အပိုင်း(၈၅၉)
Vol. 018 Ch. 859
သည်ရထားက ဝမ်လင်းတွင် နောက်ဆုံးပိုင်ဆိုင်ထားသည့် စစ်ရထား ဖြစ်သလို အသန်မာဆုံးတစ်ခုလည်း ဖြစ်လေသည်။ထိုအရာက နတ်ဘုရားတစ်ပါးကိုပင် သတ်ပစ်ဖို့ လုံလောက်အောက် သန်မာသည့် ရတနာတစ်ခုကို ထုတ်လွှတ်ပေးနိုင်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားထံကနေ တုန်လှုပ်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လို့နေသည်။စစ်ရထား၏ ဆူးချွန်များကလည်း ရှေးကျသောအော်ရာကို ပေးစွမ်းနေ၏။၎င်း၏ကြမ်းတမ်းသည့်အသွင်အပြင်ဖြင့်ပင် လူတို့၏နှလုံးသားများကို ကြောက်လန့်စေနိုင်ပေသည်။အတိတ်တုန်းက ဝမ်လင်းသည် ထိုဖိအားကို ရင်ဆိုင်ရချိန်၌ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။ထို့နောက် သူက ၎င်းကို အသုံးမပြုဝံ့ဘဲ အမွေအနှစ်မန္တာန်ဖြင့်သာ ၎င်းတတိယမြောက်စစ်ရထားကို ချိပ်ပိတ်ထားခဲ့ရပေသည်။
သို့ရာတွင် ခုချိန်တွင်တော့ ဝမ်လင်းသည် အနှီနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ဘေးနားတွင် တည်ငြိမ်စွာ ရပ်နေနိုင်လေပြီ။သည်နှစ်ရာချီအတွင်း ဝမ်လင်းသည်လည်း အတော်လေး တိုးတက်ကြီးပြင်းလာခဲ့သည် မဟုတ်လား။
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်လိုက်ရာ သူ့မျက်လုံးတိုက တောက်ပကာ နေသည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေကာ ရှုပ်ထွေးသောစကားလုံးများကို ရွတ်ဆိုလိုက်သည်။ထို့နောက် သူ့ဘယ်လက်ဖြင့် ညာဘက်လက်ကောက်ဝတ်အပေါ် ကိုင်ဆုပ်လိုက်သည်။ဝမ်လင်း၏ညာဘက်လက်ပေါ်တွင် အနက်ရောင်အလင်းတန်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားကာ သူက ၎င်းအလင်းတန်းကို နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားအပေါ်သို့ ဖိချလိုက်သည်။
အနက်ရောင်အလင်းသည် စစ်ရထားပေါ်သို့ ကျရောက်သွားသည့်အခါတွင် စစ်ရထားက ၎င်းအလင်းကို စုပ်ယူသည်။ထိုအခါ စစ်ရထားထံကနေ ပိုမိုအားကောင်းသောဖိအားတစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာချေသည်။
စစ်ရထားပေါ်ရှိ ဆူးချွန်များသည်လည်း အနက်ရောင်အလင်းကို ပေးစွမ်းလာကာ အတူပေါင်းစပ်သည်။ထိုအနက်ရောင်အလင်းသည် အလွန်သန်မာအားကောင်းလှ၏။
ထို့နောက် ယင်းအနက်ရောင်အလင်းတို့သည် တလက်လက်လင်းလက်နေသော စာလုံးခုနစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။
အနက်ရောင်အလင်းထဲရှိ စာလုံးခုနစ်ခုကို ကြည့်နေရင်း ဝမ်လင်းသည် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ ဖန်တီးသူ ချန်ထားခဲ့သော စကားလုံးများကို ပြန်ဆင့်ခေါ်သည်။
“တတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားရဲ့ စွမ်းအားက ငါ စိတ်ကူးနိုင်တာထက်ကို ပိုလွန်တယ်။ ဒီစစ်ရထားကရဲ့ အသုံးပြုသူကသာ ၎င်းရဲ့ အပြည့်အဝစွမ်းအားကို ထုတ်ဖော်နိုင်ရင် ဒီရထားဟာ ကောင်းကင်ဘုံနတ်ဘုရားကို လွယ်လင့်တကူ သတ်ပစ်နိုင်တယ်။ ဒါပေမဲ့လည်း ဒါက ပြည့်စုံခြင်း မရှိသေးဘူး။ ဒီရထားက သတ္တုပစ္စည်းသုံးခု လိုအပ်နေသေးတယ်။ ဒီသုံးခုကတော့ အံ့ဖွယ်ထူးဆန်းငှက်တောင်ပံ၊မြေအောက်လောကသစ်သားနဲ့ ကောင်းကင်ဘုံလိပ်ပြာစိတ်ဝိညာဉ်တို့ ဖြစ်တယ်…”
“ငါက ဒီပစ္စည်းသုံးခုကို ရှာတွေ့နိုင်စွမ်း မရှိခဲ့တဲ့အတွက် နောင်တရခဲ့မိတယ်။ငါ့ရဲ့ ဆက်ခံသူဟာ ဒီပစ္စည်းသုံးခုကို ရှာဖွေပြီး ငါ့နောင်တတရားကို သက်သာရာရအောင် လုပ်ပေးပါ။ တတိယမြောက်စစ်ရထားက ပိုင်ရှင်အဖြစ် အသိတ်အမှတ်ပြုဖို့ သင်ဟာ စာလုံးခုနစ်လုံးကို ပေါင်းစပ်ပြီး ဒါကို သင့်ရဲ့ အသက်ဓာတ်နဲ့ချိတ်ဆက်ထားတဲ့ ရတနာတစ်ခုအဖြစ် မွန်းမံရလိမ့်မယ်။ဒါမှသာ ဒီတတိယမြောက်စစ်ရထားရဲ့ အစစ်အမှန်သက်ရောက်မှုကို အသုံးပြုနိုင်လိမ့်မယ်။ မဟုတ်ရင် သင်က စာလုံးတွေနဲ့ စစ်ရထားကို ပေါင်းစပ်ရင်တောင်မှ ဒီစစ်ရထားရဲ့ စွမ်းအားအပြည့်အဝကို အသုံးပြုနိုင်လိမ့်မှာ မဟုတ်ဘူး။ငါ့ရဲ့ဆက်ခံသူ…ကျေးဇူးပြုပြီး သင့်ကိုယ်တိုင် ရွေးချယ်လော့…သင်က သင့်ရဲ့ အသက်ဓာတ်နဲ့ ချိတ်ဆက်မယ်ဆိုရင် သတိထား၊ဂရုစိုက်ပြီး ရွေးချယ်ပါ…”
ဝမ်လင်းအသွင်က တည်ငြိမ်လှ၏။သည်ရတနာသည် လူတစ်ယောက်အတွက် သန့်စင်မွန်းမံချိန်၌ပင် အလွန့်အလွန် ဂရုတစိုက် လုပ်ဆောင်ရသည့် ရတနာမျိုး ဖြစ်၏။အနှီရတနာသည် လူတစ်ယောက်၏ အသက်ဓာတ်နှင့် ချိပ်ဆက်ထားသည့် ရတနာတစ်ခု ဖြစ်နေသည် မဟုတ်လား။
သာမန်ရတနာတစ်ခုဆိုလျှင် ၎င်းအပေါ်၌ လူတစ်ယောက်၏ နတ်ဘုရားအာရုံကို ပယ်ဖျက်ခြင်း ခံရလျှင်လည်း အများဆုံးမှ ဒဏ်ရာသာ ရနိုင်ကာ အသက်မသေဆုံးနိုင်ပေ။
ဝမ်လင်းပိုင်ဆိုင်ထားသည့် အစိတ်အပိုင်းမြေတံဆိပ်တုံးနှင့် ဓားများသည် ထိုကဲ့သို့သော ရတနာများ ဖြစ်လေသည်။
သို့ရာတွင် အသက်ဓာတ်နှင့် ချိတ်ဆက်ထားသည့် ရတနာတစ်ခုဆိုလျှင်တော့ ထိုရတနာအဖျက်စီးခံရသည်နှင့် အသက်သာဆုံးသည် ထိုလူ့ကို အပြင်းအထန်ဒဏ်ရာရစေခြင်း ဖြစ်ကာ ထိုသူ၏ မူလစိတ်ဝိညာဉ်ကို နှစ်ပိုင်းကွဲသွားစေနိုင်သည်။ပို၍ အကျိုးသက်ရောက်မှုပြင်းထန်ပါက ချက်ခြင်း သေသွားနိုင်ပေသည်။ သို့ရာတွင် ထိုသို့ ဖြစ်နေလျှင်ပင် ကျင့်ကြံသူအများစုသည် ယင်းသို့သော အသက်ဓာတ်နှင့် ချိတ်ဆက်ထားရသည့် ရတနာများ ရှိနေကြသည်သာ ဖြစ်သည်။
