← Chapters

မြူသားရဲ

Vol. 018 Ch. 856

မြူသားရဲ

Vol. 018 Ch. 856

ထိုလက်သီးချက်က နီးကပ်လာသည်နှင့် ဝမ်လင်းသည် ချက်ခြင်း သတိထားလိုက်သည်။သူ့ပတ်လည်ရှိ လေထုက အေးခဲလာသလား ထင်မှတ်ရသည်။လက်သီးနှင့်အတူ ဆောင်ကြဉ်းလာသည့်ဆန်းကြယ်သောအားတစ်ခုက ဝမ်လင်း၏ ဆုတ်လမ်းများအားလုံးကိုပါ ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေ၏။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင် ရှိနေပြီး သူက တည်ငြိမ်စွာ ပြောလိုက်၏။ “မဆိုးပါဘူး…ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး…” တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ့ညာခြေကို ရှေ့သို့ အေးဆေးစွာ လှမ်းလိုက်သည်။

ဝမ်လင်း၏ ခြေထောက်အောက်ကို ဗဟိုပြု၍ မြေကြီးထက်ကနေ ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်သွားသည်။၎င်းပေါက်ကွဲမှုက ဝမ်လင်း၏ဆုတ်လမ်းအား ပိတ်ဆို့ထားသည့် ထူးဆန်းသောအားကို ချက်ခြင်း ပျက်စီးသွားစေသည်။

ဗလတောင့်တောင့်လူ၏အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူက သူ့ထံသို့ ပြင်းထန်သောအားတစ်ခု တိုးဝင်လာသည်ဟု ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်အရှိန်သည် နှေးလို့သွား၏။

ဝမ်လင်းက ရှေ့သို့ လှမ်းလိုပြီးနောက် ချက်ခြင်းလိုလိုပင် ထိုလူ၏ ရှေ့သို့ ရောက်ရှိသွားသည်။သူ့လက်ဖြင့် ထိုဗလတောင့်တောင့်လူ၏ ရင်ဘက်ကို ထိလိုက်သည်။ထိုအခါ ဗလတောင့်တောင့်လူသည် အလိုလို နောက်ဆုတ်သွားရ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများကလည်း တလက်လက်တောက်ပမှုကို ပေးစွမ်းနေတော့သည်။

ဗလတောင့်တောင့်လူက နောက်သို့ ဆယ့်နှစ်ပေခန့် ဆုတ်သွားရသည်။သူ့ခန္ဓာကိုယ်ပေါ်တွင် အပြင်ဒဏ်ရာ ဘာမှမရှိခဲ့သော်လည်း သူ့ခန္ဓာကိုယ်ထဲ၌ မုန်တိုင်းထန်နေခဲ့တော့၏။သို့ရာတွင် ထိုလူ၏တက်တူးအမှတ်အသားများကြောင့် သူသည် အပြင်းအထန် မဖြစ်လိုက်ဘဲ ခဏတာအတွင်း ပြန်ကောင်းမွန်လို့သွားသည်။

ဗလတောင့်တောင့်လူက ကြမ်းကြုတ်သောအသွင်ကို ထုတ်ဖော်ကာ မာန်သွင်းရင်း သူ့လက်ကို သူ့ရင်ဘက်ပေါ်သို့ ပြန်ပုတ်လိုက်၏။ထိုအခါ ကျယ်လောင်သောဟိန်းသံ တစ်ခုက သည်ဧရိယာတွင် ထွက်ပေါ်လာလေသည်။တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများသည် အရူးအမူး လှုပ်ရှားလာကာ သူ့ခန္ဓာကိုယ်ထဲကနေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ထိုလူသည် မရေမတွက်နိုင်သော တက်တူးအမှတ်အသားများနှင့် ဝန်းရံနေပြီး အလွန်တုန်လှုပ်ဖွယ်ကောင်းသည့်အသွင် ဖြစ်ပေါ်နေတော့၏။

