အခန်း ၁၉၂
Vol. 19 Ch. 192
Chapter 192
~
အခန်း ၁၉၂ : သဘောတူထားသော ကိစ္စ ပျက်သွားခြင်း...
~
လမ်းရုံး၏ ဘေးဘက်တွင် ...
ယွီလီ၊ ယန်ကျီဝမ်နှင့် မော်ရှောင်ဖန်းတို့က ရှာကျူး ရောက်လာမည့်အချိန်ကို စောင့်နေကြသော်လည်း အချိန်များ ကုန်လွန်သွားပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်များပင် အေးစက်လာချေပြီ ။ သို့သော် ရှာကျူး၏ အရိပ်အယောင်ကိုပင် မမြင်ရ ။
ယွီလီက ယန်ကျီဝမ် ပေးထားသော လက်ပတ်နာရီကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ...
" ဟဲယွီကျူး ဘာဖြစ်သွားတာလဲ.. သူ အိမ်ထောင်စုစာရင်း သွားယူမယ်ဆိုပြီး ဘာလို့ အခုထိ မရောက်သေးတာလဲ.. "
ရှာကျူး ထွက်သွားသည်မှာ နှစ်နာရီခန့်ပင် ရှိနေလေပြီ ။
ခြံဝင်းမှ လမ်းရုံးသို့ အချိန် မိနစ်နှစ်ဆယ်ပင် မကြာချေ ။ နှစ်နာရီဟူသော အချိန်ပမာဏက ခေါက်တုံ့ခေါက်ပြန် အကြိမ်ရေ အနည်းငယ်ပင် သွား၍ရနေ၏ ။
ယွီလီ၏ ဘေးတွင် ထိုင်နေသော ယန်ကျီဝမ်၏ ရင်ထဲတွင် ကြိုတင် ခန့်မှန်းမိပြီးသားပင် ။ သူက သက်ပြင်းချလိုက်ပြီး ယွီလီကို တိုးတိုးလေး ပြောလိုက်သည် ။
" ရှာကျူးကို ယီကျုံးဟိုင်တို့ တားထားတာ ဖြစ်လောက်တယ်.. ဒီကိစ္စကတော့ ပျက်သွားပြီ ထင်တယ်.. "
ထိုစကားကို ကြားသောအခါ ယွီလီ၏ မျက်နှာက ချက်ချင်း မှောင်မိုက်သွားသည် ။
ယွီလီက မော်ရှောင်ဖန်းကို လှည့်ကြည့်လိုက်လျှင် သူမက ခေါင်းငုံ့ကာ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသဖြင့် ယန်ကျီဝမ် ပြောလိုက်သည့် စကားကို သူမ ကြားသွားမှန်း ယွီလီ သိလိုက်သည် ။
ယွီလီသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် နာကျင်သွားပြီး သူမ အနားသို့ သွားကာ ပခုံးလေးကို ဖွဖွပုတ်၍ နှစ်သိမ့်ပေးလိုက်သည် ။
" ရှောင်ဖန်း.. စိတ်မပူနဲ့နော်.. ဟဲယွီကျူး တစ်ခုခု အရေးကြီးကိစ္စ ရှိနေလို့ နောက်ကျနေတာ ဖြစ်မယ်.. တို့တွေ ခဏလောက် ထပ်စောင့်ကြည့်ရအောင်.. "
မော်ရှောင်ဖန်းက ခေါင်းမော့လာပြီး အားတင်း၍ပြုံးကာ အားငယ်နေသော လေသံဖြင့်...
" အစ်မ.. ရပါတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်မက အစာငတ်လို့ ထွက်ပြေးလာရတဲ့ ဒုက္ခသည်ပဲလေ.. လူတွေက ကျွန်မကို သဘောမကျကြတာ ပုံမှန်ပါပဲ.. ကျွန်မအတွက် စိတ်မပူပါနဲ့.. ကျွန်မ နားလည်ပါတယ်.. "
ဤမျှ လိမ္မာသိတတ်လွန်းသည့် ကောင်မလေးကို ကြည့်ပြီး ယွီလီ၏ ရင်ထဲတွင် ပို၍ပင် နာကျင်လာ၏ ။
ယွီလီ အလွန် စိတ်မကောင်း ဖြစ်သွားသည် ။ သူမက မော်ရှောင်ဖန်း၏ လက်ကို ဆုပ်ကိုင်ကာ ပြတ်သားစွာဖြင့်...
