အခန်း ၁၃၀၆
Vol. 88 Ch. 1306
အခန်း (၁၃၀၆) ကွာဟချက်
နေလိုက်ကြယ်စုတန်း။
ထိုကြယ်စုတန်းသည်။ ကြယ်စုမဟာမိတ်နယ်မြေ၏ အပြင်ဘက်ဆုံးစည်းဖြစ်သည်။ မဟာမိတ်၏ ပထမကာကွယ်ရေးလိုင်းဟုလည်း သတ်မှတ်နိုင်သည်။ မဟာမိတ်၏ စစ်သင်္ဘောတပ်ဖွဲ့ခြောက်နှင့် တပ်ဖွဲ့ရှစ်ကို နေရာချထားသည်။
ယနေ့ တနင်္ဂနွေဖြစ်သည်။ ခါတိုင်းလိုပင် တပ်ဖွဲ့တွင် အားလပ်ရက်ကို သာယာနေသည်။ စောင့်ကြည့်ခန်းတွင် လူတစ်ချို့ တာဝန်ပေးထားသည်။
မဟာမိတ်အပြင်စည်းတွင် ရေရှည်ကင်းစောင့်ရလျှင် ငြီးငွေ့ထိုင်းမှိုင်းသွားနိုင်သည်။ ထိုအားလပ်ရက်ပါတီမျိုး ပုံမှန်ကျင်းပပေးဖို့လိုသည်။
ရဲဘောရဲဘက်များ သီဆိုကခုန်နေသည်ကို မော်နီတာမှကြည့်ရင်း အစောင့်ကျသည့်စစ်သားက သမ်းတစ်ချက်ဝေလျက် သူ့ဘေးမှလူကို ပြောသည်။
"တစ်ခါတစ်လေ ဒီလိုသောက်သုံးမကျတဲ့နေရာမျိုးမှာ နေ့တိုင်းကင်းစောင့်နေရတာ ဘာအဓိပ္ပါယ်လဲလို့ သိချင်မိတယ်ကွာ။ အီသာကွန်ပြူတာက တာဝန်ယူပြီးကင်းစောင့်ပေးလည်း ရတာပဲ"
"ဒါဆို ငါတို့အလုပ်ပြုတ်တော့မယ့်သဘောပေါ့"
"အလုပ်ပြုတ်ရင်လည်းပြုတ်ပေါ့။ အစိုးရထောက်ပံ့ငွေနဲ့ နေလိုက်မယ်။ ဒီမှာပျင်းလို့တော့ မသေချင်ဘူး"
ရုတ်တရက် အနီရောင်အမှတ်အသားတစ်ခု ဖန်းသားပြင်တွင် ပေါ်လာသည်။ ဆူညံသည့်သတိပေးချက်များး ထွက်လာသည်။
"သတိထားပါ၊ အမည်မသိဆစ်ဂနယ်တစ်ခု အာရုံခံမိတယ်"
အစောင့်စစ်သားနှစ်ယောက် တွေးရခက်သွားသည်။ ယနေ့လိုခေတ်အခါမျိုးတွင် အမည်မသိဆစ်ဂနယ်ဟု ရှိသေးသေလော။
အမည်မသိဂြိုလ်တစ်ခု လွင့်ပျံလာပြီး 'မိတ်ဆွေဖြစ်ချင်လို့ပါ"ဆိုသည့် စာတန်းမျိုး ရေးထား၍လော။
သိပ်မကြာမီ ရေဒါစက်ပေါ်မှ အမှတ်အသားများပေါ်လာသည်။
ရေဒါဖန်သားပြင်တွင် ပြထားသည့်အနီစက်များ ပြည့်ကျပ်နေသည်။ နောက်ဆုံးတွင် အရေအတွက် တစ်သောင်းငါးထောင်ထိ ရောက်သွားသည်။
ဘာမှန်းမသိသည့်အရာဝတ္ထုတစ်ထေင့်ငါးရာ နေလိုက်ကြယ်စုတန်းဆီ ချဉ်းကပ်လာသည့်သဘောဖြြစ်သည်။
နှစ်ယောက်လုံး မျက်လုံးပြူးသွားသည်။
"ကွန်မန်ုဒါကို မြန်မြန်သတင်းပို့"
အားလပ်ရက်ပါတီကို ချက်ချင်းရပ်လိုက်သည်။ စစ်သင်္ဘောတပ်ဖွဲ့နှစ်ခု အရေးပေါ်တိုက်ပွဲဝင်ရင် အသင့်ပြင်သည်။ ကွန်မန်ဒါက အာကာသတယ်လီစကုတ်ဖြင့်ကြည့်သည်။
'အမည်မသိအရာများ'ကို မြင်လိုက်ရသည်။
"ဘာကြီးတွေလဲကွာ..."
