အခန်း ၁၉၇
Vol. 19 Ch. 197
Chapter 197
~
အခန်း ၁၉၇ : တပည့် လက်ခံခြင်း...
~
ဒယ်အိုးကို အပူပေးပြီး ဆီလောင်းထည့်လိုက်သည် ။
ယန်ကျီဝမ်၏ လက်ထဲမှ ဟင်းမွှေဇွန်းက မြန်ဆန်သွက်လက်စွာ လှုပ်ရှားနေပြီး ပူနေသောဆီထဲတွင် အာလူးအမျှင်များကို အမြန်ကြော်လိုက်သည် ။ ရှာလကာရည်နှင့် ငရုတ်သီးတို့၏ ရောယှက်နေသော ရနံ့က ရှူမိသူတိုင်းကို သွားရည်ကျလာစေ၏ ။
မကြာမီပင် အရောင်အဆင်း၊ အနံ့အရသာနှင့် ပြည့်စုံသော အာလူးချဉ်စပ်အမျှင်ကြော် တစ်ပွဲက လီဟွိုက်တဲနှင့် အခြားသူများ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည် ။
အာလူးအမျှင်များက ရွှေရောင်သန်းကာ တောက်ပနေပြီး ရှာလကာရည်၏ မွှေးရနံ့က ပြင်းပြနေ၏ ။ အနီရောင် ငရုတ်သီး အစအနလေးများက အနှံ့အပြားတွင် ရှိနေကာ အနုပညာလက်ရာတစ်ခုနှင့်ပင် တူနေလေသည် ။
ယန်ကျီဝမ်က ဟင်းမွှေဇွန်းကို ချလိုက်ပြီး လက်ကိုသုတ်ကာ ပြုံး၍ ...
" ခေါင်းဆောင်.. ကျေးဇူးပြုပြီး အရသာဘယ်လိုနေလဲဆိုတာ မြည်းကြည့်ပေးပါဦး.. "
လီဟွိုက်တဲက တူကို အသင့်ပြင်ထားပြီးဖြစ်၍ ထိုစကားကို ကြားသည်နှင့် တစ်လုပ်ယူကာ ပါးစပ်ထဲသို့ မျှော်လင့်တကြီး ထည့်လိုက်သည် ။
ချက်ချင်းပင် သူ၏ မျက်လုံးများ တောက်ပသွားပြီး စားရင်းနှင့် မှတ်ချက်ပေးလိုက်၏ ။
" အာလူးကြော်ရဲ့ ချဉ်စပ်အရသာ အနေတော်ပဲ.. ကြွပ်ရွပြီး နူးညံ့တဲ့ အထိအတွေ့ရှိတယ်.. ရှာလကာရည်နဲ့ ငရုတ်သီး အရသာကလည်း အချိုးကျကျ ပေါင်းစပ်ထားတော့ စားချင်စိတ်ကို ဖြစ်ပေါ်စေပြီး လန်းဆန်းသွားစေတယ်.. တကယ်ကို အရသာရှိတာပဲ.. "
သူက ယန်ကျီဝမ်ကို ကျေနပ်အားရစွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်ပြပြီး ချီးကျူးလိုက်သည် ။
" ယန်လေး.. မင်းရဲ့ လက်ရာက တကယ်ကို ပြောစရာစကားတောင် မရှိဘူး.. ဒီ အာလူးချဉ်စပ်အမျှင်ကြော်က ငါစားဖူးသမျှထဲမှာ ယှဉ်စရာမရှိအောင် အကောင်းဆုံးပဲ.. "
ရွှီတာမော့ကလည်း တစ်လုပ်စားကြည့်ပြီး ထိုစကားကို ကြားသောအခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့်...