" ရှောင်ဖန်း.. အဲ့ဒီလို မပြောပါနဲ့.. ညီမက အရမ်းသိတက်တဲ့ ကောင်မလေးပါ.. ဟဲယွီကျူး ညီမကို လက်လွှတ်လိုက်ရတာက သူ့ရဲ့ ကံဆိုးမှုပဲ.. စိတ်မပူနဲ့.. အစ်မ နောင်ကျရင် ညီမအတွက် စိတ်ချရတဲ့ ယောက်ျားတစ်ယောက် သေချာပေါက် ရှာပေးမယ်.. ညီမကို ဘယ်တော့မှ အနှိမ်မခံစေရဘူး.. "
မော်ရှောင်ဖန်းက ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ယှက်သန်းသွားသော်လည်း ချက်ချင်းပင် ခေါင်းပြန်ငုံ့သွားကာ ဘာမှ ထပ်မပြောတော့ချေ ။
ဤမြင်ကွင်းကို ကြည့်ပြီး ယန်ကျီဝမ် အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည် ။
မူလက ရှာကျူးကို မိန်းကလေးတစ်ယောက် ခေါ်သွားရန် ဖျောင်းဖျပြီး သူ့မိန်းမ၏ တာဝန်ပြီးမြောက်စေရန်နှင့် ရှာကျူး အနာဂတ်တွင် အမြတ်ထုတ်ခံရမည့် ကံကြမ္မာမှ ပြောင်းလဲနိုင်ရန် ကူညီပေးလိုသော စေတနာဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏ ။
သို့သော် ကံမကောင်းစွာဖြင့် တစ်ဖက်လူက အသိအမှတ် မပြုခဲ့ချေ ။
သူ သက်ပြင်းချလိုက်ပြီး...
" လီလီ.. ကိုယ်တို့တွေ အရင်ပြန်ကြရင်ကော ဘယ်လိုလဲ.. ရှာကျူး တကယ် မလာတော့ဘူးဆိုရင် တို့တွေ ဒီမှာ ဆက်စောင့်နေလည်း အလကားပဲလေ.. "
ယွီလီက အံကြိတ်ကာ...
" ကောင်းပြီ.. သူ့သဘောက ဘာလဲဆိုတာ ကျွန်မကိုယ်တိုင် သွားမေးမယ်.. သူ သေချာ သဘောတူထားပြီးမှ ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားရတာလဲ.. "
ထိုသို့ပြောပြီးနောက် သူမက မော်ရှောင်ဖန်းကို ထပ်ပြောလိုက်သည် ။
" ရှောင်ဖန်း.. စိတ်မပူနဲ့နော်.. ဒီကိစ္စ ပျက်သွားရင်တောင် နောက်ကျရင် ညီမအတွက် စိတ်ချရတဲ့ ယောက်ျားတစ်ယောက် အစ်မ သေချာပေါက် ရှာပေးမယ်.. "
" ကျေးဇူးတင်ပါတယ် အစ်မ.. "
ထို့နောက် ယွီလီနှင့် ယန်ကျီဝမ်တို့ ထွက်လာခဲ့ကြသည် ။
...
ခြံဝင်းသို့ ပြန်ရောက်သောအခါ...
