အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁)
မျှော်မှန်းချက်
“ကျွန်တော်မျိုး သေသင့်ပါတယ်”
လန်ရှီးသည် သူ၏အရှိန်အဝါနှင့် သိက္ခာဂုဏ်ပုဒ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကြမ်းပြင်ထက်သို့ တိုက်ရိုက် ပြားပြားဝပ် ဦးချလိုက်လေသည်။
ကြမ်းပြင်ထက်တွင် ဝပ်စတွဲနေသော လန်ရှီးကို ကြည့်ရင်း ဝမ်ကျင့်သည် ထရပ်ကာ သူ၏အနီးသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
“မဟုတ်ဘူး... မင်း မမှားပါဘူး”
“အနည်းဆုံးတော့ ငါ့အမြင်မှာ မင်း မမှားဘူး။ အကယ်၍ ငါ မင်းကို သတ်ချင်ခဲ့ရင် မင်း မင်ပြည်နယ်ကနေ ဘယ်လိုမှ ထွက်သွားနိုင်မှာ မဟုတ်ဘူး”
“ဘယ်သူရှိလဲ... ဝင်ခဲ့စမ်း။”
တံခါးအပြင်ဘက်တွင် ရှိနေသော ကုရန်သည် ဝမ်ကျင်း၏ ခေါ်သံကို ကြားလျှင် တံခါးကို တွန်းဖွင့်ကာ ချက်ချင်း ဝင်ရောက်လာခဲ့သည်။
“စာကြည့်ဆောင်ကို သွားပြီးတော့ ထိုပင်လယ်ရေကြောင်းပြမြေပုံကို ယူခဲ့စမ်း”
“အမိန့်အတိုင်းပါ ”
'ပင်လယ်ရေကြောင်းပြမြေပုံ' ဟူသော စကားလုံးကို ကြားလိုက်ရသည့်ခဏ၌ ကြမ်းပြင်ထက်တွင် ဝပ်စတွဲနေသော လန်ရှီး၏ နှလုံးသားသည် ဝုန်းခနဲ တုန်လှုပ်ချုံ့ဝင်သွားခဲ့ရသည်။
မကြာမီအချိန်အတွင်းမှာပင် ကုရန်သည် ရှည်လျားသော သစ်သားသေတ္တာတစ်လုံးကို သယ်ဆောင်လာခဲ့သည်။ ၎င်းကို ဖွင့်လှစ်ပြီးနောက် လိပ်ထားသော ပင်လယ်ရေကြောင်းပြမြေပုံကို ဝမ်ကျင်းထံသို့ ရိုသေစွာ ဆက်သလိုက်လေသည်။
“ခေါင်းမော့ပြီး ဒါကို ကြည့်စမ်း”
ဝမ်ကျင်းသည် ထိုမြေပုံကို ဖြန့်ချလိုက်ပြီး ကြမ်းပြင်ထက်တွင် ဒူးထောက်နေသော လန်ရှီး၏ ဘက်သို့ မျက်နှာမူပေးလိုက်သည်။
လန်ရှီးသည် အနည်းငယ် တုန်ရင်နေသော လက်မောင်းများဖြင့် ခေါင်းမော့ကြည့်လိုက်ရာ၊ သူ၏မျက်ဝန်းများထဲတွင် တောက်ပသော အလင်းရောင်များ ပိုမိုတောက်ပလာပြီး ပုံမှန်အားဖြင့် ဖြူဖျော့နေတတ်သော မျက်နှာပြင်သည်လည်း လျင်မြန်စွာ နီမြန်းလာခဲ့သည်။ သူသည် ရေရွတ်ရင်း မပြတ် တုန်လှုပ်နေမိတော့သည်။
“အရှေ့ဘက်... လျိုချိုးနိုင်ငံ... ချူးယွင်... အရှေ့တောင်ဘက်... လူသုန့်... ပိုပြီး တောင်ဘက်ကျကျ... ဟုတ်တယ်၊ ဟုတ်တယ်... ဆူးလီမန်နိုင်ငံ...”
