← Chapters

အထက်ကောင်းကင်ဘုံသား

Vol. 018 Ch. 854

အထက်ကောင်းကင်ဘုံသား

Vol. 018 Ch. 854

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ထိုလူသည် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေချေ။ထို့ကြောင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် ပတ်သတ်၍ ပြောနေစရာပင် မလိုတော့ပေ။သို့ရာတွင် သူက ပျံသန်းနေနိုင်၏။ထို့ကြောင့် ထိုလူသည် သာမန်မဟုတ်ကြောင်း သိသာနေသည်။

ပို၍အရေးကြီးသည်က ထိုလူ့မျက်နှာပေါ်ရှိ တက်တူးများကို ဝမ်လင်းက ရင်းနှီးနေပေသည်။ထိုလူနောက်ဆုတ်သွားသည်ကို ကြည့်နေရင်း ဝမ်လင်းသည်အနည်းငယ်စဉ်းစားပြီး သူ့နောက်သို့ လိုက်ပါသွားသည်။

ဝမ်လင်းထိုးထွက်လာသည့်အခါ၌ သူ့နောက်ရှိ အက်ကြောင်းက လုံးဝ ပိတ်ဆို့သွားခဲ့ပြီး ဖြစ်သည်။

ထိုလူ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် ပို၍ ပြင်းထန်လာခဲ့သည်။သူ့မျက်နှာပေါ်ရှိ တက်တူးများက စတင်လှုပ်ရှားလာကာ သူ့မျက်ခုံးနှစ်ခုကြားတွင် ချဲ့ထွင်လာသည်။သိပ်မကြာခင်တွင် သစ်ရွက်ခုနစ်ရွက်သည် သူ့မျက်ခုံးနှစ်ခုကြား၌ ပေါ်လာခဲ့တော့၏။

ထိုသစ်ရွက်များ ပျံ့နှံ့လာသည့်အခါတွင် ထိုလူ၏ခန္ဓာကိုယ်ကနေ ဆန်းကြယ်သောအားတစ်ခု ချက်ခြင်းထွက်ပေါ်လာခဲ့သည်။သူ့အမြန်နှုန်းသည်လည်း ရုတ်တရက် တိုးလာခဲ့ကာ ဖျပ်ခနဲ ပျောက်ကွယ်သွားသည်။

ဝမ်လင်းက ထိုအရာကို တွေ့မြင်လိုက်သည့်အခါ သူသည် မျက်လုံးကျယ်သွားကာ သူ့မျက်လုံးသည် တောက်ပလာလေ၏။

“စွန့်ပစ်ခံမသေမျိုးကလန်…”

သူက ရှေ့သို့ ပိုမိုမြန်ဆန်စွာ ရွှေ့လျားလိုက်ပြီး သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည်လည်း လှုပ်ရှားလာခဲ့လေ၏။သူ့လက်ဖြင့် လေဟာနယ်ထဲသို ပိတ်ရိုက်လိုက်သည့်အခါ မူလစွမ်းအင်သည် လေဟာနယ်နှင့် ပေါင်းစပ်သွားသည်။မူလစွမ်းအင်တုန်ခါမှုက သူ့ရှေ့ရှိ လေဟာနယ်ကို တွန့်လိန်သွားစေကာ တည်နေရာရွှေ့ပြောင်း၍ ထွက်ပြေးသွားသောလူသည် ချက်ခြင်း ပြန်ပေါ်လာခဲ့သည်။

သူ့မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေသည်။သို့သော် သူ့မျက်လုံးသူငယ်အိမ်က ကျုံ့သွားကာ ကြောက်ရွှံ့မှုများ ပြည့်လာ၏။ဝမ်လင်းက သူ့ထံသို့ လျှောက်လှမ်းလာရင်း ထိုလူ့ကို စူးစိုက်ကြည့်နေသည်။

ထိုလူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူက အော်ဟစ်လိုက်ရင်း နောက်သို့ ထပ်ဆုတ်သည်။ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားကာ သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုလူ၏ ခန္ဓာကိုယ်သည် တင့်တင်းသွားကာ သူက ဝမ်လင်းထံသို့ ဆွဲယူခြင်း ခံလိုက်ရလေသည်။

ထိုလူ့ကို ဖမ်းချုပ်ကိုင်ထားရင်း ဝမ်လင်းသည် မေးခွန်းမေးရန် ပြင်လိုက်၏။ထိုအချိန်မှာပင် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားကာ နောက်သို့ လှည့်ကြည့်သည်။ သူက အလင်းတန်းတစ်ရာကျော်သည် ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေရင်း သူ့ထံသို့ တဟုန်ထိုး တိုးဝင်လာနေသည်ကို တွေ့မြင်လိုက်လေ၏။

