အခန်း (၉၉၇-၉၉၉)
Vol. 67 Ch. 997-999
အခန်း ( ၉၉၇ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၁၅ )
မီးခိုးလုံးမည်းကြီးတွေဟာ ကောင်းကင်ယံဆီကို လွင့်ပျံတက်သွားခဲ့ပြီး.. ကြယ်တာရာတွေကို မှိုင်းညို့နေတဲ့ အကာအကွယ်တစ်ခုလို ဖုံးကွယ်ထားလိုက်ပါတယ်..။ မှောင်မိုက်နေတဲ့ ကောင်းကင်နဲ့ အေးစက်နေတဲ့ မြေပြင်ကြားထဲမှာတော့.. တောက်ပတဲ့ မီးတောက်မီးလျှံတွေဟာ ဆူပွက်လှုပ်ရှားနေခဲ့ပြီး.. ကမ္ဘာကြီးကို လောင်ကျွမ်းစေမယ့် လိမ္မော်ရောင် အလင်းတန်းတွေအောက်မှာ နစ်မြုပ်စေခဲ့တယ်..။ မရေမတွက်နိုင်တဲ့ သားရဲတွေနဲ့ လက်နက်ခဲယမ်းတွေရဲ့ ဆူညံလှတဲ့ ပေါက်ကွဲသံတွေ ကြားထဲမှာ.. ဆန်နီ နဲ့ ဂျက် တို့ဟာ ဝါးမြိုခြင်း တိမ်တိုက် ကို ဆက်လက် တိုက်ခိုက်နေခဲ့ကြပါတယ်..။
လေပြင်းတွေက ပိုမို ပြင်းထန်လာခဲ့တယ်..။
တံတိုင်းရဲ့ မျက်နှာပြင်ပေါ်မှာ ပျံ့နှံ့နေတဲ့ သွေးတွေကြောင့် ခြေချော်မကျသွားအောင် ရုန်းကန်ရင်း.. ဆန်နီ ဟာ ဝိဥာဉ် ရိတ်သိမ်းသူ ကို အနားကို ဆွဲခေါ်လိုက်ကာ.. သူတို့ကို ကာကွယ်ဖို့ အရိပ်အမိုးတစ်ခုကို ဆင့်ခေါ်လိုက်ပါတယ်..။ သူ့ရဲ့ အသက်ရှူသံတွေကလည်း အက်ကွဲပြီး မောဟိုက်နေခဲ့ပါပြီ ..။
ဒီလို အရေးပေါ် ဖန်တီးလိုက်တဲ့ အရိပ်အမိုးထဲမှာ ဘာအလင်းရောင်မှ မရှိခဲ့သလို.. သားရဲအုပ်ကြီးကလည်း အပြင်ကနေ ချက်ချင်း တိုက်ခိုက်လာခဲ့ကြတယ်။ဒါက..ခန္တာကိုယ်တစ်ခုလုံးကို ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေအောက်မှာ တုန်ခါသွားစေခဲ့ပါတယ်..။ ပိုဆိုးတာက..သူအနေနဲ့ ဒီအတားအဆီးကို စက္ကန့်အနည်းငယ်ထက် ပိုပြီး မထိန်းထားရဲတာပါပဲ..။ ဘာလို့လဲဆိုတော့ သားရဲအုပ်ကြီးက စိတ်ပျက်သွားပြီး မြို့ထဲကို အာရုံပြောင်းသွားမှာကို သူ စိုးရိမ်နေခဲ့တာကြောင့်ပါ..။
“ငါ သိပ်ပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး..”
မာစတာ ဂျက် က သူ့အနားကို အတော်လေး တိုးကပ်လာခဲ့တယ်။..သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကလည်း သူ့လိုပဲ ဒဏ်ရာတွေ သွေးတွေနဲ့ ပျက်စီးနေခဲ့ပါပြီ..။ သူမရဲ့ ရင်ဘတ်က ပုံမှန်မဟုတ်ဘဲ နိမ့်ချည်မြင့်ချည် ဖြစ်နေတာက.. သူမ ဘယ်လောက်အထိ မောပန်းနေပြီလဲဆိုတာကို ပြသနေခဲ့တယ်..။ ဒါပေမဲ့လည်း သူမရဲ့ အသံကတော့ တည်ငြိမ်နေဆဲပါပဲ..။
“မင်း မတိုက်နိုင်တော့ဘူးလား..”
သူက ခေါင်းခါလိုက်ပြီးမှ.. သူမက သူ့ကို မြင်ရမှာ မဟုတ်ဘူးဆိုတာ သတိရသွားတာကြောင့် စကားပြန်ပြောလိုက်တယ်..။
“မဟုတ်ဘူး.. အဲ့လို မဟုတ်ဘူး.. အဆောင်က… ကျွန်တော် အဲဒါကို ကြာကြာ အသက်သွင်းထားဖို့ လုံလောက်တဲ့ အဆီအနှစ် မကျန်တော့ဘူး..”
သူမ ခနလောက် ငြိမ်သက်သွားခဲ့တယ်..။
“မင်း လုပ်နိုင်တာကိုပဲ လုပ်ပါ.. အဲဒီနောက်ပိုင်းတော့.. ကံစီမံရာအတိုင်းပဲ ကြည့်ကြရတာပေါ့..”
ဆန်နီ ဟာ သူမရဲ့ စကားလုံးတွေကြောင့် မျက်နှာ ပျက်သွားခဲ့တယ်။.. အခုအချိန်က အိပ်မက်ဆိုး ကို ဆင့်ခေါ်ရမယ့် အချိန်လားဆိုတာကို စဉ်းစားလိုက်ပါတယ်..။ အနက်ရောင် မြင်းရိုင်းကြီးက သားရဲအုပ်ကြီးရဲ့ ရေလှိုင်းကြားထဲမှာ အသက်ရှင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပေမယ့်.. သူတို့နှစ်ယောက်လုံးက ကယ်ဆယ်ရေး လိုအပ်တဲ့ အခြေအနေအထိတော့ မရောက်သေးပါဘူး..။ သေဆုံးခြင်း ဆန္ဒ ဆီကို အဆီအနှစ်တွေ ထောက်ပံ့ပေးနေရတာကသာ တကယ့် ပြဿနာ ဖြစ်နေခဲ့တာပါ..။
အိပ်မက်ဆိုး က ခန္ဓာကိုယ်ကြီးမားပြီး ချပ်ဝတ်လည်း မရှိပါဘူး..။ သူ့ရဲ့ အဓိက ခုခံရေးက အမြန်နှုန်းနဲ့ ရက်စက်မှု ဖြစ်တာကြောင့်.. သားရဲအုပ်ကြီးကိုတော့ ခုခံနိုင်မှာ မဟုတ်ပေ.။ တကယ်လို့ အနက်ရောင် အရိပ်မြင်းကြီးသာ ဒီနေ့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားခဲ့ရင်.. ဆန်နီ အနေနဲ့ မနက်ဖြန်မှာ သူ့ကို ဆင့်ခေါ်နိုင်တော့မှာ မဟုတ်ပါဘူး..။
‘ဒါဆိုရင်လည်း..ဒီတိုင်းပဲ သတ်ကြတာပေါ့…’
သူက ဂျက် ကို လှမ်းကြည့်လိုက်တယ်..။
“အဆင်သင့်ပဲလား..”
သူမက အမှောင်ထုထဲမှာ ပြုံးလိုက်ပါတယ်..။
“အမြဲတမ်းပဲ..”