ဝမ်ကျင်းသည် ဤပင်လယ်ရေကြောင်းပြမြေပုံကို ရရှိရန်အတွက် အင်အားနှင့် အရင်းအမြစ် မြောက်မြားစွာကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
၎င်းကို လော့နန်နိုင်ငံ၏ ရေတပ်နှင့် ဝမ်မျိုးနွယ်စု၏ သင်္ဘောအုပ်စုများထံမှ ရရှိသော ပင်လယ်မြေပုံများကို အသေးစိတ် စနစ်တကျ စိစစ်တိုက်ဆိုင်၍ ပြုစုရေးဆွဲထားခြင်း ဖြစ်သည်။
ဤရေကြောင်းပြမြေပုံထက်တွင် ကျောက်ဆောင်ကျောက်တန်းများ ရှိမည့်နေရာ၊ လေအရပ်မျက်နှာ၊ ပင်လယ်ရေစီးကြောင်းများနှင့် ကျွန်းအသီးသီးတို့၏ အကွာအဝေးများကို အသေးစိတ် တိကျစွာ မှတ်တမ်းတင်ထားပေသည်။
အကယ်၍ ဤမြေပုံသာ ပြင်ပသို့ ပေါက်ကြားသွားပါက ရေကြောင်းကုန်သည်များနှင့် သင်္ဘောအုပ်စု မြောက်မြားစွာတို့သည် အသက်လု၍ လုယက်သိမ်းပိုက်ကြမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။
ဤအချိန်တွင် လန်ရှီးသည် ဝမ်ကျင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ဝမ်ကျင်းက 'ပင်လယ်ကျားဂိုဏ်း' အကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းမှာ သူ့အား အပြစ်ပေးရန် သို့မဟုတ် ထိန်းချုပ်ရန်အတွက် မဟုတ်ချေ။
ဤကျန့်နန်မင်းသားကြီးသည်လည်း အရှေ့ဘက်ပင်လယ်ပြင်ရှိ ကျွန်းနိုင်ငံများ၏ ကြွယ်ဝသော စည်းစိမ်ဥစ္စာများကို လိုလားတက်မက်နေခြင်း ဖြစ်ပေသည်။ ဤသည်မှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။
မင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးရေးကိုသာ အားကိုးနေပါက လမ်းဆုံးသွားမည်သာ ဖြစ်သည်။ စိုက်ပျိုးနိုင်သော မြေယာ ရှားပါးလှသဖြင့် မည်မျှပင် ကြိုးစားပမ်းစား လုပ်ဆောင်စေကာမူ အလယ်ပိုင်းဒေသကဲ့သို့ စားနပ်ရိက္ခာ ဖူလုံအောင် ထုတ်လုပ်နိုင်ရန် ခက်ခဲလှပေလိမ့်မည်။ မင်ပြည်နယ်၏ အနာဂတ်သည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထက်၌သာ ရှိပေသည်။
ယခုအခါ ဝမ်ကျင်း၏ ကျောထောက်နောက်ခံပြုမှုကို ရရှိထားသဖြင့် လန်ရှီးသည် မင်ပြည်နယ်ကို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်နိုင်ရန် ပိုမို၍ ယုံကြည်ချက် ရှိလာခဲ့သည်။
သူ၏ စိတ်ကူးစိတ်သန်းများသည် အမြဲတစေ ပင်လယ်ပြင်ကြီးဆီသို့ ဦးတည်နေခဲ့သဖြင့် ပင်လယ်ပြင်နှင့် ပတ်သက်သော အချက်အလက်များနှင့် လျှို့ဝှက်ချက်များကို စဉ်ဆက်မပြတ် စုဆောင်းလေ့လာခဲ့ခြင်း ဖြစ်သည်။