အာကာသယာဉ်ဟု ပြောသည်ထက် အသားလုံးကြီးများဟုပြောလျှင် ပိုမှန်မည်။ မျက်နှာပြင်တွင် တွန့်လိမ်လှုပ်ရှားနေသည်။ ပိုးလုံးကောင်တစ်ထောင့်ငါးရာက ကြယ်ကောင်းကင်ကိုဖြတ်၍ ချီတက်လာသလိုထင်ရသည်။
အာကာသခရီးသွားနိုင်သည့် အာကာသယာဉ်များစွာ သူမြင်ဖူးသည်။ ထိုအင်အားစုများက နောက်ဆုံးတွင် မဟာမိတ်ထဲခိုဝင်လာကြသည်။
သို့သော် ယခုမြင်နေရသည့်ယာဉ်များလောက် ထူးဆန်းသည့်အရာကိုမမြင်ဖူး။
အာကာသယာဉ်မဟုတ်ဘဲ ကြယ်ကမ္ဘာဖြတ် မျိုးစိတ်တစ်ခုခုများလားမသိ။
"သတင်းပို့ပါတယ်။ သက်ရှိအာရုံခံစနစ်က အဲဒီ့ယာဉ်တွေထဲမှာ သက်ရှိတွေအများကြီး တွေ့ပါတယ်"
"သက်ရှိတွေအများကြီးပေါ့။...တိုက်ခိုက်ရေးစနစ်အားလုံးကို အသက်သွင်းကြ။ အားလုံးအဆင့်ပြင်ထားပါ"
ကွန်မန်ဒါက အမိန့်ပေးသည်။ သူ့အသံက တည်ငြိမ်ပြတ်သားသော်လည်း စိုးရိမ်စိတ်ကို မဖုံးကွယ်နိုင်။
"သူတို့နဲ့ဆက်သွယ်ဖို့ ထပ်ကြိုးစားပါ။ သူတို့ရည်ရွယ်ချက်ကို အတည်ပြုမှဖြစ်မယ်"
သို့သော် ဆက်သွယ်ဖို့အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်။ အမည်မသိယာဉ်အုပ်စုက သူတို့ပို့လွှတ်သည့် အချက်ပြမှုကို လုံးဝလျစ်လျူရှုပြီး ဆက်၍ချီတက်လာသည်။
"လူမဲ့တဲ့ယာဉ်တွေပို့ပြီး သူတို့ကိုလမ်းပိတ်လိုက်။ စွမ်းအင်အကာအကွယ်တွေဖွင့်ကြ။ ပြီးရင် ကောင်စီလူကြီးတွေဆီ သတင်းပို့"
"ဟုတ်"
သိပ်မကြာမီ ရာချီသည့် လူမဲ့ယာဉ်များစွမ်းအင်ဒိုင်းကိုယ်စီဖွင့်၍ အချင်းချင်းဆက်သွယ်ပြီး စွမ်းအင်ကွန်ယက်တစ်ခုဖန်တီးပြီး အမည်မသိတပ်ဖွဲ့ကို ပိတ်ဆို့ကြသည်။
ကွန်မန်ဒါက ထိုစွမ်းအင်ကွန်ယက်ကို အပြည့်အဝယုံကြည်သည်။ မျဉ်းဖြောင့်အတိုင်းလွင့်ပျံလာသည့် ဂြိုလ်တစ်လုံးကို မိနစ်အနည်းငယ်ခံထိန်းထားနိုင်သည်။
ထိုကွန်ယက်ဘယ်လောက်စွမ်းအားကြီးကြောင်း တွေးကြည့်ရုံဖြင့်သိနိုင်သည်။
သို့သော် အမည်အသိတပ်ဖွဲ့ကို ထိသည်နှင့် ကွန်ယက်ကချက်ချင်းကြေမွသွားသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ"
စစ်သားများ ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားကြသည်။ ယုံနိုင်စရာပင်မရှိ။
ဝင်လာသူများသည် ရန်မူလိုစိတ်ရှိကြောင်း အတည်ပြုနိုင်ပြီဖြစ်၍ ကွန်မန်ဒါ အမိန့်ပေးလိုက်သည်။
