အခန်း ၁၉၅
Vol. 19 Ch. 195
Chapter 195
~
အခန်း ၁၉၅ : အဲ့ကောင်က အာပဲ
~
ညနေခင်း ..
ယွီလီက ခွေးခြေခုံပုလေးတစ်လုံးကို ယူကာ အိမ်မကြီး၏ အဝင်ဝတွင် ထိုင်လိုက်ပြီး ဟင်းသီးဟင်းရွက်စိမ်း တစ်စည်းကို ကိုင်၍ ရန်ရွေ့ဟွားကို ဟင်းရွက်ကူသင် ပေးနေသည် ။
မကြာမီ ခြံဝင်းအဝင်ဝမှ ခြေသံများ ကြားလိုက်ရ၏ ။ ယွီလီ မော့ကြည့်လိုက်ရာ အလုပ်မှ ပြန်လာသော ရှာကျူးကို မြင်လိုက်ရသည် ။ သူက အဝတ်အိတ်တစ်လုံးကို လွယ်ထားပြီး သူ၏ မျက်နှာတွင် ခံစားချက်ကင်းမဲ့နေကာ စိတ်အခြေအနေ မကောင်းကြောင်း သိသာနေ၏ ။
ယွီလီက ရှာကျူးကို မြင်သည်နှင့် ဒေါသများ ထပ်မံ ထွက်လာပြန်သည် ။ လွန်ခဲ့သည့် ရက်အနည်းငယ်က မင်္ဂလာမဆောင်တော့ဟု ရှာကျူး ကတိဖျက်ခဲ့ပုံကို သူမ မှတ်မိနေပြီး မော်ရှောင်ဖန်း အတွက် မတရားဟု ခံစားနေရဆဲပင် ။
ထို့ကြောင့် သူမက တမင် အသံကျယ်ကျယ်ဖြင့် ရှာကျူးကို လှမ်းပြောလိုက်သည် ။
" သြော်.. ရှာကျူး.. အလုပ်ဆင်းလာပြီပေါ့.. "
ရှာကျူးက ယွီလီ၏ အသံကို ကြားလျှင် မော့ကြည့်လိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည် ။
သူက စကားများများ မပြောလိုသဖြင့် အလယ်ခြံဝင်းဘက်သို့ လျှောက်သွားရန် ပြင်လိုက်စဥ် ယွီလီ ဆက်ပြောလိုက်သော စကားကို ကြားလိုက်ရ၏ ။
" ရှာကျူး.. ရှင် မသိသေးဘူးမလား.. မော်ရှောင်ဖန်းက တခြားတစ်ယောက်နဲ့ လက်ထပ်စာချုပ်တောင် သွားလုပ်ပြီးသွားပြီ.. ဒီနေ့ပဲ ယန်ကျီဝမ်နဲ့ ငါ့ကို သူ့မင်္ဂလာပွဲအတွက် လာဖိတ်သွားသေးတယ်.. "
ထိုစကားကို ကြားလျှင် ရှာကျူး၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားသည် ။ သူ လှည့်ကြည့်လိုက်သည် ။ သူ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး...