သူက နာကျင်ခံစားနေရတဲ့ အရိပ်တွေကို ပျောက်ကွယ်သွားစေလိုက်တာကြောင့်.. သူတို့ကို ဝန်းရံထားတဲ့ အနက်ရောင် အမိုးကြီးက ပြိုကွဲသွားခဲ့ပါတယ်..။
ချက်ချင်းဆိုသလိုပဲ.. သားရဲအုပ်ကြီးဟာ တက်ရောက်သူ နှစ်ယောက်ဆီကို အလုံးအရင်းနဲ့ ကျဆင်းလာခဲ့ကြပါတယ်..။ ဆန်နီ နဲ့ ဂျက် တို့ဟာ ကျောချင်းကပ် တွန်းပို့ခံလိုက်ရပြီး.. လှုပ်ရှားလို့ မရတော့ပါဘူး..။ ကျောက်စိမ်း ဓားရှည်နဲ့ ငွေရောင် လှံချွန်ကြီးဟာ ဝေဝါးသွားခဲ့ပြီး.. ရွံရှာဖွယ်ကောင်းတဲ့ သားရဲတွေကို ဆုတ်ဖြဲပစ်နေခဲ့တယ်..။ သွေးညှီနံ့တွေကလည်း လေထုထဲမှာ ပျံ့နှံ့နေခဲ့ပါပြီ..။
ဒါက သူရဲကောင်းဆန်တဲ့ အခန်းအနားတစ်ခုလိုမျိုး ဖြစ်နေခဲ့ပြီး.. သူရဲကောင်း နိုးထသူ တွေအကြောင်း ရေးထားတဲ့ ဒရမ်မာတွေ နဲ့ ဝက်ဘ်တွန်း တွေထဲမှာ မကြာခန မြင်တွေ့ရတတ်တဲ့ အရာမျိုးပါပဲ..။ ဒါပေမဲ့ လက်တွေ့မှာတော့ သိပ်ပြီး အသုံးမဝင်ပါဘူး..။သူတို့က တစ်နေရာတည်းမှာ ပိတ်မိနေပြီး လှုပ်ရှားရတာ ကန့်သတ်ချက် ရှိနေတာကြောင့်.. ဆန်နီ ဟာ ပစ်မှတ်ကောင်းတစ်ခု ဖြစ်လာခဲ့တယ်..။
‘ချီးတဲ့မှပဲ..’
ပြင်းထန်တဲ့ လေပြင်းတစ်ခုက သူတို့ကို ဝင်တိုက်သွားခဲ့ပြီး.. သားရဲများစွာကို လမ်းကြောင်းလွဲသွားစေခဲ့တယ်..။ ဂျက် က ဒီအခွင့်အရေးကို အသုံးချပြီး ရှေ့ကို တိုးလိုက်ကာ သူမရဲ့ လှံချွန်ကို ဝှေ့ယမ်းလိုက်တာကြောင့်.. နှင်းမုန်တိုင်းတစ်ခုက သားရဲအုပ်ကြားထဲမှာ ပေါက်ကွဲထွက်သွားခဲ့ပြီး.. သူတို့ပတ်လည်မှာ နေရာလွတ်အချို့ ရှင်းလင်းသွားခဲ့ပါတယ်..။
အပေါ်ကောင်းကင်မှာတော့.. မီးခိုးလုံးကြီးတွေက မုန်တိုင်းတိမ်တိုက်တွေလိုမျိုး ဖြစ်နေခဲ့တယ်..။
ဆန်နီ ကတော့ ဝင်းတား အတွက် နောက်ထပ် တစ်မိနစ်.. ဒါမှမဟုတ် စက္ကန့်သုံးဆယ်လောက် အချိန်ပိုဝယ်ပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့.. သေဆုံးခြင်း ဆန္ဒ ဆီကို အဆီအနှစ်တွေ ဆက်တိုက် ပေးပို့နေဆဲ ဖြစ်သလို မြေအောက်ကမ္ဘာ ဝတ်ရုံတော် ရဲ့ တိုးမြှင့်မှုကိုလည်း ထိန်းထားဆဲပါပဲ..။
ဒါပေမဲ့ ဝါးမြိုခြင်း တိမ်တိုက် က ဆိုဗန် ရဲ့ အဆောင် ကို ဘယ်လို ခုခံရမလဲဆိုတာ ရုတ်တရက် သိသွားပုံရပါတယ်..။
သားရဲအုပ်ကြီးဟာ လမ်းကြောင်းပြောင်းသွားခဲ့ပြီး.. သွေးစွန်းနေတဲ့ မာစတာ နှစ်ယောက်ကို ဖြတ်ကျော်သွားခဲ့ကြတယ်..။ သူတို့က သေဆုံးခြင်း ဆန္ဒ ရဲ့ ဆွဲဆောင်မှုရှိတဲ့ တိုးမြှင့်မှုကို လျစ်လျူရှုလိုက်ရင်း.. ဒေးလ် ရဲ့ ကာကွယ်ရေးအတားအဆီး ရှိနေတဲ့ အရပ်မျက်နှာဆီကို
တဟုန်ထိုး ပြေးဝင်သွားခဲ့ကြပါတယ်..။
‘ဘယ်လိုငရဲလဲ..’
ဆန်နီ က အနီးဆုံးက သားရဲတစ်ကောင်ကို ခုတ်ပိုင်းပြီး နှစ်ပိုင်း ဖြတ်တောက်လိုက်တယ်..။ အခြား သားရဲတွေကတော့ သူ့ကို လုံးဝ လျစ်လျူရှုပြီး ပျံသန်းထွက်ပြေးသွားနေကြတာပါ..။
[သင်က ဝါးမြိုခြင်း တိမ်တိုက် ရဲ့ သားရဲဖြစ်တဲ့ နိုးထသူ သားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်..]
[သင်က…]
သူက အခိုက်အတန့် ရဲ့ တိုးတိုးရေရွတ်သံကို လျစ်လျူရှုလိုက်ပြီး.. စစ်မြေပြင်ရဲ့ ပျက်စီးခြင်း အခြေအနေကို ကြည့်လိုက်ပါတယ်..။
တံတိုင်းအောက်က သတ်ကွင်းပြင်ကြီးကတော့ မီးတောက်တွေနဲ့ ဖုံးလွှမ်းနေခဲ့ပါပြီ..။ ကောင်းကင်ကြီးကလည်း နီရဲတဲ့ မီးခိုးတွေနဲ့ လောင်ကျွမ်းနေခဲ့တယ်..။ သားရဲအုပ်ကြီးရဲ့ အဓိက အစိတ်အပိုင်းကတော့.. နည်းနည်းလောက် လျော့ပါးသွားပုံရပါတယ်..။ အတောင်ပံသားရဲ တွေရဲ့ ဆက်တိုက် ရောက်လာနေတဲ့ တံတိုင်းကြီး နေရာမှာ.. အခုတော့ ကျယ်ပြန့်တဲ့ အက်ကွဲကြောင်းတွေနဲ့ ကွက်လပ်တွေ ရှိနေခဲ့တယ်..။
ဝင်းတား နဲ့ အခြားသော ခုခံကာကွယ်သူတွေဟာ သူ ဝယ်ပေးခဲ့တဲ့ အချိန်ကို အလဟဿ မဖြစ်စေခဲ့ပါဘူး..။
ဒါပေမဲ့ ပြဿနာကတော့.. အစောပိုင်း တိုက်ခိုက်မှုမှာ လေးသည်တော် ထုတ်လွှတ်ခဲ့တဲ့ မီးတောက်တွေက ငြိမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး.. အခုဆိုရင် ဝါးမြိုခြင်း တိမ်တိုက် တစ်ခုလုံးက မြို့ဆီကို ရှေ့တိုးလာနေခဲ့ပြီပဲ ဖြစ်ပါတယ်..။
ဒါက အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်နေခဲ့တယ်..။ ဝင်းတား အနေနဲ့ သူတို့ရဲ့ ရှေ့တိုးလာမှုကို တစ်ခါတည်းနဲ့ အပြတ်ရှင်းပစ်ရမှာ ဖြစ်ပြီး.. ဒီလို ဖြစ်လာဖို့အတွက် ဘယ်အရာကမှ သူမကို အနှောင့်အယှက် ပေးလို့ မရပါဘူး..။
‘ချီးပဲ…’
ဆန်နီ ဟာ အခြား အထူးတပ်ဖွဲ့ဝင် တွေရှိတဲ့ နေရာဆီကို ပြေးသွားဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်ပါတယ်..။
နည်းပါးသွားတဲ့ သားရဲအုပ်ရဲ့ အနက်ရောင် လက်တံကြီးတစ်ခုက ဒေးလ် ရဲ့ အတားအဆီးကို ဝင်တိုက်လိုက်တာကို သူ မြင်လိုက်ရတယ်။.. လေပြင်းသံတွေက အရမ်း ကျယ်လောင်လွန်းတာကြောင့် သေနတ်တွေရဲ့ အသံကိုတောင် ခနလောက် ဖုံးကွယ်သွားခဲ့ပါတယ်..။ဒီရိုက်ချက်က အတားအဆီးက ပိုမို မှေးမှိန်သွားခဲ့ပေမယ့်.. အခုအချိန်အထိတော့ တောင့်ခံထားဆဲပါပဲ..။
တောက်ပတဲ့ မြှားတစ်စင်းက အဲ့နေရာကနေ ထွက်ပေါ်လာခဲ့ပြီး.. သတ်ကွင်းပြင်ကို ဖြတ်ပျံကာ ဝါးမြိုခြင်း တိမ်တိုက် ထဲကို ပျောက်ကွယ်သွားခဲ့ပါတယ်..။ယင်းနောက်မှာတော့.. သားရဲအုပ်ကြီးရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုက သူ့ဟာသူ ပေါက်ကွဲသွားသလိုမျိုး ဖြစ်သွားခဲ့ပြီး.. မရေမတွက်နိုင်တဲ့ သားရဲတွေဟာ မမြင်ရတဲ့ စွမ်းအားတစ်ခုကြောင့် ပြင်းထန်စွာ ကြေမွသွားခဲ့ကြပါတယ်..။