အခြားအရာများကို ထည့်မပြောဘဲ ထားဦးတော့... ဝမ်မျိုးနွယ်စု၏ သင်္ဘောအုပ်စုသည် အရှေ့ဘက်ပင်လယ်ပြင်တွင် နိုင်ငံတစ်ခုနှင့်ပင် ရင်ဘောင်တန်းနိုင်လောက်သော ပထမတန်းစား တိုက်ခိုက်ရေးစွမ်းအား ရှိပေသည်။
၎င်း၏ အထွတ်အထိပ် ရောက်ရှိချိန်ကာလကမူ... ချူးယွင်နိုင်ငံ၏ ဘုရင်တစ်ပါးသည် ထိုစဉ်က ဝမ်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ကို မွေးစားဖခင်အဖြစ် အသိအမှတ်ပြုခဲ့ရုံမျှမက၊ ရာဇပလ္လင်ထက်သို့ မစိုးစံမီ ဝမ်မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ကိုယ်တိုင်လာရောက်၍ ဂါရဝပြု ဦးခိုက်ခဲ့ရဖူးသည်။
လော့နန်နိုင်ငံ၏ ရေတပ်သည်လည်း အလွန်တရာ အင်အားတောင့်တင်းလှပြီး ချူးယွင်နိုင်ငံနှင့် အနိုင်အရှုံးမရှိ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသည်။
ဝမ်မျိုးနွယ်စုက ဝမ်ကျင်းကို အပြည့်အဝ ကျောထောက်နောက်ခံ မပြုနိုင်စေဦးတော့... ဝမ်ကျင်း လက်အောက်သို့ ပြားပြားဝပ် စိုးမိုးခြင်းခံထားရသော လော့နန်နိုင်ငံ၏ ရေတပ်သည်ပင်လျှင် ၎င်းတို့၏ အင်အားအပြည့်မဟုတ်သော်လည်း အလွန် လုံလောက်လှပေပြီ။
သို့သော် ဤမျှနှင့်တင် လုံလောက်လှပြီ ဖြစ်သည်။
“မင်းသားကြီး။ ပင်လယ်ပြင်ရဲ့ စည်းစိမ်ဥစ္စာတွေက အလွန်တရာ ကြွယ်ဝလှပါတယ်။ ပင်လယ်ရေပြင်ကျယ်ကြီးထဲမှာ ကုန်သင်္ဘောကြီးတွေနဲ့ ရှာဖွေမယ်ဆိုရင် အဖိုးတန်တဲ့ ရတနာတွေကို မြောက်မြားစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။”
“ပုလဲတွေ၊ သန္တာကျောက်တွေနဲ့ အဖိုးတန်ဆန်းကြယ်တဲ့ ရတနာတွေက ပင်လယ်ထဲမှာ ရှိနေတာပါ။ ချူးယွင်နိုင်ငံမှာ ငွေတွင်းတွေ ရှိပြီး၊ လျိုချိုးမှာတော့ ကြေးနီနဲ့ သံသတ္တုတွင်းတွေ ရှိပါတယ်။ လူသုန့်နဲ့ ဆူးလီမန်တို့မှာလည်း ထူးခြားဆန်းပြားပြီး အဖိုးတန်တဲ့ အရာတွေ မြောက်မြားစွာ ရှိနေပါတယ်။”
“အရှေ့ဘက် ပင်လယ်ပြင်က ကျွန်းနိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ လူရိုင်းတွေရဲ့ နယ်မြေမဟုတ်ပါဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ အဖိုးတန်လှတဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။”