"ယူနစ်အားလုံး တိုက်ခိုက်ကြ"
လေဆာသေနတ်၊ ဒြပ်မှုန်ရှောင်ခြည်နှင့် ဒုံးကျည်များ ရန်သူတပ်ဆီ ပြေးဝင်သွားသည်။ အာကာသတစ်ခုလုံး ချက်ချင်းလင်းထိန်သွားသည်။
"တပ်ဖွဲ့ခြောက် အကြောင်းပြန်ပါ။ တပ်ဖွဲ့ရှစ် အကြောင်းပြန်ပါ။
ထိပ်သီးကောင်စီက ဆက်သွယ်သော်လည်း တုံ့ပြန်မှုမရ။ အတော်စိတ်ဓာတ်ကျသွားကြသည်။
"အီသာ၊ နေလိုက်ကြယ်စုတန်းက စောင့်ကြည့်မြင်ကွင်းကိုပြပါ"
သို့သော် အီသာဘာမှမလုပ်မီ ဖန်သားပြင် လင်းလာသည်။ ပေါ်လာသူက ကွန်မန်ဒါမဟုတ်။
"မင်းတို့ချိတ်ဆက်လည်ပတ်တာက ဒီလိုမျိုးလား။ ကဲ ဒါဆိုလည်း ကြည့်ကြတာပေါ့"
တစ်ဘက်တွင်ပေါ်လာသူက သန့်သန့်ပြန်ပြန့်ဝတ်စားထားသည်။ ဟန်ပန်အတော်ထူးခြားသည်။
"မင်းဘယ်သူလဲ၊ တပ်ဖွဲ့ခြောက်နဲ့ တပ်ဖွဲ့ရှစ် ဘယ်ရောက်သွားတာလဲ"
"ဪ သူတို့လား။ ငါတို့ကိုနှုတ်ဆက်တာ သိပ်မယဉ်ကျေးတဲ့အရုပ်လေးတွေကို ပြောတာလား"
တစ်ဘက်လူက ခပ်အေးအေးလေသံဖြင့်ပြောပြီး လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ကင်မရာမြင်ကွင်းက အာကာသထဲရောက်သွားသည်။
အမည်မသိရန်သူတပ်ဖွဲ့၏ တွန့်လိမ်နေသည့် အသားတုံးနံရံများက တပ်ဖွဲ့ခြောက်နှင့် တပ်ဖွဲ့ရှစ်ကို ဝါးမျိုနေသည်။ အာကာသယာဉ်များ တစ်ဝက်သာ အကောင်းပကတိကျန်တော့သည်။
ခေါင်းကိုတူဖြင့် အထုခံလိုက်ရသကဲ့သို့ ကောင်စီဝင်များ မူးဝေယိမ်းယိုင်သွားသည်။
တပ်ဖွဲ့နှစ်ခုနှင့် အဆက်ပြတ်သွားသည်မှာ ဘာမှကြာသေးသည်မဟုတ်။ တစ်ဝက်လောက်ချေမှုန်းခံရသည်။
ရန်သူက ဘယ်လောက်တောင်စွမ်းအားကြီးသည်မသိ။
ကင်မရာက မြင်ကွင်းပြောင်းသွားပြန်သည်။ ဤတစ်ကြိမ်တွင် အမည်မသိရန်သူတပ်ဖွဲ့၏ အတွင်းပိုင်းကိုပြသည်။ သတ္တဝါတစ်ခု၏ ခန္ဓာကိုယ်အတွင်းပိုင်းနှင့်တူသည်။ အသားတုံးနံရံမှ ဝါးမျိုးခံရသည့် တပ်ဖွဲ့ကွန်မန်ဒါ ဦးခေါင်းသာကျန်သည်။
"ချုန်အန်း"
ကောင်စီအဖွဲ့ဝင် တပ်မှူးဝမ်ကျင်းလုန်က ကွန်မန်ဒါ၏နာမည်ကို ခေါ်လိုက်သည်။
ကင်မရာတွင် လှောင်ပြုံးပြုံးနေသည့် ရန်သူ၏မျက်နှာ ပြန်ပေါ်လာသည်။
"စိတ်မပူပါနဲ့။ ငါတို့က သူ့ဦးနှောက်ထဲက ဘာသာစကားနဲ့ မင်းတို့ကိုဆက်သွယ်နေတာပါ"
ထိုအချိန်ကျမှ တစ်ဘက်ရန်သူသည် ကြယ်စုမဟာမိတ်ဘာသာစကားဖြင့်ပြောနေခြင်းဖြစ်ကြောင်း ကောင်စီအဖွဲ့ဝင်များ သတိထားမိလာသည်။
