ထူးဆန်းသောနယ်မြေ
Vol. 018 Ch. 853
အလင်းတန်းပျောက်ကွယ်သွားသည့် အခိုက်တွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိနေသည့် အစိတ်အပိုင်းမြေသည် အနီးအနားပတ်ဝန်းကျင်ရှိ လေဟာနယ်အက်ကြောင်းများ၏ ဝါးမျိုခြင်း ခံလိုက်ရသည်။ယခုအခါ၌ မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် လေဟာနယ်အက်ကြောင်းများကနေ ထွက်ပေါ်နေသည့် လေအေးများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်လို့နေတော့သည်။
သည်လေအေးများက အလွန်သိပ်သည်းလှကာ ဆက်၍ဆက်၍ တိုးတက်နေသည်။သိပ်မကြာခင်တွင် ထိုလေများက တစ်ခုနှင့်တစ်ခုချိတ်ဆက်ကာ ဧရိယာတစ်ခုလုံးအား လွှမ်းခြုံ တိုက်ခတ်လာတော့သည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ အစိတ်အပိုင်းမြေများသည် ဆက်လက်၍ ပြိုကျပျက်စီးနေသည်။အခုအချိန်၌ အစိတ်အပိုင်းမြေသည် နှစ်ဆယ်ပင် မပြည့်တော့ပေ။သည်လေအေးများအတွင်းကနေ အနက်ရောင်ရေခဲအပိုင်းအစများ ပေါ်ထွက်လာကြသည်။၎င်းတို့က ဆက်လက်ပျံ့နှံ့ကြကုန်သည်။သိပ်မကြာခင်တွင် အစိတ်အပိုင်းမြေနှစ်ဆယ်နီးပါးသည် ထိုအနက်ရောင်ရေခဲများ၏ ဖုံးလွှမ်းခြင်း ခံလိုက်ရ၏။
အနက်ရောင်ရေခဲများသည် သည်အစိတ်အပိုင်းမြေနှစ်ဆယ်နှင့် ချိတ်ဆက်ထားသည့် မိုးကြိုးကွင်းဆက်များ တစ်လျှောက်တွင်လည်း ဖြစ်ပေါ်နေ၏။ သိပ်မကြာခင်တွင် အနက်ရောင်ရေခဲများသည် ချဲ့ထွင်လာကာ မိုးကြိုးကွင်းဆက်များအားလုံးအပေါ်တွင်ပါ ဖုံးအုပ်သွားလေ၏။
မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ အချိန်မီမထွက်သွားနိုင်သည့် ကျင့်ကြံသူများအားလုံးသည် အေးခဲသွားကြလေ၏။ သူတို့သည် မအေးခဲခင် အမျိုးမျိုးသော ကိုယ်နေဟန်ထားများနှင့် ရှိနေကြ၏။ အချို့သည် ပျံသန်းနေရင်း၊အချို့သည် ရုန်းကန်နေရင်း သို့မဟုတ် သေဖို့အတွက် မျက်လုံးမှိတ်ကာ စောင့်ဆိုင်းနေခြင်း စသည့်ပုံသဏ္ဌာန်မျိုးစုံဖြင့် အေးခဲသွားကြပေသည်။
အချို့သည် သူတို့၏ခန္ဓာကိုယ်များက ပျက်စီးနေကြသည်။သို့သော် ပျောက်ကွယ်သွားကြခြင်းတော့ မရှိပေ။ သူတို့ထွေးထုတ်လိုက်သည့် အသွေးအသားနှင့်သွေးများပင် ခဲကုန်ကြလေ၏။ ၎င်းမြင်ကွင်းသည် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။
အစိတ်အပိုင်းမြေတစ်ခု၏အပေါ်တွင် သက်လတ်ပိုင်းအရွယ်လူကြီးသည် လေထဲ၌ သူ့ဓားတစ်လက်နှင့်အတူ အေးခဲသွား၏။သူတစ်ယောက်တည်း မဟုတ်ဘဲ လူတိုင်း၏ရတနာလက်နက်များသည်လည်း အေးခဲသွားကြရသည်သာ။
အေးစက်စက် ရေခဲတမျှအေးစက်သည့်လေများ တိုက်ခတ်ပြီးသည့်နောက် မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် ပြိုကျနေရာကနေ ရပ်တန့်လို့သွား၏။ ထိုနေရာတွင် အနက်ရောင်ရေခဲများသာ ကျန်ရစ်ခဲ့တော့လေ၏။
မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ဓားအရိပ်တစ်ခုသည် ဖြတ်သန်းသွားလာနေ၏။ ၎င်းဓားအရိပ်၏ ပတ်ဝန်းကျင်ရှိ ရေခဲများက သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိဘဲ ၎င်းဓားသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ပျံသန်းလို့နေသည်။
ထိုဓား၏ ထိပ်ဖျားတွင် လူတစ်ယောက် မတ်တတ်ရပ်ကာနေသည်။သည်လူက ဓားနှင့်အတူ အစစ်အမှန်မဟုတ်သည့်အလား ထင်မှတ်၏။ ထိုလူသည် သူ့ရှေ့တည့်တည့်သို့ ပြုံး၍ တည်ငြိမ်စွာ ကြည့်နေသည်။သည့်နောက် သူသည် ဓားနှင့်အတူ ပျောက်ကွယ်သွားလေတော့၏။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ ဒေသကြီးလေးခုရှိ မတူညီသောနေရာများတွင် လှိုင်းတွန့်တစ်ရာကျော် ထွက်ပေါ်လာကြ၏။ သူတို့သည် မတူညီသောနေရာများတွင် ပေါ်လာကြခြင်း ဖြစ်သော်လည်း တစ်ချိန်တည်းပေါ်လာခဲ့ကြခြင်း ဖြစ်လေ၏။
ထိုလှိုင်းတွန့်တစ်ခုချင်းစီ၌ ကျင့်ကြံသူတစ်ယောက် ရှိနေ၏။ ပေါ်ထွက်လာကြသည့် လူတိုင်းသည် အလွန်စိတ်လှုပ်ရှားနေကြ၏။ သေခြင်းတရားကနေ လွတ်မြောက်လာသည့်ခံစားချက်က သူတို့ကို အလွန်စိတ်လှုပ်ရှားစေခြင်း ဖြစ်သည်။
ထို့နောက်တွင်တော့ ကျင့်ကြံသူတစ်ယောက်ချင်းစီသည် သူတို့၏ ဆိုင်ရာ မိသားစုများရှိရာသို့ မြန်ဆန်စွာ ပြန်သွားကြလေ၏။ သိပ်မကြာခင်တွင် မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ဖြစ်ပွားခဲ့သည့် သတင်းက ပျံ့နှံ့လာကုန်သည်။
ထိုအသက်ရှင်သန် လွတ်မြောက်လာခဲ့သည့် ကျင့်ကြံသူများ၏ အမျိုးမျိုးသော မိသားစုများကြား၌ နာမည်တစ်ခုသည် ပျံ့နှံ့နေ၏။
ကောင်းကင်ဘုံဂိတ်ပေါက်၌ ထူးဆန်းသောဆံဖြူလူနှင့် တိုက်ခိုက်ခဲ့သူသည် မည်သူနည်း။
ကျင့်ကြံသူအများအပြားကို သေရေးရှင်ရေးအချိန်အတွင်း ကယ်တင်ခဲ့သူက မည်သူဖြစ်သနည်း။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပြိုကျနေစဉ်အတွင်း အစိတ်အပိုင်းမြေတစ်ခုကို အသက်ရှင်သန်လိုသူများအား အသုံးပြုခွင့်ပေးခဲ့သည့်သူကကော မည်သူဖြစ်သနည်း။ထိုလူများကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိရာသို့ ခေါ်ဆောင်သွားသည့်သူက မည်သူနည်း။ ထိုသူသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အလင်းအကာအရံကို ချိုးဖျက်ကာ အော်သံတစ်ချက်ဖြင့်ပင် တမန်တော်များအား ပြန့်ကျဲသွားစေခဲ့ပေသည်။ မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပြိုကျမပျက်စီးခင်လေး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ခေါ်ဆောင်ခဲ့သည့်သူကကော မည်သူဖြစ်သနည်း။
