အခန်း ၂၉၁
Vol. 30 Ch. 291
အခန်း (၂၉၁)
ကျိုးယွီ
ခံတပ်အတွင်း၌ ဝမ်ကျင်းသည် ဝမ်းမြောက်ကြည်နူးသော မျက်နှာပေးဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေမိသည်။ မုန့်ကျောက်သည် ဤမျှကြီးမားသော ကံကြမ္မာအရှိန်အဝါ ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဝမ်ကျင်းသည် စနစ်ကို စတင်အသက်သွင်းနိုင်ခဲ့သည့် အချိန်မှစ၍ စစ်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ပြီး လူပေါင်းမြောက်မြားစွာကို သတ်ဖြတ်ခဲ့သော်လည်း စနစ်၏ အသိအမှတ်ပြုခြင်းကို ခံရပြီး 'သူရဲကောင်းသက်သေခံချက်’ ကို အသက်သွင်းနိုင်သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှသည်။ သို့မဟုတ်ပါက ဝမ်ကျင်း၏ လက်အောက်ခံများမှာ ကျန်းလျောင်နှင့် အခြားလူအနည်းငယ်မျှသာ ရှိနေမည်မဟုတ်ပေ။
သူ၏ နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ ဝမ်ကျင်းသည် ဒေသအမြောက်အမြားကို ထိန်းချုပ်လာနိုင်ခဲ့သော်လည်း နယ်မေ့တစ်ခုကို တစ်ကိုယ်တော် ဦးဆောင်စီမံခန့်ခွဲနိုင်သည့် ထူးချွန်ပြောက်မြောက်သော ပါရမီရှင်များ လိုအပ်နေဆဲ ဖြစ်သည်။ မုန့်ကျောက်၏ သေဆုံးမှုက သူ့အတွက် ဤစိတ်အနှောင့်အယှက်ဖြစ်ဖွယ် အခြေအနေကို အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားစေခဲ့ရာ မုန့်ကျောက်သည် အမှန်ပင် လူကောင်းတစ်ယောက် ဖြစ်ပေသည်။
သူ စဉ်းစားနေစဉ်မှာပင် ကုရန်သည် လျှောက်လှမ်းလာခဲ့သည်။
"အရှင်မင်းသား... ကျိုးယွီလို့ အမည်ရတဲ့ လူတစ်ယောက်က ဝင်ရောက်တွေ့ဆုံခွင့် တောင်းခံနေပါတယ်။"
"မြန်မြန်... မြန်မြန် အထဲကို ဖိတ်ခေါ်လိုက်။"
"မှန်လှပါ။"
မကြာမီအချိန်အတွင်းမှာပင် ခန့်ညားထွားကျိုင်းပြီး လှပချောမောသော မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦးကို ကုရန်က ခေါ်ဆောင်လာခဲ့သည်။ ကျိုးယွီ လျှောက်လှမ်းလာသည်ကို ကြည့်ရင်း ဝမ်ကျင်းသည် သူ၏ ချီးကျူးဂုဏ်ပြုမှုနှင့် ဝမ်းမြောက်မှုကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိပေ။
အရှေ့ဝူနိုင်ငံ၏ အမာခံဒေါက်တိုင်ဖြစ်သော မြို့စားမင်း ကျိုးယွီသည် စာပေရော သိုင်းပညာပါ ပြောင်မြောက်သည့် စစ်ဘက်၊ အရပ်ဘက် ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် မြင်းပေါ်မှဆင်းလျှင် ပြည်သူကို အုပ်ချုပ်နိုင်ပြီး မြင်းပေါ်သို့တက်လျှင် စစ်ပွဲများကို ဆင်နွှဲနိုင်သူဖြစ်ကာ ဒေသတွင်း စီမံခန့်ခွဲမှုနှင့် စစ်တပ်ကို ဦးဆောင်ခြင်းတို့တွင် ထိပ်တန်းစွမ်းရည် ရှိသူဖြစ်သည်။