" မင်း ဘာပြောလိုက်တယ်.. မော်ရှောင်ဖန်း အိမ်ထောင်ကျသွားပြီ ဟုတ်လား.. "
ရှာကျူး၏ အမူအရာကို မြင်လျှင် ယွီလီက ကျေနပ်သွားသလို ခံစားလိုက်ရပြီး တမင် ပြုံး၍ ပြောလိုက်သည် ။
" ဟုတ်တယ်.. သူ့ရဲ့ အမျိုးသား နာမည်က ကျန်းဝေကော်တဲ့.. ရှင့်ထက် အများကြီး သာတယ်.. သူ့မှာ သင့်တော်တဲ့ အလုပ်တစ်ခု ရှိရုံတင်မကဘူး သူက စစ်မှုထမ်းဟောင်း တစ်ယောက်လည်း ဖြစ်သေးတယ်.. ရှောင်ဖန်းက သူ့ကို လက်ထပ်ပြီးရင် စစ်သည်မိသားစုဝင် ဖြစ်သွားတော့မှာမို့ သူ့ဘဝက အရမ်းကောင်းသွားတော့မှာ.. ရှင်သာ အဲ့တုန်းက ကတိမဖျက်ခဲ့ရင် မော်ရှောင်ဖန်းက အခု ရှင့်မိန်းမ ဖြစ်နေလောက်ပြီပေါ့.. နှမြောစရာပဲ ရှင်က အဲ့လောက် ကံမကောင်းပါဘူးလေ.. "
ထိုစကားကို ကြားလျှင် ရှာကျူး၏ မျက်နှာက ချက်ချင်း အကျည်းတန်သွားသည် ။ လွန်ခဲ့သည့် နှစ်ရက်အတွင်း သူ၏ ဒေါသများ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း ယွီလီ၏ စကားများက သူ၏ ရင်ထဲမှ မီးတောက်ကို ပြန်လည် မွှေးပေးလိုက်သလို ဖြစ်သွား၏ ။
သူက ယွီလီကို စိုက်ကြည့်ကာ ဒေါသတကြီး အော်လိုက်သည် ။
" ယွီလီ.. မင်းက ဘာသဘောလဲ.. ငါ့ကို တမင် လာစနေတာလား.. မော်ရှောင်ဖန်းက တောသူလေးပါ ငါ သူ့ကို တစ်ချက်တောင် ကြည့်မှာ မဟုတ်ဘူး.. "
ရှာကျူး ဒေါသထွက်နေသည်ကို မြင်လျှင် ယွီလီက ပို၍ ရယ်ချင်သွားသည် ။ သူမက မတ်တပ်ရပ်ကာ ခါးထောက်လိုက်ပြီး နောက်မဆုတ်ဘဲ ပြန်ပက်လိုက်၏ ။
" ရှာကျူး.. ခေါင်းမာမနေစမ်းပါနဲ့.. အဲ့တုန်းက သေသေချာချာ သဘောတူပြီးတော့ နောက်ဆုံးမိနစ်ကျမှ ကတိဖျက်ခဲ့တာ ဘယ်သူလဲ.. အခု မော်ရှောင်ဖန်းက လင်ကောင်းသားကောင်း ရသွားတော့မှ ရှင်က ဒီမှာ လာပြီး မနာလို စကားတွေ လာပြောနေတယ်.. ရှင်သာ တကယ် အရည်အချင်းရှိရင် အစတည်းက ကတိဖျက်ခဲ့မှာ မဟုတ်ဘူး.. "
ရှာကျူးသည် ယွီလီ၏ စကားကြောင့် ဆွံ့အသွားပြီး ဒေါသထွက်ကာ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း ပြန်လည် ချေပရန် စကားလုံး ရှာမတွေ့တော့ချေ ။
သူက စကားအနည်းငယ် ထပ်ဆဲရန် ပြင်လိုက်စဥ် အပြင်ဘက်မှ ပြန်လာသော ယန်ကျီဝမ်ကို မြင်လိုက်ရသည် ။ ယန်ကျီဝမ်က အိတ်တစ်လုံး ကိုင်ထားပြီး တစ်ခုခု ဝယ်လာခဲ့ကြောင်း သိသာနေ၏ ။
ယန်ကျီဝမ် ခြံဝင်းထဲသို့ ဝင်လာသည်နှင့် ရှာကျူးနှင့် ယွီလီတို့ ထိပ်တိုက်တွေ့နေကြပြီး လေထုမှာ အနည်းငယ် တင်းမာနေသည်ကို မြင်လိုက်ရသည် ။ သူ မျက်မှောင်ကြုတ်သွားပြီး အနားသို့ လျှောက်လာကာ မေးလိုက်၏ ။
" ဘာဖြစ်လို့လဲ.. မင်းတို့တွေ ဘာတွေ ငြင်းနေကြတာလဲ.. "