ချက်ခြင်းလိုလိုပင် ထိုအလင်းတန်းများသည် ဝမ်လင်းနှင့်ပေတစ်ထောင်အကွာတွင် ရပ်တန့်သွားသည်။အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ဖျဉ်ကြမ်းဝတ်စုံများ ဝတ်ဆင်ထားသည့် ပုံရိပ်များ ပေါ်လာခဲ့တော့သည်။

ထိုသူများထဲတွင်အမျိုးသမီးများ မပါဝင်ပေ။ အများစုသည် သက်လတ်ပိုင်းအရွယ်သာ ရှိလေသည်။သူတို့အားလုံးသည် ဝမ်လင်းကို စူးစိုက်ကြည့်နေကြ၏။သူတို့၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုများကို ဖုံးကွယ်ထားကြသည်။

သူတို့၏ မျက်နှာနှင့်ခန္ဓာကိုယ်များပေါ်တွင်လည်း တက်တူးအမှတ်အသားများ ရှိနေသည်။အသိအသာဆုံးသည် သူတို့၏မျက်ခုံးနှစ်ခုကြားတွင် သစ်ရွက်များတဖျပ်ဖျပ် ဖြစ်နေကြသည်။သို့ရာတွင် ထိုသစ်ရွက်များက ထွေးယှက်လိမ်နေသည့်အတွက် ဝမ်လင်းသည် လူတစ်ယောက်တွင် သစ်ရွက်မည်မျှရှိကြောင်း မရေတွက်နိုင်ပေ။

အဘိုးအိုတစ်ယောက်သည် လူအုပ်ထဲကနေ လှမ်းထွက်လာ၏။သူ့တွင် ဆံပင်ဖြူများရှိနေက သူ့မျက်နှာက အရေးအကြောင်းများ ပြည့်နေသည်။သူ့မျက်လုံးများထဲ၌ စိုးရွှံ့ကြောက်ရွှံ့မှုများ ရှိနေသည်။ဝမ်လင်းကိုလည်း စိတ်လှုပ်ရှားဟန်နှင့် ကြည့်နေပြီးနောက် ဝမ်လင်းညာလက်ကိုလည်း သေချာကြည့်နေသည်။

“အထက်အဆင့်ကောင်းကင်ဘုံသားက ဒီနေရာကို ဘာအတွက် ရောက်လာတာများလဲ…” သူ့အကြည့်ထဲ၌ လေးစားမှုများ ရှိနေကာ သူက ဝမ်လင်းညာလက်ပေါ်ရှိ သားရဲအရိုးအမှတ်အသားကို စူးစိုက်ကြည့်လို့နေသည်။

ဝမ်လင်း၏မျက်လုံးများသည် ပုံမှန်အတိုင်း ရှိနေ၏။သို့သော် သူက စိတ်ထဲတွင် တုန်လှုပ်နေမိ၏။ သို့သော် သူက တုန်လှုပ်နေလျှင်ပင် တည်ငြိမ်သောဟန်ပန်နှင့်သာ ရှိနေ၏။

အထက်အဆင့်ကောင်းကင်ဘုံသားသည် သေမျိုးများ၏ ပါးစပ်ကနေ ထွက်ပေါ်လာပါက ဘာမှမထူးခြားပေ။သို့သော် အခုက စွန့်ပစ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်များထံကနေ ထွက်ပေါ်လာခြင်း ဖြစ်နေ၏။ထိုနှစ်ခုက အလွန်ကွာခြားမှု ရှိလေ၏။

ပို၍အရေးကြီးသည်က အထက်အဆင့်ကောင်းကင်ဘုံသားဟူသည် အမည်နာမသပ်သပ် မဟုတ်ပေ။ ဝမ်လင်းသည် စုဆောင်းခြင်းခန်းမသို့ မသွားရောက်ခဲ့ခင်တုန်းက ထိုနာမည်နှင့် ပတ်သတ်၍ တွေးတောခဲ့မိခြင်း မရှိပေ။ သို့သော် ခုချိန်၌ ထိုကောင်းကင်ဘုံသား ဟူသည့်နာမည်ကို မတွေးဘဲ မနေနိုင် ဖြစ်ရ၏။

ဝမ်လင်းက တည်ငြိမ်စွာပင် မေးလိုက်သည်။ “သင်က ငါ့ကျင့်ကြံမှုအဆင့်ကို မြင်နိုင်လား…”

အဘိုးအိုက ဝမ်လင်း၏ညာဘက်လက်ကို စူးစိုက်ကြည့်နေရင်း ခေါင်းညိတ်ပြလိုက်၏။ သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုကလည်း ပို၍ ပြင်းထန်လာခဲ့ကာ သူက ပြောလာ၏။ “အဆင့်ရှစ်အထက်ကောင်းကင်ဘုံသား…။ ဒီနိမ့်ကျတဲ့လူက သင့်ရဲ့ကျင့်ကြံမှုအဆင့်ကို ဖြည်းဖြည်းချင်း သိရှိနိုင်ပါတယ်…”