" ဒါပေါ့.. ကျွန်တော့်ညီရဲ့ ဟင်းချက်လက်ရာက ရှာကျူးထက် အများကြီး ပိုကောင်းတယ်လို့ ခေါင်းဆောင်ကို ကျွန်တော် ပြောသားပဲ.. "
" ဒါဆိုရင် ဒီကိစ္စအတွက် မင်းကို အသိအမှတ်ပြုပြီး နောက်မှ ဆုချရမယ်.. "
လီဟွိုက်တဲက ပြုံး၍ ပြောလိုက်သည် ။
" ဟုတ်ကဲ့ပါ.. ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်.. "
ရွှီတာမော့ အလွန် ဝမ်းသာသွားသည် ။
လီဟွိုက်တဲက ယန်ကျီဝမ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏ ။
" ယန်လေး.. ဒီနေ့ မွန်းလွဲပိုင်း အထူးဧည့်ခံပွဲအတွက် မင်းကိုပဲ အားကိုးရတော့မယ်.. ဒီနေ့ ငါတို့ ဧည့်ခံရမယ့် ခေါင်းဆောင်က စီချွမ်နဲ့ ချုံချင်းက လာတာဆိုတော့ အစပ်ကြိုက်တယ်.. ဒါကြောင့် မင်းဘက်က နည်းနည်း ပိုပြီး ကြိုးစားပေးရလိမ့်မယ်.. "
" နားလည်ပါပြီ.. "
ယန်ကျီဝမ်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည် ။ သူ၏ စိတ်ထဲတွင်လည်း အစီအစဉ်တစ်ခု ရှိနေလေပြီ ။
စီချွမ်ဟင်းလျာများက အစပ်အရသာနှင့် မွှေးကြိုင်သော အနံ့များကြောင့် နာမည်ကြီးသည် ။ ယနေ့အတွက် စီချွမ်ဟင်းလျာများကိုသာ ရွေးချယ်ရပေမည် ။
လီဟွိုက်တဲက ညွှန်ကြားချက်များ ပေးပြီးနောက် ထွက်သွားသည် ။ ရွှီတာမော့လည်း သူ၏ နောက်မှ လိုက်ထွက်သွား၏ ။
တာဝန်ခံဝမ်က ခံစားချက်ပြင်းပြစွာဖြင့် သက်ပြင်းချလိုက်ပြီး...
" ညီလေးယန်.. မင်း ငါ့ကို အချိန်အကြာကြီး လျှို့ဝှက်ထားခဲ့တာပဲ.. မင်းမှာ ဒီလို အရည်အချင်းရှိမှန်း ငါသာ စောစောသိခဲ့ရင် ဟိုလူယုတ်မာ ရှာကျူးကို သွားတောင်းပန်နေစရာ လိုပါဦးမလား.. "
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...
" ဆရာဝမ်.. အဲဒီလို မဟုတ်ပါဘူး.. ဟင်းချက်တာက ကျွန်တော့်ရဲ့ ဝါသနာတွေထဲက တစ်ခုပါပဲ.. ဒါပေမဲ့ ကျွန်တော်က ငါးမျှားတာကို ပိုကြိုက်တယ်.. အဝယ်တော် အလုပ်က ကျွန်တော်နဲ့ အကိုက်ညီဆုံးလို့ ထင်တယ်.. "
" မင်းကတော့ကွာ.. ဟူး.. "
တာဝန်ခံဝမ်က သက်ပြင်းချလိုက်သည် ။
သူသည် လီဟွိုက်တဲကို ပြောပြီး ယန်ကျီဝမ်အား စားသောက်ဆောင်သို့ ပြောင်းရွှေ့ပေးရန်နှင့် ထိုသို့ဆိုလျှင် သူ့အတွက် အရည်အချင်းရှိသော လက်အောက်ငယ်သား တစ်ယောက် ရလာမည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည် ။
သို့သော် ယန်ကျီဝမ်က သူဆက်ပြောမည့် စကားများကို ချက်ချင်း ပိတ်လိုက်၏ ။ သို့ရာတွင် ဤကဲ့သို့သော ကိစ္စများကို အတင်းအကျပ် လုပ်၍မရသဖြင့် သူ သက်ပြင်းချရုံသာ တတ်နိုင်တော့သည် ။
ထို့နောက် ယန်ကျီဝမ်က မေးလိုက်သည် ။
" ဆရာဝမ်.. အခု စားသောက်ဆောင်မှာ ဘာပါဝင်ပစ္စည်းတွေ ရှိလဲ.. "