ဝမ်ကျင်းတွင် တိုက်ပွဲဝင် ဗိုလ်ချုပ်များ မရှားပါးပေ။ ဒေသခံများထဲတွင်လည်း ထူးချွန်ထက်မြက်သော သိုင်းပညာရှင်များ ရှိကြပြီး အမိန့်တစ်ချက်ပေးရုံနှင့် သူ့အတွက် အသက်စွန့်ဝံ့သည့် ရဲရင့်ကြမ်းကြုတ်သော စစ်သည်တော်များစွာ ရှိသည်။ သူ လိုအပ်နေသည်မှာ နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ကွပ်ကဲနိုင်သည့် စစ်ဘက်၊ အရပ်ဘက် အစွမ်းအစ အရာရာ ပြည့်စုံသော ပါရမီရှင်များသာ ဖြစ်သည်။
အရှေ့ဝူနိုင်ငံ၏ မြို့စားမင်း၊ ကမ်းပါးနီတိုက်ပွဲ၏ စစ်သေနာပတိချုပ် ဖြစ်ပြီး အင်အားနည်းပါးသော စစ်သည်များဖြင့် အထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်နေသော ချောင်ဝေ တပ်မတော်ကို အကြိမ်ကြိမ် အနိုင်ယူခဲ့သည့် သူရဲကောင်း ကျိုးယွီသည် ဝမ်ကျင်းအတွက် ကျင်းပြည်နယ်ကို စီမံခန့်ခွဲပေးပြီး ဝမ်ကျင်း အလိုရှိသည့်အတိုင်း ပုံဖော်ပေးရန် အပြည့်အဝ စွမ်းဆောင်နိုင်သူ ဖြစ်သည်။
"အရှင်မင်းသား..."
"ကုန်းကျင်။"
နှုတ်ခွန်းဆက်စကားများစွာ မလိုတော့ပေ။ အလွန်တရာ လှပချောမောသော ရုပ်ရည်ရှိသည့် ကျိုးယွီသည် သူ၏ လှုပ်ရှားမှုတိုင်းတွင် နွဲ့နှောင်းယဉ်ကျေးပြီး လွတ်လပ်ပေါ့ပါးသော အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။
သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီးနောက် ကုရန်သည် ဝမ်ကျင်းအား တစ်ချက်ကြည့်လိုက်ရာ ထူးခြားသော အမိန့်တစ်စုံတစ်ရာ မရှိသဖြင့် အပြင်ဘက်သို့ ဆုတ်ခွာကာ တံခါးဝတွင် ကင်းစောင့်နေလိုက်တော့သည်။
"လာပါ ကုန်းကျင်... ဒါတွေက မင်းကို စောင့်နေရင်း ငါ စုဆောင်းထားတဲ့ ကျင်းပြည်နယ်ရဲ့ ထောက်လှမ်းရေး သတင်းတွေပဲ။ တစ်ချက်လောက် ကြည့်လိုက်ပါဦး"
ကျိုးယွီသည် လက်ကိုဆန့်၍ သတင်းမှတ်တမ်းများကို ယူကာ ဂရုတစိုက် ဖတ်ရှုလေတော့သည်။
ကျင်းပြည်နယ်သည် မင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး သူ၏ ကိုယ်ပိုင်နယ်မြေနှင့် ကပ်လျက်တည်ရှိသောကြောင့် ဝမ်ကျင်းသည် ကျင်းပြည်နယ်၏ ထောက်လှမ်းရေးသတင်း စုဆောင်းခြင်းကို အထူးပင် အလေးထားသည်။ ထို့အပြင် ကျင်းပြည်နယ်တွင် 'ကွန်ရက်' ၏ လျှို့ဝှက်ထောက်လှမ်းရေးသမားများ ရှိနေကြပြီး စုဆောင်းရရှိသော သတင်းများမှာ အလုံးစုံ ပြည့်စုံခြင်းမရှိသေးသော်လည်း ကြီးမားသော လွဲမှားမှုများ ရှိလိမ့်မည်မဟုတ်ပေ။
