← Chapters

နိမ့်ကျတဲ့ကလန်

Vol. 018 Ch. 860

နိမ့်ကျတဲ့ကလန်

Vol. 018 Ch. 860

ရှေးဟောင်းနဂါးမူလစိတ်ဝိညာဉ်သည် ထိုလူများ၏မျက်လုံးထဲ၌ အံ့အားသင့်ဖွယ် ကောင်းလွန်းနေသည်။

ဘိုးဘေးသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ကြည့်မိသည့်အခါ၌ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ထွက်ပေါ်လာခဲ့သည်။သူက သက်ပြင်းချကာ ရှေ့သို့ တိုးလာခဲ့ရင်း လက်နှစ်ဖက်ကို တလေးတစား ဆုပ်၍ ပြောလိုက်သည်။ “အထက်…အထက်ကောင်းကင်ဘုံသား…ဒီနိမ့်ကျတဲ့တစ်ယောက်က တစ်ခု သိချင်လို့ပါ…”

ဝမ်လင်းက အဘိုးအိုကို မကြည့်ပေ။သူက စစ်ရထားဘေးနားသို့ ရောက်ရှိလာခဲ့လေသည်။ခဏအကြာတွင် ခြောက်ခုမြောက်စာလုံးကိုလည်း သူက တုံ့ဆိုင်းခြင်းမရှိ ဝါးမြိုလိုက်သည်။ထို့နောက် သူက ခုနစ်ခုမြောက်စာလုံးကိုပါ တိုက်ရိုက် ဝါးမြိုပစ်သည်။

သည်မြင်ကွင်းက လူတိုင်း၏မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။သူတို့က ပို၍ နီးကပ်လာကြ၏။

သည်အခိုက်အတန့်၌ ရှုလီကောသည် မျက်လုံးကစားလိုက်၏။သူက ချက်ခြင်းပင် လေထဲသို့ ပျံသန်းတက်ကာ ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များထံသို့ ညွှန်ကာ အော်ပြောလိုက်သည်။ “သခင်က ရတနာတစ်ခုကို သန့်စင်နေတယ်။မင်းတို့က ငါ့အလောင်းကို မကျော်ဖြတ်နိုင်ရင် ဒီဧရိယာထဲ ခြေလှမ်းတစ်ဝက်တောင် မဝင်နိုင်စေရဘူး…”

ရှုလီကော၏စကားများက အားမာန်ပါလှသည်။သူ့ထံကနေ ပြင်းထန်သောအော်ရာတစ်ခုလည်း ပျံ့နှံ့လို့နေသည်။

ဘိုးဘေးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး တလေးတစား ပြောလိုက်၏။ “ငါတို့က ပေတစ်ထောင်ဧရိယာထဲကို မဝင်ပါဘူး။ မေးခွန်းအနည်းငယ် မေးချင်ရုံပါ…”

အဘိုးအို၏စကားမဆုံးသေးခင်မှာပင် ရှုလီကောသည် ကြားဖြတ်ကာ အော်ဟစ်လိုက်သည်။ “ပါးစပ်ပိတ်ထားစမ်း…။သင်က ငါ့ခန္ဓာကိုယ်ကို ဖြတ်ကျော်မသွားဘဲ ငါ့သခင်ကို နည်းနည်းလေးတောင် မနှောင့်ယှက်နဲ့။ငါ့ဘဝတစ်ခုလုံးကို ငါ့သခင်က ကယ်တင်ထားခဲ့တာ။အခုလက်ရှိ ငါ့စွမ်းအားကိုလည်း ငါ့သခင်က ပေးထားတာ ဖြစ်တယ်။ မင်းတို့က ငါ့သခင်ကို နှောက်ယှက်ချင်ရင် ငါ…ရှုလီကောက မင်းတို့ကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူး…”

ဘိုးဘေး၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။အမှန်တော့ သူတို့၏ကလန်တစ်ခုလုံးသည် ကောင်းကင်ဘုံသားများ၏ အစေခံများ ဖြစ်ပေသည်။