ဒါပေမဲ့လည်း ဒါကတင် မလုံလောက်သေးပါဘူး..။ ဒေးလ် ရဲ့ အတားအဆီးက ပိုမို မှေးမှိန်လာနေခဲ့ကာ.. သားရဲအုပ်ကြီးကလည်း ရှေ့ကို တိုးလာနေဆဲ ဖြစ်တာကြောင့်.. မြို့ရဲ့ ခုခံကာကွယ်သူတွေကို ဝင်တိုက်ဖို့က စက္ကန့်အနည်းငယ်ပဲ လိုပါတော့တယ်..။
‘မလုံလောက်ဘူး…’
…ယင်းနောက်မှာတော့.. ကြီးမားလှတဲ့ အရိပ်ကြီးတစ်ခု ကောင်းကင်ကနေ ကျဆင်းလာခဲ့ပြီး.. ဖုံးကွယ်ထားတဲ့ မီးခိုးလုံးတွေနဲ့ မုန်တိုင်းတိမ်တိုက်တွေကို ဆုတ်ဖြဲပစ်လိုက်ပါတယ်..။ တစ်ချိန်တည်းမှာပဲ.. ဖျက်ဆီးအားပြင်းတဲ့ မိုးကြိုးကွန်ရက်ကြီးတစ်ခုက ဝါးမြိုခြင်း တိမ်တိုက် ကို ဝန်းရံသွားခဲ့ပြီး.. ကမ္ဘာကြီးကို စက္ကန့်ပိုင်းလောက် ဖြူဖွေးသွားစေခဲ့တယ်..။ ထောင်နဲ့ချီတဲ့ သားရဲတွေဟာ ချက်ချင်းပဲ ပြာအဖြစ် ပြောင်းလဲသွားခဲ့ကြတာပါ..။
အဖြူရောင် အမွှေးအတောင်တွေနဲ့ တောက်ပတဲ့ ခြေသည်းတွေ ရှိတဲ့ ဧရာမ သားရဲငှက်ကြီးတစ်ကောင်ဟာ သားရဲအုပ်ထဲကို ပျံသန်းဝင်ရောက်လာခဲ့တယ်..။ သူမရဲ့ ကြီးမားတဲ့ အတောင်ပံတွေက မိုးကြိုးတွေနဲ့ ဝန်းရံထားပြီး.. မိုးကြိုးလျှပ်စီးတွေကလည်း သူမရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဝတ်ရုံတစ်ခုလိုမျိုး ကခုန်နေခဲ့ကြပါတယ်..။ သူမ ရောက်ရှိလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ လေဆင်နှာမောင်းက ဝါးမြိုခြင်း တိမ်တိုက် ရဲ့ ဗဟိုချက်ကို ပရမ်းပတာ ဖြစ်သွားစေခဲ့တယ်..။
ဆန်နီ ကြောင်အသွားခဲ့ပါတယ်..။
“ကောင်းကင် ဒီရေ”
သူတော်စင် တိုင်ရစ် ဟာ ပင်ပန်းနွမ်းနယ်နေပုံရပေမယ့်.. အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေဆဲပါပဲ..။ သူမရဲ့ အဖြူရောင် အမွှေးအတောင်တွေက သွေးတွေ စွန်းထင်းနေခဲ့ပြီး.. သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများမှာလည်း ရေခဲလွှာပါးလေးတစ်ခု ဖုံးလွှမ်းနေခဲ့တယ်..။
ဒါတွေအားလုံး ရှိနေခဲ့သည့်တိုင်အောင်.. သူမက သားရဲအုပ်ကြီးကို ဓားသွားစက်တစ်ခုလိုမျိုး ဖြတ်တောက်သွားခဲ့ပြီး.. တစ်ချိန်တည်းမှာပဲ ပြင်းထန်တဲ့ လေပြင်းတွေက သားရဲတွေကို ဖိနှိပ်ပစ်ကာ မြို့နဲ့ ဝေးရာကို တွန်းထုတ်ပစ်လိုက်ပါတယ်..။
ဆန်နီ ဟာ မောပန်းနွမ်းနယ်တဲ့ တိတ်ဆိတ်မှုနဲ့အတူ ဒီအံ့မခန်း မြင်ကွင်းကို စိုက်ကြည့်နေခဲ့တယ်..။ သူအနေနဲ့ အရင်က သူတော်စင်တစ်ယောက်ကို မြင်ရလို့ ဒီလောက်အထိ ဝမ်းသာဖူးတာမျိုး မရှိခဲ့ပါဘူး..။
သူက နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို အောက်ချလိုက်ရင်း.. မာစတာ ဂျက် ကို လှမ်းကြည့်လိုက်ပါတယ်..။ ဝေဝါးနေတဲ့ မေးခွန်းတစ်ခုက သူ့ရဲ့ နှုတ်ခမ်းကနေ ထွက်ပေါ်လာခဲ့တယ်..။
“…ကျွန်တော်တို့ နိုင်သွားပြီလား..”
သူမ ခနလောက် ငြိမ်သက်သွားခဲ့ပြီးမှ.. ပုခုံးတွန့်ပြလိုက်တယ်..။
“ငါတို့ နိုင်သွားပုံရတာပဲ…”
သို့ပေမယ့် ဝိဥာဉ် ရိတ်သိမ်းသူ ရဲ့ စကား မဆုံးခင်မှာပဲ.. သူတို့ရဲ့ ခြေထောက်အောက်က မြို့တံတိုင်းကြီးဟာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့ပါတယ်..။
အပိုင်း ( ၉၉၇ ) ပြီး၏။
အခန်း ( ၉၉၈ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၁၆ )
မြို့တံတိုင်းကြီးဟာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး.. ဆန်နီ ကို လဲကျလုနီးပါး ဖြစ်သွားစေခဲ့တယ်..။ သူက မလဲကျအောင် ထိန်းလိုက်ပြီး.. နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ခုခံတဲ့ အနေအထားနဲ့ ဝှေ့ယမ်းလိုက်ကာ လှည့်ကြည့်လိုက်ပါတယ်..။
“ဒါက ဘယ်လို ငရဲမျိုးလဲ..”
မာစတာ ဂျက် က သူမရဲ့ လှံရှည်ကို အသုံးပြုပြီး မတ်တတ်ရပ်နိုင်ဖို့ ထိန်းကာ.. ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တယ်..။ တိုက်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ်.. သူမရဲ့ မျက်နှာအမူအရာက လေးနက်သွားခဲ့ပါတယ်..။ သူမက စက္ကန့်အနည်းငယ်လောက် ဘာမှ ပြန်မပြောခဲ့ပါဘူး..။ယင်းနောက်မှာတော့.. သူမရဲ့ အေးစက်တဲ့ မျက်ဝန်းတွေက အနည်းငယ် ပြူးကျယ်သွားခဲ့တယ်..။ ဝိဥာဉ် ရိတ်သိမ်းသူ ဟာ ဆန်နီ ဆီကို လှည့်လာပြီး တစ်ခုခုပြောဖို့ ကြိုးစားခဲ့ပေမယ့်.. သူကိုယ်တိုင်လည်း ဒါကို ခံစားမိသွားခဲ့ပါပြီ..။
သူ့ရဲ့ ကျောရိုးတစ်လျှောက် အေးစက်တဲ့ တုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွားခဲ့တယ်..။
“ခေါ်သံ…”
အိပ်မက်ဆိုး ရဲ့ ခေါ်ယူခြင်းသံက ရုတ်တရက် ပိုမို ကျယ်လောင်လာခဲ့ပြီး.. သူ့ရဲ့ စိတ်ဝိဥာဉ်ကို အော်ဟစ်နေတဲ့ တီးတိုးသံတွေနဲ့ တိုက်ခိုက်လာခဲ့တာပါ..။
နောက်ထပ် တစ်ခနမှာတော့.. ကမ္ဘာကြီးက
ပြိုကွဲသွားခဲ့ပြီး.. သတ္တုတွေ ဆုတ်ဖြဲခံလိုက်ရတဲ့ အသံကြီးက ဆန်နီ ရဲ့ နားထဲမှာ ပြည့်နှက်သွားခဲ့တယ်..။ သူ့ခြေထောက်အောက်က တံတိုင်းက ပျက်စီးသွားခဲ့ပြီး.. ဒါကို ဖျက်ဆီးပစ်လိုက်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတစ်ခုက လေထုထဲကို ဖြတ်သန်းသွားကာ.. သူ့ကို လွင့်စင်သွားစေခဲ့ပါတယ်..။
‘မဖြစ်ဘူး..’