ထိုသူသည် ရှုမူခေါ် ဝမ်လင်း ဖြစ်ချေ၏။
အသက်ရှင်လွတ်မြောက်လာခဲ့သည့် ကျင့်ကြံသူများ၏ မိသားစုများသည် အမျိုးမျိုးအင်အားများ ရှိကြသည်။တချို့သည် မိသားစုကြီးမားကြသည်။အချို့သည် သေးငယ်ကြသည်။ သို့သော်လည်း သူတို့အားလုံးအတူ စုပေါင်းလက်တွဲခဲ့သည့်အခါ သူတို့သည် လျှော့တွက်လို့မရသည့်အားတစ်ခု ဖြစ်လာခဲ့လေ၏။
သည်စွမ်းအား၏အောက်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ပင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် ပတ်သက်၍ ကိစ္စကို ပြောနိုင်ခြင်း မရှိတော့ပေ။ ထိုအရာက ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။တကယ်တော့ ထိုမိသားစုမျိုးစုံသည် ဖြစ်ပျက်ခဲသမျှကို လူသိထင်ရှားဖြစ်စေခဲ့ကာ ရှုမူကို ကျော်ကြားအောင် ပြုလုပ်ခဲ့လေ၏။
တကယ်တော့ ထိုလွတ်မြောက်လာသော မိသားစုဝင်များသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တားမြစ်ဧရိယာကို ချိုးဖျက်ခဲ့ကြခြင်းပင်။ ထိုအရာက သူတို့၏မိသားစုတစ်ခုလုံးကို ဘေးကပ်ဆိုးတစ်ခု ဖြစ်သွားစေနိုင်ပေ၏။ ထိုအရာက ဖုန်းကွယ်ထား၍ ရနိုင်မည် မဟုတ်ဘဲ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က သိရှိပြီး ဖြစ်ပေလိမ့်မည်။
ထို့အတွက်ကြောင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် သူတို့ကို လာသတ်သည်ကို စောင့်နေမည့်အစား သူတို့သည် အတူပူးပေါင်းရန် အကြောင်းပြချက်နှင့်အတူ တိုက်ခိုက်ကြရန် ဆုံးဖြတ်ခဲ့ကြ၏။ သည်နည်းဖြင့်သာ သူတို့သည် ရှင်သန်နိုင်ပေလိမ့်မည်။ မဟုတ်ပါက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ လွတ်မြောက်လာသည့် သူတို့၏မိသားစုဝင်များက လက်လွှဲပေးရပေလိမ့်မည်။
သို့သော်လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ သွားရောက်ခဲ့သည့် မိသားစုဝင် ကျင့်ကြံသူများသည် သူတို့မိသားစုများ၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်သည့်အပြင် အနာဂတ် ထောက်တိုက်များလည်း ဖြစ်နေသေး၏။ ထို့ကြောင့် ထိုသူများကို မည်သို့ သည်အတိုင်း သေခိုင်းနိုင်ပါ့မည်နည်း။
ထိုမိသားစုများ၏အကြီးအကဲများသည် ဉာဏ်များကြသည့်သူများ ဖြစ်ကြပေ၏။ထို့ကြောင့် သူတို့သည် သည်ကိစ္စကို သိရှိကြပြီး ဖြစ်သည်။ထို့ကြောင့်လည်း သူတို့က အချင်းချင်း ပူးပေါင်းကာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တားမြစ်ဧရိယာကို ဖျက်ဆီးခဲ့သည့်ကိစ္စအား အောင်မြင်စွာ ခုနှိမ်နိုင်ခဲ့တော့သည်။
တစ်ချိန်တည်းမှာလည်း ထိုမိသားစုများက ရှုမူ၏ နာမည်ကို သတင်းဖြန့်လိုက်ကြသည်။