ဥပမာအားဖြင့် ကျင်းပြည်နယ်ရှိ မျိုးနွယ်စုကြီးများနှင့် ပတ်သက်၍ အချိန်မီ ဖျောက်ဖျက်နိုင်ခြင်း မရှိခဲ့သော သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို 'ကွန်ရက်' ၏ ထောက်လှမ်းရေးသမားများက စုံစမ်းသိရှိခဲ့ကြသည်။ လျှို့ဝှက်ထောက်လှမ်းရေးသမားများကို နယ်မြေတစ်ခု၌ ဖြန့်ကြက်ရာတွင် အဓိက အာရုံစိုက်ရမည့်အရာမှာ အမြဲတမ်း ဒေသတွင်း ဩဇာအာဏာကြီးမားသော အထက်တန်းလွှာ ပုဂ္ဂိုလ်များပင် ဖြစ်သည်။
သေးငယ်သော လှုပ်ရှားမှုများကိုမူ ဂရုတစိုက် လုပ်ဆောင်ခြင်းဖြင့် ဖုံးကွယ်ထားနိုင်သော်လည်း အကြီးအကျယ် လူပြန်ပေးဆွဲခြင်း ကဲ့သို့သော ကိစ္စရပ်များကိုမူ မည်သို့မျှ အစအန မကျန်အောင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ကျိုးယွီသည် လက်ထဲရှိ ထောက်လှမ်းရေးသတင်းများကို ကြည့်ရှုရင်း ကျင်းပြည်နယ်၏ ပြောင်းလဲနေသော အခြေအနေများနှင့် တန်ပြန်ရင်ဆိုင်မည့် ဗျူဟာများကို စိတ်ထဲမှ ဆန်းစစ်သုံးသပ်နေသည်။
ဝမ်ကျင်းသည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေပြီး သူ့ကို လောဆော်ခြင်း မပြုပေ။ သူသည် ကျိုးယွီအပေါ် ကြီးစွာသော ယုံကြည်မှု ရှိပြီး ကျိုးယွီအနေဖြင့် ဤကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ အရှေ့ဝူနိုင်ငံကို တည်ထောင်ခဲ့သူများထဲမှ တစ်ဦးအနေဖြင့် သူသည် အရှင်သခင်ကို ပံ့ပိုးပေးနိုင်သည့် စစ်မှန်သော နိုင်ငံရေးသေနာပတိတစ်ဦး ဖြစ်သည်။
သူ မရှိခဲ့လျှင် စွန်းချဲ တစ်ဦးတည်းနှင့် အရှေ့ဝူကို ကယ်တင်နိုင်ရန် အင်အားရှိမည်မဟုတ်သလို၊ တစ်စုံတစ်ရာသော အံ့ဖွယ်ဖြစ်ရပ်ကြောင့် အောင်မြင်ခဲ့လျှင်ပင် အာဏာကို စွန်းချွမ့်ထံသို့ လွှဲပြောင်းပေးရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
ဤကဲ့သို့သော ပါရမီရှင်တစ်ဦးအတွက် သာမန် ကျင်းပြည်နယ်လေးတစ်ခုကို ရှင်းလင်းရန် မစွမ်းဆောင်နိုင်စရာ ရှိပါ့မလား။ အထူးသဖြင့် ဝမ်ကျင်း၏ အပြည့်အဝ ထောက်ခံမှုရှိနေသည့်အခါ သူ ရှုံးနိမ့်ရန်ဟူသည် လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။
ခဏအကြာတွင် ကျိုးယွီသည် လက်ထဲမှ စာလွှာများကို သိမ်းဆည်းကာ စာပွဲပေါ်သို့ တင်လိုက်ပြီး အိပ်ခန်းအတွင်းရှိ အပြင်အဆင်များကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