ဆန်နီ တစ်ယောက် ဒါကို မမြင်ရသေးပေမယ့်.. ဘာဖြစ်သွားခဲ့လဲဆိုတာကိုတော့ နားလည်လိုက်ပါပြီ..။
သူနဲ့ ဂျက် တို့ တိုက်ခိုက်ခဲ့တဲ့ နေရာရဲ့ အောက်တည့်တည့်မှာ.. အိပ်မက်ဆိုး ထွက်ပေါက် တစ်ခု ရုတ်တရက် ပွင့်သွားခဲ့ပြီး.. တံတိုင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးပစ်လိုက်တာ ဖြစ်ပါတယ်..။
လက်တွေ့ကမ္ဘာထဲမှာတော့ လေဟာနယ် အက်ကွဲကြောင်းကြီးတစ်ခုက သံမဏိ တံတိုင်းကြီးကို ဖြတ်သန်းပြီး ဝါးမြိုသွားခဲ့ကာ.. ဘာမှမရှိတဲ့ လေဟာနယ် အဖြစ်သို့ ပြောင်းလဲပစ်လိုက်တယ်..။ ဘာမှမရှိတဲ့ ဒေါင်လိုက် အက်ကွဲကြောင်းကြီးဟာ အလင်းနဲ့ အမှောင်ထုကို ထူးဆန်းစွာ ကစားနေခဲ့ပြီး.. တစ်ချိန်တည်းမှာပဲ ပြားချပ်နေသလိုလိုနဲ့ မတွေးဆနိုင်လောက်အောင် နက်ရှိုင်းနေသလိုမျိုး မြင်တွေ့နေရတာပါ..။ အော်ဟစ်သံတွေဟာ အဲ့နေရာကနေ နားကွဲမတတ် တိတ်ဆိတ်မှုနဲ့အတူ ပေါက်ကွဲထွက်လာခဲ့ပြီး.. ကမ္ဘာကြီးကို ရူးသွပ်ဖွယ်ရာ ခေါ်ယူခြင်းတစ်ခုလို လွှမ်းမိုးသွားခဲ့ပါတယ်..။
တံတိုင်းကြီးဟာ အပေါ်ကနေ အောက်ခြေအထိ ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်..။ အချို့က ထွက်ပေါက် ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီး.. ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ ထောက်ကန်ထားတဲ့ တည်ဆောက်ပုံ ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့်.. ဒီတိုင်းပဲ ပြိုကျသွားခဲ့ရတာပါ..။
ဆန်နီ ဟာ ပျက်စီးနေတဲ့ အပိုင်းအစတွေရဲ့ မိုးရွာသွန်းမှုကြားထဲမှာ အောက်ကို ကျဆင်းသွားခဲ့တယ်..။
ဘာဖြစ်နေတာလဲဆိုတာကို သူ သေချာ မတွေးတောနိုင်ခင်မှာပဲ.. သူ့ရဲ့ ခန္ဓာကိုယ်က ထွက်ပေါက် ရဲ့ နယ်နိမိတ်နဲ့ ထိစပ်သွားခဲ့ပါပြီ..။ ချက်ချင်းဆိုသလိုပဲ.. စူးရှတဲ့ နာကျင်မှုတွေက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဥာဉ်ကို လွှမ်းခြုံသွားခဲ့ပြီး.. ထူးဆန်းတဲ့ တွန်းကန်အားတစ်ခုက သူ့ကို ဝေးရာသို့ တွန်းထုတ်ပစ်လိုက်တယ်..။
အိပ်မက်ဆိုး ဂိတ်ပေါက် ဆိုတာက တစ်ဖက်သတ် လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်..။ အိပ်မက် ကမ္ဘာ ရဲ့ သားရဲတွေက နိုးထခြင်း ကမ္ဘာထဲကို အဲဒီကနေတစ်ဆင့် ဝင်ရောက်လာနိုင်ပေမယ့်.. နိုးထခြင်း ကမ္ဘာက ဘယ်အရာမှတော့ အိပ်မက် နယ်မြေဆီကို ဖြတ်သန်းသွားလို့ မရပါဘူး..။နိုးထသူတွေက သူတို့ရဲ့ ဝိဥာဉ်တွေကို စွန့်စားရတဲ့ ခရီးစဉ်ဆီ ပို့ဆောင်ပြီးမှ ခေါ်ယူသံကို တုံ့ပြန်နိုင်တာပါ..။ဒီလိုလုပ်ဖို့အတွက်ဆိုရင် သူတို့က ဂိတ်ပေါက်နားမှာ အိပ်ပျော်သွားဖို့ လိုအပ်ပါတယ်။
မာစတာ တွေနဲ့ သူတော်စင် တွေက သူတို့ရဲ့ ကိုယ်ပိုင် ကျောက်ဆူးတွေကို ဆွဲကိုင်ပြီး တုံ့ပြန်နိုင်ပေမယ့်.. ထွက်ပေါက် ကို ကိုယ်တိုင် ဖြတ်သန်းသွားလို့တော့ မရပါဘူး..။ အုပ်စိုးသူတွေ ကတော့ ကွဲပြားရင် ကွဲပြားပါလိမ့်မယ်..။ ဒါပေမဲ့ ဆန်နီ အနေနဲ့ ဒါကို တွေးတောနေဖို့ အချိန်မရှိခဲ့ပေ..။
တကယ်တော့ သူ မတွေးနိုင်တော့တာပါ..။ အလင်းရောင်ကင်းမဲ့တဲ့ အက်ကွဲကြောင်းနဲ့ ထိတွေ့သွားတဲ့ တုန်လှုပ်မှုကို ခံစားလိုက်ရပြီးနောက်..သူ့ရဲ့စိတ်ကက စက္ကန့်အနည်းငယ်လောက် ဗလာ ဖြစ်သွားခဲ့ရတယ်..။
သူ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့.. မီတာ ခုနစ်ဆယ် အမြင့်ကနေ ကျဆင်းနေခဲ့တာကို တွေ့လိုက်ရပြီး.. မြေပြင်က သူ့ဆီကို ကြောက်မက်ဖွယ် အရှိန်နှုန်းနဲ့ နီးကပ်လာနေခဲ့ပါပြီ..။
သူ့ရဲ့ စိတ်က ဝေဝါးနေဆဲ ဖြစ်တာကြောင့်..
ဆန်နီ ဟာ အနက်ရောင်တောင်ပံ ကို ဆင့်ခေါ်ဖို့ ရုန်းကန်လိုက်ပေမယ့်.. စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းသွားခဲ့တယ်..။
မှတ်သားမူ က ပေါ်ထွက်လာဖို့နဲ့ သူ့ရဲ့ တိုးမြှင့်မူ အသက်ဝင်ဖို့အတွက် အချိန် မလုံလောက်ပါဘူး..။ သူ့မှာ သုံးစက္ကန့်လောက်ပဲ အချိန်ကျန်ပါတော့တယ်..။
ဒီလောက် အမြင့်ကနေ ကျရတာက သူ့ကို သေစေနိုင်မလား..။
ဆန်နီ မသိခဲ့ပါဘူး..။ သူက ဒါကိုလည်း အဖြေ မရှာချင်မိပေ..။ တကယ်လို့ သူ အသက်ရှင်ကျန်ရစ်ခဲ့ရင်တောင်.. အိပ်မက်ဆိုး သားရဲတွေက ဂိတ်ပေါက် ကနေ အလုံးအရင်းနဲ့ ထွက်လာပြီး သူ့ကို အပြတ်ရှင်းကြမှာ ဖြစ်ပါတယ်..။
‘ချီး.. ချီးပဲ..’