"မင်းတို့က ဘယ်သူတွေလဲကွ"
"ငါတို့လား၊ ဖယောင်းကောင်းကင်ကြယ်ကမ္ဘာက စကြာဝဠာလွှမ်းမိုးသူတွေလေ။ ကောင်းကင်အင်ပါယာအမိန့်နဲ့ နေရာစုံကိုသိမ်းပိုက်နေတာ။ မထင်မှတ်ဘဲ မင်းတို့ကိုတွေ့တာပါ"
ငါက ပိုင်လော်ကောင်းကင်တပ်ဖွဲ့ရဲ့ ကွန်မန်ဒါ ရှီဝူမန်ပဲ။ ကြယ်စုမဟာမိတ်က ငါတို့ဖယောင်းကောင်းကင်ရဲ့ လက်အောက်ခံအဖြစ် အညံ့ခံပြီး ပုံမှန်အခွန်ဘဏ္ဌာဆက်ရင် မင်းတို့ကို တိုက်ပွဲသိမ်းပိုက်ခံမဖြစ်အောင် ငဲ့ညှာပေးမယ်။ ဘယ်လိုသဘောရလဲ"
ကောင်စီဝင်များ ဒေါသထွက်သွားသည်။
"စိတ်ကူးယဉ်မနေနဲ့။ ကြယ်စုမဟာမိတ်က ဘယ်သူ့ကိုမှ ဦးမညွှတ်ဘူးကွ"
ရှီဝူမန် သက်ပြင်းချသည်။
"တိုက်ပွဲတိုင်းမှာ ဒီလိုပဲကြုံနေကျပါ။ ဒါပေမယ့် အဆုံးသတ်ကတော့ အမြဲတမ်းအတူတူပါပဲ"
သူနောက်လှည့်၍ ပိုင်လော်ကောင်းကင်တပ်ဖွဲ့ကို အမိန့်ပေးသည်။
"ယူနစ်အားလုံး အသင့်ပြင်။ ထာဝရကြယ်စုကို ခုန်ကူးကြ"
ကောင်စီဝင်များ မျက်နှာတင်းသွားသည်။ ဖယောင်းကောင်းကင်တပ်ဖွဲ့က ရက်စက်ကြမ်းတမ်းပြီး အလွန်စွမ်းအားကြီးသည်။ မဟာမိတ်၏တပ်ဖွဲ့နှစ်ခုကို ဆယ်မိနစ်ပင် ခံနိုင်ရည်မရှိကြ။ ကျန်သည့်တပ်ဖွဲ့အားလုံးပြန်ခေါ်လျှင်ပင် ဖယောင်းကောင်းကင်ကြယ်ကမ္ဘာကို ယှဉ်နိုင်မည်မဟုတ်။
တစ်ခုတည်းသောအစီအစဉ်က...
"အီသာ၊ ကြယ်စုမဟာမိတ်ရဲ့ တပ်ဖွဲ့ဆယ့်နှစ်ခုလုံး မင်းထိန်းချုပ်မှုပါ။ ဖယောင်းကောင်းကင်ပိုင်လော်တပ်ဖွဲ့ ကျူးကျော်တာကို အစွမ်းကုန်တားဆီးပါ"
ဉာဏ်ရည်တုနည်းပညာကို ကောင်စီဝင်များ အထင်မကြီး။ တပ်ဖွဲ့ကို သူကိုယ်တိုင်ထိန်းချုပ်ထားမှသာ စိတ်ချသည်။ သို့သော် ကြီးမားသည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် သူ့အမိန့်တစ်ခုတည်းဖြင့် ဖယောင်းကောင်းကင်တပ်ဖွဲ့ကို ရင်ဆိုင်နိုင်မည်မဟုတ်။
တပ်ဖွဲ့တစ်ခုလုံးကို အီသာထိန်းချုပ်မှသာ ရင်ဆိုင်တိုက်ခိုက်နိုင်ခြေရှိသည်။
ဖယောင်းကောင်းကင်ပိုင်လော်တပ်ဖွဲ့ ထာဝရကြယ်စုနယ်စပ်သို့ ခုန်ဆင်းလာသည်။ ကြားဖြတ်တိုက်ခိုက်မှုများ ချက်ချင်းရင်ဆိုင်ရသည်။
သို့သော် ပိုင်လော်တပ်ဖွဲ့၏စွမ်းအားက ကောင်စီဝင်များထင်ထားသည်ထက် များစွာကျော်လွန်နေသည်။ ထာဝရကြယ်စုကို အတွန့်အဆုတ်မရှိ ချီတက်လာသည်။ ဘယ်တိုက်ခိုက်မှုမှ မသက်ရောက်။ ဘာကိုမှမမှု။