ဤနေရာမှာ မုန့်ကျောက်၏ အခန်းဖြစ်သည်။ ဤခံတပ်၏ အကြီးအကဲတစ်ဦးအနေဖြင့် သူသည် အကောင်းဆုံးအခန်းကို ရရှိရန် ထိုက်တန်ပေသည်။ သူတို့သည် ခရိုင်တစ်ခုလုံးကို ဖျက်ဆီးခဲ့ကြသဖြင့် ကောင်းမွန်သော ပစ္စည်းအမြောက်အမြားကို လုယက်ခဲ့ကြပေလိမ့်မည်၊ ထို့ကြောင့် ဇိမ်ခံအိပ်ခန်းတစ်ခုကို ဖန်တီးရန် လွယ်ကူလှသည်။ သို့သော်လည်း
ဤအိပ်ခန်းမှာ ရိုးရှင်းပြီး ခန့်ညားလှကာ အသုံးဝင်သော အိမ်ထောင်ပရိဘောဂအချို့သာ ရှိသည်။ ကျယ်ဝန်းပြီး လင်းထိန်နေသည်မှလွဲ၍ ထူးခြားသော အလှဆင်မှုများ မရှိဘဲ မြို့နယ်များရှိ အချို့သော ဒေသခံ သူဌေးကြီးများ၏ အိမ်ကိုပင် မမှီပေ။
"အရှင်မင်းသား... မုန့်ကျောက်ရဲ့ သူပုန်တွေနဲ့ ကျင်းပြည်နယ် မျိုးနွယ်စုကြီးတွေရဲ့ ဆက်နွှယ်မှုက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး နက်ရှိုင်းပါတယ်"
"ခံတပ်ကနေ ထွက်ပြေးသွားတဲ့သူတွေက ငွေကြေးအမြောက်အမြား သယ်ဆောင်သွားကြလား။ ပြီးတော့ ဒီခံတပ်ကနေ သိမ်းဆည်းရမိတဲ့ ငွေကြေးပမာဏကကော အများကြီး ရှိရဲ့လား။"
ဝမ်ကျင်းသည် ဤစကားကို ကြားသောအခါ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။
"နှစ်ခုလုံး မများပါဘူး။ ထွက်ပြေးသွားတဲ့သူတွေ သယ်သွားတဲ့ငွေက သူတို့တစ်ဦးချင်းအတွက် များပြားနိုင်ပေမဲ့ သူပုန်တပ်ဖွဲ့တစ်ခုအတွက်ကျတော့ အရမ်းနည်းလွန်းပါတယ်။ ပြီးတော့ ဒီခံတပ်ကို သေချာ ရှာဖွေပြီးပြီ၊ ရိက္ခာအမြောက်အမြားကလွဲရင် ငွေကြေး အစစ်အမှန်ကတော့ တကယ်ကို မရှိသလောက်ပါပဲ"
"ဒါဆိုရင် ဟုတ်နေပါပြီ။ အရှင်မင်းသား... သေချာ စဉ်းစားကြည့်ပါဦး၊ မုန့်ကျောက်တို့အဖွဲ့ ရရှိခဲ့တဲ့ ငွေကြေးက မနည်းပါဘူး။ ဒီလူက ကာမဂုဏ် ခခံစားတတ်သူမဟုတ်ဘူး၊ ဇိမ်ခံအဝတ်အစားတွေကို မဝတ်ဆင်ဘူး၊ တိုက်အိမ်ကြီးတွေမှာမနေသလို မောင်းမမိဿံတွေကိုလည်း မထားရှိပါဘူး။ ဒါပေမဲ့ အခု အဲဒီငွေတွေက ပျောက်ကွယ်နေပြီ။ ဒါဆို အဲဒီငွေတွေ ဘယ်ရောက်သွားတာလဲ"
ကျိုးယွီ၏ စကားကြောင့် ဝမ်ကျင်း၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။ ဤငွေများသည် ဧကန်မုချ သုံးစွဲခြင်း ခံလိုက်ရပြီဖြစ်သည်။ ဘယ်နေရာမှာလဲ။ သံသယဖြစ်စရာမလိုဘဲ ရိက္ခာများနှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ပုန်ကန်မှုတစ်ခုအတွက် ငွေကြေးများကို စုဆောင်းထားခြင်းမှာ အသုံးမဝင်ဆုံးအရာ ဖြစ်သည်။ အကယ်၍ လျင်မြန်စွာ သုံးစွဲပြီး အင်အားအဖြစ် မပြောင်းလဲနိုင်ပါက တစ်နေ့နေ့တွင် ရှုံးနိမ့်သွားမည်မဟုတ်ကြောင်း မည်သူမျှ အာမမခံနိုင်ပေ။ ဤပစ္စည်းများကို ဝယ်ယူရန်အတွက် သူတို့သည် ထိုအထက်တန်းလွှာ မျိုးနွယ်စုကြီးများထံသို့သာ သွားရောက်နိုင်ပြီး ဤငွေအားလုံးမှာ မျိုးနွယ်စုကြီးများ၏ လက်ထဲသို့ စီးဝင်သွားခဲ့ခြင်း ဖြစ်သည်။