“ထိုလူရိုင်းတွေဟာ ဒီအရာတွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သိကြတာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့ နည်းလမ်းရှာပြီး အဲဒီအရင်းအမြစ်တွေကို သိမ်းပိုက်ရပါမယ် မင်းသားကြီး။”
စကားကို အချက်အလက်ကျကျ ထက်ထက်မြက်မြက် ပြောဆိုနေသော လန်ရှီးကို ကြည့်ရင်း ဝမ်ကျင်း၏ မျက်ဝန်းများထဲတွင် ချီးကျူးအံ့ဩရိပ်များ ဖြတ်သန်းသွားခဲ့သည်။
ကျားဖေ ကွယ်လွန်သွားခြင်းက ဤကဲ့သို့သော အရည်အချင်းရှိသည့် လူထူးလူဆန်းတစ်ဦးကို ဖော်ထုတ်ပေးလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိချေ။
အမှန်စင်စစ် ဝမ်ကျင်း၏ အမြင်တွင် လန်ရှီးသည် ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။
လုံ့လဝီရိယရှိခြင်း၊ အမြော်အမြင်ကြီးမားခြင်းနှင့် ပြတ်သားစွာ လုပ်ဆောင်နိုင်စွမ်းရှိခြင်းတို့ကြောင့် သူသည် ကြီးမားသော ကိစ္စရပ်များကို စိတ်ချစွာ အပ်နှံနိုင်မည့်သူ ဖြစ်သည်။
လန်ရှီး၏ အမြော်အမြင်မျိုးမှာ မဟာကျင်းပြည်ထောင်တစ်ခုလုံးတွင် အလွန် ရှားပါးလှပေသည်။ ဩဇာကြီးမားသော ဝမ်မျိုးနွယ်စု၏ သင်္ဘောအုပ်စုသည် ပင်လယ်ရေကြောင်း ကွန်သွယ်မှုကိုသာ အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြပြီး၊ ထိုကျွန်းနိုင်ငံများကို စစ်အင်အားဖြင့် တိုက်ခိုက်သိမ်းပိုက်ရန် တစ်ခါမျှ မတွေးတောခဲ့ကြချေ။
၎င်းတို့၏ အမြင်တွင် ထိုလူရိုင်းများ၏ နယ်မြေသည် အသုံးမဝင်ဘဲ၊ ၎င်းတို့ထံမှ ငွေကြေးအမြတ်အစွန်း ရရှိရန်သာ စဉ်းစားခဲ့ကြသည်။
၎င်းတို့၌ သွေးချောင်းစီးမှုနှင့် စွန့်လွှတ်စွန့်စားမှုများကို ရင်ဆိုင်၍ အတင်းအဓမ္မ လုယက်တိုက်ခိုက်သိမ်းပိုက်ရန် ပြတ်သားသော သန္နိဋ္ဌာန်နှင့် သတ္တိမျိုး ကင်းမဲ့နေခဲ့သည်။
ထို့ကြောင့် ဝမ်မျိုးနွယ်စု၏ သင်္ဘောအုပ်စုသည် ကြီးမားထည်ဝါပြီး အင်အားတောင့်တင်းလှသော်လည်း၊ အနှစ်သာရအားဖြင့် ကုန်သည်သင်္ဘောအုပ်စုမျှသာဖြစ်ပြီး တကယ့်စစ်တပ်တစ်ခု မဟုတ်ချေ။
“ငါ မင်းကို မင်ပြည်နယ်ရဲ့ ဘုရင်ခံရာထူးကို အပ်နှင်းမယ်၊ ပြီးတော့ မင်ပြည်နယ်ရဲ့ ရေတပ်မတော်ကို တည်ဆောက်ဖို့ တာဝန်ကိုလည်း မင်းလက်ထဲကို လွှဲအပ်မယ်။”
“မင်ပြည်နယ်မှာ စားနပ်ရိက္ခာ ရှားပါးတယ်ဆိုတာ ငါသိတယ်၊ စစ်သည်တွေနဲ့ မြင်းတွေအတွက် လိုအပ်တဲ့ ရိက္ခာအားလုံးကို ငါကိုယ်တိုင် ဖြေရှင်းပေးမယ်”