ရှာကျူးက ယန်ကျီဝမ်ကို မြင်သည်နှင့် ချက်ချင်း ကြောက်ရွံ့သွားသည် ။
သူက စကားပြောလျှင်လည်း မနိုင်သလို ရန်ဖြစ်လျှင်လည်း မနိုင် နိုင်သဖြင့် အရှုံးပေးရန်သာ တက်နိုင်တော့၏ ။
ထို့ကြောင့် သူက ယွီလီကို ဒေါသတကြီး စိုက်ကြည့်ကာ ညည်းတွားလိုက်သည် ။
" ဟမ့်.. မော်ရှောင်ဖန်းက တောသူလေးပါ .. ငါ သူ့ကို လုံးဝ ဂရုမစိုက်ဘူး.. မင်း ပြောချင်တာ ပြောနိုင်တယ်.. "
စကားပြောပြီးနောက် ရှာကျူးက လှည့်ကာ သူ၏ အခန်းထံသို့ အမြန် လျှောက်သွားလိုက်သည် ။ ယွီလီနှင့် ယန်ကျီဝမ်တို့ ထပ်တားမည်ကို သူ ကြောက်နေမိ၏ ။
ယွီလီက ရှာကျူး၏ ကြောက်ရွံ့နေသော အမူအရာကို မြင်လျှင် ပို၍ စိတ်သက်သာရာ ရသွားသည် ။
သို့သော် သူမက လက်မလျှော့ဘဲ ထွက်သွားသော ရှာကျူး၏ ကျောပြင်ကို လှမ်းအော်လိုက်သည် ။
" ရှာကျူး.. ဆက်ပြီးသာ ခေါင်းမာနေလိုက်.. နောက်ဆို မိန်းမရဖို့ သိပ်လွယ်မှာ မဟုတ်ဘူး.. "
ရှာကျူးက အသံကြားလျှင် ခဏ ရပ်တန့်သွားသော်လည်း နောက်လှည့်မကြည့်ဘဲ မြန်မြန်အဝေးသို့ ရောက်ရန် ခြေလှမ်းများကိုသာ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည် ။
ယန်ကျီဝမ်က ဤမြင်ကွင်းကို ကြည့်ကာ ယွီလီကို အနည်းငယ် ပြုံး၍ ပြောလိုက်သည် ။
" မင်းကလည်း.. သူ့အဆင့်ထိ ဆင်းပြီး မပြောပါနဲ့.. ရှာကျူးက အသံသာ ကျယ်တာပါ ဘာမှ လုပ်ရဲတာ မဟုတ်ဘူး.. အခုလောက်ဆို သူ့ရင်ထဲမှာ အရမ်းကို နောင်တရနေလောက်ပြီ.. "
ယွီလီက နှုတ်ခမ်းဆူလိုက်ပြီး ပြောလိုက်၏ ။
" ကျွန်မ သူ့ကို ဂရုမစိုက်ပါဘူး.. ရှောင်ဖန်း အတွက် မတရားဘူးလို့ ခံစားရလို့ပါ.. သူသာ ကတိမဖျက်ခဲ့ရင် ရှောင်ဖန်း ဒီလောက်ထိ နာကျင်ရမှာ မဟုတ်ဘူး.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး ယွီလီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည် ။
" ကောင်းပါပြီ.. အခု ရှောင်ဖန်း အဆင်ပြေနေပြီ မဟုတ်ဘူးလား.. အဲ့တာကို ဆက်ပြီး စိတ်မပူပါနဲ့တော့.. "
ယွီလီက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ပြီး...
" ဒါလည်း ဟုတ်တာပဲ.. အခု ရှောင်ဖန်း အဆင်ပြေသွားပြီဆိုတော့ ကျွန်မတို့ သူ့အတွက် ဝမ်းသာပေးသင့်တယ်.. "
တခြားတစ်ဖက်တွင် ...
ရှာကျူးက အိမ်ပြန်ရောက်ပြီး တံခါးပိတ်လိုက်သော်လည်း သူ့ ရင်ထဲတွင် ဂနာမငြိမ် ဖြစ်နေဆဲပင် ။
သူ ကုတင်စွန်းတွင် ထိုင်လိုက်သော်လည်း ယွီလီ၏ စကားများက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး စိတ်အနှောင့်အယှက် ဖြစ်လာသလို ခံစားလိုက်ရသည် ။
သူက စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး တစ်ရှိုက် ဖွာလိုက်ကာ ...