ယွီလီက ဒေါသတကြီးဖြင့် နောက်ဘက်ခြံဝင်းသို့ ထွက်သွား၏ ။
ရှာကျူးက လူဆိုးတစ်ယောက်ဖြစ်၍ သူ၏ ဇနီး အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့် ယန်ကျီဝမ်က အမြန် လိုက်သွားသည် ။
ယွီလီက ရှာကျူးတို့ အိမ်ရှေ့သို့ ရောက်လျှင် တံခါးကို ခပ်ပြင်းပြင်း ခေါက်လိုက်သည် ။
သို့သော် အတော်ကြာအောင် ခေါက်နေသော်လည်း အခန်းထဲမှ မည်သည့်လှုပ်ရှားမှုမှ မရှိ ။
ယွီလီ ဒေါသထွက်နေသဖြင့် ဘာမှ ဂရုမစိုက်နိုင်တော့ဘဲ တံခါးကို တွန်းဖွင့်ပြီး အထဲဝင်သွားသည် ။
ရှာကျူးသည် အခန်းထဲတွင် မှုန်ကုပ်ကုပ် မျက်နှာဖြင့် ထိုင်ကာ လက်ထဲတွင် စီးကရက်တစ်လိပ် ကိုင်၍ တိတ်ဆိတ်စွာ ဆေးလိပ်သောက်နေသည်ကို သူမ မြင်လိုက်ရ၏ ။
ယွီလီက တံခါးဝသို့ ရောက်သည်နှင့် ချက်ချင်း မေးခွန်းထုတ်လိုက်သည် ။
" ရှာကျူး.. နင် ဘာသဘောလဲ.. နင် အိမ်ထောင်စုစာရင်း ပြန်ယူမယ်ဆိုပြီး ဘာလို့ ပြန်မလာတာလဲ.. လမ်းရုံးမှာ နင့်ကို ဘယ်လောက်ကြာအောင် စောင့်နေရလဲဆိုတာ နင် သိရဲ့လား.. "
ရှာကျူးက ယွီလီကို မော့ကြည့်လိုက်သည် ။
သူက ဒေါသထွက်နေရသည့်အထဲ ယခု ယွီလီက လာရောက် မေးခွန်းထုတ်နေသဖြင့် သူ၏ ဒေါသများက ချက်ချင်း ပေါက်ကွဲထွက်သွား၏ ။
သူ ရုတ်တရက် မတ်တတ်ရပ်ကာ ယွီလီကို အော်ဟစ်လိုက်သည် ။
" မင်းကများ ငါ့ကို လာမေးရဲသေးတယ်.. မင်းတို့နှစ်ယောက်က ငါ့ကို တမင် ဒုက္ခပေးနေတာ မဟုတ်လား.. မော်ရှောင်ဖန်းက ထွက်ပြေးလာတာကို သိရက်နဲ့ ငါ့ကို မိတ်ဆက်ပေးရလား.. ငါ ကောင်းစားမှာကို မင်းတို့က မနာလို ဖြစ်နေတာလား.. "
အကယ်၍ ယန်ကျီဝမ်သာ ဤနေရာတွင် ရှိမနေပါက သူ သေချာပေါက် အကြမ်းဖက်မိပေမည် ။
ရှာကျူး၏ အော်ဟစ်သံကြောင့် ယွီလီ၏ ထိတ်လန့်သွား၏ ။
သို့သော် သူမ၏ ယောက်ျားက ဘေးတွင် ရှိနေသေးသည်ကို တွေးမိသောအခါ သူမ ချက်ချင်းပင် ယုံကြည်မှု ပြန်ရလာသည် ။
သူမက ရှာကျူးကို လက်ညိုးထိုးကာ ဒေါသတကြီးဖြင့်...
" ရှာကျူး.. နင့် စကားက ဘာစကားလဲ.. ငါတို့က စေတနာနဲ့ အိမ်ထောင်ဖက် ရှာပေးတာကို နင်က အသိအမှတ် မပြုတဲ့အပြင် ငါတို့ကို ပြန်အပြစ်တင်နေတာလား.. အဲ့ဒါ နင်ပြောရမယ့် စကားလား.. ရှောင်ဖန်းက ဘာဖြစ်နေလို့လဲ.. သူက အလုပ်ကြိုးစားပြီး လိမ္မာသိတတ်တယ်.. နင် နဲ့ ဘယ်နေရာကများ မတန်လို့လဲ.. "
ရှာကျူးက လှောင်ပြုံး ပြုံးလိုက်ပြီး...