လေးလံပြီး ထက်မြက်တဲ့ အရာတစ်ခုက ဆန်နီ ရဲ့ ခေါင်းကို ရုတ်တရက် လာရောက် ရိုက်မိသွားခဲ့တယ်..။ တံတိုင်းရဲ့ ပြိုကျနေတဲ့ ဘောင်အပိုင်းအစတစ်ခုပါပဲ..။အလိုလိုသိစိတ်အရ.. ဆန်နီ ဟာ ရှေ့ကို လက်လှမ်းလိုက်ပြီး ကျဆင်းနေတဲ့ ပျက်စီးခြင်း အပိုင်းအစတွေရဲ့ အရိပ်တွေကို လှမ်းခေါ်လိုက်ပါတယ်..။အရိပ်က လှုပ်ရှားသွားခဲ့ပြီး.. သူ့ရဲ့ ခန္ဓာကိုယ်ဆီကို စီးဆင်းလာခဲ့ကြတယ်..။
ဆန်နီ ဟာ သူ့ကိုယ်သူ တတ်နိုင်သမျှ ပေါ့ပါးအောင် ပြုလုပ်လိုက်ပြီးမှ.. အရိပ်တွေကို သရုပ်ဖော်လိုက်ပါတယ်..။ နောက်ထပ် ခနအကြာမှာတော့.. ကြီးမားတဲ့ ဝတ်ရုံကြီးတစ်ခုက သူ့ကို အနက်ရောင် လေထီးတစ်ခုလို ဝန်းရံသွားခဲ့ပြီး.. လေကို ပိတ်ဆို့ကာ သူ့ရဲ့ ကျဆင်းမှုကို နှေးကွေးသွားစေခဲ့တယ်..။
ဒါက အတော်လေးတော့ ထိရောက်သွားခဲ့ပါတယ်..။
သူက မြေပြင်ပေါ်ကို ပြင်းထန်စွာ ရိုက်မိသွားခဲ့တာကြောင့်.. လွင့်စင်သွားပြီး ခနလောက် သတိစိတ်လွတ်သွားခဲ့ရတယ်..။ အရိပ်တွေရဲ့ ဝတ်ရုံတော်ကြီးကလည်း ဆုတ်ဖြဲခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ပါပြီ..။ ဆန်နီ ဟာ လိမ့်ထွက်သွားခဲ့ပြီး.. တစ်ကိုယ်လုံးက နာကျင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ကာ.. သူ့ပတ်ပတ်လည်က ကုန်တင် စက်ရုပ်တွေ ရှိရာ နေရာကို ဝေဝါးစွာ မှတ်မိလိုက်တယ်..။ သူက စက်ရုပ်တစ်ရုပ်ရဲ့ ခြေထောက်ကို ပြင်းထန်စွာ ဝင်တိုက်မိပြီးနောက် ရပ်တန့်သွားခဲ့ပြီး.. ပြိုကျနေတဲ့ အပိုင်းအစတွေကနေ လွတ်ကင်းဖို့ စက်ရုပ်ရဲ့ အောက်ထဲကို အားနည်းစွာနဲ့ တွားသွား ဝင်သွားလိုက်ပါတယ်..။
ဒါက ကောင်းမွန်တဲ့ အတွေးတစ်ခုပါပဲ..။ စက္ကန့်ပိုင်းမျှအကြာမှာပဲ.. တန်ချိန်များစွာ လေးလံတဲ့သတ္တုတုံးကြီးတစ်ခုဟာ ဆန်နီ အစောက ရှိနေခဲ့တဲ့ နေရာပေါ်ကို ပြင်းထန်စွာ ကျရောက်လာခဲ့တယ်..။
…ဒါပေမဲ့ ဒါက ဆန်နီ လုပ်နိုင်ခဲ့တဲ့ အရာအားလုံးပါပဲ..။ စက်ရုပ်ရဲ့ ခြေထောက်ကြားထဲမှာ ခိုလှုံလိုက်ပြီးနောက်.. ခွန်အားအားလုံးက သူ့ကို စွန့်ခွာသွားခဲ့သလို ခံစားလိုက်ရတယ်..။အခုတော့ နာကျင်မှုတစ်ခုတည်းသာ ကျန်ရှိပါတော့တယ်..။
‘အား…’
အနည်းဆုံးတော့ သူ အသက်ရှင်နေဆဲပါပဲ..။ ဝီဗာအရိုး နဲ့ မာဗယ် ကြေးခွံ အပြင်.. တက်ရောက်သူ တစ်ယောက်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ဆန်နီ ကို ပြင်းထန်စွာ ပျက်စီးခြင်းကနေ ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်..။ သူက နည်းနည်းလောက် တုန်လှုပ်သွားခဲ့တာပဲ ရှိတာပါ..။
ဒါပေမဲ့ ဂိတ်ပေါက် နဲ့ ထိမိသွားတာက ပိုပြီး ဆိုးရွားတဲ့ ထိခိုက်မှုကို ဖြစ်စေခဲ့တယ်..။
ဆန်နီ ဘယ်လို ဒဏ်ရာမျိုး ရရှိသွားခဲ့လဲဆိုတာ မသိရပေမယ့်..ဒါက ပြင်းထန်ပုံရပါတယ်..။ သူ ဆက်ပြီး တိုက်ခိုက်နိုင်သေးတယ်ဆိုတာတော့ သိပါတယ်.. ဖြစ်နိုင်ရင်ပေါ့.. ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်ပါဘူး..။
အခုအချိန်မှာတော့.. သူက လှုပ်ရှားဖို့တောင် ခက်ခဲနေခဲ့ပါပြီ..။
‘မကောင်းဘူး…’
ဆန်နီဟာ ယာယီခိုလှုံရာကနေ.. ပျက်စီးသွားတဲ့ တံတိုင်းနဲ့ အက်ကွဲကြောင်းကြီးထဲမှာ မှောင်မိုက်စွာ လှုပ်ခတ်နေတဲ့ ဂိတ်ပေါက် ကြီးကို ရှင်းလင်းစွာ မြင်တွေ့နေရတယ်..။ စစ်သားအချို့နဲ့ ထောက်ပံ့ရေး ပညာရှင်အချို့ဟာ ထိတ်လန့်ခြောက်ခြားစွာနဲ့ အဲ့နေရာကနေ ထွက်ပြေးနေခဲ့ကြပါတယ်..။
လူအချို့ကတော့ ပျက်စီးခြင်း အပိုင်းအစတွေကြောင့် သေဆုံးနေခဲ့ကြပါပြီ..။
အိပ်မက်ဆိုး သားရဲတွေရဲ့ ဒီရေလှိုင်းကြီးက ဂိတ်ပေါက် ကနေ ထွက်ပေါ်လာတော့မှာ ဖြစ်ပြီး.. .. မြို့ထဲကို ဝင်မသွားခင် ဒီမှာရှိတဲ့ လူတိုင်းကို ဝါးမြိုပစ်ကြတော့မှာ ဖြစ်ပါတယ်..။
ဆန်နီ ကတော့ လုံးဝ ခုခံနိုင်စွမ်း မရှိတော့ပါဘူး..။
အေးစက်တဲ့ အသံတစ်ခုက သူ့ရဲ့ နားထဲမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်..။
“တွေ့လား.. မင်းက အသုံးမဝင်ဘူးလို့ ငါပြောသားပဲ..”
ဆန်နီ အံကိုကြိတ်ထားလိုက်တယ်..။
‘ပါးစပ်ပိတ်ထားစမ်း..’
သူ့ရဲ့ ကိုယ်ပိုင် ရယ်မောသံကသာ အဖြေအဖြစ် ပြန်ထွက်ပေါ်လာခဲ့ပါတယ်..။
“မာစတာ ဂျက် သေတော့မယ်လို့လည်း ငါမင်းကို ပြောခဲ့တယ် မဟုတ်လား..”
သူ အော်ဟစ်လိုက်ပါတယ်..။
“သောက်ပါးစပ်ပိတ်ထားလို့ ပြောနေတယ်လေ..”
ဆန်နီဟာ နာကျင်မှုနဲ့ အားနည်းမှုတွေကို တွန်းလှန်ရင်း.. သူ့ကိုယ်သူ အားတင်းပြီး တွားသွားလိုက်တယ်..။ သူက ဝေးရာကို တွားသွားချင်ခဲ့တာ ဖြစ်ပေမယ့်.. ဘယ်လိုကြောင့်မှန်းမသိဘဲ ဂိတ်ပေါက် ရှိရာဆီကို တွားသွားနေမိတာပါ..။ ထွက်ပြေးချင်တဲ့ စိတ်ဆန္ဒက သူ့ရဲ့ တာဝန်ကို ပြီးဆုံးအောင် ထမ်းဆောင်ပြီး မြို့ကို ကာကွယ်ချင်တဲ့ ဆန္ဒအောက်မှာ.. သူကိုယ်တိုင်တောင် သတိမထားမိဘဲ သေးငယ်သွားခဲ့ရပါတယ်..။
‘ငါ တကယ်ပဲ ရူးသွားပြီ ထင်တယ်.. ဒီအခြေအနေနဲ့ ငါ ဘာလုပ်ဖို့ ကြံစည်နေတာလဲ..’