ဝမ်လင်းက အဘိုးအိုကို ကြည့်နေရင်း တိတ်ဆိတ်စွာစဉ်းစားနေ၏။အခြားလူသည် သူ့ညာလက်ကို ကြည့်နေရင်း သူ့ကိုယ်သူ နိမ့်ကျသည်ဟု ရည်ညွှန်းလာ၏။ဝမ်လင်းသည် ထိုအရာကို ထူးဆန်းသည်ဟု ခံစားမိနေ၏။သည့်နောက် ဝမ်လင်း၏ခေါင်းထဲ၌ ရဲတင်းသည့်အကြံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဖြစ်နိုင်တာက…ဒီလူတွေဟာ ကောင်းကင်ဘုံနယ်မြေပြိုကျတဲ့အကြောင်းကိုများ သိနေတာလား။ ဒါဆိုရင် သူတို့က လွန်ခဲ့တဲ့မရေမတွက်နိုင်တဲ့နှစ်တွေတည်းက ဒီနေရာမှာ အသက်ရှင်နေထိုင်ခဲ့ကြတယ်လို့ ဆိုလိုတာပဲ…”

အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူက ဖြည်းဖြည်းချင်းမေးလိုက်၏။ “ဒီနေရာကို ကောင်းကင်ဘုံသားတစ်ယောက် လာခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ…”

အဘိုးအို၏အသွင်က နက်မှောင်သွားကာ သူက လေးလေးစားစား ပြောလိုက်၏။ “ကောင်းကင်ဘုံဘုရင်အပူအပင်မဲ့ ပို့လွှတ်ခဲ့တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတောင် အချိန်အရမ်းကြာမြင့်ခဲ့ပါပြီ။ ဒါ့ကြောင့် ဒီနိမ့်ကျတဲ့လူက အချိန်အတိအကျကို ရေတွက်နိုင်စွမ်း မရှိတော့ပါဘူး…”

“အပူအပင်မဲ့…” ဝမ်လင်းသည် အဘိုးအိုက သူ့ညာလက်ကို ဘာကြောင့် စူးစိုက်ကြည့်နေခဲ့သည်ကို ရုတ်တရက် နားလည်သွားတော့သည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ သားရဲအရိုးအမှတ်အသားသည် ပေါ်ထွက်လာခဲ့သည်။ထို့နောက် သူက အဘိုးအိုထံသို့ စူးစိုက်ကြည့်၍ မေးလိုက်သည်။ “သင်က ဒါကို သိလား…”

အဘိုးအို၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန်တို့ ပြည့်နေကာ သူက တလေးတစား ပြောလာ၏။ “ဒါက ကောင်းကင်ဘုံဘုရင်အပူအပင်မဲ့ရဲ့ ရတနာဖြစ်တဲ့ ခြောက်သွေ့တာအိုတစ်စုံပါ…။ငါက ဒါကို သိပါတယ်။ သင့်မှာ ဒီရတနာ ရှိနေတယ်ဆိုတော့ သင်ဟာ ကောင်းကင်ဘုံဘုရင် အပူအပင်မဲ့နီး ရင်းနှီးတဲ့ တစ်စုံတစ်ယောက်ပဲ ဖြစ်ရမယ်။ သင်က ဒီနေရာကို ဆန်းကြယ်ယင်မီးပြင်းဖိုအတွက် ရောက်လာခဲ့တာလား…”

ဝမ်လင်းက အဘိုးအိုကြည့်မြဲကြည့်နေ၏။သူက စကားမဆိုပေ။ သူ့အကြည့်က အဘိုးအိုနောက်ရှိ ကုန်းမြေထုကြီးထံသို့ ရွှေ့လျားသွားခဲ့သည်။

အဘိုးအိုက တလေးတစား ပြောလာပြန်သည်။ ဒီအဘိုးအိုက ရိုင်းပြခဲ့ပါတယ်။ “ကောင်းကင်ဘုံသား…ကျေးဇူးပြုပြီး လာပါ။ ကောင်းကင်ဘုံမှင်စာသစ်သီးတွေက အချိန်အတန်ကြာကတည်းက ရင့်မှည့်နေခဲ့ပါပြီ။ ငါက ဒါကို အသင်မြည်းစမ်းဖို့အတွက် တစ်ယောက်ယောက်ကို သွားယူခိုင်းလိုက်ပါ့မယ်…”

အဘိုးအို၏လမ်းပြမှုနောက်သို့ ဝမ်လင်းသည် တိတ်ဆိတ်စွာ လိုက်ပါလာသည်။ ကျန်သည့်စွန့်ပစ်ခံ မသေမျိုးကလန်အဖွဲ့ဝင်များကတော့ ဝမ်လင်းနှင့်နီးနီးကပ်ကပ် လိုက်ပါလာရဲကြခြင်း မရှိချေ။