တာဝန်ခံဝမ် ခဏ စဉ်းစားပြီး ပြန်ဖြေသည် ။
" ငါးရယ်..ကြက်တစ်ကောင်ရယ်..ဝက်သားနည်းနည်းရယ် ရှိတယ်.. ကျန်တာတွေကတော့ ရိုးရိုး ဟင်းသီးဟင်းရွက်တွေပါပဲ.. "
ထိုစကားကို ကြားသောအခါ ယန်ကျီဝမ် အနည်းငယ် စိတ်လှုပ်ရှားသွားသည် ။
မူရင်းဝတ္ထုထဲတွင် ရှာကျူးက အမြဲတမ်း ညည်းတွားလေ့ရှိသည်မှာ မဆန်းပေ ။
ထို့ကြောင့် သူ အထူးဟင်းလျာများ ချက်တိုင်း ကြိုတင်၍ ဟင်းတစ်ချို့ကို အိမ်သို့ ခိုးယူသွားလေ့ရှိသည် ။ ဤခေတ်ကာလတွင် နေရာတော်တော်များများ၌ စားစရာပင် မရှိကြချေ ။ သို့သော် ဤအရေးကြီးသော ပုဂ္ဂိုလ်များအတွက်မူ အမြဲတမ်း အသားများ ရှိနေတတ်သည် ။
သို့သော် ဤအရာများက သူနှင့် မသက်ဆိုင်ပေ ။ သူ၏ ခံစားချက်ကို ဖော်ပြနေခြင်းသာ ဖြစ်၏ ။ သူ၏ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်သာ လိုအပ်၏ ။ ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် အကြံအစည် တစ်ခု ရသွားသည် ။
သူက သူ၏ အကောင်းဆုံး လက်ရာများဖြစ်သော ငါးအစပ်စွပ်ပြုတ်၊ ကြက်စပ် နှင့် ဝက်သားနှစ်ပြန်ကြော် တို့ကို ချက်ပြုတ်ရန် စီစဉ်လိုက်သည် ။ ဤဟင်းလျာသုံးမျိုးစလုံးမှာ စီချွမ်ဟင်းလျာများ၏ ဂန္ထဝင် လက်ရာများဖြစ်ပြီး သက်သတ်လွတ်ဟင်း နှစ်မျိုး ထပ်ပေါင်းထည့်လိုက်လျှင် စုစုပေါင်း ဟင်းငါးမျိုး ဖြစ်သွားမည်ဖြစ်၍ လုံလောက်မည်ဟု ယူဆရသည် ။
ယန်ကျီဝမ် သူ၏ ဟင်းချက်စွမ်းရည်ကို ပြသပြီးကတည်းက တာဝန်ခံဝမ်သည် ယန်ကျီဝမ်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့သည် ။ သူက ပြုံး၍ ပြောလိုက်၏ ။
"ယန်လေး.. မင်းစိတ်ကြိုက်သာ လုပ်လိုက်ပါ.. တစ်ခုခု လိုအပ်တာရှိရင် ငါ့ကိုသာ ပြော.. "
" ဟုတ်ကဲ့ပါ.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်သည် ။
ထိုအချိန်တွင် ဘေး၌ ရပ်နေသော မာဟွာက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ စကားပြောလာသည် ။ သူ ခဏတာ တုံ့ဆိုင်းနေပြီးမှ သတ္တိမွေးကာ...
" အစ်ကိုယန်.. ကျွန်တော်.. ကျွန်တော် အစ်ကို့ဆီမှာ တပည့်ခံပြီး ဟင်းချက်သင်ချင်လို့ပါ.. အဆင်ပြေနိုင်မလား.. "
ယန်ကျီဝမ် လန့်သွားသည် ။ မာဟွာတွင် ဤကဲ့သို့သော အကြံအစည်မျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ ။
အစောပိုင်းက မာဟွာ ရှာကျူးကို ခေါ်ဝေါ်ဆက်ဆံပုံအရ မာဟွာသည် ရှာကျူးထံတွင် တပည့် မခံရသေးကြောင်း သူ သိထားသည် ။ မာဟွာ၏ စရိုက်က ကောင်းမွန်ပြီး ကြိုးစားပမ်းစား လုပ်ကိုင်တတ်သော လူငယ်ကောင်း တစ်ယောက် ဖြစ်၏ ။
သို့သော်လည်း ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး ခပ်အေးအေးပင်...