"အရှင်မင်းသား... အရင်က အရှင်ဟာ ပြစ်ဒဏ်ကို အဓိက ခေါင်းဆောင်တွေကိုပဲ ပေးပြီး ကျန်တဲ့သူတွေကို သတိပေးတဲ့အနေနဲ့ပဲ ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တာလား"
ဝမ်ကျင်း ခေါင်းညိတ်လိုက်သည်။ သူသည် အမှန်ပင် ထိုသို့ တွေးတောခဲ့ဖူးသည်။ ချောင်းမျိုးနွယ်စုကို အမြစ်ပြတ် သုတ်သင်ပြီးနောက် အခြားသော မျိုးနွယ်စုအချို့ကို အပြစ်ပေးကာ သူတို့၏ သွေးကို အနည်းငယ် စုပ်ယူရန် ဖြစ်သည်။
"ဒီနည်းလမ်းက မသင့်တော်ပါဘူး အရှင်မင်းသား။ ကျင်းပြည်နယ်က လူတွေရဲ့ စိတ်နှလုံးက ပြောင်းလဲနေပါပြီ။ အရှင်အနေနဲ့ လူယုတ်မာတွေကို ဟန့်တားဖို့အတွက် မိုးကြိုးကဲ့သို့ ပြင်းထန်တဲ့ နည်းလမ်းတွေကို အသုံးပြုရပါမယ်၊ လုံးဝ နှလုံးသား နူးညံ့လို့မဖြစ်ပါဘူး။ သူတို့ရဲ့ သွေးမျိုးဆက်တွေကို အမြစ်ပြတ် ချေမှုန်းပြီး ဆွေမျိုးသားချင်းတွေကို သုတ်သင်ကာ စံနမူနာပြရပါမယ်။"
"ဒါမှမဟုတ်ရင် နောင်အနာဂတ်မှာ ကျင်းပြည်နယ်မှာ ပုန်ကန်မှုတွေ ခဏခဏ ဖြစ်ပွားလာလိမ့်မယ်လို့ ကျွန်တော်မျိုး ခန့်မှန်းမိပါတယ်။ အဲဒီအချိန်ကျရင် ဘဏ္ဍာရေးနဲ့ လူအင်အားတွေ ပြုန်းတီးလိမ့်မယ်၊ ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်ကို ခံစားရလိမ့်မယ်၊ ပြီးတော့ စစ်သည်တော်တွေလည်း မလွဲမသွေ ဆုံးရှုံးရပါလိမ့်မယ်"
ကျိုးယွီ၏ စကားကို ကြားရသောအခါ ဝမ်ကျင်းသည် အနည်းငယ် မှင်တက်သွားပြီးနောက် သူ၏ နှုတ်ခမ်းအစုံမှာ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားကာ အော်ဟစ်၍ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ကုန်းကျင်က ငါ့စိတ်ကို သိတာပဲ။ မင်းပြောတဲ့အတိုင်းပဲ ဖြစ်စေရမယ်။"
စီးမာယီ သူ၏ အနားတွင် ရှိနေစဉ်က သူသည် မိမိ၏ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကို အစဉ်အမြဲ ထိန်းချုပ်ခဲ့ရသည်။ သူ၏ စံအိမ်တော်အတွင်း၌ တစ်နှစ်ခန့် အောင်းနေပြီး တစ်နေ့လုံး သီချင်းနားထောင်၊ စတုရင်ကစားရင်း အချိန်ကုန်လွန်စေခဲ့ခြင်းက သူ၏ သတ်ဖြတ်လိုစိတ် အတော်များများကို လျော့ပါးသွားစေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