ဗလတောင့်တောင့်နှင့်ထိုလူက ရှေ့သို့ ရုတ်တရက် ထိုးတက်လာလေ၏။သူ့ပတ်လည်ရှိ တက်တူးအမှတ်အသားများသည်လည်း သူနှင့်အတူ လိုက်ပါလာရင်း ဝမ်လင်းထံသို့ တိုးဝင်လာချေသည်။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ ထိုဗလတောင့်တောင့်လူ၏ ခန္ဓာကိုယ်က သူ့ကောင်းကင်ဘုံသက်တော်စောင့်နှင့် မာကျောမှုခြင်း မယှဉ်နိုင်သော်လည်း သိပ်ကွာလှသည်တော့ မဟုတ်ပေ။ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင် ရှိနေကာ သူက ရှေ့သို့ လှမ်းတိုးလိုက်၏။ ချက်ခြင်းပင် ဝမ်လင်းသည် သူ့ထံသို့ တိုးဝင်လာနေသည့် ဗလတောင့်တောင့်လူနှင့် နီးကပ်သွားတော့သည်။

သူတို့နှစ်ယောက် နီးကပ်သွားသည်နှင့် ဗလတောင့်တောင့်လူက လက်သီးတစ်လုံး ပစ်သွင်းလိုက်လေ၏။သည်အခိုက်အတန့်၌ သူတို့ပတ်လည်ရှိ ကမ္ဘာလောကသည် တုန်လှုပ်ဟန် ဖြစ်ပေါ်လာသည်။ပတ်ဝန်းကျင်ရှိ တက်တူးအမှတ်အသားများကလည်း မန္တာန်များအလား တောက်ပနေကာ ဝမ်လင်းထံသို့ ဦးတည်လာနေသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားရင်း သူက ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ဘုံရပ်တန့်ခြင်းမန္တာန်ကို အသက်သွင်းလိုက်၏။ ဗလတောင့်တောင့်လူကြီး၏ ခန္ဓာကိုယ်သည် ချက်ခြင်း တန့်သွားကာ တစ်ချိန်တည်းမှာပင် ဝမ်လင်း၏လက်ချောင်းက ထိုလူ၏ရင်ဘက်ပေါ်သို့ နောက်တစ်ဖန် ကျရောက်သွားပြန်သည်။

ဗလတောင့်တောင့်လူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသံနှင့်အတူ လွင့်စင်ထွက်သွားလေ၏။သူက သွေးအပြည့်အန်ထုတ်လိုက်ရကာ ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်ထဲ၌ တုန်လှုပ်မှုတို့ ပြည့်လာခဲ့သည်။ သူ့ပတ်လည်ရှိ တက်တူးများသည်လည်း သူနှင့်အတူ နောက်သို့ တွန်းထုတ်ခြင်း ခံလိုက်ရလေ၏။

ခုချိန်၌ သူတစ်ဦးတည်း တုန်လှုပ်နေသည်သာ မဟုတ်ပေ။ ပတ်ဝန်းကျင်ရှိ ကလန်အဖွဲ့ဝင်များသည်လည်း သည်တိုက်ပွဲကို ကြည့်နေရင်း တုန်လှုပ်နေလေ၏။ သူတို့အားလုံးက လုံးဝ တိတ်ဆိတ်ကာ နေသည်။

ရွေးချယ်ခံမသေမျိုးကလန်(စွန့်ပစ်ခံမသေမျိုးကလန်)၏ ဘိုးဘေးသည် စိတ်ပူပန်လာကာ သူက အလျင်အမြန် ပြောလိုက်၏။ “အထက်ကောင်းကင်ဘုံသား…ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့…ထာရှန်ကို အသက်ချမ်းသာ ပေးပါ…”

“မလိုပါဘူး…” ဗလတောင့်တောင့်လူကြီးထာရှန်သည် လွင့်စင်သွားနေရင်း ပေတစ်ရာလောက် အကွာကျမှ သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် လုပ်လိုက်နိုင်၏။ သူက မာန်သွင်း၍ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေရင်း သူ့ရင်ဘက်ပေါ်သို့ ကြမ်းတမ်းစွာ ပြန်ရိုက်ချလိုက်သည်။