“ဒီလူက သစ္စာရှိမှုရဲ့ အဓိပ္ပာယ်ကို သိသားပဲ။ ငါ့ကလန်ကလည်း ဒီအရာကို နားလည်သဘောပေါက်ထားတယ်…” အဘိုးအိုက ရှုလီကောကို လေးစားစွာ ကြည့်၍ စိတ်ထဲကနေ တွေးလိုက်သည်။ “ဒီစိတ်ဝိညာဉ်က ခုလောက်ထိ သစ္စာရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။အထက်ကောင်းကင်ဘုံသားရှိမှာ ခုလိုမျိုးသစ္စာရှိတဲ့ တစ်စုံတစ်ယောက် ရှိနေတဲ့အတွက် သူက အတော်လေး ကံကောင်းလှတယ်…”

ထာရှန်က အဘိုးအိုဘေးနားတွင် ရပ်နေရင်း ရှုလီကောကို စူးစိုက်ကြည့်နေသည်။သူက သည်ကိစ္စအပေါ် အလွန်ရှုပ်ထွေးစွာ ခံစားနေမိသည်။

ရှုလီကောက အလွန်တက်ကြွနေသည်။သို့သော် ဝမ်လင်းက သူ့ကို လုံးဝလစ်လျူရှုထား၏။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် မိုးကြိုးနှင့် ပြည့်နှက်နေကာ နောက်ဆုံးကျန်နေသည့် စာလုံးနှစ်လုံးကို ချေဖျက်နေသည်။

သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးတုန်ခါမှုများသည် ပဲ့တင်ထပ်နေရင်း စာလုံးများထဲမှ တစ်ခုသည် စတင်၍ အက်ကွဲကြေမွလာ၏။ တဖြည်းဖြည်းဖြင့် ယင်းစာလုံးက ကြေမွလာနေခြင်းသာ ဖြစ်သည်။

သည်ဖြစ်စဉ်အတွင်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်အောက်တွင် ရှိနေသော နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားသည် အနက်ရောင်လင်းလက်နေကာ ပို၍ သိပ်သည်းလို့လာ၏။ အဆုံးသပ်၌ ၎င်းက အလင်းဓာတ်ကိုပါ ဝါးမြိုပစ်မည့်သကဲ့သို့ ဖြစ်လာသည်။

အနက်ရောင်အလင်း၏ လင်းလက်နေမှုအောက်၌ လူအများသည် ဝမ်လင်းကို တွေ့မြင်သည့်အခါ သူတို့၏စိတ်သည် တုန်ယင်ရလေ၏။

ထိုမြင်ကွင်းက ရွေးချယ်ခံ(စွန့်ပစ်ခံ)မသေမျိုးကလန်၏ အဖွဲ့ဝင်များကို သူတို့ကိုယ်သူတို့ တည်ငြိမ်မှုမရှိအောင် ဖြစ်စေလေသည်။

ထာရှန်က ရှုလီကော၏အလွန်သစ္စာရှိဟန် ပြုမူနေသည့်သွင်ပြင်ကို တွေ့မြင်သည့်အခါ သူက သက်ပြင်းချမိလေ၏။သူ့စိတ်ထဲတွင်လည်း ပို၍ ရှုပ်ထွေးစွာ ခံစားမိနေသည်။ဘိုးဘေးကမူ ကြိတ်၍ခေါင်းညိတ်ကာ ရှုလီကော၏ သစ္စာရှိမှုသည် အလွန်လေးစားဖွယ်ကောင်းလှသည်ဟူ၍ ခံစားနေမိသည်။

အမှန်တော့ သည်နေရာရှိ ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များသည် အပြင်လူနှင့် ထိတွေ့မဆက်ဆံသည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပြီ မဟုတ်လား။သူတို့က တုံးအလှခြင်း မရှိသော်လည်း ရှုလီကော၏ လှည့်ဖျားမှု၊ကလိမ်ဉာဏ်ကိုတော့ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ရှုလီကောသည် ဇာတ်ရုပ်မျိုးစုံလုပ်ကာ အခြေအနေနှင့် အချိန်အခါကို သိသည့်သူ တစ်ယောက် ဖြစ်သည်။နှစ်ပေါင်းတစ်ထောင်နီးပါး အတွေ့အကြုံက သူ့ ထိုအရည်အချင်းကို ပို၍ မွန်းမံပေးသလို ဖြစ်နေခဲ့သည်။ တစ်စုံတစ်ယောက်က ရှုလီကော၏ အတွင်းစိတ်ကို လွယ်လင့်တကူ ဖြတ်မြင်နိုင်ပါက ရှုလီကောသည် ရှုလီကော မပီသတော့မည် မဟုတ်လော။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေ၏။ နာရီအတော်အတန်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ရုတ်တရက် ရွှေ့လျားလာကာ သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသံသည်လည်း ရုတ်တရက် သိပ်သည်းလို့လာသည်။ထိုမိုးကြိုးသံက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ ရုတ်တရက် ရပ်တန့်သွားသည်။