ထိုသို့ ရှိရသည့် အကြောင်းရင်းသည် အသက်ဓာတ်နှင့်ချိတ်ဆက်ထားသည့် ရတနာတစ်ခု ဖြစ်ပါက ရတနာ၏စွမ်းအားသည် အနှီကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်တိုးတက်သလောက် လိုက်ပါတိုးတက်နိုင်စွမ်း ရှိခြင်းကြောင့်ပင်။
ဝမ်လင်းက ရှေးဟောင်းမှတ်တမ်များ၌ ထိုသို့သော အရာများကို တွေ့မြင်ခဲ့ဖူးပေသည်။
“ဒီတတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားက ကျန်တဲ့နှစ်ခုနဲ့ မတူဘူး…”
ဝမ်လင်းသည် စာလုံးခုနစ်လုံးကို တိတ်တဆိတ် စူးစိုက်ကြည့်နေသည်။သူ့ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ခြင်သားရဲသည် ပျံသန်းထွက်လာခဲ့၏။
ထိုခြင်သားရဲက သိုလှောင်အိတ်ထဲကနေ ထွက်မလာသည်မှာ အတော်လေး ကြာမြင့်ခဲ့လေပြီ။၎င်းက ထွက်ပေါ်လာသည်နှင့် ချက်ခြင်းပင် ဟိန်းသံပြုကာ လေကြမ်းတစ်ခုကို ဖြစ်ပေါ်စေသည်။ထို့နောက် သည်ဧရိယာတွင် လှည့်ပတ်နေကာ အလွန်စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေ၏။
ခြင်သားရဲထွက်ပေါ်လာပြီးနောက် နောက်ထပ် မိုးကြိုးဖားပြုတ်သည်လည်း ထွက်ပေါ်လို့လာသည်။
မိုးကြိုးဖားပြုတ်က သိုလှောင်အိတ်ထဲကနေ ထွက်ပေါ်လာပြီး ပျင်းရိလေးတွဲစွာ မြေကြီးပေါ်၌ လှဲလျောင်းလိုက်လေ၏။
ထိုသားရဲနှစ်ကောင်ကို ဆင့်ခေါ်ပြီးသည့်နောက် ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီး ကောင်းကင်ဘုံဓားကိုပါ ထုတ်ယူသည်။ သူက ကောင်းကင်ဘုံဓားနှင့် ရှုလီကောကို ခွဲခြားလိုက်လေ၏။ ရှုလီကောက ဝမ်လင်းကို မြှောက်ပင့်ရန် ဟန်ပြင်လိုက်၏။ သို့သော် သူက ချက်ခြင်းပင် ဝမ်လင်း၏အကြည့်ကြောင့် တန့်သွားသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ငါက ရတနာတစ်ခုကို သန့်စင်မလို့၊ ပေတစ်ထောင်အတွင်း ဘယ်သူ့ကိုမှ ဝင်မလာစေနဲ့…”
ရှုလီကောက သူ့ရင်ဘက်ကို ပုတ်ကာ မျက်နှာပေးအပြည့်ဖြင့် ပြောလိုက်၏။ “သခင်…စိတ်ချပါ။ တစ်ယောက်ယောက်က ကျူးကျော်လာခဲ့ရင်တောင့် ငါ့အလောင်းကိုယ်နင်းပြီးမှသာ ဝင်လာနိုင်လိမ့်မယ်။ ငါ…ရှုလီကောက သင့်အပေါ်မှာ သစ္စာရှိလှပါတယ်…။ဒီလို သစ္စာရှိမှုအပေါ်မှာ ဘယ်သူကမှ ငါ…ရှုလီကောနဲ့ မယှဉ်နိုင်ဘူး…”
သည့်နောက် ရှုလီကောသည် သည်ဧရိယာနားတွင် လှည့်လည်သွားကာ သူက သူ့နားသူ ကြားရလောက်အောင် ခပ်တိုးတိုး ရွတ်ဆိုလိုက်၏။
“သခင်ရဲ့ မန္တာန်တွေက အစစ်အမှန်ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ မန္တာန်တွေလိုမျိုး တော်တော်လေး အံ့အားသင့်ဖွယ် ကောင်းလှတယ်။ ဒီရှုလီကောက သင့်ကို အမှန်တကယ် လေးစားလှပါတယ်….”