သူ့ပတ်လည်ရှိ တက်တူးများအားလုံးသည် ထူးဆန်းစွာ ရွှေ့လျားလာကြကာ ဗလတောင့်တောင့်လူကြီး၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ပြန်ဝင်ရောက်သွားသည်။ သို့ရာတွင် ၎င်းတက်တူးများသည် သူ့အရေပြားအတွင်းသို့ ဝင်ရောက်သွားခြင်း မဟုတ်ဘဲ အရေပြား၌ ဖောင်းကြွနေချေသည်။သိပ်မကြာခင်တွင် တက်တူးအမှတ်အသားများသည် သူ့ပတ်လည်၌ အနက်ရောင်ချပ်ဝတ်ကဲ့သို့ ဖြစ်ပေါ်သွားလေသည်။

ထိုချပ်ဝတ် ပေါ်လာသည်နှင့် အနက်ရောင်အော်ရာတစ်ခု ရှိလာ၏။ထိုဗလတောင့်တောင့်လူကြီး၏ နောက်တွင် ခပ်ဝါးဝါးပုံရိပ်ယောင်တစ်ခု ရှိနေကာ ယင်းပုံရိပ်ယောင်သည် နတ်မိစ္ဆာတစ်ပါးအလား ဖြစ်နေသည်။

စွန့်ပစ်ခံမသေမျိုးကလန်၏ဘိုးဘေးက လေအေးတစ်ချက်ရှိုက်သွင်းကာ အံအားသင့်ဟန်ဖြင့် ပြောလာသည်။ “ကောင်းကင်ဘုံစိတ်ဝိညာဉ်ချပ်ဝတ်…မင်းက ဒီချပ်ဝတ်အစုံကို သန့်စင်မွန်းမံနိုင်စွမ်း ရှိခဲ့ပြီပေါ့…”

ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ထိုချပ်ဝတ်နှင့်ပတ်သတ်၍ အနည်းငယ် ရင်းနှီးနေ၏။၎င်းချပ်ဝတ်က ပြန့်ကျဲနတ်ဆိုးမိစ္ဆာဝတ်ဆင်ခဲ့သော ချပ်ဝတ်နှင့် အတော်လေး တူနေခဲ့ပေသည်။ခြားနည်းသည်ဟူ၍ ယခုချပ်ဝတ်ထံမှ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအင်က အားကောင်းလွန်းခြင်း ရှိနေခြင်းတစ်ခုသာ ရှိလေသည်။

ဗလတောင့်တောင့်နှင့်လူက မာန်သွင်း၍ ရှေ့သို့ ထိုးထွက်လာ၏။ သည်အခိုက်အတန့်၌ သူ့ချပ်ဝတ်နှင့်ခန္ဓာကိုယ်အရွယ်အစားကြောင့် သူသည် ကြမ်းကြုတ်သည်ဘီးလူးတစ်ကောင်နှင့်ပင် တူနေတော့သည်။

အနက်ရောင်ချပ်ဝတ်က အသက်ရှုမှားနိုင်သည့်အော်ရာတစ်ခုကို ပေးစွမ်းနေ၏။ ထိုလူ ရှေ့သို့ ထိုးထွက်လာသည့်နှင့် သူ့နောက်မှ ပုံရိပ်ယောင်သည်လည်း ကြမ်းကြုတ်သည့်အသွင် ဖြစ်ပေါ်လာခဲ့တော့သည်။

သူက ထိုးတက်လာနေရင်း သူ့ညာလက်သီးကို ပစ်လွှတ်လိုက်သည်။ထိုလက်သီးချက် ပြီးခဲ့သော လက်သီးချက်နှစ်ခုထက် သန်မာလှပေသည်။ထိုအခိုက်အတန့်၌ သူ့နောက်ရှိ ပုံရိပ်ယောင်ကလည်း အနက်ရောင်အခိုးငွေ့အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲကာ သူ့ညာလက်ကို ထွေးခြုံပေးလာသည်။

ထိုလက်သီးချက် ပျံသန်းထွက်လာသည့်အခါတွင် အသံပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားကာ တုန်လှုပ်ဖွယ်အော်ရာသည် ဝမ်လင်းထံသို့ ဦးတည်ဝင်လာတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ပုံရိပ်ယောင်အခိုးငွေ့က ဦးခေါင်းခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းက ဝမ်လင်းကို ဝါးမြိုရန် တာဆူလာခဲ့သည်။