အဆုံးသပ်၌ မည်သူကမျှ ထိုရှုမူ၏ အစစ်အမှန်ကျင့်ကြံမှုအဆင့်ကို မခန့်မှန်းနိုင်ကြပေ။
ဆိုင်ရာဆိုင်ရာ မိသားစုများသည် အသက်ရှင်လျက် လွတ်မြောက်လာကြသော သူများကို မေးခွန်းများမေးခဲ့ကြ၏။ထိုအခါ သူတို့သည် ထူးဆန်းသောအဘိုးအိုနှင့် ရှုမူတို့ တိုက်ပွဲတွင် ရှုမူက အမျိုးမျိုးသော မန္တန်များကို အသုံးပြုခဲ့သည်ကို ပြန်ကြားသည့်အခါ သူတို့သည် တုန်လှုပ်ကြောက်လန့်မိကုန်ကြသည်။
ရှုမူ ဆိုသည့်နာမည်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် မုန်တိုင်းထန် သွားခဲ့တော့သည်။ သို့သော် မည်သူကမျှ သူ့ကို ထပ်မံ၍ မတွေ့ရတော့ချေ။ သူသည် ရုတ်တရက်ကြီး ပျောက်ကွယ်သွားသလို ဖြစ်ကာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်လာချေတော့၏။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၊ အနောက်ပိုင်းနယ်မြေ။
ထိုအနောက်ပိုင်းနယ်မြေသည် တောက်ပသောအလင်းတန်းများ ထုတ်လွှတ်နေသည့် ကြယ်အစုအဝေးကြီးတစ်ခုရှိသည့် နယ်မြေကြီးတစ်ခု ဖြစ်သည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရှိ နယ်မြေလေးခုတွင် အနောက်ပိုင်းနယ်မြေသည် ကြမ်းကြုတ်ရက်စက်သော သားရဲများအပေါဆုံးနေရာ ဖြစ်လေ၏။အခြားနယ်မြေသုံးခုနှင့် ယှဉ်ပါက ထိုနေမြေတွင် ကျင့်ကြံသူများများစားစား မရှိချေ။
အနောက်ပိုင်းနယ်မြေ၏ (၇၀)ရာခိုင်နှုန်းသည် ကျင့်ကြံသူတော်တော်များများ မဝင်ရောက်နိုင်သည့် နေရာဖြစ်သည်ဟူ၍ပင် ပြော၍ရ၏။ ထိုသို့ဖြစ်ရခြင်းသည် သည်နေရာများရှိ လေဟာနယ်သည် အလွန်အန္တရာယ်များလှကာ ကြမ်းတမ်းသည့်သားရဲများ ရှိနေကြသောကြောင့် ဖြစ်လေသည်။
ထိုနေရာကို ထူးဆန်းသောနယ်မြေဟုလည်း ခေါ်တွင်ပေ၏။
ဆေးဝါးဖော်စပ်ရန် သို့မဟုတ် ရတနာလက်နက်များ ပြုလုပ်ရန်အတွက် လိုအပ်သည့် အချို့သတ္တုပစ္စည်းများတွက်သာ ကျင့်ကြံသူအချို့သည် သည်နေရာသို့ ဝင်လာတတ်ကြပေ၏။ သို့ရာတွင် သူတို့သည် သိပ်ဝေးဝေးသို့ သွားရောက်ကြခြင်း မရှိပေ။ သူတို့သည် သည်နေရာ၏ အတွင်းအနက်ပိုင်း၌ ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခု ရှိနေသည့်အလား ထင်မှတ်နေကြသကဲ့သို့ပင်။
ထူးဆန်းသောနယ်မြေ၏ အတွင်းနက်ပိုင်းထဲတွင် ထူးဆန်းသောဧရိယာတစ်ခု ရှိလေ၏။ထိုနေရာတစ်ခုလုံးသည် ပိန်းပိန်းနက်မှောင်လုနီးပါး ဖြစ်နေသည်။
ထိုနေရာတွင် မည်သည့်ကြယ်အလင်း သို့မဟုတ် အလင်းပစ္စည်းတစ်ခုမှ ရှိလို့မနေချေ။ထို့ကြောင့် သည်နေရာက အလွန်နက်မှောင်နေကာ ကြောက်မက်ဖွယ် ကောင်းနေ၏။သည်နေရာက ထူးဆန်းသောနယ်မြေ၏ အစစ်အမှန်ဗဟိုချက် မဟုတ်သော်လည်း ဗဟိုနှင့် သိပ်တော့ မဝေးလှတော့ချေ။