" အလုပ်ကြိုးစားတယ်.. လိမ္မာသိတတ်တယ်.. ဟုတ်ချင်လည်း ဟုတ်မှာပေါ့.. ဒါပေမဲ့ သူက ကျေးလက် အိမ်ထောင်စုစာရင်းနဲ့လေ.. သူ့ကလေးတွေကလည်း နောင်ကျရင် ကျေးလက်အိမ်ထောင်စုစာရင်းပဲ ရမှာပေါ့.. ငါ့မှာ ကျွေးမွေးရမယ့် ညီမလေးလည်း ရှိသေးတယ်.. ငါ အိမ်ထောင်ပြုပြီး ကလေးတွေပါ ရလာရင် အိမ်မှာ ပါးစပ်နှစ်ပေါက် ပိုတိုးလာလိမ့်မယ်.. အဲ့ဒီကျရင် ဘယ်လို အသက်ရှင်ရမလဲ.. "
ယွီလီက ဒေါသတကြီးဖြင့်...
" နင် က သံမဏိစက်ရုံက ခေါင်းဆောင် စားဖိုမှူးဆို.. လစာလည်း မနည်းဘူးဆိုတော့ လူနှစ်ယောက်လောက် ပိုကျွေးရတာက ဘာမှမဟုတ်ပါဘူးဆို.. အဲ့ဒါ နင် ကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား.. "
" အဲ့ဒီတုန်းက သေချာ မစဥ်းစားမိလို့ပါ.. အခုတော့ ငါ သေချာ စဥ်းစားပြီးသွားပြီ.. "
ရှာကျူး၏ အသံက တိုးသွားပြီး ယုံကြည်မှုလည်း ပျောက်ဆုံးသွား၏ ။
ယန်ကျီဝမ်က မထီမဲ့မြင် ပြုံးလိုက်ပြီး...
" မင်းညီမကို ကျွေးမွေးရမယ်တဲ့လား.. မင်းက သူများမယားကို စောင့်ရှောက်ချင်နေတာ နေမှာပါ.. "
" မင်း.. လျှောက်မပြောနဲ့.. ငါ့နာမည်ပျက်အောင် မလုပ်နဲ့.. ငါ နောင်ကျရင် မိန်းမရှာမရရင် မင်း တာဝန်ယူပေးမှာလား.. "
ရှာကျူးက ဒေါသတကြီး ပြောလိုက်သည် ။ သူ၏ မျက်နှာက နီရဲလာ၏ ။
အကယ်၍ သူသာ နိုင်မည်မဟုတ်မှန်း သိ မထားပါက သေချာပေါက် လက်ပါမိနေပြီ ။
" မင်းမှာ နာမည်ကောင်း ရှိသေးလို့လား.. "
ယန်ကျီဝမ်က မထီမဲ့မြင် နှုတ်ခမ်းမဲ့လိုက်ပြီး ယွီလီ၏ လက်ကို ဆွဲကာ...
" မိန်းမ.. ပြန်ကြစို့.. သူကမှ အသိအမှတ် မပြုတာ ကိုယ်တို့ အတင်း လုပ်ပေးနေစရာ မလိုပါဘူး.. "
" ဟမ့်.. "
ယွီလီက ရှာကျူးကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် ယန်ကျီဝမ် နောက်သို့ လိုက်ကာ ပြန်သွားသည် ။
အိမ်သို့ ပြန်ရောက်သောအခါ...
ယန်ကျီဝမ်က သူမအတွက် နို့မှုန့်တစ်ခွက် ဖျော်ပေးလိုက်ပြီး နှစ်သိမ့်ကာ...
" ကဲပါ.. စိတ်မတိုပါနဲ့တော့.. ကျန်းမာရေး ထိခိုက်လိမ့်မယ်.. မင်းမှာက လူနှစ်ယောက်စာ ဖြစ်နေပြီလေ.. အဲ့ဒီ ရှာကျူးအတွက်နဲ့တော့ မတန်ပါဘူး.. "
ယွီလီက ခွက်ကို ယူလိုက်ပြီး နှာခေါင်းရှုံ့ကာ...