ဝမ်လင်းမူလစိတ်ဝိညာဉ်၏ မျက်လုံးများက လွန်စွာတောက်ပကာ နောက်ဆုံးကျန်သည့် စာလုံးနှစ်ခုကိုလည်း သူက စုပ်ယူခဲ့ပြီး ဖြစ်သည်။သူ့ရှေ့တွင်တော့ အလွန်တရာအရေးကြီးသည့် ဆုံးဖြတ်မှုတစ်ခုက စောင့်ကြိုနေသည်။

“ငါက ဒီရတနာကို ငါ့အသက်ဓာတ်နဲ့ ချိတ်ဆက်ပြီး သန့်စင်မွန်းမံသင့်လား...” ဝမ်လင်းက တိတ်တဆိတ် စဉ်းစားနေစဉ်အတွင်း စာလုံးခုနစ်လုံးသည် အတူပေါင်းစပ်ကာ သူ့ရင်ဘက်ပေါ်၌ တစ်သီးတသန့်စာလုံးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ထိုစာလုံးပေါ်လာသည်နှင့် စစ်ရထားထံမှ အနက်ရောင်အလင်းသည်လည်း စုဝေးလာကာ ဝမ်လင်း၏ရင်ဘက်ပေါ်၌ ခပ်နှိပ်လို့လာသည်။

“နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား…ချိပ်ပိတ်မှု ပြေလျော့စေ…” သည်နတ်ဘုရားအာရုံ စကားက မိုးကြိုးကဲ့သို့ ပျံ့နှံ့ကာ အနက်ရောင်အလင်းအားလုံးသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသလား မှတ်ထင်ရလေသည်။ ထို့နောက် စစ်ရထားကိုယ်ထည်ပေါ်ရှိ မရေမတွက်နိုင်သော ဆူးချွန်များသည် တလက်လက် ဖြစ်လာကာ ပုံရိပ်ယောင်အရိပ်တစ်ခုသည် အလျင်အမြန် ဖွဲ့တည်လို့လာသည်။

ထိုပုံရိပ်ယောင်အရိပ်သည် ပေတစ်ထောင်ခန့် ရှည်လျားသည် သားရဲစိတ်ဝိညာဉ်တစ်ကောင် ဖြစ်နေသည်။၎င်းက ပေါ်လာသည်နှင့် ဟိန်းဟောက်သံပြုလိုက်ရာ ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များ၏မျက်နှာသည် ဖြူလျောကုန်ကြလေသည်။သူတို့က နောက်မဆုတ်မိဘဲ မနေနိုင် ဖြစ်ရလေ၏။အချို့အားကောင်းသော အဖွဲ့ဝင်အချို့သာ အလိုအလျောက် နောက်မဆုတ်မိအောင် ထိန်းလိုက်နိုင်သည်။

ခြင်သားရဲ၏ အမွှေးအမျှင်များအားလုံးပင် ထောင်မတ်သွားကာ ၎င်းက ဟိန်းသံများ ပြလေ၏။ အခြားတစ်ဖက်တွင်လည်း မိုးကြိုးဖားပြုတ်၏ဝမ်းဗိုက်က ပိန်ချည်ဖောင်းချည် ဖြစ်လာခဲ့ကာ ၎င်း၏ အားအကောင်းဆုံးမန္တာန်ကို ကြိုပြင်ဆင်ထားသည့်အလား ထင်မှတ်ရသည်။

ရှုလီကောကတော့ အားတင်းကာ အော်ဟစ်လိုက်၏။ “မင်းက ငါ့အလောင်းကို မဖြတ်ကျော်နိုင်ဘဲ…”

သို့ရာတွင် သူ့စကားမဆုံးသေးခင်မှာပင် ထိုကြီးမားလှသည့်သားရဲက ၎င်း၏ဦးခေါင်းကို စောင်းငဲ့ကာ ရှုလီကောထံသို့ ကြည့်လာသည်။ရှုလီကောသည် အလွန်အမင်း ကြောက်လန့်သွားကာ ပြောမည့်စကားကို ပြန်မြိုချသွား၏။