ထိုစဉ် သည်ပိန်းပိန်းမှောင်နေသည့်နေရာ၌ အလင်းတစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့၏။ ပထမ၌ ၎င်းအလင်းသည် မှိန်ဖျော့နေသည်။သို့သော် သိပ်မကြာခင်တွင် ၎င်းအလင်းသည် အလွန်တောက်ပလာကာ ပတ်ဝန်းကျင်တစ်ခုလုံးသည် လင်းထိန်လာတော့၏။
ပတ်ဝန်းကျင်လင်းထိန်သွားသည့် အခိုက်၌ ထိုဧရိယာသည် မြူများနှင့် ပြည့်နေသည် နေရာတစ်ခုဖြစ်ကြောင်း ပေါ်ထွက်သွားခဲ့သည်။ထိုမြူများက အလင်းကို အတော်လေး ထိတ်လန့်ကြောက်ရွံ့သည်ဟု ထင်မှတ်ရသည်။မြူများက အလျင်အမြန်နောက်သို့ ဆုတ်သွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်း မြူများကင်းမဲ့နေသည့် နေရာကျယ်တစ်ခု ဖြစ်ပေါ်သွားတော့၏။
အလင်းက ပေတစ်ရာလောက်အကျယ်ထိ ကြီးမားလာခဲ့၏။ လှိုင်းတွန့်များကလည်း ပေါ်လာခဲ့သည်။ထို့နောက် ပုံရိပ်တစ်ခုသည် ထိုလှိုင်းတွန့်များထဲ၌ ဖြစ်ပေါ်လာသည်။
ထိုပုံရိပ်သည် လူတစ်ယောက်၏သွင်ပြင်ရှိ၏။သူကတော့ ဝမ်လင်းပင် ဖြစ်သည်။
ဝမ်လင်း၏ မျက်လုံးထဲ၌ သတိထားသည့် ဟန်ပန် ဖြစ်ပေါ်နေ၏။ သူက ပေါ်ထွက်လာသည်နှင့် လှိုင်းတွန့်များက စတင်ပျောက်ကွယ်လာကြသည်။ သူက ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။ လှိုင်းတွန့်အလင်းများ ပျောက်ကွယ်သွားသည့်နောက် မြူများသည် တစ်ဖန်ရွေ့လျားလာကာ သည်နေရာလွတ်ဧရိယာကို နောက်တစ်ကြိမ် ပြန်ဝါးမျိုလိုသည့်အလား ထင်မှတ်ရလေ၏။
လှိုင်းတွန့်အလင်းများ ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်း၏မျက်လုံးထဲ၌ မှိန်ဖျော့သွားသည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမှင်များအားလုံးသည် ထောင်မတ်သွားကာ သူက စိတ်နှလုံးထဲကနေ အန္တရာယ်ခံစားချက်ကို ရရှိလိုက်၏။
တွေးတောမနေတော့ဘဲ သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးကို အသက်သွင်းကာ သူ့လက်ကလည်း ချိပ်တံဆိပ်တစ်ခုကို အမြန်ဖြစ်ပေါ်စေလိုက်သည်။ ထိုမိုးကြိုးလုံးနှစ်ခုသည် ခပ်အုပ်အုပ် တုန်ဟည်းသံကို ပေးစွမ်းကာ သူ့လက်နှစ်ဖက်တွင် လာရောက်စုဝေးသည်။
သည်မိုးကြိုးလုံးနှစ်ခုက အလွန်တောက်ပနေ၏။ ၎င်းတို့က ပေါ်လာသည်နှင့် ဖျတ်ခနဲလင်းလက်သွားမှုကြောင့် မြူသည် လှုပ်ရှားလာနေရာကနေ ရုတ်တရက် ရပ်တန့်သွားသည်။၎င်းမြူသည် တိုက်ခိုက်ခြင်း ခံလိုက်ရသကဲ့သို့ နောက်ဘက် ပေတစ်သောင်းလောက်အထိ ပြန်ဆုတ်ခွာသွားသည်။
ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူ့ရှေ့ရှိ မြူလွှာကို စူးစိုက်ကြည့်နေတော့သည်။ ထို့နောက် သူက သူ့ပတ်လည်ကို ကြည့်လိုက်ရာ မျက်မှောင်မကြုတ်မိပဲ မနေနိုင် ဖြစ်သွားတော့၏။
