အခန်း ၁၉၈
Vol. 19 Ch. 198
Chapter 198
~
အခန်း ၁၉၈ : လူ လုခြင်း
~
" ရပါပြီ.. ဟင်းတွေ အကုန် ကျက်ပြီ.. "
ယန်ကျီဝမ်က ခေါင်းအသာ ညိတ်လိုက်ပြီး မာဟွာကို ပြောလိုက်သည် ။
" မာဟွာ.. လျှိုလန်ကို ဟင်းတွေ သွားချပေးဖို့ ကူညီလိုက်ပါဦး.. "
" ဟုတ်ကဲ့ပါ ဆရာ.. "
မာဟွာက ပြန်ဖြေလိုက်ပြီး သီးသန့်ခန်းထဲသို့ ဟင်းပွဲများ ပို့ဆောင်ရန် လျှိုလန်နှင့်အတူ ထွက်သွားသည် ။
သီးသန့်ခန်းထဲတွင် လျှိုလန်က နောက်ဆုံး ဟင်းပွဲကို ချပေးလိုက်ချိန်၌ ခေါင်းဆောင်များက စတင် သုံးဆောင်နေကြပေပြီ ။
ယနေ့ ဧည့်ခံပွဲက အလွန် အရေးကြီးသည် ။ ထောက်ပံ့ရေး ဒါရိုက်တာ လီဟွိုက်တဲ ရှိနေရုံသာမက စက်ရုံ ဒါရိုက်တာယန် လည်း ရောက်ရှိနေခြင်း ဖြစ်သည် ။
စကားပြော ကောင်းသော ရွှီတာမော့ကိုလည်း အရက်ငှဲ့ပေးရန် ဤစားပွဲ၌ပင် နေရာချထား၏ ။
ထို့ပြင် ညီနောင်စက်ရုံများမှ ခေါင်းဆောင် သုံးဦးလည်း ရှိနေသေးသည် ။
ဒါရိုက်တာယန်က ကြက်အစပ် တစ်တုံးကို မြည်းကြည့်လိုက်ပြီးနောက် အံ့သြတကြီးဖြင့်...
" အိုး.. ဆရာဟဲရဲ့ ဟင်းချက်လက်ရာက အများကြီး တိုးတက်လာတာပဲ.. ဒီနေ့ ကြက်အစပ်က ပုံမှန်ထက် အများကြီး ပိုအရသာရှိနေတယ်.. "
ဒါရိုက်တာယန်နှင့် ရှာကျူးတို့က ရင်းနှီးသူများ ဖြစ်ကြသည် ။
သူ ဧည့်ခံပွဲ လုပ်လိုလျှင် ရှာကျူးကို အမြဲတမ်း ချက်ခိုင်းလေ့ရှိသဖြင့် တစ်နည်းအားဖြင့် ရှာကျူးအား သူ၏ လူဟု သတ်မှတ်နိုင်သည် ။
လီဟွိုက်တဲက သူ့ကို ခဏ ငှားရမ်းထားခြင်းသာပင် ။
" တကယ်ကို ကောင်းတာပဲ.. "
" ဒီ ငါးအစပ်စွတ်ပြုတ်ရဲ့ အချိန်အဆကလည်း အတိအကျပဲ.. စီချွမ်အရသာ အစစ်ပဲ.. "
" ဒီ ဝက်သားနှစ်ပြန်ကြော်က အဆီပါပေမဲ့ မအီဘူး.. အစပ်အရသာကလည်း ကွက်တိပဲ.. "
ညီနောင်စက်ရုံများမှ ခေါင်းဆောင် အချို့ကလည်း ဟင်းလျာများကို ချီးကျူးနေကြသည် ။
ရွှီတာမော့က အခြားသူများ ရှာကျူးကို ချီးကျူးနေသည်ကို မကြားချင်သဖြင့် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည် ။
" ဒါရိုက်တာယန်.. ခေါင်းဆောင် ထင်နေတာ မှားနေပြီ.. ဒီနေ့ ဟင်းချက်တာ ရှာကျူး မဟုတ်ဘူး.. ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်း ယန်ကျီဝမ် ချက်တာပါ.. "
'ယန်ကျီဝမ်..'
ဒါရိုက်တာယန် အနည်းငယ် အံ့အားသင့်သွားသည် ။ ထိုနာမည်က ရင်းနှီးနေသော်လည်း ချက်ချင်း စဉ်းစား၍ မရ ။ ထို့ကြောင့် သူက ...