အတုမဲ့အင်အားကို ဘယ်နည်းဗျူဟာမှ မယှဉ်နိုင်။
ထိုမျှကြီးမားသည့် တိုက်ပွဲကို မဟာမိတ်ပြည်သူများမသိအောင် ဖုံးကွယ်နိုင်စွမ်းမရှိ။ အီသာကွန်ပြူတာကလည်း အွန်လိုင်းကို ထိန်းချုပ်ဖို့ အချိန်မပေးနိုင်။
ကြယ်စုမဟာမိတ်ပြည်သူများ ဝမ်းနည်းပက်လက်ဖြစ်နေသည်။ တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့သည့် သူတို့တပ်ဖွဲ့က ပိုင်လော်တပ်ဖွဲ့ရှေ့တွင် အရွယ်လွန်ပုရွက်ဆိတ်များနှင့် မခြားလှ။
"အညံ့ခံလိုက်တာကောင်းမယ်ထင်တယ်။ အင်အားကြီးတဲ့ဖယောင်းကောင်းကင်အဖွဲ့အောက်ကို ဝင်ရတာလည်း သိပ်မဆိုးလောက်ပါဘူး"
"ဟုတ်တယ်၊ အညံ့ခံတယ်ဆိုတာ အရှုံးပေးတာမဟုတ်ဘူး။ သူတို့က မဟာမိတ်ဖွံ့ဖြိုးတိုးတက်ဖို့တောင် ကူညီနိုင်လောက်တယ်"
"ရွံစရာကောင်းတဲ့ ငကြောက်တွေ။ သိက္ခာမရှိတဲ့ကောင်တွေ"
"သေသင့်တဲ့ သစ္စာဖောက်တွေ။ မဟာမိတ်က ဘယ်တော့မှ အညံ့မခံဘူးကွ"
အညံ့ခံဖို့ထက် သေဖို့သာဆုံးဖြတ်ထားသည့် လူအတော်များများရှိသည်။ အညံ့ခံလိုသည့်လူအရေအတွက်ကလည်း အတော်များသည်။ သူတို့အမြင်တွင် ထိုတိုက်ပွဲသည် လုံးဝအဓိပ္ပါယ်မရှိ။
"အညံ့မခံရင် ငါတို့ဘာလုပ်နိုင်သေးလို့လဲ။ တိုက်ခိုက်ဖို့နည်းလမ်း တစ်ခုခုရှိလား"
"ရှိတာပေါ့။ ကြယ်ကမ္ဘာဖျက်အမြောက်တွေ ရှိသေးတယ်လေ"
"ဟုတ်သားပဲ"
'ကြယ်ကမ္ဘာဖျက်အမြောက်'ဆိုသည့်စကားကြောင့် ကြယ်စုမဟာမိတ်အတွင်း ယုံကြည်မှုများ ပြန်ရလာသည်။ သူတို့၏ စွမ်းအားအမြင့်ဆုံးလက်နက်ဖြစ်သည်။ ပစ်လွှတ်သည့်စွမ်းအင်ရောင်ခြည်က ကြယ်ကမ္ဘာတစ်ခုကို ချက်ချင်းဖျက်ဆီးနိုင်သည်။ ထိုလက်နက်ကို အားလုံးကြောက်ရွံ့ရသည်။
အီသာကွန်ပြူတာက ဖယောင်းကောင်းကင်တပ်ဖွဲ့ကို ကြယ်ကမ္ဘာဖျက်အမြောက်များဖြင့် တိုက်ခိုက်ရန် မျှားခေါ်သည်။
ဘယ်ဒြပ်ဝတ္ထုမဆို ဖျက်ဆီးနိုင်သည့် ဒြပ်မှုန်ဆန့်ကျင်ဓာတ်သတ္တိများက သလင်းပြာရောင်စွမ်းအင်များထုတ်လွှတ်ပြီး လျှပ်စစ်သံလိုက်စက်ကွင်း၏ စုစည်းမှုဖြင့် စွမ်းအင်အလင်းတန်းအဖြစ် ပြောင်းသွားသည်။ ရှီဝူမန်ရှိနေသည့် ခေါင်းဆောင်ယာဉ်ကို ချိန်ရွယ်ထားသည်။