" မာဟွာ.. မင်းရဲ့ ရည်ရွယ်ချက်ကို ငါနားလည်ပါတယ်.. ဒါပေမဲ့ ငါ့ရဲ့ ရည်မှန်းချက်က တခြားနေရာမှာ ရှိနေတာဆိုတော့ မင်းကို သေချာသင်ပေးဖို့ အချိန်သိပ်ရှိမှာ မဟုတ်ဘူး.. "
သူသည် ရှာကျူးကဲ့သို့ မဟုတ် ။ သူ၏ ပညာရပ်များကို အခြားသူများအား သင်ပေးရန် ဆန္ဒရှိသော်လည်း ထိုအရာအတွက် အချိန်များစွာ အကုန်ခံရန်မူ ဆန္ဒမရှိပေ ။ ဟင်းချက်ခြင်းက သူ၏ ဝါသနာတစ်ခုသာ ဖြစ်သည် ။ အကယ်၍ ရွှီတာမော့သာ သူ့အား လာမတောင်းဆိုခဲ့လျှင် သူသည် စက်ရုံတွင် သူ၏ ဟင်းချက်စွမ်းရည်ကို ပြသမည် မဟုတ်ချေ ။
ဤစကားကို ကြားသည်နှင့် မာဟွာ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာသည် ။ သူ ခေါင်းငုံ့သွားပြီး အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရ၏ ။
ယန်ကျီဝမ်၏ စကားများက ယဉ်ကျေးစွာ ငြင်းပယ်ခြင်းသာ ဖြစ်ပြီး သူ့ကို လက်မခံချင်၍သာ ဖြစ်သည်ဟု သူ ထင်လိုက်သည် ။
သို့သော် ထိုအချိန်တွင် ယန်ကျီဝမ်က စကားကို ပြောင်းလိုက်ပြီး...
" ဒါပေမဲ့ မင်းက တကယ်ပဲ သေချာ သင်ချင်တယ်ဆိုရင်တော့ ငါအားတဲ့အချိန်တွေမှာ လမ်းညွှန်ပေးနိုင်ပါတယ်.. မင်းကို သီးသန့် သင်ပေးဖို့ အချိန် အများကြီး မရှိတာတစ်ခုပဲ.. ဒီလို အခြေအနေမျိုးနဲ့ မင်း တပည့်ခံချင်သေးလား.. "
ထိုစကားကို ကြားသည်နှင့် မာဟွာ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး အမြန်ခေါင်းညိတ်ကာ...
" ဆန္ဒရှိပါတယ်.. သေချာပေါက် ဆန္ဒရှိတာပေါ့.. ဆရာယန်.. ဆရာက ကျွန်တော့်ကို သင်ပေးဖို့ အချိန်ပေးတာကိုပဲ အရမ်းကို ကျေးဇူးတင်နေပါပြီ.. "
ထိုသည်ကို မြင်သောအခါ တာဝန်ခံဝမ်က ပြုံးလိုက်ပြီး မာဟွာကို ခြေထောက်နှင့် ကန်ကာ သတိပေးလိုက်သည် ။
" မင်း ဘာရပ်လုပ်နေတာလဲ.. မင်းရဲ့ ဆရာကို လက်ဖက်ရည် မြန်မြန် ဆက်လေ.. တကယ် ငတုံးကောင်.. "
" ဪ.. ဟုတ်ကဲ့ အခုသွားပါပြီ.. "
ထိုအခါမှ မာဟွာ သဘောပေါက်သွားပြီး လက်ဖက်ရည် တစ်ခွက် သွားငှဲ့ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည် ။
" ဆရာ.. လက်ဖက်ရည် သုံးဆောင်ပါဦး.. "
ယန်ကျီဝမ် လက်ဖက်ရည်ကို ယူကာ တစ်ငုံသောက်လိုက်ပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်သည် ။
" ကောင်းပြီ.. ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တပည့်ဖြစ်သွားပြီ.. ဒါပေမဲ့ ဟင်းချက်သင်တယ်ဆိုတာ ချက်ချင်း တတ်မြောက်သွားတဲ့ အရာမျိုး မဟုတ်ဘူး.. မင်းမှာ စိတ်ရှည်သည်းခံမှု ရှိရမယ်.. ပြီးတော့ ပင်ပန်းဆင်းရဲခံနိုင်ရမယ်.. "
မာဟွာက ခေါင်းကို တဆတ်ဆတ် ညိတ်ပြပြီး စိတ်လှုပ်ရှားစွာဖြင့်...