ဖြစ်နိုင်ရင် တစ်ခုခုတော့ ကျန်ဦးမှာပါ.. မဟုတ်ဘူး.. သေချာပေါက် ရှိလိမ့်မယ်..။ သူက တုန်လှုပ်နေခဲ့တာကြောင့်.. သေချာ မစဉ်းစားနိုင်တော့ပါဘူး..။
သူ့မှာ သေဆုံးခြင်း ဆန္ဒ ရှိသေးတယ်.. ဟုတ်တယ်.. ပြီးတော့ အိပ်မက်ဆိုး လည်း ရှိသေးတာပဲ..။
ဂိတ်ပေါက် ရဲ့ လှုပ်ခတ်နေတဲ့ အမှောင်ထုထဲကနေ ကြီးမားတဲ့ ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာတဲ့ အချိန်မှာပဲ.. ရင်းနှီးနေတဲ့ အသံတစ်ခုက သူ့ရဲ့ နားထဲမှာ တီးတိုးဝင်လာခဲ့ပါတယ်..။
ဆန်နီ ရဲ့ စိတ်ထဲမှာ ဒေါသမီးတောက်တစ်ခု လောင်ကျွမ်းသွားခဲ့ရတယ်..။
“မင်း ပါးစပ်ကို ပိတ်ထားစမ်း..”
ဒါပေမဲ့လည်း.. သူက ကြောင်အ သွားခဲ့တယ်..။
ဒီအသံက… သူ့ရဲ့ ကိုယ်ပိုင် အသံမဟုတ်ပါဘူး..။
သူ့ရဲ့ အော်ဟစ်သံကို လျစ်လျူရှုလိုက်ရင်း.. အိပ်မက်ဆိုး အခိုက်အတန့် က စကားပြောလာခဲ့တာပါ..။
[…သင်၏ အရိပ် က ဆင့်ကဲပြောင်းလဲမူဖြစ်စဥ်ပြီးသွားခဲ့ပါပြီ..]
အပိုင်း ( ၉၉၈ ) ပြီး၏။
အခန်း ( ၉၉၉ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၁၇ )
“…ငါ့ရဲ့ အရိပ်လား..”
ဆန်နီ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
‘သူတော်စင်..’
သူတော်စင် က နတ်ဆိုး အဆင့်ကို ဆင့်ကဲပြောင်းလဲတဲ့ဖြစ်စဥ်ကို သတ်မှတ်ထားတဲ့ အချိန်ထက် စောပြီး ပြီးဆုံးသွားခဲ့ပုံရပါတယ်..။ အခြေအနေကို ခြုံငုံသုံးသပ်ရရင်တော့.. သူမ ရောက်လာတဲ့ အချိန်က အပြစ်ပြောစရာ မရှိလောက်အောင် ကွက်တိပါပဲ..။
သူ့ရဲ့ စိတ်တွေ ဝေဝါးနေတဲ့ အခြေအနေမှာတောင်.. ဆန်နီ ဟာ ဒီလို ကံကောင်းမှုကို လျစ်လျူရှုလို့ မရမှန်း သိနေခဲ့တယ်..။
ဂိတ်ပေါက် ကနေ အိပ်မက်ဆိုး သားရဲတွေ ပထမဆုံးအကြိမ် ထွက်ပေါ်လာတာနဲ့.. သူက ရှေ့ကို တွားသွားဖို့ ကြိုးစားနေတာတွေကို လက်လျှော့လိုက်ပြီး.. သူ့ရဲ့ အရိပ် ကိုပဲ ဆင့်ခေါ်လိုက်ပါတော့တယ်..။
ဝင်ရိုးစွန်းညရဲ့ အေးစက်မှုက အနည်းငယ် ပိုပြီး မှောင်မိုက်သွားသလို ခံစားလိုက်ရတယ်..။ ယင်းနောက်မှာတော့.. ကျောက်တုံးလို နက်မှောင်တဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့ လက်ရာမြောက်လှတဲ့ ခြေထောက်တစ်ခုက သူ့ဘေးက မြေပြင်ပေါ်ကို လှမ်းနင်းလိုက်ပါတယ်..။
ဆန်နီ ဟာ ခါတိုင်းလိုပဲ အေးစက်တည်ငြိမ်နေတဲ့ သူတော်စင် ကို ကြည့်ဖို့ သူ့ခေါင်းကို အားနည်းစွာနဲ့ မော့လိုက်တယ်..။
သူ့ရဲ့ စကားနည်းတဲ့ သူရဲကောင်းက… ပြောင်းလဲသွားခဲ့ပါပြီ..။
အစောပိုင်းတုန်းက သူမဟာ သူနဲ့ အရပ်အမောင်း တူညီသလိုရှိခဲ့ပြီး.. နတ်မိစ္ဆာ အဖြစ် ဆင့်ကဲပြောင်းလဲပြီးနောက်မှာတော့ ပိုပြီး အရပ်ရှည်လာခဲ့ပါတယ်..။ အခုတော့ သူတော်စင် ဟာ ဆန်နီ ရဲ့အပေါ်မှာ အုပ်မိုးထားသလို ဖြစ်နေခဲ့ပါပြီ..။ လှပတဲ့ အနက်ရောင် အကာအကွယ်အောက်မှာတော့ သူမရဲ့ ကျောက်သားခန္ဓာကိုယ်က အချိုးအစား သွယ်လျပြီး ကျော့ရှင်းနေဆဲပါပဲ..။ ဒါပေမဲ့ နှစ်မီတာ အထက် မြင့်မားတဲ့ အရပ်အမောင်းကြောင့်.. ကြောက်မက်ဖွယ် အရိပ် က ထည်ဝါခန့်ညားနေပုံရပါတယ်..။
သူမရဲ့ ဖိအားပေးနိုင်တဲ့ အငွေ့အသက်ကတင် နတ်ဆိုး တစ်ကောင်နဲ့ ထိုက်တန်နေခဲ့ပါပြီ..။
အနက်ရောင် ချပ်ဝတ်ကတော့ သိပ်ပြီး ပြောင်းလဲမသွားပါဘူး..။ဒါက အမြဲတမ်း လက်ရာမြောက်တဲ့ အနုပညာလက်ရာတစ်ခု ဖြစ်ခဲ့ပြီး.. အခုတော့ ပိုမို ထူးကဲကာ ခြိမ်းခြောက်မှု ရှိနေသလို မြင်တွေ့နေရတာပါ..။ ဒါပေမဲ့ သူတော်စင် ရဲ့ အရေပြားကတော့ အရင်တုန်းက မီးခိုးရောင်.. အဲဒီနောက်မှာ ဖြူဖွေးတဲ့ ဆင်စွယ်ရောင် ဖြစ်ခဲ့ဖူးပေမယ့်.. အခုတော့ ပြောင်လက်နေတဲ့ အနက်ရောင် ကျောက်မျက်လို ချောမွေ့ပြီး နက်မှောင်နေခဲ့တယ်..။ အနည်းဆုံးတော့ သူမရဲ့ မျက်နှာဖုံး အက်ကွဲကြောင်းတွေကြားကနေ မြင်ရသလောက်ကတော့ ဒီလိုပါပဲ..။
သူမ မျက်ဝန်းထဲက ပတ္တမြားကျောက်မျက်တွေကတော့ နိမိတ်မကောင်းတဲ့ မီးတောက်တွေနဲ့ တောက်လောင်နေခဲ့ပါတယ်..။
သူတော်စင် ဟာ အိပ်မက်ဆိုး ဂိတ်ပေါက် ရဲ့ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးမှ.. ဆန်နီ ဆီကို တစ်ချက် ဝေ့ကြည့်လိုက်တယ်..။ ဒါက မေးခွန်းတွေ အများကြီး ရှိနေသလိုမျိုးပါပဲ..။
သူက အားနည်းတဲ့ အပြုံးတစ်ခုကို အတင်းအကြပ် ပြုံးလိုက်ပါတယ်..။
“ဟုတ်တယ်.. ကိစ္စတွေ အများကြီး ဖြစ်သွားလို့ပါ.. ။မင်းကို ပြန်တွေ့ရတာ ငါလည်း ဝမ်းသာပါတယ်..”