ဝမ်လင်းက ထိုဗလတောင့်တောင့်နှင့်လူကို တည်ငြိမ်စွာသာ စူးစိုက်ကြည့်နေသည်။သူက ပါးစပ်ဟ၍ သဲမှုန်တစ်ခုကို ထွေးထုတ်လိုက်၏။ ၎င်းသဲမှုန်က ပေတစ်ထောင်ခန့်ရှိသော အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲကာ ဗလတောင့်တောင့်နှင့်လူပေါ်သို့ သက်ဆင်းကျရောက်သည်။

သည်တစ်ကြိမ်က ကောင်းကင်ဘုံအစိတ်အပိုင်းမြေတံဆိပ်တုံးသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အပြင်ဘက်တွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ထွက်လာခြင်းပင်။၎င်းက ပေါ်ထွက်လာသည်နှင့် လေထုထဲ၌ ပေါကြွယ်ဝသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လာခဲ့သည်။ အဘိုးအိုက ထိုအရာကို တွေ့မြင်သည့်အခါ သူက မြေပေါ်သို့ ဒူးထောက်ချ၍ ၎င်းအစိတ်အပိုင်းမြေကို ဦးညွတ်အရိုအသေ ပြုလေတော့၏။

ဗလတောင့်တောင့်လူ၏ မျက်လုံးထဲ၌ပင် ထိုခဏတွင် တုံ့ဆိုင်းသည့်ဟန် ဖြစ်ပေါ်သွားလေ၏။သို့ရာတွင် ခဏတာကြာမြင့်ပြီးနောက် သူက အံတင်းတင်းကြိတ်ကာ ဆက်၍ တွေဝေမနေတော့ချေ။သူ့လက်သီးချက်က သူ့လမ်းကြောင်း၌ ပိတ်ဆို့လာသည် အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ကျရောက်သွားလေတော့သည်။

“ငါ့အတွက် ပျက်စီးလိုက်စမ်း…”

သူ့လက်သီးချက်က အစိတ်အပိုင်းမြေအပေါ်သို့ ပေါက်ကွဲသံတစ်ခုနှင့်အတူ ကျရောက်သွားချေ၏။ သို့သော် အစိတ်အပိုင်းမြေတံဆိပ်တုံးသည် တုတ်တုတ်မှ မလှုပ်သွားဘဲ ဗလတောင့်တောင့်နှင့်လူသာ နောက်သို့ ပြန်ကန်ထွက်သွားရသည်။သူ့ခန္ဓာကိုယ်က နောက်သို့ ဆုတ်သွားနေရင်း သွေးအန်ကာ တုန်ယင်နေတော့သည်။

သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုများနှင့် ပြည့်လို့နေသည်။သူက ထိုအစိတ်အပိုင်းမြေသည် အခုလောက် မာကျောလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။သူ့ခွန်အားပြည့် တိုက်ခိုက်မှုကပင် ၎င်းအပေါ်သို့ မည်သို့မျှ ပျက်စီးခြင်း မရှိစေရုံသာမက တန်ပြန်ဒဏ်ကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ သွေးနှင့်စွမ်းအင်များကို ကမောက်ကမ ဖြစ်သွားစေသည်။

ဗလတောင့်တောင့်နှင့်လူ၏ လက်သီးအပေါ်ရှိ ပုံရိပ်ယောင်ပင် ပျောက်ကွယ်သွားရလေ၏။ဝမ်လင်း၏ မျက်လုံးက အေးစက်နေရင်း သူက သူ့ညာလက်ဖြင့် ညွှန်လိုက်သည်။အစိတ်အပိုင်းမြေသည် လေထဲသို့ ပျံသန်းတက်သွားနေရင်းကနေ ကြမ်းတမ်းစွာ အောက်သို့ ဖိချလာတော့သည်။