“ဒါ့အပြင် ငါ မင်းကို အမာခံအင်အားအဖြစ် ရေတပ်စစ်သည် တစ်သောင်း ခွဲဝေပေးမယ်။ မင်းအနေနဲ့ မြို့တွေကို ရိုက်ချိုးပြီး နိုင်ငံတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အင်အားကြီး ပင်လယ်ပြင်ခရီးနှင် ရေတပ်မတော်ကြီးကို တည်ဆောက်နိုင်ဖို့ ယုံကြည်ချက် ရှိရဲ့လား။”
လန်ရှီး၏ အမူအရာသည် ချက်ချင်းပင် တည်ကြည်လေးနက်သွားခဲ့သည်။ သူသည် မျက်ကန်းတစ္ဆေလို လွယ်လွယ်ကူကူ သဘောမတူဘဲ စိတ်ထဲတွင် သေချာစွာ တွေးတောမြော်မြင်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူက ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် လျှောက်တင်လိုက်လေသည်။
“မင်းသားကြီး။ ကျွန်တော်မျိုးကို ကျွမ်းကျင်လက်သမား အယောက်တစ်ထောင်လောက်သာ ထပ်မံခွဲဝေပေးမယ်ဆိုရင် သုံးနှစ်အတွင်းမှာ ဒီရေတပ်မတော်ကြီးကို အောင်မြင်စွာ ဖွဲ့စည်းနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။”
ဝမ်ကျင်းသည် သူ့အား အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ရာ၊ ထိုအချိန်ကာလအပေါ် သိသိသာသာ မကျေမနပ် ဖြစ်သွားကြောင်း ထင်ရှားပေသည်။
“ငါ မင်းကို သန်စွမ်းတဲ့ လူငယ်တစ်သောင်း ထပ်ပေးမယ်။ နှစ်နှစ်... နှစ်နှစ်အတွင်းမှာ ငါ ရလဒ်ကို မြင်ချင်တယ်။ မင်း လုပ်နိုင်မလား။”
“လုပ်နိုင်ပါတယ်။”
“ကောင်းပြီ... ယောက်ျားကောင်းတစ်ယောက်ရဲ့ ကတိစကားဟာ ပျက်ပြယ်လို့မရဘူး။”
“အကယ်၍ ကျွန်တော်မျိုး မလုပ်ဆောင်နိုင်ခဲ့ရင် အသက်နဲ့လဲပြီး အပြစ်ပေးတာကို ခံယူပါ့မယ်။”
“မင်းရဲ့ သတ္တိကို ငါ သဘောကျတယ်။ သွားပြီးတော့ အကောင်အထည်ဖော်စမ်း။”
မြင့်မားသော စိတ်ဓာတ်ခွန်အားများ ပြည့်လျှံနေသည့် လန်ရှီးသည် ယခုအခါ ပိုမိုကြီးမားသော ရည်မှန်းချက်ပန်းတိုင်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဝမ်ကျင်း၏ ကူညီထောက်ပံ့မှုဖြင့် မင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်သာမက ချူးယွင်နိုင်ငံကိုပင် တိုက်ခိုက်ချေမှုန်းပစ်ရန် ယုံကြည်ချက် အပြည့်ရှိနေခဲ့ပြီ ဖြစ်သည်။
စိတ်ဓာတ်တက်ကြွနေသော လန်ရှီးကို ကြည့်ရင်း ဝမ်ကျင်းသည် ကျားယွင်အား ရတနာဆေးလုံး အချို့ကို ယူဆောင်လာရန် ညွှန်ကြားပြီး လန်ရှီးအား ပေးသနားလိုက်သည်။