ယင်းနောက်မှာတော့.. သူက တုန်ရီနေတဲ့ လက်ကို မြှောက်ပြီး ထွက်ပေါ်လာနေတဲ့ အိပ်မက်ဆိုး သားရဲတွေဆီကို ညွှန်ပြလိုက်တယ်..။
“သွားပါ.. အား..စိတ်မရှိရင် အဲကောင်တွေကို သွားရှင်းပေးပါဦး..။ ငါ ဒီမှာ ခနလောက် နားနေလိုက်ဦးမယ်..”
သူတော်စင် ဟာ ခနလောက် တုံ့ဆိုင်းနေပြီးမှ.. သားရဲအုပ်ကြီးဆီကို တိတ်တဆိတ် လှည့်လိုက်ပြီး ရှေ့ကို လှမ်းလျှောက်သွားခဲ့တယ်..။ သူမရဲ့ ခြေလှမ်းတွေက တည်ငြိမ်ပြီး အားကိုးရမယ့်ပုံပေါ်နေခဲ့ပါတယ်..။
ဆန်နီ ဟာ သူ့လက်ကို မြေပြင်ပေါ် ပြန်ချလိုက်တယ်..။
‘အာ.. သူမ ပြန်ရောက်လာတာ ကောင်းတာပဲ..’
ဆန်နီဟာ သူ့ကိုယ်သူ အားတင်းပြီး ထိုင်လိုက်ရင်.. ကျိုးပဲ့နေတဲ့ အပျက်အစီးတစ်ခုကို ကျောမှီထားလိုက်တယ်။ပြီးတာနဲ့.. သူ့ရဲ့ နောက်ဆုံး
ဝိဥာဥ် အဆီအနှစ် အချို့ကို အသုံးပြုပြီး တိတ်ဆိတ်တဲ့ နတ်ဆိုးဆီ ကျိုးပျက်ကျိန်စာ ကို ပို့ဆောင်ပေးလိုက်ပါတယ်..။ ယင်းနောက်မှာတော့.. သူ့ရဲ့ အရိပ် လေးခုစလုံးကို သူ့ထံကနေ ခွာခိုင်းလိုက်ပြီး သူတော်စင် ဆီကို သွားရောက် ဖို့ အမိန့်ပေးလိုက်တယ်..။
သူမရဲ့ ပုံရိပ်က မှောင်မိုက်တဲ့ အလင်းရောင်တစ်ခုနဲ့ တောက်ပလာခဲ့ပါတယ်..။ နတ်ဆိုး သူရဲကောင်းရဲ့ ပတ်လည်က အရိပ်တွေဟာ ပိုမို နက်ရှိုင်းကာ မှောင်မိုက်လာခဲ့ပြီး.. ဝတ်ရုံတော်ကြီးတစ်ခုလို သူမကို ဝန်းရံသွားခဲ့တယ်..။ ဒါကတော့ မျှော်လင့်ထားပြီးသား ကိစ္စတစ်ခုပါပဲ..။
ဒါပေမဲ့ ဆန်နီ မျှော်လင့်မထားခဲ့တဲ့ အရာကတော့.. ဒီအလင်းရောင်ကင်းမဲ့တဲ့ တောက်ပမှုထဲမှာ စစ်မှန်တဲ့ အမှောင်ထုရဲ့ အရိပ်အယောင်တွေ ပါဝင်နေခဲ့တာပါပဲ..။ ဒါက သူ့ကို တုန်လှုပ်သွားစေခဲ့တယ်..။
…သူတို့နဲ့ မီတာ အနည်းငယ်အကွာမှာတော့.. အိပ်မက်ဆိုး သားရဲတွေဟာ ဂိတ်ပေါက် ရဲ့ လေဟာနယ်ထဲကနေ မွေးဖွားလာနေခဲ့ကြပါပြီ..။ သားရဲအုပ်ကြီးက ရှေ့ကို အလုံးအရင်းနဲ့ တိုးထွက်လာခဲ့ကြပြီး.. ဆုတ်ခွာနေတဲ့ စစ်သားတွေနဲ့ တိုက်ခိုက်ရေးသမားမဟုတ်တဲ့ လူတွေနောက်ကို လိုက်လံ အမဲလိုက်နေခဲ့ကြပါတယ်..။
ဒီ သားရဲတွေက လက်ခြောက်ဖက်စီ ရှိတဲ့ လူသားသတ္တဝါကြီးတွေလို မြင်တွေ့ရပြီး.. သူတို့ရဲ့ မျက်နှာတွေမှာ အနက်ရောင် မျက်လုံးတွေနဲ့ ထက်မြက်တဲ့ မေးရိုးတွေ ပြည့်နှက်နေခဲ့တယ်..။ သူတို့က အခွံမာ အကာအကွယ်တွေကို ဝတ်ဆင်ထားပြီး.. ထက်မြက်တဲ့ လက်နက်တွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်။ဒီသတ္တဝါတွေက.. အံ့ဩဖွယ်ရာ အရှိန်နှုန်းနဲ့ လှုပ်ရှားနေကြပြီး ကြောက်မက်ဖွယ် ခွန်အားတွေကို ပိုင်ဆိုင်ထားကြတယ်..။ ဆန်နီ ကြည့်နေတုန်းမှာပဲ.. သားရဲတစ်ကောင်က တစ်တန်လောက် လေးလံမယ့် တံတိုင်း အပိုင်းအစတစ်ခုကို ဘေးကို အလွယ်တကူ လွှင့်ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်..။
သူတော်စင်ကတော့ တုန်လှုပ်ခြင်းမရှိပဲ..မီးလောင်ပျက်စီးနေတဲ့ ကမ္ဘာကြီးကို ပွေ့ဖက်တော့မလိုမျိုး သူမရဲ့ လက်မောင်းတွေကို ဖြန့်လိုက်တယ်..။ အမှောင်ထုက သူမရဲ့ လက်မောင်း ချပ်ဝတ်အောက်ကနေ.. လက်ဖဝါးတွေကို ဖြတ်သန်းပြီး လေထုထဲကို စီးဆင်းသွားခဲ့ပါတယ်..။
ခနအကြာမှာတော့.. စီးဆင်းနေတဲ့ အမှောင်ထုက ရင်းနှီးတဲ့ ကျောက်တုံးဓားရှည်ကြီးတစ်ခုရဲ့ ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားခဲ့တယ်..။ ဒါက ပြန်လည် ပြည့်စုံသွားခဲ့ပြီ ဖြစ်ပေမယ့်.. အသွင်အပြင်ကတော့ လုံးဝ နက်မှောင်နေခဲ့တာပါ..။ မှောင်မိုက်ပြီး ဝေဝါးတဲ့ စွမ်းအားတစ်ခုက မည်းနက်နေတဲ့ ဓားသွားကနေ ဖြာထွက်နေခဲ့တယ်..။ သူမရဲ့ အခြား လက်မှာတော့.. ကျောက်တုံးလို သတ္တုနဲ့ ပြုလုပ်ထားတဲ့ ဒိုင်းအဝိုင်းတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။.သူ့ရဲ့ မျက်နှာပြင်
အရိပ် ရဲ့ သံချပ်ကာလိုပဲ ပြောင်လက်နေတဲ့ အနက်ရောင် ကျောက်မျက်နဲ့ တူနေခဲ့တာပါ..။
သူတော်စင်ဟာ ရန်သူတွေဆီကို လျှောက်လှမ်းရင်း.. သူမရဲ့ ဓားကို မြှောက်လိုက်တယ်..။
ယင်းနောက် ကြောက်မက်ဖွယ် သားရဲလှိုင်းကြီးကို စိန်ခေါ်လိုက်တဲ့အလား.. ဒိုင်းအစွန်းကို ဓားပြားနဲ့ နှစ်ကြိမ်တိုင်တိုင် ရိုက်ခတ်လိုက်ပါတယ်..။
‘ချီး.. ချီးပဲ..’