စူးရှရှအသံက ကမ္ဘာလောက၌ ပဲ့တင့်ထပ်နေချေ၏။အစိတ်အပိုင်းမြေ ဆင်းသက်လာသည့်အခိုက်တွင် ဗလတောင့်တောင့်လူကြီးသည် မာန်သွင်းကာ အော်ဟစ်လိုက်ချေသည်။သူ့လက်နှစ်ဖက်ကို အပေါ်သို့ ပင့်မြှောက်ကာ ၎င်းအစိတ်အပိုင်းမြေကို တားဆီးပိတ်ဆို့ရန် ပြင်လေ၏။

ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်လေ၏။ “ပြုတ်ကျစမ်း…”

အစိတ်အပိုင်းမြေသည် မြေပြင်ထက်သို့ အကြမ်းပတမ်း ရိုက်ချ လာခဲ့လေ၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ ကုန်းမြေတစ်ခုလုံး တုန်ခါကုန်လေသည်။ ကျယ်လောင်သောအက်ကွဲကြောင်းများကလည်း ကုန်းမြေပေါ်၌ ပေါ်ထွက်လာလေ၏။

ထိုအက်ကွဲကြောင်းများက တစ်ခုနှင့်တစ်ခု ယှက်လိမ်လာရင်း ယင်းတို့ထဲကနေ မြူအမြောက်အများ ထွက်ပေါ်လို့လာ၏။ထိုမြူများ ပေါ်ထွက်လာသည်နှင် တစ်ပြိုင်နက် ၎င်းတို့က အတူတကွ စုဝေးကြကုန်သည်။

မြူများက မြန်ဆန်စွာ သိပ်သည်းလာကာ ချက်ခြင်းလိုလို ထူးဆန်းသောအသွင်သဏ္ဌာန်များ ဖြစ်ပေါ်လာခဲ့သည်။

“မြူသားရဲတွေ…” စွန့်ပစ်ခံမသေမျိုးကလန် အဖွဲ့ဝင်များက ထိတ်လန့်တကြားဆိုကြသည်။ သူတို့၏ မျက်ခုံးနှစ်ခုကြားမှ အရွက်များကလည်း ချက်ခြင်းလိုလို တလက်လက် ဖြစ်လာခဲ့ကြသည်။သစ်ရွက်အလွှာများကလည်း ပျံနှံ့လာရင်း ၎င်းအလွှာများထဲကနေ ရှည်မြောမြော ကရားအိုးများသည် ဝမ်လင်း၏ မျက်စိရှေ့တွင်ပင် ပျံသန်းထွက်လာကြကုန်သည်။

သိပ်မကြာခင်တွင်ပင် မြူများက သိပ်သည်းသွားခဲ့ပြီး ဖြစ်ကာ ကောင်းကင်ထက်၌ ကြမ်းကြုတ်သည့် အနက်ရောင်သားရဲ တစ်ရာကျော် ပေါ်လာခဲ့ချေ၏။ ထိုသားရဲများက မတူကွဲပြားသော ပုံပန်းအသွင် ရှိကာ သုန်မှုန်ကြမ်းတမ်းသော အသွင်ကို ဆောင်နေ၏။ ထို့နောက်တွင် စိတ်ဝိညာဉ်ကိုပင် ထွင်းဖောက်စေနိုင်သော ခပ်တိုးတိုး ဟိန်းငြီးသံများကပါ ပေါ်ထွက်လို့လာခဲ့သည်။

စွန့်ပစ်ခံမသေမျိုးကလန်၏ ဘိုးဘေးအသွင်က သုန်မှုန်လို့နေ၏။သူက သူ့လက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။ ထိုအခါ ဆယ်ပေခန့်ရှည်လျားသည့် ကရားအိုးတစ်ခု ပေါ်ထွက်ခဲ့တော့သည်။ ထို့နောက် သူက ကောင်းကင်ထက်သို့ တရကြမ်းထိုးတက်သွားရင်း မာန်သွင်းအော်ပြောလိုက်သည်။ “အားလုံးပဲ…ကိုယ့်နေရာကိုယ် ယူပြီး ဒီမြူတွေကို နာရီဝက်အတွင်း ရှင်းလင်းကြ…။ ဒီမြူသားရဲတွေကို လူသားအသွင်ထိ သိပ်သည်းဖြစ်ပေါ်ဖို့ ခွင့်မပြုကြနဲ့”