" ဒီလောက် ကျွမ်းကျင်မှုရှိတဲ့ စားဖိုမှူးကြီး တစ်ယောက်က ငါတို့ စက်ရုံကို ဘယ်တုန်းက ရောက်လာတာလဲ.. ဘာလို့ ငါ မသိရတာလဲ.. "
ထိုသို့ ပြောရင်း လီဟွိုက်တဲကို လှမ်းကြည့်လိုက်သည် ။
လီဟွိုက်တဲ၏ မျက်နှာအမူအရာက အနည်းငယ် မကျေမနပ် ဖြစ်သွား၏ ။
သူက ရွှီတာမော့ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည် ။
သူသည် ယန်ကျီဝမ်ကို သူ၏ ကိုယ်ပိုင်လူအဖြစ် ဖုံးကွယ်ထားရန် စီစဉ်ထားခဲ့သော်လည်း ရွှီတာမော့က ဤသို့ ထုတ်ပြောလိုက်မည်ဟု ထင်မထားခဲ့ပေ ။
ရှာကျူးက ဒါရိုက်တာယန်၏ လူဖြစ်သော်လည်း ယန်ကျီဝမ်က သူ၏ လက်အောက်ငယ်သား ဖြစ်သည် ။ ဝယ်ယူရေးဌာနမှ ဖြစ်နေလျှင်ပင် ခဏ ငှားသုံး၍ ရသည် မဟုတ်ပါလော ။
ယခုတော့ အပြင်ကို ပေါက်ကြားသွားပြီ ဖြစ်၍ သူ ဆက်ပြီး ဖုံးကွယ် မရတော့ပေ ။
မတတ်သာသည့်အဆုံး သူက...
" ရဲဘော်ယန်လေးက စားသောက်ဆောင်က မဟုတ်ပါဘူး.. သူက ဝယ်ယူရေးဌာနကပါ.. "
"ဝယ်ယူရေးဌာနက.."
ဒါရိုက်တာယန် အလွန် အံ့အားသင့်သွားပြီး...
" ဒီလောက် ကောင်းတဲ့ ကျွမ်းကျင်မှုမျိုးနဲ့ မီးဖိုချောင်မှာ မနေဘဲ ဝယ်ယူရေးဌာနမှာ ဘာလုပ်နေတာလဲ.. ဒါရိုက်တယလီ.. ခင်ဗျားက အရည်အချင်းရှိတဲ့သူကို နေရာမှား ပေးထားတာ မဟုတ်ဘူးလား.. "
ညီနောင်စက်ရုံမှ ခေါင်းဆောင်တစ်ဦးကလည်း ဝင်ပြောသည် ။
" ဟုတ်တာပေါ့.. ဒါရိုက်တာလီ.. ခင်ဗျား သူ့ကို အသုံးမလိုဘူးဆိုရင် ကျုပ်တို့ သတ္တုကြိုစက်ရုံကိုသာ ပေးလိုက်ပါ.. "
" ကျုပ်တို့ စက်ပြင်စက်ရုံမှာလည်း ဒီလို အရည်အချင်းရှိတဲ့သူ လိုအပ်တယ်.. "
" ဒါဆိုရင်တော့ ကျုပ်လည်း မတတ်နိုင်ဘူး.. "
ဒါရိုက်တာလီက ခေါင်းခါ၍...
" ကျုပ်လည်း ရဲဘော်ယန်လေးကို စားသောက်ဆောင်မှာ အလုပ်လုပ်ခိုင်းမလို့ပဲ.. သူ့ကို စားသောက်ဆောင် ဒုတိယ တာဝန်ခံ ရာထူးပေးဖို့ကလည်း ပြဿနာ မဟုတ်ဘူး.. ဒါပေမဲ့ အဲဒီကောင်လေးက ဝယ်ယူရေး အလုပ်ကိုပဲ သဘောကျနေတော့ ကျုပ်လည်း သူ့ကို ဖျောင်းဖျလို့ မရဘူးဖြစ်နေတယ်.. "
ဤသည်က ယဉ်ကျေးမှုအရ ပြောလိုက်သော စကားသာ ဖြစ်သည် ။ အကယ်၍ ရွှီတာမော့ကသာ ထုတ်မပြောခဲ့လျှင် သူ၏ လက်အောက်တွင် ဤမျှ ဟင်းချက်ကောင်းသော သူရှိနေမည်ကို သူ သိခဲ့မည် မထင် ။
သို့သော်လည်း ယဉ်ကျေးမှုအရ ပြောခြင်း သက်သက်တော့ မဟုတ်ပေ ။
ယန်ကျီဝမ်သာ ဆန္ဒရှိမည်ဆိုလျှင် သူ့ကို စားသောက်ဆောင် ဒုတာဝန်ခံ ရာထူး ပေးရန်မှာ အမှန်တကယ်ပင် ပြဿနာ မရှိချေ ။
ရွှီတာမော့ ဤစကားကို ကြားသောအခါ ချက်ချင်းပင် အလွန် မနာလို ဖြစ်သွားတော့သည် ။
'ငါ ခေါင်းဆောင်တွေကို ဖားယားပြီး ကြိုးစားပမ်းစား လုပ်နေရတာ ဘာအတွက်လဲ..'