ဆန်နီ ဟာ တစ်ခုခုလုပ်ဖို့အတွက် အလွန် အားနည်းနေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်နေခဲ့တာကြောင့်.. ကျောက်တုံးတစ်ခုကို မှီရင်း.. သူတော်စင် တိုက်ခိုက်နေတာကိုပဲ ကြည့်နေလိုက်ပါတော့တယ်..။
သူ့ရဲ့ အရိပ် ကတော့ ရှေ့ကို ဒီတိုင်းပဲ လျှောက်လှမ်းသွားခဲ့ပြီး.. နောက်ဆုံး စစ်သားက သူမရဲ့ ဘေးကနေ ဖြတ်ပြေးသွားတာနဲ့ ရန်သူအုပ်ကြီးထဲကို တိုးဝင်သွားခဲ့ပါတယ်..။ သူမက ဒိုင်းနဲ့ ပင့်ကူပုံစံ စစ်သည်တွေကို ဝင်တိုက်လိုက်တာကြောင့်.. သူတို့ထဲက တစ်ဒါဇင်လောက် မြေပြင်ပေါ်ကို လဲကျသွားခဲ့ရတယ်..။ယင်းနောက်မှာတော့..အမှောင်ထု လေဆင်နှာမောင်းတစ်ခုလိုမျိုး.. သူမရဲ့ ဓားက အခွံမာ သံချပ်ကာတွေ.. အသားတွေ နဲ့ အရိုးတွေကို အတားအဆီး မရှိတဲ့အလား ဖြတ်တောက်သွားခဲ့ပါတယ်..။
အနက်ရောင် သွေးတွေ.. ပြတ်တောက်သွားတဲ့ ခြေလက်တွေနဲ့ ပျက်စီးသွားတဲ့ ခန္ဓာကိုယ်တွေက မြေပြင်ပေါ်မှာ ပြည့်နှက်သွားခဲ့တယ်..။
သူတော်စင် က အခုဆိုရင် တက်ရောက်သူ နတ်ဆိုး တစ်ကောင် ဖြစ်နေခဲ့ပြီ ဖြစ်ပြီး.. ဆန်နီ ရဲ့ အရိပ် လေးခုစလုံးရဲ့ တိုးမြှင့်မှုကို ရရှိထားတာ ဖြစ်ပါတယ်..။ ကျိုးပျက်ကျိန်စာ ကလည်း တူညီတဲ့ တိုးမြှင့်မှုကို ရရှိထားတာကြောင့်.. ရန်သူတွေဆီကနေ ခွန်အား နဲ့ သက်လုံအားတွေကို စုပ်ယူနေခဲ့တာပါ..။ ကျော့ရှင်းတဲ့ သူရဲကောင်းက အံ့ဩဖွယ်ရာ တည်ငြိမ်မှုနဲ့ မြင့်မားတဲ့ ကျွမ်းကျင်မှုတွေနဲ့ တိုက်ခိုက်နေခဲ့တယ်..။သို့ပေမဲ့လည်း.. ဒါနဲ့တင် သူတော်စင် ဘာကြောင့် ဒီလောက်အထိ သေစေနိုင်လောက်အောင် ဖျက်ဆီးအား ပြင်းထန်နေရလဲဆိုတာကို ရှင်းပြဖို့ မလုံလောက်သေးပါဘူး..။
ဒီ သားရဲတွေက လုံးဝ အားနည်းမနေကြပါဘူး..။ သူမကိုယ်တိုင်ကသာ အရမ်း သန်မာလွန်းနေပြီး.. အလွန် မြန်ဆန်ကာ စိုးမိုးလွန်းနေခဲ့တာ ဖြစ်ပါတယ်..။ သတ်မှတ်ချက် တစ်ခုတည်းရဲ့ ရိုးရှင်းတဲ့ ဆင့်ကဲပြောင်းလဲမှုတစ်ခုကတော့ ဒီလို ကွဲပြားမှုကို မစွမ်းဆောင်နိုင်လောက်ပေ..။
‘နတ်ဆိုး.. နတ်ဆိုး တစ်ကောင်က သဘာဝလွန် စွမ်းအားတွေကို ထိန်းချုပ်နိုင်တယ်.. ဒါက သူတို့ကို နတ်မိစ္ဆာတွေနဲ့ ခွဲခြားပေးထားတဲ့အရာပဲ..’
ဆန်နီ ရဲ့ အတွေးတွေက နှေးကွေးပြီး ရှုပ်ထွေးနေခဲ့ပေမယ့်.. ဒီအချက်ကိုတော့ သူ မှတ်မိနေခဲ့ပါတယ်..။
သူတော်စင် က ဘယ်လို စွမ်းအားမျိုးကို ရရှိသွားခဲ့တာလဲ..။
‘ကြည့်လိုက်တာက ပိုကောင်းလိမ့်မယ်..’
လောလောဆယ်မှာတော့ ဆန်နီ အနေနဲ့ သိပ်ပြီး အသုံးမဝင်နိုင်တာကြောင့်လည်း ပါပါတယ်..။
သူက မီတာ နှစ်ဆယ်လောက် ကွာဝေးတဲ့ နေရာမှာ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် တိုက်ပွဲကို ငေးကြည့်ရင်း ခနလောက် တုံ့ဆိုင်းနေခဲ့တယ်..။ သူတော်စင် ဟာ အိပ်မက်ဆိုး သားရဲအုပ်ကြီးတစ်ခုလုံးကို သူမတစ်ယောက်တည်းနဲ့ တားဆီးထားခဲ့တာပါ.. လောလောဆယ်ပေါ့..။ သူမ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ဒါမှမဟုတ် သားရဲတွေက သတ်ဖြတ်နေတဲ့ နတ်ဆိုးကို ဖြတ်ကျော်ပြီး မြို့ထဲကို ထွက်ပြေးသွားမလားဆိုတာ တော့ သူ မသိပါဘူး..။
တကယ်လို့ သူတို့ သာ ဖြတ်သွားနိုင်ခဲ့ရင်.. သူက ပထမဆုံး သေဆုံးမယ့်သူ ဖြစ်လာမှာပါ..။
‘ဟူး…’
ဆန်နီ ဟာ သူ့ရဲ့ အတွေးတွေကို စုစည်းလိုက်ပြီး သေဆုံးခြင်း ဆန္ဒ ရဲ့ ကုသခြင်း စွမ်းရည်ကို
အရင်ဆုံး အသက်သွင်းလိုက်တယ်..။ အနည်းဆုံးတော့ ဝိဥာဥ် အဆီအနှစ် ကို တောင်းဆိုခြင်း မရှိပါဘူး..။ဒါမှမဟုတ် သတ်ဖြတ်မှုတစ်ခုချင်းစီကနေ ဖြည်းဖြည်းချင်းစီ စုဆောင်းပြီး လျှို့ဝှက်အရန်အင်အားတစ်ခုအဖြစ် ဖန်တီးပေးတာလည်း ဖြစ်နိုင်ပါတယ်..။ တိုးမြှင့်မူ ရဲ့ အဓိက အာနိသင်ကတော့ အရင်ကတည်းက အသုံးမပြုဖြစ်တာပါ.။
ကုသခြင်း စွမ်းအင်လှိုင်းတစ်ခုက သူ့ရဲ့ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှက်သွားခဲ့ပြီး.. ထိခိုက်ဒဏ်ရာတွေကို ပြန်လည် ပြုပြင်ပေးကာ နာကျင်မှုတွေကို လျော့ပါးသွားစေခဲ့တယ်..။ ဒါပေမဲ့ သူက အားနည်းနေဆဲ ဖြစ်ပြီး.. စိတ်ရှုပ်ထွေးမူကို ခံစားနေရဆဲ ဖြစ်ပါတယ်..။ ဂိတ်ပေါက် နဲ့ ထိတွေ့မိသွားတာက သူ့ကို ရိုးရိုး ခန္ဓာကိုယ် ဒဏ်ရာထက် ပိုမို ဆိုးရွားတဲ့ ထိခိုက်မှုကို ဖြစ်စေခဲ့ပုံပါပဲ..။
‘ထားလိုက်တော့…’
နောက်ထပ်အနေနဲ့ ဆန်နီ ဟာ အိပ်မက်ဆိုး မြင်းကို ဆင့်ခေါ်လိုက်ပါတယ်..။ သူက အနက်ရောင် မြင်းရိုင်းကြီးကို တိုက်ပွဲထဲ ဝင်ခိုင်းဖို့ အမိန့်မပေးသေးဘဲ.. သူ့ရဲ့ သခင်ကို စောင့်ရှောက်ဖို့အတွက်သာ အမိန့်ပေးထားလိုက်တယ်..။
ဒီလို အစီအမံတွေကြောင့် အနည်းငယ် စိတ်
ကျေနပ် သွားပြီးနောက်မှာတော့.. ဆန်နီ ဟာ သူတော်စင် ဆီကို တစ်ချက် ပြန်ကြည့်လိုက်ပြီး.. ရူးစ် စာလုံးတွေကို ဆင့်ခေါ်လိုက်ပါတော့တယ်..။
အပိုင်း ( ၉၉၉ ) ပြီး၏။