ထို့နောက် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲပင် မြူသားရဲတစ်ကောင်နားသို့ ရောက်ရှိသွားသည်။သူက သူ့လက်ဖြင့် အိုးကရားကို ရိုက်ချလိုက်လေသည်။ထိုအခါ အိုးကရားနှုတ်ခမ်းဝကနေ အားကောင်းသောစုပ်အားတစ်ခု ထွက်ပေါ်လာလေတော့သည်။

ယင်းမြူသားရဲက အခုထိ မျက်လုံး ဖွင့်မလာသေးသော်လည်း စတင်ရုန်းကန်နေတော့သည်။ သိပ်မကြာခင်တွင် ၎င်းမြူသားရဲ၏ခန္ဓာကိုယ်သည် တွန့်လိမ်ကြေသွားကာ အခိုးအငွေ့များအဖြစ်သို့ ပြောင်း၍ ကရားအိုးထဲသို့ စုပ်ယူခြင်း ခံလိုက်ရချေသည်။ ထိုနောက်တွင်တော့ ယင်းကရားအိုးထဲကနေ ပေါက်ကွဲသံများ ထွက်ပေါ်လာလေတော့သည်။

ထိုဘိုးဘေးအပြင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည်လည်း သူတို့၏ ရတနာများကို ကိုင်ဆောင်ထားကြလေ၏။သူတို့၏ မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေရင်း ဖြစ်ပေါ်ကာစ မြူသားရဲများထံသို့ တဟုန်ထိုး တိုးဝင်သွားကြလေတော့သည်။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက လက်ညှိုးတစ်ချက်ဖြင့်ပင် အစိတ်အပိုင်းမြေတံဆိပ်တုံးကို အပေါ်သို့ ပြန်လည် ပင့်မြှောက်စေလိုက်၏။ထိုအခါ စောနက အစိတ်အပိုင်းမြေနှင့် ဖိသိပ်ထားခံရသည့် ထာရှန်သည် တစ်စ်ကိုယ်လုံး စုတ်ပြတ်ကာ သွေးများ ယိုစီးကျနေသည့်အနေအထားနှင့် ထွက်ပေါ်လာလေသည်။သို့ရာတွင် သူက သေဆုံးခြင်း မရှိသေးသည့်အပြင် ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်ထဲ၌လည်း တိုက်ပွဲဆာလောင်စိတ်များ ပြည့်နေတော့၏။

ဝမ်လင်းက ထိုထာရှန်ကို ကြည့်ပင်မကြည့်ဘဲ မြူများကနေ ဖြစ်ပေါ်လာသည့် မြူသားရဲများကိုသာ စူးစိုက်ကြည့်နေ၏။ သူက ထိုမြူသားရဲများကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးကပါ တလက်လက် ဖြစ်လို့နေလေသည်။

ယင်းမြူသားရဲများက အခုမှ ဖြစ်ပေါ်ကာစ ဖြစ်လေ၏။ ၎င်းတို့တွင် ခန္ဓာကိုယ်ရှိသော်လည်း သူတို့၏ စိတ်အသိကတော့ နစ်မြေနေဆဲ အနေထားတွင်သာ ရှိလို့နေသေးသည်။ ထို့အပြင် စွန့်ပစ်ခံမသေမျိုးကလန် အဖွဲ့ဝင်များ၏ တု့န်ပြန်လုပ်ဆောင်မှုကလည်း အလွန်မြန်ဆန်လှသည် ဖြစ်ရာ ချက်ခြင်းလိုလိုပင် ၎င်းမြူသားရဲအများစုသည် အဖွဲ့ဝင်များ၏ ကရားအိုးရတနာများ၏ စုပ်ယူခြင်းကို ခံလိုက်ရလေတော့၏။

သို့သော် ထိုအခိုက်အတန့်၌ ကရားအိုးရတနာတစ်ခုထဲသို့ စုပ်ယူခြင်းခံနေရသော မြူသားရဲများထဲမှ တစ်ကောင်သည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့လေ၏။ ၎င်းသားရဲသည် ပထမဆုံး မျက်လုံးဖွင့်လာသည့် မြူသားရဲပင်။