“ဒါက ဘယ်နေရာလဲ…”
“ဒီမြူတွေက အတော်လေး ထူးဆန်းနေတယ်။ ဒါက အသက်ရှိနေသလိုပဲ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက သူ့ညာလက်ထဲရှိ မိုးကြိုးလုံးကို ပစ်လွှတ်လိုက်လေ၏။ မိုးကြိုးလုံးသည် တုန်ဟည်းသံနှင့်အတူ ရှေ့သို့ ပျံသန်းထွက်သွားသည်။
သူ့ရှေ့ရှိ မြူလွှာသည် မြန်ဆန်စွာ နှစ်ခြမ်းခွဲကာ မိုးကြိုးလုံး ဖြတ်ကျော်သွားဖို့ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးသွား၏။ ဝမ်လင်း၏ခန္ဓာကိုယ်က ဖျတ်ခနဲ ရွေ့လျားသွားကာ သူသည် မိုးကြိုးလုံးနောက်သို့ ကပ်၍ လိုက်ပါသွားသည်။
သူက မိုးကြိုးလုံးနှင့်အတူ လျှောက်လှမ်းနေရင်း ရှေ့သို့ ဆက်တိုးလာခဲ့သည်။ သည်မြူက အဆုံးမရှိသည့်အလား ထင်မှတ်ရသည်။ မိုးကြိုးလုံး မှိန်ဖျော့သွားသည့်အချိန်ထိပင် သူက မြူလွှာဧရိယာထဲကနေ ထွက်မသွားနိုင်သေးချေ။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက မျက်မှောင်ခပ်တင်းတင်း ကြုတ်နေမိ၏။ သူ့ပတ်လည်ရှိ မြူလွှာသည် အလွန်ထူးဆန်းလှ၏။ထို့ကြောင့် သူက နတ်ဘုရားအာရုံကိုလည်း ဖြန့်ကြက်ဝံ့ခြင်း မရှိချေ။သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ပါက သည်မြူလွှာအတွင်း၌ ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်သည်ဟု ခံစားမိနေ၏။
ထိုခံစားချက်က အခြေအမြစ်မရှိသော်လည်း အလွန်အားကောင်းနေသည်။
သုံးရက်ကြာပျံသန်းပြီးသည့်အထိ ဝမ်လင်းသည် ရပ်တန့်ခြင်း မရှိသေးပေ။သူ့ရှေ့ရှိ မြူထုက အခုထိ အဆုံးမရှိသလို ဖြစ်နေသည်။ မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိဘဲ အနှီမြူလွှာက အဆုံးမသတ်တော့သည့်အလား တည်ရှိနေလေသည်။
ခဏတာတိတ်ဆိတ်သွားပြီးနောက် ဝမ်လင်း၏မျက်လုံးသည် အေးစက်လာသည်။ သူက တဖြည်းဖြည်းဖြင့် တည်ငြိမ်အောင်လုပ်လိုက်၏။ သူ့စိတ်ကို သက်သောင့်သက်သာ ရှိစေပြီးမှ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ထိုအခါ သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာခဲ့လေသည်။
ဝမ်လင်းမျက်လုံးက တည်ငြိမ်နေကာ သူသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်လိုက်၏။ သူသည် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ရာ သူ့ခြေထောက်အောက်၌ ပိုမိုများပြားသည့် လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့သည်။ သည်တစ်ကြိမ်၌ ဝမ်လင်းသည် လောကနှင့်တစ်သားတည်းပေါင်းစပ်သည့် ခံစားချက်ကို ဖမ်းဆုပ်မိသွားတော့သည်။
