည် ။
" ညီမလေး.. ဟဲယွီကျူး က အသက် နည်းနည်း ကြီးနေပုံပေါက်ပေမဲ့ သူက ရင့်ကျက်တယ်လေ.. လူကြီးတွေ ပြောကြတာတော့ ရင့်ကျက်တဲ့ ယောက်ျားတွေက လူတွေကို ပိုဂရုစိုက်တတ်တယ်တဲ့.. မဟုတ်ဘူးလား.. ပြီးတော့ သူက စက်ရုံမှာ ခေါင်းဆောင် စားဖိုမှူး..လစာလည်း ကောင်းတယ်.. အိမ်လည်း ကျယ်တယ်.. အိမ်မှာ သူ့ရယ်..အငယ်ဆုံး ညီမလေးရယ်ပဲ ရှိတော့ နင်တို့ လက်ထပ်ရင် ယောက္ခမတွေရဲ့ မျက်နှာကို ထောက်စရာ မလိုတော့ဘူး.. ညီမလေး အခြေအနေနဲ့ဆိုရင် ဒီလို မိသားစုမျိုးနဲ့ တွေ့ရတာ ကံကောင်းတာပဲ.. "
မော်ရှောင်ဖန်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည် ။
" အစ်မပြောတာ မှန်ပါတယ်.. ဒီလို ခေတ်ကာလမှာ စားဖို့ ရှိတာနဲ့ ကံကောင်းနေပါပြီ.. ညီမ ဘာကို ရွေးချယ်နေရ အုံးမှာလဲ.. အစ်မ ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်.. "
သူမ သဘောတူလိုက်သည်ကို မြင်လျှင် ယွီလီ စိတ်အေးသွားပြီး အပြုံးပြန်ပေါ်လာသည် ။
" ကောင်းပြီ.. ဒါဆို အခုပဲ ဟဲယွီကျူး နဲ့ သွားတွေ့ရအောင်.. နှစ်ယောက်သား အချင်းချင်း သိအောင်လုပ်ကြတာပေါ့.. "
ပြောပြီးသည်နှင့် ယွီလီ က မော်ရှောင်ဖန်း ၏ လက်ကို ဆွဲပြီး ရှာကျူး တို့ရှိရာ အခန်းဆီသို့ လျှောက်လာသည် ။
ရှာကျူး က သူတို့ လာနေသည်ကို မြင်လျှင် မျက်နှာနီရဲသွားသည် ။ သူ လက်ကို ပွတ်သပ်လိုက် ခေါင်းကို ကုတ်လိုက်နှင့် အူကြောင်ကြောင် အပြုံးဖြင့် ပြုံးနေ၏ ။ အမြဲတမ်း စကားပြောတတ်သော သူသည် အရေးကြီးသော အချိန်ရောက်မှ ရှက်တတ်နေသည် ။ ဘေးတွင် ရပ်နေသော ယန်ကျီဝမ် က ထိုမြင်ကွင်းကို ကြည့်ပြီး ခေါင်းခါမိသည် ။
" ဟဲယွီကျူး.. ဒါက ရှောင်ဖန်း.. နှစ်ယောက်သား အချင်းချင်း မိတ်ဆက်ကြပါဦး.. "
ယွီလီ က မော်ရှောင်ဖန်း ကို ရှာကျူး ရှေ့သို့ ခေါ်လာပြီး ပြုံး၍ ပြောလိုက်သည် ။
ရှာကျူး က မော်ရှောင်ဖန်း ကို သေချာကြည့်လိုက်သည် ။ အနီးကပ်ကြည့်မှ အသား နည်းနည်း မည်းပြီး ပိန်သော်လည်း ရုပ်ရည်က အလွန် နူးညံ့သိမ်မွေ့သည်ကို သတိထားမိလိုက်သည် ။ ယန်ကျီဝမ် ပြောခဲ့သလိုပင် သူမကို ပြုစုလိုက်လျှင် တကယ် ချောလာနိုင်သည် ။ သူသည် ရှက်ရွံ့စွာ ခေါင်းကို ကုတ်ပြီး အူကြောင်ကြောင် ပြုံးကာ ...