'ကေဒါတစ်ယောက်..ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ မဟုတ်ဘူးလား..'
ယခုတော့ သူကိုယ်တိုင်ပင် မအောင်မြင်သေးဘဲ သူ၏ သူငယ်ချင်းကောင်း ယန်ကျီဝမ်က အခွင့်အရေး ရသွားသဖြင့် အလွန် မနာလို ဖြစ်သွားမိသည် ။
ဒါရိုက်တာယန်က အံ့အားသင့်စွာဖြင့်...
" ဪ.. ဒီလိုလူမျိုး ရှိနေတာလား.. ငါ သူ့ကို တွေ့ချင်တယ်.. "
ထိုစကားကို ကြားသောအခါ လီဟွိုက်တဲသည် ဆက်၍ ဖုံးကွယ်မရတော့မှန်း သိလိုက်သဖြင့် အနီးတွင် ရပ်နေသော လျှိုလန်ကို မျက်ရိပ်ပြလိုက်သည် ။
ထို့နောက် လျှိုလန်က ယန်ကျီဝမ်ကို သွားခေါ်သည် ။
မကြာမီ ယန်ကျီဝမ် ဝင်လာ၏ ။
" ဒါရိုက်တာလီ.. ကျွန်တော့်ကို ရှာနေတယ်လို့ ကြားလို့ပါ.. ဘာများ ခိုင်းစရာရှိလို့လဲ.. "
လီဟွိုက်တဲ စကားမပြောရသေးမီမှာပင် ဒါရိုက်တာယန်က အံ့အားသင့်စွာဖြင့် မတ်တတ်ထရပ်လိုက်ပြီး...
" ရဲဘော်ယန်လေး.. မင်းလား.. "
ယခင်က အဘိုးဝမ် အတွက် ဟင်းချက်ပေးခဲ့သော ဤလူငယ် ရဲဘော်လေးကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည် ။ သူ၏ နာမည်ကိုသာ ချက်ချင်း သတိမရလိုက်ခြင်း ဖြစ်၏ ။
ယခု သူ့ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မှတ်မိသွားတော့သည် ။
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး...
" မင်္ဂလာပါ ဒါရိုက်တာယန်.. "
ဒါရိုက်တာယန်က ရှေ့သို့တိုးကာ ယန်ကျီဝမ်၏ လက်ကို ဆွဲ၍နှုတ်ဆက်လိုက်ပြီး နွေးထွေးစွာဖြင့်...
" ဪ.. မင်း ငါတို့ စက်ရုံမှာ အလုပ်ဝင်တာ ဘယ်တုန်းကလဲ.. ငါ့ကို လာတောင် မပြောဘူး.. ခေါင်းဆောင်ကြီးသာ ဒါကို သိသွားရင် ငါအပြစ်တင် ခံရတော့မယ်... "
ထိုစကားကို ကြားလိုက်ရသောအခါ လီဟွိုက်တဲ၏ စိတ်ထဲတွင် လန့်သွားသည် ။
သူနှင့် ဒါရိုက်တာယန်သည် ဂိုဏ်းကွဲ နှစ်ခုမှ ဖြစ်ကြသော်လည်း ဒါရိုက်တာယန် ပြောနေသော ခေါင်းဆောင်ကြီးဆိုသည်မှာ မည်သူမှန်း သူ အသေအချာ သိနေသည် ။
ယန်ကျီဝမ်က ထိုပုဂ္ဂိုလ်ကို သိနေမည်ဟု သူ ထင်မထားခဲ့ပေ ။
သို့သော် ပြန်တွေးကြည့်လျှင် ယန်ကျီဝမ်က ထိုပုဂ္ဂိုလ်ကို သိနေပါသော်လည်း မည်သို့ကြောင့် သူ့တူဖြစ်သူအား စက်ရုံထဲ အလုပ်ဝင်ရန် အကူအညီ တောင်းရပါသနည်း ။
ထိုပုဂ္ဂိုလ်ကသာ ပါးစပ်ဟလိုက်လျှင် အလုပ်တစ်ခုဆိုသည်က စကားတစ်ခွန်းတည်းနှင့်တင် ပြီးသွားနိုင်သည် ။
ယန်ကျီဝမ်က ခေါင်းခါ၍ ပြုံးလိုက်ပြီး...