အစောပိုင်းက ဝမ်လင်းဖမ်းဆီးလိုက်သည့်လူကိုလည်း သူက ပြန်လွှတ်ပေးလိုက်သည်။ထိုလူ ဝမ်လင်းကို ကြည့်နေသောအကြည့်ထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နေခဲ့သည်။

အဘိုးအို၏လမ်းပြမှုနှင့်အတူ ဝမ်လင်းသည် ကုန်းမြေနှင့် ပိုနီးကပ်သထက် နီးလာခဲ့သည်။ခဏကြာပြီးသည့်နောက် သူက ကုန်းမြေအပေါ်သို့ ရောက်လာခဲ့ကာ သူတွေ့မြင်လိုက်ရသည့်အရာသည် အစိမ်းရောင်လွင်ပြင်ကြီး တစ်ခု ဖြစ်နေ၏။

သူက အကြည့်တစ်ချက်ဖြင့် ထိုလွင်ပြင်၏အဆုံးသပ်ကို တွေ့မြင်နိုင်စွမ်း မရှိပေ။ အစိမ်းရောင်လွင်ပြင်ထံမှ လေနှင့်အတူ ဆောင်ကြဉ်းလာသော မြက်ပင်ရနံ့များသည် အလွန်သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေ၏။ အဘိုးအိုသည် ရပ်တန့်ခြင်းမရှိဘဲ တလေးတစားဟန်ပန်နှင့် ဆက်၍ လမ်းပြခေါ်ဆောင်လာသည်။

ထိုလွင်ပြင်၏ အလယ်ဗဟိုတွင် အလွန်ရှေးကျသောအဆောက်အဦများ အစုလိုက်အစုလိုက် ရှိနေကြသည်။၎င်းအဆောက်အဦများထံမှ ရှေးကျသောအော်ရာကို ပေးစွမ်းနေသည်။

ထိုအော်ရာသည် အလွန်ဖျော့တော့လှ၏။သို့သော် စိတ်ဝိညာဉ်ထုတ်ယူခြင်းမန္တာန်ကို နားလည်ခဲ့ပြီးနောက် ဝမ်လင်းသည် ယခုလိုအော်ရာများနှင့် ပတ်သတ်၍ အာရုံခံနိုင်လာ၏။ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် ပျံသန်းနေရာကနေ ရပ်တန့်၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။

သည်နေရာရှိ မြက်ပင်များက အပြင်လောကနှင့် မခြားလှပေ။ သို့ရာတွင် ဝမ်လင်း၏အတားအဆီးများအပေါ် သိနားလည်ထားမှုက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ အတွေ့အကြုံများစွာ ရရှိခဲ့ခြင်းနှင့် လီယွမ်၏သင်ပေးခဲ့မှုတို့ကြောင့် အတော်လေး တိုးတက်လာခဲ့ပေသည်။ထို့ကြောင့် ကောင်းကင်ဘုံအတားအဆီးများအပေါ် သူ့နားလည်မှုကလည်း အတော်လေး တိုးတက်လာခဲ့ပေသည်။

သည်အခိုက်အတန့်၌ သူက အဆောက်အဦးပတ်လည်ရှိ ကြီးမားသည့်အတားအဆီးအစီအရင်တစ်ခုကို ချက်ခြင်းတွေ့မြင်နိုင်စွမ်း ရှိနေ၏။

အဘိုးအိုကလည်း ဝမ်လင်း၏အကြည့်ကို သတိပြုမိသွား၏။သူက လေးစားစွာ ပြောလိုက်သည်။ “အထက်ကောင်းကင်ဘုံသား…ဒီအစီအရင်က ကောင်းကင်ဘုံဘုရင်ကိုယ်တိုင် ငါတို့ကလန်ကို မြူသားရဲတွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ချမှတ်ပေးထားခဲ့တာပါ…”

ဝမ်လင်းက ထိုမြူသားရဲနှင့်ပတ်သတ်၍ မသိပေ။သူက ခေါင်းသာပြန်ညိတ်ပြလိုက်၏။ သို့သော်လည်း သူ့စိတ်ထဲ၌ သူသည် ယခုနေရာကို အတော်လေး စိတ်ဝင်စားနေမိသည်။

“အရှင်အပူအပင်မဲ့…စွန့်ပစ်ခံမသေမျိုးကလန်…နဲ့ဆန်းကြယ်ယင်မီးပြင်းဖို…အင်း ဒီနေရာက ဘယ်လိုနေရာများ ဖြစ်နေမလဲ…”

ဝမ်လင်းက စဉ်းစားကြည့်နေစဉ်၌ အကွာအဝေးတစ်ခုမှ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

***

All Chapters