" ရဲဘော် ရှောင်ဖန်း.. မင်္ဂလာပါ.. "
မော်ရှောင်ဖန်း က ရှာကျူး ကို ခေါင်းမော့ကြည့်လိုက်သည် ။ သူက ရင့်ကျက်သည့် ပုံစံရှိသော်လည်း သူ၏ မျက်လုံးများက ရိုးသားနေသည်ကို မြင်လိုက်ရသဖြင့် သူမ အနည်းငယ် စိတ်အေးသွားသည် ။
" ရဲဘော် ဟဲယွီကျူး.. မင်္ဂလာပါ.. "
ထိုမြင်ကွင်းကို မြင်လျှင် ယွီလီ နှင့် ယန်ကျီဝမ် တို့အချင်းချင်း မျက်ရိပ်ပြလိုက်ကြသည် ။ ယန်ကျီဝမ် က အခွင့်အရေးကို ယူပြီး အကြံပေးလိုက်သည် ။
" နှစ်ယောက်သား တွေ့ပြီးပြီဆိုတော့ ဒီကိစ္စကို အဆုံးသတ်လိုက်ကြရအောင်.. ရှာကျူး.. ရှောင်ဖန်း.. မင်းတို့နှစ်ယောက် လက်ထပ်စာချုပ် တန်းသွားလုပ်လိုက်ကြပါလား.. "
သူ ရှာကျူး ကို နာမည်ပြောင်ဖြင့် ခေါ်ချင်သော်လည်း မိန်းကလေး ကြောက်သွားမည်ကို စိုးရိမ်သဖြင့် မခေါ်ခဲ့ပေ။ ထိုနာမည်ပြောင်က အရူးတစ်ယောက်လို ထင်မြင်စေနိုင်သည် မဟုတ်ပါလော ။
ရှာကျူး တွေဝေသွားသည် ။
" ဒီ... ဒါက မြန်လွန်းမနေဘူးလား.. အခုမှ တွေ့တာလေ.. "
ယန်ကျီဝမ် က သူ့ပုခုံးကို ပုတ်ပြီး စနောက်သော လေသံဖြင့် ...
" ရှာကျူး.. ဒီလို ခေတ်ကာလမှာ မိန်းမတစ်ယောက် ရဖို့ မလွယ်ဘူး.. ရှောင်ဖန်း လို ကောင်းတဲ့ မိန်းကလေးမျိုးကို လွဲချော်သွားရင် နောင်တရလိမ့်မယ်.. လက်ထပ်စာချုပ် လုပ်လိုက်ပါ.. နောက်ရှည်လျားတဲ့ ဘဝလမ်းကြောင်းမှာ တစ်ယောက်အကြောင်း တစ်ယောက် ဖြည်းဖြည်းချင်း သိလာမှာပေါ့.. "
ရှာကျူး နားထောင်ပြီး သဘာဝကျသည်ဟု ယူဆသွားသည် ။ သူ ခေါင်းကို ကုတ်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည် ။
" ကောင်းပြီလေ.. မင်း စကားကိုပဲ နားထောင်လိုက်ပါ့မယ်.. ဒါပေမဲ့ ငါ အလောတကြီး ထွက်လာတာဆိုတော့ အိမ်ထောင်စု စာရင်း မပါလာဘူး.. ပြန်ယူရဦးမှာ.. "
သူသည် ယနေ့ ချိန်းတွေ့သည်ကို လာကြည့်ရုံသက်သက်သာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည် ။ နောက်ဆုံးတွင် ယန်ကျီဝမ် ၏ စကားများဖြင့် ဆွဲဆောင်ခံလိုက်ရပြီး သဘောတူလိုက်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ ။ သို့သော်လည်း ဤမိန်းကလေးက သူ့အလှအပ စံနှုန်းနှင့်လည်း ကိုက်ညီပေသည် ။
ယွီလီ က တိုက်တွန်းလိုက်သည် ။
" ဒါဆိုရင် အမြန်ပြန်ယူခဲ့ပါ.. ကျွန်မတို့ အခု လမ်းရုံးမှာ ရှိနေတာဆိုတော့ ဒီနေ့ပဲ အပြီးလုပ်ပေးနိုင်တယ်.. "
ရှာကျူး ခေါင်းညိတ်ပြီး အိမ်ဆီသို့ အမြန် ပြေးထွက်သွားသည် ။ မော်ရှောင်ဖန်း သည် သူ၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ နှလုံးသားမှာ ရှုပ်ထွေးနေသော်လည်း နောက်ဆုံးတွင် သက်ပြင်းချကာ အဖြစ်မှန်ကို လက်ခံလိုက်သည် ။
ယွီလီ သည် ထိုအရာကို မြင်သဖြင့် သူမ၏ ပုခုံးကို ညင်သာစွာ ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည် ။
" ရှောင်ဖန်း.. အများကြီး မတွေးပါနဲ့.. ဟဲယွီကျူး က အတော်ကောင်းတဲ့ လူပါ.. အနာဂတ်မှာ နှစ်ယောက်သား ကောင်းကောင်း နေသွားကြရင် ဘဝက ပိုပြီး အဆင်ပြေလာပါလိမ့်မယ်.... "
မော်ရှောင်ဖန်း ခေါင်းညိတ်ပြီး အပြုံးလေး တစ်ခုဖြင့် ...
" အစ်မ ကျေးဇူးတင်ပါတယ်နော်.. ညီမ ကောင်းကောင်း နေသွားပါ့မယ်.. "