" ဆရာ.. စိတ်မပူပါနဲ့.. ကျွန်တော် ပင်ပန်းဆင်းရဲ ခံနိုင်ပါတယ်.. ပြီးတော့ ကြိုးကြိုးစားစားလည်း သင်ယူပါ့မယ်.. ဆရာ့ရဲ့ သွန်သင်ဆုံးမမှုတွေကို လုံးဝ အလဟဿ မဖြစ်စေရပါဘူး.. "
ယန်ကျီဝမ် ပြုံးလိုက်ပြီး မာဟွာ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည် ။
" ကောင်းပြီ.. ပါဝင်ပစ္စည်းတွေကို သွားပြင်ထားလိုက်တော့.. ဒီနေ့ မွန်းလွဲပိုင်းအတွက် ဟင်းတွေကို အမြန်ချက်ဖို့ လိုသေးတယ်.. "
" ဟုတ်ကဲ့ ဆရာ.. အခုပဲ သွားပြင်လိုက်ပါ့မယ်.. "
...
မွန်းလွဲ ၃ နာရီခန့်တွင် ယန်ကျီဝမ် စတင် ပြင်ဆင်တော့သည် ။
သူ ချက်ပြုတ်ရန် စီစဉ်ထားသော ဟင်းလျာများအားလုံးက အချိန် အတော်အသင့် ယူရမည့် ဟင်းမျိုးပင် ။
မီးဖိုချောင်ထဲတွင် ယန်ကျီဝမ်က ပါဝင်ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်နေပြီး မာဟွာက သူ့ကို ကူညီပေးနေ၏ ။ မာဟွာတွင် မေးစရာများစွာ ရှိနေပြီး ယန်ကျီဝမ်ကလည်း တစ်ခုချင်းစီကို စိတ်ရှည်လက်ရှည် ရှင်းပြပေးနေသည် ။
အချိန်အနည်းငယ် ကြာပြီးနောက် ။
အမျိုးသမီးတစ်ဦး ဝင်လာပြီး...
" ဆရာယန်.. ဒါရိုက်တာလီက ဟင်းတွေ တည်ခင်းလို့ ရပြီလို့ ပြောလိုက်ပါတယ်.. "
သူမ၏ အမည်မှာ လျှိုလန် ဖြစ်ပြီး စားသောက်ဆောင်မှ အကူစားဖိုမှူး တစ်ဦးဖြစ်ကာ မူရင်းဝတ္ထုထဲတွင် လီဟွိုက်တဲနှင့် ပတ်သက်ခဲ့သူ ဖြစ်သည် ။ သို့သော်လည်း အချိန်စောနေသေးပြီး လီဟွိုက်တဲကလည်း ဒုတိယစက်ရုံမှူး ( စက်ရုံ ဒုတိယ ဒါရိုက်တာ ..) မဖြစ်သေးသဖြင့် သူတို့နှစ်ဦး ပတ်သက်မှု ရှိမရှိဆိုသည်ကိုမူ မသိရသေးချေ ။
သူမ၏ အကြည့်များက ယန်ကျီဝမ်ထံသို့ ကျရောက်သွားသည် ။ သူက အရပ်ရှည်ရှည်နှင့် ရုပ်ရည်ချောမောပြီး အရည်အချင်းရှိသူ တစ်ဦးဖြစ်သော်လည်း အိမ်ထောင်ကျပြီးသူ ဖြစ်နေပြီ ။ သူ၏ ဇနီးသည် ဤမျှ အရည်အချင်းရှိသော ယောကျာ်းနှင့် လက်ထပ်ရသဖြင့် အလွန် ကံကောင်းပြီး ပျော်ရွှင်နေရပေမည် ။
သူမက သူမကိုယ်သူမ တွေးမိသွားသည် ။
'ငါ့ယောက်ျားကျတော့ အရက်သမား.. ငါ့ကို ဆဲရင်ဆဲ.. မဆဲရင် ရိုက်တယ်.. ငါ အခု ဒီအလုပ်ကို လုပ်နေရတာကလည်း သူ ပျင်းလွန်းလို့ ငါ့ကို သူ့နေရာမှာ အစားထိုး ခိုင်းထားတာလေ.. ကောင်းတဲ့ သတင်းတစ်ခုကတော့ သူ မကြာသေးခင်ကမှ သေသွားခဲ့တာပဲ..'
သို့သော်လည်း သူမ၏ အိမ်တွင် ထောက်ပံ့ကျွေးမွေးရမည့် လူကြီးနှစ်ဦးနှင့် ကလေးနှစ်ယောက် ကျန်ရှိနေသေးသည် ။