ယခုတစ်ကြိမ်သည် သူ လောကနှင့်တစ်သားတည်းပေါင်းစပ်နိုင်သော အမြန်ဆုံးတစ်ခေါက် ဖြစ်လေ၏။ထိုအရာသည် အရှင်မီးတောက်ကြောင့် ဖြစ်လေသည်။ထိုစဉ်က အတွေ့အကြုံကြောင့် သူက သည်ပေါင်းစပ်နိုင်မှုကို ပို၍ ကျွမ်းကျင်လာခဲ့ခြင်း ဖြစ်သည်။
တတိယမြောက် ခြေလှမ်းတွင် ဝမ်လင်း၏ ညာခြေက လှမ်းချလိုက်သည့်အချိန်တွင် သူသည် ရုတ်တရက် ပျောက်ကွယ်သွားကာ သူ့နောက်တွင် လှိုင်းတွန့်တစ်ခုသာ ကျန်ခဲ့လေတော့၏။ အနည်းငယ်ကြာမြင့်ပြီးသည့်နောက် ပတ်ဝန်းကျင်ရှိမြူများသည် မည်သည့်အလင်းရောင်မှ မရှိတော့သဖြင့် ဝမ်လင်းရှိနေခဲ့သောနေရာကို ပြန်လည်ဝါးမျိုသွားကြတော့သည်။
အကွာအဝေးမည်မျှထို ရောက်သွားမှန်း မသိပြီးနောက် မြူလွှာ၏ အစွန်းနားရှိသည့်နေရာဟု ထင်ရသည့် နေရာတစ်ခုသို့ ရောက်လာ၏။ သည်နေရာတွင် မြူများ ရှိနေသော်လည်း အရင်ထက် ပါးလွှာသည်။သည်ဧရိယာတွင် လှိုင်းတွန့်များ ရုတ်တရက် ပေါ်လာခဲ့ကာ မြူလွှာသည် ချက်ချင်း လွင့်ပါးသွား၏။ထို့နောက် ဝမ်လင်း၏ပုံရိပ်သည် လှိုင်းတွန့်ထဲကနေ ထွက်ပေါ်လာသည်။
သူက ခြေလှမ်းထွက်လိုက်သည့်အခိုက်တွင် သူ့အသွင်က ပြောင်းလဲသွား၏။
သည်နေရာက မြူလွှာ၏ အဆုံးသတ်အမှန်ပင် ဖြစ်၏။သို့သော် ဝမ်လင်းရှေ့ရှိ ပေသုံးရာတွင် အနီရောင့်ရောင် အသွေးအသားနံရံတစ်ခု ရှိလို့နေလေသည်။ ၎င်းနံရံက အလွန်ကြီးမားလှကာ ထာဝရချဲ့ထွင်နေသည်ဟုပင် ထင်မှတ်ရသည်။သူက အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ ၎င်းနံရံသည် သည်ဧရိယာကို ဖုံးအုပ်ထားဆဲ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
ဝမ်လင်း၏အသွင်က အလွန်အမင်း သုန်မှုန်သွား၏။ သူက လောကနှင့်တစ်သားတည်း နစ်မြုပ်နေချိန်၌ သူသည် နံရံတစ်ခုနှင့် ဝင်တိုက်မိသည်ဟု ခံစားလိုက်ရသည်။ထို့နောက် သူက တစ်သားတည်းဖြစ်ခြင်းကနေ အတင်းကန်ထွက်ခြင်း ခံလိုက်ရကာ သည်နေရာတွင် ပေါ်လာခဲ့ခြင်းပင်။
သူက ထိုအသွေးအသားနံရံကြီးကို တွေ့မြင်လိုက်သည်နှင့် ဝမ်လင်းသည် ထိုနံရံသည် သူဝင်ဆောင့်မိသည့်နံရံ ဖြစ်ကြောင်း နားလည်သွားသည်။
၎င်းနံရံကို အသွေးအသားနံရံဟု ခေါ်တွင်ရခြင်းသည် ၎င်းက ရွေ့လျားလှုပ်ရှားနေခြင်းကြောင့် ဖြစ်လေ၏။ မျက်နှာပြင်ပေါ်၌ သွေးကြောများက ဖောင်းကြွလှုပ်ရှားနေသလိုမျိုး ဖြစ်နေသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်နေရင်း သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ ဖြစ်သွားကာ အပေါ်သို့ ပျံသန်းတက်သွားသည်။သူ့ခန္ဓာကိုယ်သည် အထက်သို့ ပျံတက်နေရင်း အသွေးအသားနံရံသည် စတင်လှုပ်ရှားလာသည်။ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပွင့်ထွက်လာကာ အနက်ရောင်မြူများ ပန်းထွက်လို့လာ၏။