" အဘိုးဝမ်က အရင်ကတော့ ပြောဖူးပါတယ်.. ဒါပေမဲ့ ကျွန်တော် သူ့ကို ဒုက္ခမပေးချင်လို့ပါ.. ကိုယ့်အားကိုယ်ကိုးပြီးပဲ ကြိုးစားချင်လို့ပါ.. "
" ကောင်းတယ်.. ခေါင်းဆောင်ကြီး အထင်ကြီးရတဲ့သူပီသတယ်.. "
ဒါရိုက်တာယန်၏ မျက်လုံးများထဲတွင် အားကျလေးစားမှုများ ပြည့်နှက်နေသည် ။
ထို့နောက် သူက ဆက်ပြောသည် ။
" ရဲဘော်ယန်လေး.. မင်းရဲ့ ဟင်းချက်စွမ်းရည်နဲ့ဆို ဝယ်ယူရေးမှာ လုပ်နေတာက အရည်အချင်းကို အသုံးမဝင် ဖြစ်စေတာပဲ.. မင်းကို စားသောက်ဆောင်မှာ ပြောင်းလုပ်ဖို့ ငါ ဒါရိုက်တာလီနဲ့ တိုင်ပင်ပြီး စဉ်းစားနေကြတာ.. မင်း ဘယ်လိုသဘောရလဲ.. "
လီဟွိုက်တဲကမူ စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်နေသည် ။
ယန်ကျီဝမ်က သူ၏ လက်အောက်ငယ်သား ဖြစ်ပြီး စားသောက်ဆောင်ကလည်း သူ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသည် ။
ရာထူးတိုးပေးစရာရှိလျှင် သူကသာ ဆုံးဖြတ်ရချေမည် ။ ဒါရိုက်တာယန်က ယခုကဲ့သို့ ဝင်ပြောနေခြင်းက မည်သို့သော သဘောနည်း ။
သူ့ဆီက အရည်အချင်းရှိသူကို လုယူဖို့ရန် ကြိုးစားနေသည်လော ။
သို့သော် ယန်ကျီဝမ်က ခေါင်းဆောင်ကြီးဝမ်ကို သိနေသဖြင့် သူ ယခု ဝင်ပြောရန် ခက်ခဲနေသည် ။
သူ မျှော်လင့်နိုင်သည်မှာ ယန်ကျီဝမ် လက်မခံရန်သာပင် ။
ယန်ကျီဝမ်က ခေါင်း ခါလိုက်ပြီး ...
" ခေါင်းဆောင်တွေရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်တော်က ဝယ်ယူရေးဌာနက အလုပ်ကို တကယ် သဘောကျလို့ပါ.. ဌာနပြောင်းဖို့ကိုတော့ မေ့ထားလိုက်ပါ.. "
" တကယ်ကို နှမြောစရာပဲ.. "
ဒါရိုက်တာယန်က ယန်ကျီဝမ်ကို အတင်းအကျပ် မလုပ်ရဲပေ ။ မဟုတ်လျှင် ခေါင်းဆောင်ကြီးဆီ သွားတိုင်လိုက်ပါက သူ ကိုယ်ကျိုးနည်းပေမည် ။
ထိုစကားကို ကြားသောအခါမှ လီဟွိုက်တဲ သက်ပြင်းချနိုင်သွားသည် ။
သူက ပြုံးလိုက်ပြီး ...