“မင်းရဲ့ပါးပါးရှုက ရှေးဟောင်းဓားစိတ်ဝိညာဉ်ရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားတာကွ…။ငါက ဒီအမွေအနှစ်ကို စုပ်ယူလို့ ပြီးတာနဲ့ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမလဲ ကြည့်ရတာပေါ့ကွာ…” ရှုလီကောက စိတ်ထဲကနေ ဆဲဆို၍ နောက်သို့ အလျင်အမြန် ဆုတ်သည်။သူက မြန်ဆန်လွန်းလှရာ မျက်စိတစ်မှိတ်အတွင်း အတော်ဝေးဝေးသို့ ရောက်ရှိလို့သွားသည်။

ဝမ်လင်းက ထိုသားရဲကို စူးစိုက်ကြည့်နေရင်း ပုံမှန်ဟန်ပန်အတိုင်းသာ ရှိလို့နေသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း သူ့ခန္ဓာကိုယ်ရှိရာသို့ ပြန်လည် ပျံသန်းလာခဲ့သည်။ထို့နောက် သူ့ခန္ဓာကိုယ်သည် လေထဲသို့ ပျံသန်းတက်သွား၏။

စိတ်ဝိညာဉ်သားရဲက ဟိန်းဟောက်နေရင်း သူ့အကြည့်ကို ဝမ်လင်းထံသို့ ရွှေ့လိုက်၏။ထို့နောက် ၎င်းက အတင်းဝုန်းဒိုင်း တိုးဝင်လာလေသည်။၎င်းက အလွန်မြန်လှသည်။ ၎င်းက ရွှေ့လျားလိုက်သည်နှင့် ဝမ်လင်းရှေ့သို့ ရောက်နှင့်ပြီးဖြစ်ကာ ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာသည်။

ဝမ်လင်း၏မျက်လုံးများက တည်ငြိမ်နေကာ သူက နောက်သို့ မဆုတ်ပေ။ထိုအစား သားရဲနီးကပ်လာသည်နှင့် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ပျက်စီးပြိုပျက်စမ်း…”

ပေါက်ကွဲသံတစ်ခုနှင့်အတူ ယင်းစိတ်ဝိညာဉ်သားရဲသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပြိုပျက်ကာ သွားသည်။သို့သော် ၎င်းက ချက်ခြင်းပြန်လည် ဖြစ်ပေါ်လာ၏။၎င်း၏ မျက်လုံးထဲ၌လည်း အမုန်းတရားနှင့် ပြည့်နှက်နေကာ ဝမ်လင်းထံသို့ နောက်တစ်ဖန် တိုးဝင်လာပြန်သည်။

ဝမ်လင်း၏အသံက တည်ငြိမ်လှကာ သူက နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။ “ပျက်စီးစမ်း…”

သည်တစ်ကြိမ်၌ စိတ်ဝိညာည်သားရဲက ဟိန်းဟောက်မာန်သွင်းကာ ထိုးထွက်လာချင်းချင်းမှာပင် ၎င်း၏ခန္ဓာကိုယ်သည် ပျက်စီးလို့သွားသည်။

“စာလုံးခုနစ်လုံးနဲ့ ပေါင်းစပ်ပြီး…မင်းဟာ ဒါက သင့်အသက်ဓာတ်နဲ့ ချိတ်ဆက်ထားတဲ့ ရတနာတစ်ခုအဖြစ် သန့်စင်မွန်းမံမယ်ဆိုရင် မင်းက ဒီစစ်ရထားကို အလိုလို ထိန်းချုပ်နိုင်လိမ့်မယ်။ဒါပေမဲ့လည်း မင်းက အသက်ဓာတ်နဲ့ ချိတ်ဆက်ဖို့ မရွေးချယ်ရင်တော့ စာလုံးခုနစ်လုံးက ဒီစစ်ရထားရဲ့ စိတ်ဝိညာဉ်သားရဲကို ခုနစ်ကြိမ်ထိပဲ ပျက်စီးစေနိုင်လိမ့်မယ်။ဒါက မင်းကို စိတ်ဝိညာဉ်သားရဲ အညံ့ခံနာခံစေဖို့အတွက် အခွင့်ရေး ခုနစ်ကြိမ်ပေးတာနဲ့ တူတူပဲ…”