" ကျွန်မက သူ့ကို ဒေါသထွက်နေတာများ မှတ်လို့.. ကျွန်မက ရှောင်ဖန်းအတွက် စိတ်မကောင်းဖြစ်နေတာ.. ရှောင်ဖန်းက ဘယ်လောက်တောင် ကောင်းတဲ့ ကောင်မလေးလဲ.. သူက ရှာကျူးနဲ့ ယူဖို့ သဘောတူလိုက်တာ ရှာကျူးရဲ့ ကံကောင်းမှုပဲ.. အဲ့ဒီ အရူးက အသိအမှတ် မပြုဘူးလို့ ဘယ်သူက ထင်မှာလဲ.. သူက ကျွန်မတို့ သူ့ကို ဒုက္ခပေးချင်နေတယ်လို့တောင် ပြောသေးတယ်.. ဘယ်လိုလုပ် အဲ့ဒီလို လူမျိုး ရှိနေရတာလဲ.. "
ယန်ကျီဝမ်က သူမ စိတ်ငြိမ်သွားစေရန် ကျောကို ပုတ်ပေးလိုက်ပြီး...
" ရပါတယ်.. နောင်ကျရင် ရှောင်ဖန်းအတွက် ပိုကောင်းတဲ့သူ ရှာပေးကြတာပေါ့.. ရှာကျူးကတော့ ဒီတစ်ကြိမ် လက်လွှတ်လိုက်ရရင် နောင်ကျရင် မိန်းမရဖို့ ခက်သွားလိမ့်မယ်.. "
ယွီလီက လှောင်ပြုံး ပြုံးလိုက်ပြီး...
" သူ ခံရတာ တန်ပါတယ်.. နောက်ကျရင် သူ အိမ်ထောင်ဖက် ရှာချင်တယ်ဆိုရင်တောင် ကျွန်မကတော့ ဝင်မပါတော့ဘူး.. "
" မင်းပြောတာ မှန်တယ်.. ရှာကျူးကတော့ တစ်သက်လုံး အထီးကျန် အဘိုးကြီး ဖြစ်ဖို့သာ စောင့်နေလိုက်တော့.. "
ယန်ကျီဝမ်က ထောက်ခံလိုက်သည် ။
သူက နောက်ပိုင်းတွင် ချင်ဟွိုင်ရုနှင့် အိမ်ထောင်ကျမည် ဖြစ်သော်လည်း သူများကလေးများကို ပြုစုပျိုးထောင်ပေးရုံသာမက အိမ်ပေါ်မှပါ နှင်ချခံရမည် ဖြစ်ရာ အတော်လေး သနားစရာ ကောင်းလှသည် ။
အကယ်၍ လိုရှောင်အဲသာ သူ့အတွက် သားတစ်ယောက် မမွေးပေးခဲ့ပါက သူ့တွင် မျိုးဆက် ကျန်မည် မဟုတ်ပေ ။
သို့သော် ယွီလီ ပြောသလိုပင် သူ ခံရသည်က တန်ပေသည် ။
မော်ရှောင်ဖန်း ဆိုသည့် ထိုကောင်းမွန်သော ကောင်မလေးအတွက်သာ သနားစရာ ကောင်းလှ၏ ။ သူမက အလွန် ဝမ်းနည်းနေမည်မှာ သေချာသည် ။
သူမ၏ ရုပ်ရည်မျိုးဖြင့် အစာရေစာ ခေါင်းပါးမှုနှင့် မကြုံခဲ့ရပါက လက်ထပ်ခွင့်တောင်းရန် လူအများ စီတန်းနေပေမည် ။
ယခုတော့ သူမကပင် အထင်သေးခံနေရ၏ ။
လိုရှောင်အဲ အကြောင်း ပြောရလျှင် မနှစ်က နောက်ဆုံး တွေ့ပြီးကတည်းက သူ သူမကို မတွေ့ရတော့ချေ ။
သူ့ကြောင့် အနာဂတ်တွင် လိုရှောင်အဲက ရွှီတာမော့နှင့် အိမ်ထောင်ကျဦးမည်လော ဆိုသည်ကို သူ မသိတော့ ။
သေချာသည်က ဤသည်များက သူနှင့် သက်ဆိုင်ခြင်း မရှိပေ။
သူသည် ကိုယ့်ဘဝကိုယ်သာ နေရန် လိုအပ်၏ ။