“ကြိုးစားအားထုတ်တာက ကောင်းတဲ့အရာ ဖြစ်ပေမယ့် မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ရမယ်။ ဒီခန္ဓာကိုယ်အာဟာရဖြည့် ရတနာဆေးလုံးတွေကို ယူသွားပြီး နေ့စဉ်မှီဝဲစမ်း”
“ဒီဆေးလုံးတွေဟာ ယွဲ့ဒေသရဲ့ နက်ရှိုင်းတဲ့ တောင်တန်းတွေထဲက ထွက်ရှိတဲ့ အဖိုးတန် ဆေးဖက်ဝင်အပင်တွေနဲ့ ထိပ်တန်းဆေးဆရာကြီးတွေ ကိုယ်တိုင် ဖော်စပ်ထားတာမို့လို့ အာနိသင် အလွန်တရာ ထက်မြက်လှတယ်”
ဝမ်ကျင်းသည် ဤလူ အလုပ်အလွန်အကျွံလုပ်ရင်း အသက်ဆုံးရှုံးသွားမည်ကို အမှန်တကယ်ပင် စိုးရိမ်မိခြင်း ဖြစ်သည်။
လန်ရှီးသည် ဆေးပုလင်းများကို လက်ခံရယူလိုက်စဉ် သူ၏နှလုံးသားထဲတွင် လှိုက်လှဲလှုပ်ရှားသော ခံစားချက်များ ပြည့်လျှံလာခဲ့သည်။
“မင်းသားကြီးရဲ့ ဂရုဏာတော်ကို ထာဝရမှတ်သားထားပါ့မယ်”
“ကျွန်တော်မျိုး မင်းသားကြီးရဲ့ ယုံကြည်ကိုးစားမှုကို ဘယ်တော့မှ ပျက်ပြားစေမှာ မဟုတ်ပါဘူး။”
“သွားတော့...”
လန်ရှီး ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ကျင်းသည် ပြန်လည်ထိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် မေးစေ့ကိုထောက်ကာ မင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို စိတ်ထဲတွင် ဆက်လက် တွေးတောနေမိတော့သည်။
မူလက သူသည် မင်ပြည်နယ်ကို တည်ငြိမ်အောင်သာ ထိန်းသိမ်းရန် ရည်ရွယ်ခဲ့သော်လည်း လန်ရှီးကို ရှာဖွေတွေ့ရှိပြီးနောက်တွင် သူ၏ မဟာဗျူဟာကို ပြောင်းလဲနိုင်ပြီဟု ခံစားလိုက်ရသည်။
အရှေ့ဘက်ပင်လယ်ပြင်ရှိ ကျွန်းနိုင်ငံများသည် ဆင်းရဲမွဲတေသော နေရာများ မဟုတ်ကြဘဲ ပင်လယ်ရေကြောင်း အရင်းအမြစ်များ အလွန်တရာ ကြွယ်ဝလှသဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုသည် ရွှေတွင်းကြီးတစ်ခုသဖွယ် ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် သူသည် ထိုကျွန်းနိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်ရန် စွမ်းအင် အလွန်အမင်း မစိုက်ထုတ်နိုင်သေးချေ၊ အလယ်ပိုင်းဒေသကို သိမ်းပိုက်စိုးမိုးရန်ကသာ သူ အဓိက လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။
ယခုအခါ သူသည် အတိုင်းအတာတစ်ခုအထိသာ ကျောထောက်နောက်ခံပြုပေးပြီး လန်ရှီးအား အနာဂတ်တွင် အရှေ့ဘက်ပင်လယ်ပြင်ကို သိမ်းပိုက်ရန်အတွက် အာမခံချက်တစ်ခုအဖြစ် ရေတပ်ကို တည်ဆောက်စေရန်သာ လိုအပ်သည်။