ခြင်သားရဲကလည်း လှည်ပတ် ပျံသန်းနေရင်း ရှုလီကောကို ဖြတ်ကျော်သွားသည်။
ခြင်သားရဲ၊မိုးကြိုးဖားပြုတ်နှင့် ရှုလီကောတို့ကို ဆင့်ခေါ်ပြီးသည့်နောက် ဝမ်လင်းသည်လည်း အတားအဆီးအချို့ကို အထိုင်ချလိုက်၏။သည့်နောက် သူက သူ့ညာလက်ကို မျက်ခုံးနှစ်ခုကြားထဲသို့ ညွှန်ကာ စစ်ရထားကို စူးစိုက်ကြည့်နေသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း ပျံသန်းထွက်လာခဲ့ကာ စစ်ရထားထံသို့ ပျံသန်းသွားလေ၏။
သူ့မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာသည့်နောက် ၎င်းက ရှေးဟောင်းမိုးကြိုးနဂါးအသွင်သို့ ပြောင်းလဲသွားရင်း စစ်ရထားရှိရာသို့ ဦးတည်ပျံသန်းသွားလေသည်။ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် စစ်ရထားကို လှည့်ပတ်နေ၏။ထို့နောက် ခဏအကြာတွင် သူက ပါးစပ်ဟကာ စာလုံးတစ်လုံးကို ဝါးမြိုလိုက်သည်။
ထိုအခါ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲ၌ ပြင်းထန်သောအားတစ်ခု ပေါ်လာခဲ့လေတော့၏။ခဏအကြာတွင် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ အားသည် စာလုံးအား ချေမွပစ်သည်။
သို့သော် စာလုံးသည် ချေမွရန်အလွန်ခက်ခဲလှသည်။၎င်းက ပျက်စီးသွားမည့်အစား ပိုမိုပြင်းထန်သောအားတစ်ခုနှင့် ပေါက်ကွဲထွက်သွားသည်။
ဝမ်လင်းက အာဏာတက်ခြင်းအဆင့်တွင်သာ ရှိနေခဲ့ပါက သူ့မူလစိတ်ဝိညာဉ်သည် ၎င်းအားကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ခုချိန်တွင်တော့ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသည် အလွန်အမင်းစွမ်းအားကောင်းလှကာ ၎င်းအားသည် သူဝါးမြိုလိုက်သည့် စာလုံးနှင့် တိုက်ရိုက် ထိတိုက်မှု ဖြစ်နေတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ခုခံနေသောစာလုံးသည် ပျက်စီးပြိုပျက်သွားသည်။၎င်းက ပြိုပျက်သွားသည်နှင့် ပို၍ပြင်းထန်သောမိုးကြိုးများက စာလုံးအပိုင်းအစများထံသို့ တရကြမ်း တိုးဝင်သွားလေ၏။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ တုန်ခါသံများ ဆက်တိုက် ဖြစ်ပေါ်နေ၏။ခဏအကြာတွင် စာလုံးသည် လုံးဝ ပျောက်ပြယ်သွားကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်လို့သွားသည်။
ဝမ်လင်းသည် ပထမဆုံးစာလုံးကို စုပ်ယူရန် အမွှေးတိုင်တစ်တိုင်ဝက်စာလောက်သာ အချိန်ယူလိုက်ရ၏။သူ့မျက်လုံးကလည်း တည်ငြိမ်လျက် ရှိနေသည်။သူက နောက်ထပ် ဒုတိယမြောက်စာလုံးထံသို့ ဦးတည်ရွှေ့လျားသွားကာ ၎င်းအား ဝါးမြိုပစ်ပြန်သည်။
သည်စာလုံးသည် ပထမတစ်ခုထက် ပို၍အားကောင်း၏။သို့သော် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ၎င်းကို လုံးဝ သန့်စင်ပစ်နိုင်ခဲ့သည်။သို့သော်လည်း သူသည် ပထမစာလုံးထက် အချိန်ပိုယူလိုက်ရကာ အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် ကြာမြင့်သွား၏။
သူက ရပ်တန့်ခြင်း မရှိသေးပေ။သည်တစ်ကြိမ်၌ သူက တတိယနှင့်လေးခုမြောက် စာလုံးတို့ကို ဝါးမြိုကာ အတူတကွ သန့်စင်မွန်းမံသည်။တစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက် တတိယနှင့်လေးခုမြောက်စာလုံးတို့၏ အံ့ဖွယ်စွမ်းအားများသည် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲ၌ ရောက်ရှိသွားသည်။