ဝမ်လင်းက ယခုလို မြူသားရဲ၏မျက်လုံးမျိုးကို တစ်ကြိမ်တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ ထိုသားရဲ၏မျက်လုံးက မျက်လုံးသူငယ်အိမ် လုံးဝ မရှိဘဲ အနက်ရောင်အစက်အပြောက် ခြောက်ခုသာ ရှိလို့နေသည်။ထိုအစက်ခြောက်ခုကလွဲ၍ ၎င်းမျက်လုံး၏ ကျန်အစိတ်အပိုင်းသည် မီးခိုးရောင် ဖြစ်လို့နေ၏။ ထိုမျက်လုံးများက လုံးဝနှလုံးသားကင်းမဲ့သည့် သဘောကို ဆောင်ကြဉ်းနေချေသည်။

ထိုစွန့်ပစ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်က ကြောက်လန့်တကြား ဖြစ်ကုန်ကြပြီး ချက်ခြင်းလိုလို နောက်သို့ ဆုတ်ကုန်ကြ၏။ သူက နောက်သို့ ဆုတ်လိုက်စဉ်မှာပင် သူစုပ်ယူနေသည့် ၎င်းမြူသားရဲက တရကြမ်း တိုးဝင်လာလေတော့၏။ ၎င်းက မြန်ဆန်လွန်းလှချေ၏။ ၎င်းမြူသားရဲက ချက်ခြင်းလိုလို နောက်ဆုတ်သွားသည့် အဖွဲ့ဝင်ကို ဖမ်းမိသွားကာ ထိုသူ၏ ဒွာရပေါက်များထဲသို့ ဖြတ်သန်းဝင်ရောက်သွားလေ၏။

ထိုအခါ ယင်းအဖွဲ့ဝင်သည် ထိတ်လန့်တကြား အကြောက်အကန် အော်ဟစ်လိုက်ရလေ၏။ ချက်ခြင်းလိုလိုပင် သူ့ခန္ဓာကိုယ်ကလည်း သွေးများပန်းထွက်ကာ ပေါက်ကွဲထွက်သွားသည်။ သည့်နောက် မြူသားရဲ၏အသွင်က တစ်ဖန် ပြန်ဖြစ်တည်လာကာ ၎င်းက ၎င်း၏ ရှည်လျားသည့်လျှာကို သပ်လိုက်ရင်း နောက်ထပ် ဘေးနားရှိ လူထံသို့ ဦးတည်သွားလေတော့၏။

ထိုသို့ ဖြစ်ပျက်ပြီးသည့်နောက် မြူသားရဲတစ်ကောင်ပြီးတစ်ကောင်က မျက်လုံးများ ဖွင့်လာကြကာ နစ်မြောနေခြင်း မရှိတော့ဘဲ အသိစိတ်ဝင်လာကြတော့သည်။၎င်းသားရဲများအားလုံးက အလွန်သွေးဆာနေသည့်ပုံ ပေါက်ကာ အလင်းတန်းအလား ရွှေ့လျား လှုပ်ရှားကြလေသည်။

“ကောင်းကင်ဘုံသတ်ဖြတ်သူ အစီအရင်…” ကောင်းကင်ထက်ရှိ စွန့်ပစ်ခံမသေမျိုးကလန်၏ ဘိုးဘေးအသွင်က စိတ်ပူပန်နေပုံ ဖြစ်ပေါ်နေကာ သူက သူ့ထံသို့ တိုးဝင်လာသည့် မြူသားရဲတစ်ကောင်ကို ရှောင်ရှားလိုက်သည်။

ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။မြူသားရဲတစ်ကောင်ကလည်း သူ့ထံသို့ တရကြမ်းတိုးဝင်လာနေသည်။ ထိုမြူသားရဲ၏ ကြမ်းကြုတ်လှသော အော်သံက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကိုပါ ထွင်းဖောက်သွားသလား ထင်မှတ်ရလေ၏။

***

All Chapters