" ဟမ့်.. မော်ရှောင်ဖန်းက တောသူလေးပါ ငါ သူ့ကို လုံးဝ ဂရုမစိုက်ဘူး.. "
သို့သော် ထိုသို့ ပြောနေသော်လည်း သူ အနည်းငယ်တော့ နောင်တရနေမိသည် ။ ယခုတစ်ခါ မိန်းမကောင်း တစ်ယောက်ကို သူ တကယ် လက်လွှတ်ဆုံးရှုံးလိုက်ရပြီဆိုတာ သူ သိနေ၏ ။
" တကယ့် ပြဿနာပဲ.. "
ရှာကျူးက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်ပြီး ဟင်းချက် ချင်စိတ် မရှိ၍ ကုတင်ပေါ်တွင်သာ လှဲလျောင်းနေလိုက်သည် ။
...
နောက်တစ်နေ့ ...
ယန်ကျီဝမ်က မွန်းတည့်ချိန်အထိ အိပ်ပြီးနောက် နေ့လည်စာ စားပြီးမှ သံမဏိစက်ရုံသို့ အေးအေးလူလူ ထွက်လာခဲ့သည် ။
သူ သံမဏိစက်ရုံ ဂိတ်ပေါက်သို့ ဝင်လိုက်သည်နှင့် ရွှီတာမော့နှင့် အမှတ်မထင် ဆုံလိုက်ရ၏ ။
" ညီလေးယန်.. ရောက်လာပြီပဲ.. ငါ မင်းကို ရှာဖို့ ခြံဝင်းထဲ ပြန်သွားမလို့ လုပ်နေတာ.. "
ရွှီတာမော့က အလျင်အမြန် ပြေးလာပြီး ယန်ကျီဝမ်၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည် ။
ယန်ကျီဝမ်က သံသယဖြင့် မေးလိုက်၏ ။
" အကိုတာမော့.. ဘာဖြစ်လို့လဲ.. ရှာကျူးက ပြဿနာ လာရှာပြန်ပြီလား.. "
ရွှီတာမော့ ဘဝတွင် တောရွာမှ မုဆိုးမများကို ပရောပရည်လုပ်ခြင်းအပြင် နေ့စဥ် ရှာကျူးကို ကျီစားရန်သာ ရှိသည် ။
သို့သော် ဤကောင်က ဉာဏ်ကောင်းသော်လည်း လူမိုက်စစ်စစ်ဖြစ်သော ရှာကျူးအား ရန်သွားစနေ၏ ။
ရှာကျူးက စကားများများ မပြောဘဲ ကိုယ်ထိလက်ရောက် အကြမ်းဖက်လေ့ရှိသည် ။
ရွှီတာမော့က အမြဲတမ်း အရှုံးနှင့်သာ ရင်ဆိုင်ရသော်လည်း လုံးဝ မှတ်လေ့မရှိ ။ ယန်ကျီဝမ်ပင် သူ၏ ဇွဲအား ချီးကျူးမိသည် ။
သူ ပျင်းနေ၍ ရှာကျူးထိုးသည်ကို ခံချင်နေသည်များလော ။
" ဘယ်ကသာ.. ငါ အဲ့အရူးကို သွားမရှုပ်တာ ကြာလှပြီ.. "
ရွှီတာမော့က လှောင်ပြောင်လိုက်ပြီးနောက် ဆက်ပြောသည် ။
" ဒါရိုက်တာလီက မင်းကို ရှာနေတယ်.. "
ယန်ကျီဝမ် အံ့အားသင့်သွားပြီး...
" သူ ကျုပ်ကို ဘာလို့ ရှာနေတာလဲ.. "
သူ အမြဲတမ်း လစဥ် ပမာဏကို အချိန်မီ ပြီးမြောက်အောင် လုပ်လေ့ရှိသည် ။ ထို့အပြင် သူ မလုပ်နိုင်ခဲ့လျှင်ပင် ဌာနမှူးလျောင်ကသာ သူ့ကို လာရှာမည် ။ လီဟွိုက်တဲ ကဲ့သို့သော ခေါင်းဆောင်ကြီး တစ်ယောက်က မည်သို့ကြောင့် သူ့အား တွေ့ချင်နေပါသနည်း ။
ရွှီတာမော့က ရှက်ရွံ့ဟန်ဖြင့် လက်ကို ပွတ်သပ်ကာ ရယ်လိုက်သည် ။
" တကယ်တော့ ဘာမှ မဟုတ်ပါဘူး.. ဒါရိုက်တာလီကို မင်းရဲ့ ဟင်းချက်စွမ်းရည်က အံ့မခန်းပဲလို့ ငါ ပြောပြလိုက်တာ.. ဒီည ညီနောင်အဖွဲ့အစည်းက ခေါင်းဆောင်တွေကို သူ ဧည့်ခံမှာမို့ မင်းကို ငါ ထောက်ခံပေးလိုက်တယ်.. "
ယန်ကျီဝမ် ချက်ချင်း ဆွံ့အသွားပြီး ဒေါသတကြီးဖြင့်...