ထို့နောက် ငါးခုမြောက်စာလုံးကိုပါ ဝမ်လင်း၏မူလစိတ်ဝိညာဉ် ရှေးဟောင်းမိုးကြိုးနဂါးက ဝါးမြိုပြန်သည်။၎င်းက ဝါးမြိုလိုက်သည့်အခါ၌ ယင်းစာလုံးထံကနေ ပြင်းထန်သောအားတစ်ခုသည် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်အနှံ့ ပျံ့နှံ့လို့လာသည်။
ဝမ်လင်း၏မျက်လုံးများက အေးစက်လာခဲ့ကာ သူ့မူလစိတ်ဝိညာဉ်ထဲ၌လည်း မိုးကြိုးများ ပြည့်နှက်နေကာ ယင်းစာလုံးထံသို့ ဦးတည်စုစည်းသွားသည်။
သည်တစ်ကြိမ်၌ ၎င်းငါးခုမြောက်စာလုံးကို သန့်စင်နိုင်ရန် ဝမ်လင်းသည် အချိန်နှစ်နာရီလောက် ယူလိုက်ရ၏။ထို့နောက် ယင်းစာလုံး၏ ဆန်းကြယ်သောအားတစ်ခုက ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားလေတော့သည်။
ခုချိန်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က အနည်းငယ် မှိန်ဖျော့လို့လာသည်။ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို ပြန်လည်ကုစားလိုက်သည်။
အချိန်က ကုန်ဆုံးလာနေသည်။မျက်စိတစ်မှိတ်အတွင်း ငါးရက်တာ ကုန်လွန်သွားခဲ့လေပြီ။ဝမ်လင်း၏ခန္ဓာကိုယ်က ခုထိ လှုပ်ရှားမှု မရှိဘဲ သူ့မူလစိတ်ဝိညာဉ်ကလည်း ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လို့လာသည်။ သည်ငါးရက်အတွင်း ထာရှန်နှင့်ဘိုးဘေးတို့သည် ကလန်အဖွဲ့ဝင်များနှင့်အတူ သည်နေရာသို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့သေး၏။
သို့သော် ခြင်သားရဲ၏ တဝီဝီအော်မြည်သံနှင့် မိုးကြိုးဖားပြုတ်တို့ထံမှ မိုးကြိုးနှင့် ရှုလီကော၏ မကောင်းဆိုးဝါးဆန်သောအသွင်တို့က သူတို့အား ဝမ်လင်းရှိရာ ပေတစ်ထောင်အတွင်းသို့ မဝင်လာဝံ့အောင် ပြုလုပ်ထားလေသည်။ထို့ကြောင့် သူတို့က ပေတစ်ထောင်အပြင်ဘက်၌သာ လှည့်လည်သွားနေရသည်။
ရှုလီကောက ရွေးချယ်ခံမသေမျိုးကလန်ဝင်များကို ကြည့်ကာ လျှာသပ်လေ၏။
သို့သော် ကလန်အဖွဲ့ဝင်များက သူ့ကို မည်သည့်စိတ်ဝင်စားမှုမှ မပေးဘဲ လစ်လျူရှုထားလေသည်။ သူတို့အားလုံးသည် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို တွေ့မြင်လိုက်သည့်အခါ တုန်လှုပ်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုနေကြလေ၏။သို့ရာတွင် ဘိုးဘေးနှင့် သည်နေရာရှိ အတွေ့အကြုံကြွယ်ဝသောလူများပင် ယင်းစစ်ရထားကို မည်သည့်အရာမှန်း မသိပေ။
သို့သော်လည်း ထိုနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားထံကနေ ထွက်ပေါ်လာနေသည့် ဖိအားက သူတို့၏စိတ်ကို တုန်လှုပ်စေပေသည်။
သည်နေ့တွင် ဝမ်လင်းက မျက်လုံးဖွင့်ကာ သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။သူ့မူလစိတ်ဝိညာဉ်လည်း နောက်တစ်ဖန် ပိုထွက်လာခဲ့ကာ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားထံသို့ ဦးတည်သွားပြန်သည်။သူက ၎င်းစစ်ရထားနှင့် ပေတစ်ရာအတွင်းသို့ ရောက်လာသည့်အခါတွင် ပေတစ်ထောင်ဧရိယာ၏ပြင်ပကနေ အော်သံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
***