" ယန်လေး.. မင်းက ဌာနမပြောင်းချင်ဘူး ဆိုပေမဲ့ နောက်ပိုင်း ညီနောင်စက်ရုံတွေက ခေါင်းဆောင်တွေအတွက် ဟင်းချက်ပေးဖို့ အကူအညီတောင်းလာရင်တော့ မင်း ငြင်းလို့ မရဘူးနော်.. "
" ဟုတ်တာပေါ့.. "
ဒါရိုက်တာယန်ကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည် ။
စက်ပြင်စက်ရုံ၏ ခေါင်းဆောင်က တိုက်ရိုက် ဖိတ်ခေါ်လိုက်သည် ။
" ရဲဘော်ယန်လေး.. မင်း ငါတို့ စက်ပြင်စက်ရုံကို လာချင်လား.. မင်းသာ လာဖို့ ဆန္ဒရှိရင် မင်းကို ငါတို့ စားသောက်ဆောင်ရဲ့ တာဝန်ခံ ခန့်ပေးမယ်.. "
" ရဲဘော်ယန်လေး.. ငါတို့ စက်ရုံကိုပဲ လာပါ.. ငါတို့စက်ရုံက ခံစားခွင့် အကောင်းဆုံးပဲ.. "
" ငါတို့ စက်ရုံကို လာပါ.. "
ခေါင်းဆောင် များက သူ့ကို စတင်၍ လုယူကြလေတော့သည် ။
လီဟွိုက်တဲက နောက်ပြောင်ဟန်ဖြင့်...
" ကျုပ်တို့က ခင်ဗျားတို့ကို သဘောကောင်းပြီး ဧည့်ခံတာလေ.. ခင်ဗျားတို့က ဘာလုပ်နေကြတာလဲ.. ကျုပ်တို့ စက်ရုံက အရည်အချင်းရှိတဲ့သူကို လာလုနေတာလား.. အဲဒါ ကျင့်ဝတ်နဲ့ မညီဘူးနော်.. "
" ဟေး.. အဲဒီလို ပြောလို့ မရဘူးလေ.. အရာအားလုံးက ရဲဘော်ယန်လေးရဲ့ ဆန္ဒပေါ်မှာပဲ မူတည်တာ.. "
" ဟုတ်တာပေါ့.. နိုင်ငံတော်အတွက် အကျိုးပြုဖို့က ဘယ်နေရာဖြစ်ဖြစ် အတူတူပဲလေ.. ဘာလို့ ငါတို့ စက်ရုံ မဖြစ်နိုင်ရမှာလဲ.. "
ခေါင်းဆောင်များ၏ မျှော်လင့်တကြီး စကားများကြားတွင် ယန်ကျီဝမ်က ခေါင်းအနည်းငယ် ခါလိုက်ပြီး ယဉ်ကျေးစွာ ငြင်းလိုက်သည် ။
" အထင်ကြီးပေးတဲ့အတွက် ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်တော် အခု လက်ရှိ အလုပ်ကိုပဲ တကယ် သဘောကျနေလို့ပါ.. တောင်းပန်ပါတယ်ဗျာ.. "
ယန်ကျီဝမ် ဤသို့ ပြောသည်ကို ကြားသောအခါ ဒါရိုက်တာယန်နှင့် လီဟွိုက်တဲတို့ စိတ်အေးသွားကြသည် ။
သူတို့က ယန်ကျီဝမ် သဘောတူလိုက်မည်ကို စိုးရိမ်နေကြ၏ ။ ရှားပါးသော အရည်အချင်းရှိသူကို လက်လွှတ်မခံနိုင်ကြပေ ။
အရက်တစ်ခွက် သောက်ပြီးနောက် ယန်ကျီဝမ်က မီးဖိုချောင်သို့ ပြန်သွားသည် ။
ဧည့်သည်များ စားသောက်ပြီးမှသာ သူ ပြန်ခွင့် ရှိပေသည် ။ ဤသည်က စားဖိုမှူးများ၏ စည်းမျဉ်းဖြစ်သည် ။
ဤအချက်ကြောင့်ပင် ယန်ကျီဝမ် မီးဖိုချောင်တွင် အလုပ်မလုပ်လိုခြင်းပင် ။
အဝယ်တော် ဖြစ်ရသည်က ပို၍ လွတ်လပ်၏ ။ သူ အလိုရှိသလို သွားလာနိုင်ပြီး အလုပ်လုပ်ရသည်က ကစားနေရသကဲ့သို့ ပေါ့ပါးလွတ်လပ်ပေသည် ။