" အကိုက ပြဿနာ ရှာနေတာ မဟုတ်ဘူးလား.. တခြားသူတွေ မသိရင်တောင် အကိုက ကျုပ်အကြောင်း သိသားနဲ့.. ကျုပ်က အေးအေးဆေးဆေး နေချင်တာကို အလုပ်လာရှာပေးနေတယ်.. တကယ်ကို ကျုပ်ရဲ့ အကိုကောင်းပဲ.. "
ရွှီတာမော့ ပို၍ ရှက်သွားကာ...
" ဟီးဟီး.. မင်းရဲ့ အကိုက ခေါင်းဆောင်တွေရှေ့မှာ စွမ်းရည်ပြဖို့ အခွင့်အရေး ပေးနေတာ မဟုတ်ဘူးလား.. "
" တော်စမ်းပါ.. အကိုတာမော့ ခေါင်းဆောင်တွေကို မျက်နှာလို မျက်နှာရ လုပ်ချင်နေတာလို့ ကျုပ်ထင်တယ်.. "
ယန်ကျီဝမ်က မျက်လုံးလှန်ပြလိုက်သည် ။ ရွှီတာမော့၏ အကြံအစည်များကို သူ ခြေထောက်ဖြင့်ပင် ခန့်မှန်းနိုင်၏ ။
ယန်ကျီဝမ် ထိုသို့ ဖြစ်နေသည်ကို မြင်လျှင် ရွှီတာမော့က လက်အုပ်ချီကာ သနားစဖွယ် တောင်းပန်လိုက်သည် ။
" အစ်ကိုကြီး.. အကို့ရဲ့ ညီလေးကို ကူညီပါအုံး.. ငါ သူတို့ကို ပြောပြီးသွားပြီ ကျေးဇူးပြုပြီး ကူညီပါ.. "
ယန်ကျီဝမ်က ချက်ချင်း သဘောမတူပေ ။ သူက သိချင်စိတ်ဖြင့် မေးလိုက်၏ ။
" သီးသန့်မီးဖိုချောင်ကို ရှာကျူး အမြဲတမ်း တာဝန်ယူရတာ မဟုတ်ဘူးလား.. သူ ဘယ်ရောက်သွားလို့လဲ.. "
" သြော်.. ငါ သွားစစ်ကြည့်တော့ သူ ခွင့်ယူထားတယ်လို့ ကြားတယ်.. မဟုတ်ရင် ငါ မင်းဆီ လာမှာ မဟုတ်ပါဘူး.. "
ရွှီတာမော့က တက်ကြွစွာ ပြောလိုက်သည် ။
သူ ဤတာဝန်ကို ယူရသည့် အကြောင်းရင်းမှာ ခေါင်းဆောင်များကို မျက်နှာလို မျက်နှာရ လုပ်ရန်ပင် ဖြစ်သည် ။
ယခု ရှာကျူး မရှိတော့သည့်အတွက် သူ့အတွက် အခွင့်အရေး ဖြစ်သွားခြင်းပင် ။
ခဏစဥ်းစားပြီးနောက် ယန်ကျီဝမ်က အကူအညီမဲ့စွာ ခေါင်းခါလိုက်သည် ။
" ကောင်းပြီလေ.. ဒီတစ်ခါပဲနော် နောက်ထပ် ဒီလို မလုပ်နဲ့တော့.. "
" ဟားဟား... မင်းက ငါ့ ညီအစ်ကိုကောင်း ပီသတယ်ဆိုတာ ငါ သိပါတယ် ..."