သူ၏ အနည်းငယ် သနားညှာတာတတ်လာသော စိတ်နှလုံးသည် ကျိုးယွီ၏ စကားနှစ်ခွန်းကြောင့် သတ်ဖြတ်လိုစိတ်များ ပြန်လည် နိုးကြားလာခဲ့ရသည်။
ရေရှည်နာကျင်ရခြင်းထက် ရေတိုနာကျင်ရခြင်းက ပို၍ ကောင်းမွန်ပေသည်။ ကျင်းပြည်နယ်ကို သိမ်းပိုက်ခြင်းမှာ ကျင်းပြည်နယ်ကို သူ၏ အဖိုးတန်ရတနာတစ်ခု ဖြစ်စေရန်ဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာစေရန် မဟုတ်ပေ။
"ကုန်းကျင်... မုန့်ကျောက်နဲ့ ဆက်သွယ်မှုရှိခဲ့တဲ့သူ အားလုံးကို သူပုန်ရဲ့ အပေါင်းအပါတွေအဖြစ် ငါ ကြေညာလိုက်ရင် မင်း ဘယ်လိုထင်လဲ"
"အဲဒီနောက် တပ်မတော်ကို တိုက်ရိုက် ဦးဆောင်ပြီး သူတို့ကို ဖမ်းဆီးကာ၊ သူတို့ရဲ့ ဆွေမျိုးကိုးဆက်ကို ကွပ်မျက်ပြီး မိသားစု ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်ရင်ကော ဘယ်လိုလဲ"
ကျိုးယွီသည် စာပွဲပေါ်ရှိ စာလွှာများကို ညွှန်ပြလိုက်သည်။
"လျိုမျိုးနွယ်စု တစ်ခုတည်းကိုပဲ ချန်လှပ်ထားဖို့ လိုအပ်ပါတယ်။"
"ကျွန်တော်မျိုး ထင်မြင်တာကတော့ ဒီလျိုမျိုးနွယ်စုက အသုံးချလို့ ရပါသေးတယ်။ အကယ်၍ သူတို့က အခြေအနေကို နားလည်မယ်ဆိုရင် ချမ်းသာပေးလို့ ရပါတယ်။ လျိုကျင်းက စွမ်းဆောင်ရည် အတန်ငယ်ရှိပြီး လျိုမျိုးနွယ်စုက ဆက်နွှယ်မှုတွေကို အပြတ်သားဆုံး ဖြတ်တောက်ခဲ့တဲ့အတွက် ဘာအစအနမှ မကျန်ခဲ့ပါဘူး။ ဒါကြောင့် အရှင်မင်းသားအနေနဲ့ အပြစ်မဲ့သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တယ်ဆိုတဲ့ နာမည်ဆိုးကို မခံယူချင်ဘူးဆိုရင် သူတို့ကို အရေးယူဖို့ ခက်ခဲပါလိမ့်မယ်"
"ကောင်းပြီ... ဒါဆိုရင် ကုန်းကျင် ပြောတဲ့အတိုင်းပဲ ဖြစ်စေရမယ်"
သူတို့၏ စကားဝိုင်းအတွင်းမှာပင် ကျင်းပြည်နယ် မျိုးနွယ်စုကြီးများမှ လူပေါင်းသောင်းချီတို့၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။ ဤအထက်တန်းလွှာ မျိုးနွယ်စုကြီးများမှ ဆင်းသက်လာသူများ၏ မြောက်မြားလှစွာသော သွေးချင်းသားချင်းများကို အမြစ်ပြတ် သုတ်သင်လိုက်မည်ဆိုပါက သူတို့၏ သွေးများသည် မြစ်ရေပြင်ကို နီရဲသွားစေမည်မှာ မလွဲဧကန်ပင်။
အနည်းငယ်သော မငြိမ်မသက်မှုများ မလွဲမသွေ ဖြစ်ပေါ်လာနိုင်သော်လည်း ဝမ်ကျင်းသည် မကြောက်ရွံ့ပေ။ ဤလူများသည် အစားထိုး၍မရသောသူများ မဟုတ်ကြပေ။ သူတို့ သေဆုံးသွားသည့်တိုင် သူ့အတွက် အမှုထမ်းမည့်သူများ ရှိနေဦးမည်ဖြစ်သည်။ မည်သူကမျှ မသေချင်ကြသော်လည်း အရာရှိ ဖြစ်လိုသူများမှာမူ ဒုနဲ့ဒေး ရှိနေကြသည်။