ဝမ်လင်းက ထိုမြူများကို ရှောင်ကာ အက်ကွဲရာများမရှိသည့် အသွေးအသားနံရံတစ်လျှောက်တွင် ရွေ့လျားနေသည်။သူက ပြင်းထန်သောအားတစ်ခုနှင့်အတူ ထိုးထွက်လာသော အနက်ရောင်မြူကို စူးစိုက်ကြည့်နေ၏။
ဝမ်လင်းက သူ့အပေါ်ရှိ အဆုံးမရှိဟန်ရသည့် အသွေးအသားနံရံကို ကြည့်ကာ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို ထုတ်ဖော်လိုက်သည်။သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားရင်း သူ့ဘေးနားရှိ အက်ကွဲကြောင်းတစ်ခုအတွင်းသို့ ချက်ချင်း တိုးဝင်ရောက်သွားသည်။ သူက အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည့်နောက် ၎င်းအက်ကြောင်းသည် ပြန်ပိတ်ဆို့သွားသည်။
ထိုအရာက ကျဉ်းမြောင်းသည် လမ်းကြောင်းတစ်ခု ဖြစ်လေ၏။ ဝမ်လင်း၏ မျက်လုံးက အေးစက်နေကာ သူသည် ရှေ့တည့်တည့်သို့ တိုးဝင်သွားနေသည်။သူက အလွန်မြန်ဆန်စွာ သွားနေခြင်း ဖြစ်၏။
ဝမ်လင်းနောက်ရှိ အက်ကြောင်းကလည်း မြန်ဆန်စွာ ပြန်ပိတ်ဆို့လာကာ သူ့နောက်သို့ လိုက်လံလာနေသကဲ့သို့ ဖြစ်နေသည်။ဝမ်လင်းသည် နောက်သို့ တစ်ချက်မှ လှည့်မကြည့်ဘဲ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်ရင်း မြန်ဆန်စွာ ပျံသန်းနေသည်။
သည်လမ်းကြောင်းက ဝမ်လင်းစိတ်ကူးထားသလောက် ရှည်လျားလှခြင်း မရှိပေ။ ခဏတာကြာမြင့်ပြီးသည့်နောက် သူသည် လမ်းကြောင်း၏ထွက်ပေါက်ကနေ ထိုးထွက်လို့သွားသည်။
သူထိုးထွက်လိုက်သည့်အခိုက်တွင်ပင် အော်သံတစ်ခုက သူ့နားထဲသို့ တိုးဝင်လာ၏။ ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။
သည်နေရာက နက်မှောင်နေခြင်း မရှိတော့ပေ။ ကောင်းကင်ထက်၌လည်း ကြယ်များ ရှိနေ၏။ အလင်းကောင်းစွာ ရှိသည်။ဝမ်လင်းရှေ့ရှိ အရာသည် လွင့်မျောနေသည့်ကုန်းမြေတစ်ခု ဖြစ်နေသည်။သည်ကုန်းမြေက မျက်စိအမြင်နှင့် မဆံ့အောင် ကြီးမားလှသည်။
အကွာအဝေးတစ်ခုတွင် လူတစ်ယောက်ရှိနေ၏။ ထိုသူ၏အသွင်အပြင်သည် သာမန်ပင် ဖြစ်သည်။သို့သော် သူ့မျက်နှာပေါ်၌ တက်တူးများ ရှိနေကာ သွေးကြောများ ယှက်လိမ်ထားသကဲ့သို့ပင်။ သူက လက်ထဲတွင်လည်း ထူးဆန်းသောတူရိယာတစ်ခုကို ကိုင်ဆိုင်ထားသည်။ ထိုတူရိယာသည် ရေနွေးအိုးလိုမျိုးနှင့် ဆင်တူသည်။ သို့သော်လည်း ၎င်းက များစွာပိုကြီး၍ လူတစ်ယောက်၏အရပ်တစ်ဝက်လောက်နီးနီး ရှည်လျားသည်။
စောနက အာမေဍိတ်အသံသည် ထိုလူ့ထံကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။ သူက ဝမ်လင်းကို ကြောက်လန့်တကြား ကြည့်ကာ နောက်သို့ ခပ်သွက်သွက် ဆုတ်သွားသည်။သူ့အမြင်၌ ဝမ်လင်းသည် ကြမ်းကြုတ်သည့်သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေလေ၏။
***