“စိတ်ဝိညာဉ်သားရဲ ခုနစ်ကြိမ်ပြီးတဲ့အထိ အညံ့မခံရင်တော့ မင်းက ဒီရတနာကို အသက်ဓာတ်နဲ့ ချိတ်ဆက်မှ ဖြစ်မယ်။ မဟုတ်ရင် မင်းက ဒီရတနာကို အသုံးပြုဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး…”

ကောင်းကင်ဘုံကျောက်စိမ်းပြားထဲမှ အထက်ပါအကြောင်းအရာများသည် ဝမ်လင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။

စိတ်ဝိညာဉ်သားရဲက နှစ်ကြိမ်တိုင်တိုင် ဖျက်စီးခံရပြီးသည့်နောက် ၎င်း၏မျက်လုံးသည် ပိုမို၍ ကြမ်းကြုတ်လာခဲ့သည်။၎င်းက ပြင်းထန်စွာ ဟိန်းဟောက်ကာ ၎င်း၏ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့တည်ပြီး နောက်တစ်ဖန် တရကြမ်း ထိုးထွက်လာပြန်သည်။သည်တစ်ကြိမ်၌ ၎င်း၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သောအပိုင်းအစများ အဖြစ်သို့ ကွဲထွက်ကာ အရပ်မျက်နှာအနှံ့ကနေ ဝမ်လင်းကို တိုက်ခိုက်လာ၏။

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။သူက အလွန် ပြတ်သားကာ ရက်စက်တက်သည့်သူ ဖြစ်သည်။နှစ်ပေါင်းတစ်ထောင်ကြာမြင့်ပြီးသည့်နောက် သူ့ကိုယ်ပိုင်အတွေးအမြင် နည်းလမ်းများသည်လည်း တိုးတက်လာခဲ့သည်သာ ဖြစ်သည်။ယခု စိတ်ဝိညာဉ်သားရဲသည် အခုထိ အညံ့မခံသေးသည်မှာ သူက ၎င်းသားရဲကို လုံလောက်အောင် မနာကျင်စေသေးသောကြောင့် ဖြစ်နေ၏။

ဝမ်လင်း၏မျက်လုံးက အေးစက်လာခဲ့ကာ သူက တည်ငြိမ်စွာ ဆို၏။ “ပျက်စီးစမ်း…၊ပျက်စီးစမ်း…ပျက်စီးစမ်း…”

သည်စကားသုံးခွန်း ပြောဆိုလိုက်သည့်နောက် စိတ်ဝိညာဉ်သားရဲသည် အတင်းတိုးဝင်လာရာကနေ ချက်ခြင်းလိုလို ပျက်စီးသွားကာ နောက်သို့ လွင့်စင်ထွက်သွား၏။ထို့နောက် ၎င်းက တစ်ဖန်တိုးဝင်လာသည်နှင့် နောက်တစ်ကြိမ် ပျက်စီးသွားရပြန်သည်။

ထို ဒုတိယကြမ်မြောက်ပျက်စီးသွားမှုအတွင်းကနေ အထိတ်တလန့်ငြီးတွားသံတစ်ခု ထွက်ပေါ်လို့လာ၏။ထိုအခိုက်မှာပင် စိတ်ဝိညာဉ်သားရဲသည် နောက်ထပ်တစ်ဖန် ပျက်စီးသွားရပြန်သည်။သုံးကြိမ်ဆက်တိုက် ဖျက်စီးခံလိုက်ရခြင်းက စိတ်ဝိညာဉ်သားရဲကို အင်မတန်နာကျင်သွားစေလေ၏။

၎င်းက ဆက်၍ ပျက်စီးသွားတော့ခြင်း မရှိသေးသော်လည်း သုံးကြိမ်ဆက်တိုက် အဖျက်စီးခံလိုက်ရခြင်းသည် ၎င်း၏ စိတ်ထဲတွင် ကြောက်ရွှံ့မှုတစ်ခုကို ဖြစ်တည်လာစေခဲ့၏။