အကယ်၍ အောင်မြင်ခဲ့လျှင် အရာရာ ကောင်းမွန်သွားမည် ဖြစ်သော်လည်း၊ ရှုံးနိမ့်ခဲ့ပါက... သူသည် လန်ရှီးအပေါ် ညှာတာနေမည်မဟုတ်ဘဲ ဧကန်မုချ ခေါင်းဖြတ်ကွပ်မျက်ရပေလိမ့်မည်။
စစ်မြေပြင်ကတိသစ္စာကို ပြုလုပ်ခဲ့ပြီးဖြစ်သဖြင့် အရာရာကို အသင့်ပြင်ဆင်ထားရပေမည်၊ သို့မဟုတ်ပါက ၎င်းသည် ကတိသစ္စာမဟုတ်ဘဲ လေလုံးထွားခြင်းမျှသာ ဖြစ်သွားလိမ့်မည်။
ဝမ်ကျင်းအား နှုတ်ဆက်ပြီးနောက် လန်ရှီးသည် မိမိ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး ပြင်းထန်သော စိတ်ခံစားချက်များကို ခိုင်မာသော တိုက်ခိုက်ရေးစိတ်ဓာတ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
သူသည် မိမိ၏ဘဝတွင် စိတ်တူကိုယ်တူ ရင်တွင်းဖြစ်ချင်း ထပ်တူကျသော အရှင်သခင်နှင့် တွေ့ဆုံခဲ့ရပြီဟု ခံစားလိုက်ရသည်။ ဝမ်ကျင်း၏ သူ့အပေါ် အသိအမှတ်ပြုမှုနှင့် ကူညီပံ့ပိုးမှုများသည် သူ၏တစ်သက်တာတွင် ရရှိခဲ့သော အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်ပေသည်။
သူ အရာရှိလောကသို့ စတင်ဝင်ရောက်ကတည်းက အရှေ့ဘက်ပင်လယ်ပြင် မဟာဗျူဟာကို မကြာခဏ တင်ပြခဲ့ဖူးသော်လည်း ဝမ်းနည်းစရာကောင်းလှသည်မှာ မည်သူကမျှ သူ့ကို ကျောထောက်နောက်ခံ မပြုခဲ့ကြဘဲ ရင်းနှီးမြှုပ်နှံမှု အလွန်ကြီးမားလွန်းသဖြင့် မည်သူမျှ အကောင်းမမြင်ခဲ့ကြချေ။
ယခုအခါ နောက်ဆုံးတွင် သူ့အား ကူညီပံ့ပိုးမည့် အရှင်သခင်ကို ရရှိခဲ့ပြီဖြစ်ရာ သူသည် မည်သို့လျှင် အကောင်းဆုံး မလုပ်ဆောင်ဘဲ နေနိုင်ပါမည်နည်း။
သူသည် မိမိ၏ လှပသော မျှော်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ပြီး ဆင်းရဲနွမ်းပါးလှသော မင်ပြည်နယ်ကို သူ... လန်ရှီး၏ လက်ထက်တွင် စည်ပင်ဝပြောအောင် လုပ်ဆောင်လိုသည်။
သူ၏ လန်ရှီးဟူသော အမည်နာမကို လောကတစ်ခွင်ရှိ သူရဲကောင်းများအကြား ပျံ့နှံ့စေကာ ခမ်းနားထည်ဝါလှသော သမိုင်းကမ္ပည်းစာမျက်နှာထက်တွင် အထင်အရှား မှတ်တမ်းတင်ကျန်ရစ်စေရမည်။
ဤအရာအတွက် သူ၏ အသက်ကိုပင် စွန့်လွှတ်ရလျှင်တောင်မှ... သူ လုံးဝ နောင်တရလိမ့်မည် မဟုတ်ချေ။
ဤကဲ့သို့သော ခိုင်မာပြတ်သားသော စိတ်ဓာတ်ကို ဆွဲကိုင်လျက် လန်ရှီးသည် မင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ မင်ပြည်နယ် ဘုရင်ခံရာထူးကို လွှဲပြောင်းရယူကာ ရေတပ်မတော် တည်ဆောက်ရေးကို စတင်ပြင်ဆင်တော့လေသည်။