ကြယ်ကမ္ဘာဖျက်အမြောက်မှ စွမ်းအင်အလင်းတန်း ထိုးထွက်သွားသည်။ တောက်ပသည့်အလင်းရောင်က ရန်သူ့ယာဉ်ပျံအုပ်စုတစ်ခုလုံးပေါ် လွှမ်းခြုံသွားသည်။ ကြယ်အသစ်တစ်လုံး မွေးဖွားလာသည်နှင့်တူသည်။
အားလုံး အသက်အောင့်၍ ဖြစ်လာမည့်ရလာဒ်ကို စောင့်မျှော်နေကြသည်။
အလင်းရောင်များ တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားသည်။ ခေါင်းဆောင်ယာဉ်ပျံက နေရာတွင် တည်ငြိမ်စွာရှိနေသည်။ ဝမ်းဗိုက်နေရာတွင် မည်းနက်သည့်အပေါက်ကြီးတစ်ခုရှိနေသည်။
သို့သော် ချက်ချင်းဆိုသလိုပင် ထိုအပေါက်မှ အသားမျှင်များတက်လာပြီး ပြန်ပိတ်သွားသည်။
ထိုမြင်ကွင်းကိုကြည့်၍ ကောင်စီဝင်များ ချောက်နက်ထဲကျသွားသလို ခံစားလိုက်ရသည်။ မျက်လုံးအကြည့်များ ငေးငိုင်သွားသည်။ လုံးဝစိတ်ဓာတ်ကျသွားကြသည်။
ဘာမှမတတ်နိုင်တော့။ လုံးဝရှုံးသွားပြီဖြစ်သည်။ ထိုအမြောက်မျိုးပင် မထိရောက်လျှင် ဖယောင်းကောင်းကင်ကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်နိုင်ဦးမည်နည်း။
"ကြယ်ကမ္ဘာဖျက်လက်နက်လား။ ဟားဟား...ကြယ်စုမဟာမိတ်ရဲ့ တိုးတက်မှုအဆင့်အရ ဒီလိုလက်နက်မျိုးထုတ်လုပ်နိုင်တာ မဆန်းလှပါဘူး"
ရှီဝူမန် အေးစက်စက်ပြောသည်။ သူတို့လည်း ထိုလက်နက်မျိုးရှိခဲ့သည်။ တစ်ချိန်က စွမ်းအားအကြီးဆုံးလက်နက်ဟု သတ်မှတ်ခဲ့သည်။
ကောင်းကင်အင်ပါယာသခင် အုပ်ချုပ်ချိန်တွင် ဖယောင်းကောင်းကင်ကြယ် ပို၍တိုးတက်လာသည်။ ကြယ်ဖျက်လက်နက်များက ပုံမှန်လက်နက်သာ ဖြစ်လာသည်။
တစ်ချိန်ကအနေအထားအရလည်း ကြယ်စုမဟာမိတ်ကို အနိုင်ယူနိုင်သည်။ သို့သော် လွယ်လွယ်တော့နိုင်မည်မဟုတ်။
တိုက်ပွဲတွင် အသေအပျောက်လုံးဝမရှိဘဲ အနိုင်ရခြင်းမျိုး။ ထိုအဖြစ်မျိုးသည် ကြယ်ကမ္ဘာချင်း အဆင့်အတန်းကွာခြားမှသာ ဖြစ်ပေါ်နိုင်သည်။
ပိုင်လော်ကောင်းကင်တပ်က ထာဝရကြယ်စုကို ပိတ်ဆို့ထားသည်။ ရှီဝူမန်က သူ့ယာဉ်ပျံကို ထာဝရကြယ်ကမ္ဘာပေါ် ဆင်းသက်သည်။
ရုတ်တရက် ယာဉ်ပျံ၏ ဝိညာဉ်ကျောက်ရေဒါပေါ်တွင် အလွန်လင်းလက်တောက်ပသည့် အစက်အပြောက်တစ်ချို့ ပေါ်လာသည်။ ရှီဝူမန် စိတ်လှုပ်ရှားလာသည်။
"ဒီဂြိုလ်မှာ ကောင်းကင်အင်ပါယာသခင်လိုအပ်နေတဲ့ ထိပ်တန်းဝိညာဉ်ကျောက်တွေ ရှိနေတာလား"
***************************