ထိုကြောက်ရွှံ့မှု ပေါ်လာသည်နှင့် ၎င်း၏ခန္ဓာကိုယ်သည် ပြန်ဖွဲ့တည်လာသည့်အခါ ချီတုံ့ချတုံ တုံ့ဆိုင်းမှုတို့ ရှိလာလေ၏။ထိုအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးသည် အေးစက်နေကာ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ပျက်စီးစမ်း…”

ပေါက်ကွဲသံတစ်ခုနှင့်အတူ စိတ်ဝိညာဉ်သားရဲသည် ပြန်ဖြစ်တည်လာရာကနေ နောက်တစ်ကြိမ် ပျက်စီးသွားပြန်သည်။၎င်းသားရဲ၏ စိတ်ထဲရှိ ကြောက်ရွှံ့မှုသည်လည်း ပို၍ တိုးလာခဲ့တော့သည်။အဆုံးသတ်၌ ၎င်းကြောက်ရွှံ့မှုက အနှီစိတ်ဝိညာဉ်သားရဲကို လုံးဝ လွှမ်းမိုးသွားလေတော့၏။

၎င်း၏ခန္ဓာကိုယ်က နောက်တစ်ဖန် ပြန်ဖွဲ့တည်လာသည့်အခါ ၎င်း၏ မျက်လုံးထဲ၌ လေးစားမှုတို့ကို ပြသလို့လာသည်။၎င်းသည် မည်သို့မျှ မခုခံဝံ့တော့ဘဲ နာခံရိုကျိုးဟန်ဖြင့် ခေါင်းငုံ့ထားသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က ဖျပ်ခနဲဖြင့် လေထဲသို့ ခြေချလာ၏။ခဏအကြာတွင် သူက စိတ်ဝိညာဉ်သားရဲ၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားသည်။သူက သူ့လက်ညှိုးထိပ်ကို ကိုက်ကာ အထူးအမှတ်အသားတစ်ခု အသုံးပြုကာ စိတ်ဝိညာဉ်သားရဲ၏ဦးခေါင်းထိပ်ပေါ်သို့ ဖိချလိုက်သည်။

စိတ်ဝိညာဉ်သားရဲ၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ တဖြည်းဖြည်း စတင်ကျုံ့လာ၏။ဝမ်လင်းက ၎င်းအပေါ်ကနေ ခုန်ဆင်းကာ ယင်းစိတ်ဝိညာဉ်သားရဲ၏ ခန္ဓာကိုယ် အလျင်အမြန် ကျုံ့နေသည်ကို ကြည့်နေသည်။ခဏအကြာတွင် ၎င်းက လက်သီးစုပ်ခန့်သာ ရှိသော မြူလုံးတစ်ခုအဖြစ်သို့ ကျုံ့သွားတော့သည်။ထို့နောက် ၎င်းက အလင်အမြန်ပင် ပိုးအိမ်တစ်ခုကဲ့သို့ အစိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ယင်းပိုးအိမ်အပေါ်၌ အက်ကွဲလှိုင်းများ ပေါ်လာခဲ့ကာ နောက်ဆုံးတွင် ကွဲအက်လို့သွားသည်။ထိုအခါ ငါးရောင်စုံလိပ်ပြာတစ်ကောင်သည် ၎င်း၏ အတောင်ပံကို ညင်သာစွာခတ်၍ ယင်းပိုးအိမ်ကွဲအက်မှုထဲကနေ ပျံသန်းထွက်လာခဲ့တော့၏။

ထိုလိပ်ပြာသည် အလွန်လှပကာ ဝမ်လင်း၏ မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။

သည်အခိုက်အတန့်၌ အံ့ဖွယ်ယင်မီးပြင်းဖို၏ အောက်ခြေရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ဖျပ်ခနဲ လင်းလက်သွားကာ လူတစ်ယောက် လှမ်းထွက်လို့လာ၏။ ထိုလူ၏ ခန္ဓာကိုယ်သည် ဖျပ်ခနဲပင် ဝင်ပေါက်တံခါးနားသို့ ရောက်လာခဲ့ပြီး ထိုးထွက်လို့လာသည်။

ထိုလူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်လုံးတို့က အေးစက်နေသည်။

“ဒီနယ်မြေရဲ့ နိမ့်ကျတဲ့အစေခံတစ်ယောက်က ဘာလုပ်နေတာလဲ…”

All Chapters